Wednesday, March 13, 2013

ကိုယ်စီရွေးချယ်ရာ...“လမ်း”....



လစာထုတ်ပြီးကာစ တနင်္ဂနွေတစ်ရက်တွင်ဖြစ်ပါသည်။ အလုပ်ပိတ်ရက်ဖြစ်တာကြောင့် မနက်အစော ကြီးထပြီး ကျွန်တော်တစ်ယောက်တည်း အေးချမ်းစွာဖြင့် စာရေးနေမိခဲ့ပါသည်။ အိပ်ခန်းထဲတွင် မရေးချင် တာမို့ ဧည့်ခန်းသို့ ထွက်ကာ ရေးနေမိသည်။ ဘာရယ်ကြောင့်မှတော့မဟုတ်...။ အိပ်ခန်းထဲမှ အတူနေသော ကျန်သည့် ညီလေးနှစ်ယောက်ရဲ့ အိပ်စက်ခြင်းကို အနှောက်အယှက် ဖြစ်မှာစိုးလို့ပင်...။

ပိတ်ရက်မို့ တစ်အိမ်လုံးအိပ်နေကြတာ အတုန်းအရုံး....။ မနက် ဆယ်နာရီမထိုးပဲနှင့် တစ်ယောက် တစ်လေမှ အိပ်ခန်းအပြင်သို့ ထွက်လာတတ်ရိုးထုံးစံ လုံးဝမရှိကြပါ။ (ညဥ့်နက်သန်းခေါင်အထိ နေတတ်၊ ရုပ်ရှင်ကြည့်နေတတ်တာလေးတွေကြောင့်ပဲ ဖြစ်ပါသည်။) သို့သော် ကျွန်တော့်အတွက် ပိုတောင်ကောင်း သေးပါသည်။ တစ်ဦးထဲ အေးအေးဆေးဆေး စာရေးလို့ရတာကြောင့်ပဲဖြစ်၏။

နံနက် ဆယ်နာရီကျော်တော့ သူတို့တွေ အလျှိုအလျှိုအခန်းအပြင်သို့ ထွက်လာကြလေတော့၏။ နောက်ေ တာ့ ရေချိုးကြ၊ အ၀တ်သစ်တွေထုတ်ဝတ်ကြ၊ ပြင်ကြဆင်ကြနှင့် ကျွန်တော့်မျက်စေ့ရှေ့တွင် သူတို့ ရှုပ်ရှက်ခတ်နေခဲ့ကြတာကို စိန်ပြေနပြေ ထိုင်ကြည့်နေခဲ့မိသည်။ ဒါက ပြည်ပတွင် အလုပ်လုပ်နေခဲ့ရသော ကျွန်တော့်အတွက် နှစ်ရှည်လများ မြင်တွေ့နေခဲ့ရသော မြင် ကွင်းလေးမို့ သိပ်ပြီးတော့လည်း မထူးဆန်းလှပါ။ လစာထုတ်ပြီးကာ စ အခုလို တနင်္ဂနွေရက်မျိုးများတွင် မြန်မာပြည်မှ မိသားစုများအတွက် (ဒီနိုင်ငံမှာရှိသည့်) မြန်မာဆိုင်များမှနေ ပြီးငွေသွားလွှဲကြဖို့၊ နောက် ရှော့ပင်း(န်)ထွက်ကြဖို့၊ လိုအပ်သည် များကို ၀ယ်ခြမ်းကြဖို့၊ ချစ်သူများနှင့်လျှောက် လည်ကြဖို့... စသည့် အကြောင်းလေးတွေနှင့် သူတို့တွေ အခု လိုပြင်တတ်၊ ဆင်တတ်ကြမြဲမို့ပင်။ နောက်ပြီး ခုလို သူတို့တွေအပြင်သွားကြလျှင် အိမ်မှာ ကျွန်တော်တစ် ယောက်ထဲ အေးအေးဆေးဆေးနှင့် စာရေးလို့ရပြီ မဟုတ်ပါလား...။

သို့သော် ကျွန်တော့်အထင်နှင့် အမြင်မှာ တက်တက်စင်အောင် လွဲချော်သွားခဲ့ရလေတော့သည်။ အ ကြောင်း မှာဒီလိုပင်...။ အားအားရှိ ကွန်ပျူတာအဖုံးလေးကိုဖွင့်ပြီး အခုလို မတောက်တစ်ခေါက် စာလေး တွေကို ကုပ် ချောင်းချောင်းဖြင့် တစ်ကုပ်ကုပ်ရေးကာ အလုပ်ရှုပ်နေတတ်သော ကျွန်တော့်ကို ညီလေး သုံယောက်ကသူတို့ နှင့်အတူတူ မြန်မာဆိုင်သို့ လိုက်ခဲ့ရန်ခေါ်သောကြောင့်ပင်ဖြစ်ပါသည်။ ကျွန်တော်က “မလိုက်ချင်”... ဟု ငြင်း တော့ သူတို့ကတစ်ယောက်တစ်ပေါက်ဖြင့်....

“အစ်ကိုကြီးကလည်းဗျာ... တစ်ခါတစ်လေဟာကိုများ”....

“အေးလေ .... လိုက်ခဲ့ပါ...အစ်ကိုကြီးရာ...စာကနောက်မှရေးပါဗျ”....

“အိမ်ထဲမှာချည်း အမြဲတမ်းနေနေရတာ မပျင်းဘူလား”....

စသဖြင့်ဝိုင်းပြောကြတာ စူပုတ်ပုတ်မျက်နှာပေးလေးများနှင့်..။ ထို့ကြောင့် “အေး...အေး..ဒါဆို ခဏ စောင့်ကြကွာ”...ဟုပြောရင်း ကျွန်တော် အမြန်ဆုံးနည်းဖြင့် ရေချိုး၊ အ၀တ်အစားလဲကာ သူတို့နှင့်အတူ သူ တို့ခေါ်ရာ မြန်မာဆိုင်သို့ တစ်ရွတ်ဆွဲကာ လိုက်ပါသွားခဲ့ရလေတော့၏။

++++++++++

ကျွန်တော်တို့ မြန်မာဆိုင်ကိုရောက်သွားသည့် အချိန်ကနေ့တစ်နေ့ရဲ့ အရွယ်ရောက်နေခဲ့ပြီဖြစ် သောအချိန်..။ နေ့လယ် ဆယ့်နှစ်နာရီဝန်းကျင်...။ ဆိုင်ထဲတွင် ထိုင်စရာနေရာလွတ် မရှိသလောက်ပင် လူ များက အပြည့်အလျှံပင်။ ညီလေးသုံးယောက်နောက်ကနေ ကုပ်ချောင်းချောင်းဖြင့် ကပ်လျှောက်ရင်း ထိုင်စရာ နေရာလွတ်ကို မနည်းရှာယူရ၏။ ချောင်ကျကျ နေရာကစားပွဲလေးတစ်ခုတွင် ကံကောင်းထောက်မစွာ ကျွန်တော်တို့နေရာရ၏။

အားလုံးထိုင်လိုက်ကြပြီးနောက် ညီလေးများက ဘီယာသောက်ချင်သည်ဆိုတာကြောင့် တိုက်ဂါးဘီယာ လေးဘူး မှာ၏။ ကျွန်တော်က စားစရာအဖြစ် ၀က်ခေါင်းသုတ်နှင့် လဖ္ဘက်သုတ်ကို မှာလိုက်သည်။ ကျွန်တော့်ရဲ့ အကြိုက်ဆုံး အစားအစာများဖြစ်၏။ နောက်ပြီး အဲ့ဒီလိုအသုတ်များက အိမ်တွင် တစ်ကူးတစ်က သုတ်စားဖို့ သိပ်မလွယ်တာကြောင့်လည်းပါသည်။

 စားစရာ၊ သောက်စရာများရောက်လာတော့ ကျွန်တော်တို့ရဲ့ ဘီယာဝိုင်းက စတင်လေတော့၏။ အများကြီး မသောက်ကြဖို့ ကျွန်တော်ပြောမိသည်။ လစာထုတ်ပြီးကာစရက်၊ နောက်ပြီး တစ်ခါတစ်လေမို့ပင်...။ (အမြဲတမ်းတော့ ကျွန်တော်တို့ မသောက်နိုင်ကြပါ။) ကျွန်တော့်ကိုခေါ်လာသော ညီလေးသုံးယောက်မှာ ထိုမြန်မာဆိုင် သို့ ခဏခဏရောက်တတ်တာကြောင့် သူတို့ပုံစံတွေက အေးရာအေးကြောင်း....။ သို့သော် ထိုနေရာမျိုးများ ကို သိပ်မရောက်ဖြစ်သောကျွန်တော့်အတွက်တော့ ဟိုငေး ဒီငေးဖြင့်...။ အမှန်အတိုင်း ၀န်ခံရလျှင် ကျွန်တော် ဆိုသည့် ငနဲသားမှာ အပြင်ထွက်ရတာကို သိပ်ပြီးဝါသနာမပါလှတာ လည်းပါသည် ။ နောက် အပြင်ထွက်လျှင်လည်း ပဲများချင်တာကြောင့် အ၀တ်သစ်များကိုထုတ်ဝတ်ရတာ၊ ပြန်လာခဲ့ပြီးလျှင် လည်း ထိုအ၀တ်များကိုပြန် လျှော်ရ၊ ပြန်သိမ်းရနှင့် အလုပ်ရှုပ်တတ်တာတွေကို စိတ်ကုန်လွန်းလို့သာဖြစ် သည်။ ကုန်ကုန်ပြောရလျှင် မြန်မာပြည်သို့ ငွေလွှဲ သည့်ကိစ္စများကိုပင် အတူနေသည့် ညီလေးများနှင့် ကြုံရင်ကြုံသလို လွှဲခိုင်းတတ်တာဖြစ်ပါ သည်။ တစ်ခါတစ်ရံ ကျွန်တော်ရှော့ပင်း(န်)ထွက်တတ်သည့်နေရာ များကလည်း ဒီနိုင်ငံမှလူမျိုးများဖွင့်ထားတဲ့ ရှော့ပင်း(န်)စင်တာ၊ မော(လ်) စသည့် နေရာများဆီသို့သာ။

ထို့ကြောင့် ကျွန်တော့်အတွက် ထိုဆိုင်ထဲတွင်မြင်မြင်ကရာသည် အသစ်အဆန်းလိုဖြစ်နေခဲ့ရတာ အမှန် ပင်..။

++++++++++

ငါးထပ်မျှမြင့်သည့် အဆောက်အဦးကြီးတစ်ခုရဲ့ တတိယအထပ်တွင်ဖွင့်ထားသော (ကျွန်တော် ရောက် ရှိနေခဲ့ သည့်) ထိုမြန်မာဆိုင်လေးထဲတွင် လေးဖြူ၊ အငဲ၊ မျိုးကြီး နှင့် အာဇာနည်တို့၏ စူးရှပေါက်ကွဲသော သီချင်းသံများက ဖွင့်ထားသော ပြတင်းပေါက်တစ်ချို့မှနေပြီး အပြင်ဘက်တွင် လင်းဖျာနေခဲ့သော နေ ရောင်ခြည်ထဲသို့ ပူ လောင်စွာ ဖိတ်စင် အန်ထွက် နေလေခဲ့သယောင် ရှိ၏။ တစ်ယောက်နှင့်တစ်ယောက် နီးကပ်စွာထိုင်နေကြတာ မှန်ပေမယ့် အချင်းချင်းစကားပြောနေကြတာ ဘာ့ကြောင့် အော်ပြောနေခဲ့ကြတာ လည်း...ဟု အူတိအူကြောင် ကျွန်တော်တွေးမိသည်။ လှမ်းမြင်နေရသော အမြင့်တစ်နေရာဆီမှ တီဗွီတွင် ပြသထားနေသော နိုင်ငံခြားဘောလုံးပွဲစဉ်ထဲက ကစားသမားများက အကြိတ်အနယ်ကစားနေကြသည်။ ထိုတိုက်ခန်း ကျဉ်းကျဉ်းလေးထဲတွင် အရာအားလုံးသည် ဆူညံလှုပ်ရှားစွာ ရုန်းကြွလျှက်...။

ကြည့်မိလေရာ စားပွဲခုံတိုင်းလိုလိုပေါ်တွင် မြင်တွေ့နေခဲ့ရသော ဘီယာဘူးအခွံများမှာ တောင်ပုံယာပုံ၊ အလကားပေးနေသည်ဟုပင် ထင်ယောင်ထင်မှားဖြစ်သွားနိုင်စရာ အကြောင်းရှိသည်။ မျက်လုံးတစ်ချက်ဝေ့၍ပတ် ၀န်းကျင်ရှိစားပွဲများဆီသို့ အကြည့်တစ်ချက်ကစားလိုက်တိုင်း တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ဘီ ယာဘူးကို လက်မှကိုင်ပြီးမော့နေတာကို တွေ့ရတတ်၏။ ထိုကဲ့သို့ မြင်လိုက်ရတိုင်း မဆီမဆိုင် ကျွန်တော့်ရဲ့ ခေါင်းထဲကို ၀င်လာတာက အချိန်နဲ့ ငွေဆိုတဲ့ အရာနှစ်ခု...။

ကိုယ့်မြေ၊ ကိုယ့်ရေတွင် နေရမည့်အချိန်တစ်ချို့ကို ရင်းနှီးခဲ့ရပြီးမှ ရှာဖွေရရှိလာခဲ့သော ငွေကြေးများကို ထိုကဲ့ သို့နေရာများတွင် အလျှံအပါယ် သုံးနေကြတာဘာကြောင့်များလည်းဟု တွေးရမိပြန်၏။ တစ်ဆက်တည်း ဒီကလူတွေရဲ့ ငွေပြန်အပို့ကို စောင့်မျှော်နေကြရမည့် (ကျွန်တော်မသိခဲ့ရသော) မြန်မာပြည်မှ မိသား စုတစ်ချို့အ တွက် မဆီမဆိုင် ဘာ့ကြောင့်မှန်းမသိပဲ ရင်မောမိရသလိုလို...။ နောက်ပြီးတော့လည်း ဒီနိုင်ငံမှာ ကမ္ဘာ့စီးပွား ပျက်ကပ်ကြောင့် အလုပ်အကိုင်တွေ အဆင်မပြေကြတာ ဟုတ်မှဟုတ်ပါရဲ့လား.... ဟု .....လည်းတွေးမိရ၏။

ဟိုတွေး...ဒီတွေးနှင့်ကျွန်တော့်ရဲ့အကြည့်ကဆိုင်အတွင်းရှိ မြန်မာမိန်းကလေးများထံသို့ရောက် သွားမိခဲ့တော့ စိတ်ထဲတွင် ပိုမောသွားမိရပါသည်။ လွန်ကဲသော ခေတ်ရှေ့ပြေးသည့် အ၀တ်အစားများနှင့် ဖက်ရှင်ဒီဇိုင်းများ က မျက်စိထဲတွင်ကြည့်မိသောသူတွေကို ထင်းခနဲ၊ လင်းခနဲဖြစ်စေကာ သတိထားမိ စေနိုင်တာတော့ အမှန်ပဲ ဖြစ်ပါသည်။ သို့သော် ပေါင်လယ်အထက်နားအထိ တိုတက်နေသော စကပ်တိုနှံနှံ လေးများ၊ ခြေနှစ်ချောင်းကို အရောင်ပြောင်းထားသလိုမျိုး ၀တ်ထားသော အသားကပ်ခြေအိတ်လို ဘောင်းဘီရှည်မျိုးများနှင့် ဒေါက်ဖိနပ် ခပ်မြင့်မြင့်များ၊ ရင်ဘတ်နေရာ တစ်ဝိုက်ကို သေချာကြည့်စရာမလိုပဲ အဝေးမှ ပင်လှမ်းမြင်နိုင်သည့်၊ ကျယ်ပြန့် စွာဖော်ထားသော ရင်ဘတ်ဟောင်းလောင်းအင်္ကျီများနှင့် နားဆွဲရှည်ရှည်များ... စသည့် အပြင်အဆင်များက ဆိုင်အတွင်းရှိ ယောက်ျားလေးများ၏ ဆန္ဒတစ်ချို့ကို လက်ကမ်း ၍ ဖိတ်ခေါ်နေခဲ့သလိုလို....။

ခေတ်နဲ့အညီ ခေတ်မီစွာဖြင့် လုံလုံခြုံခြုံ လှလှပပလေးဖြစ်နေအောင် ဆင်ယင်တတ်သော မြန်မာ မိန်းကလေးများ ဒီခေတ်မှာ အများကြီးရှိပါသည်။ တွေ့လည်း တွေ့ဖူးပါသည်။ သို့သော် ဒီကောင်မလေး တွေ ဘာဖြစ်လို့များ ဒီလိုဝတ်ချင်ကြတာလဲ....ဟု ကျွန်တော့်စိတ်တွင်းမှ ဝေခွဲမရနိုင်ခဲ့ပါ။ နောက်ပြီး ပြည် ပရောက် မြန်မာမိန်းကလေးတိုင်းလည်း ဒီလိုပုံစံမျိုး လုံးဝမဟုတ်နိုင်တာ သေချာလှပါသည်။

ဒီ့ထက်ပိုဆိုးသည်မှာ သူတို့နှင့် အတူပါလာသော ယောက်ျားလေးမိတ်ဆွေများနှင့် စားပွဲတစ်ဝိုင်းထဲ အတူထိုင်ကာ ရယ်ရယ်မောမောဖြင့် စကားပြောဆိုကာ စားသောက်နေကြတာပဲဖြစ်ပါသည်။ ယော က်ျား လေးများက ဘီယာ၊ အရက် စသည်တို့ကို သောက်လျှက်၊ ထိုဘေးနားတွင် သူတို့က ရယ်မောစ ကား ပြောမပျက် စားလိုက် သောက်လိုက်ဖြင့်....။ သူတို့ကိုယ်သူတို့ စားသောက်ဆိုင်တစ်ဆိုင်အတွင်းမှ အရက်ဝိုင်း ဘေးတွင် ထိုင်စကား ပြောနေခဲ့ပါလား...ဟု တွေးမိပုံရမှ ရမိရဲ့လားမသိပါ။

ထိုနေရာသည် ဧည့်ခံပွဲ၊ ပါတီပွဲ စသည့် နေရာမျိုးမဟုတ်ပါ။ နေရာအစုံမှ မြန်မာလူမျိုးအစုံ လာရောက် ကာစား သောက်ကြသော၊ ပစ္စည်းဝယ်ကြသော သာမန်စားသောက်ဆိုင်တစ်ဆိုင်၊ ဈေးဆိုင် တစ်ဆိုင်မျှ သာဖြစ်ပါသည်။ နောက်ပြီးတော့လည်း ဆိုင်အတွင်းမှာ ယောက်ျားလေးများက ကိုးဆယ့်ငါးရာခိုင်နှုန်း  လောက်ရှိနေခဲ့တာမို့ အ မြင်မတင့်တယ်သလို ကျွန်တော့်ရင်ထဲမှာခံစားရတာ အမှန်ပဲဖြစ်ပါသည်။ ထပ်ပြီးတော့လည်း တွေးမိသည်မှာ ယောက်ျားလေးများအနေဖြင့် ထိုကဲ့သို့သောနေရာမျိုးများတွင် မိန်းကလေးများရဲ့ဘေးမှာ ဘီယာ၊ အရက် စတာတွေကို မသောက်သင့်သလို၊ မိန်းကလေးများအနေနှင့်လည်း အတူတူမထိုင်သင့်ပါ....ဟူ၍ပင်...။

ကျွန်တော်ကသာ မဆီမဆိုင် ထိုကဲ့သို့တွေးနေမိခဲ့သော်လည်း သူတို့မှာက အေးအေးဆေးဆေးဖြင့် အနေရ အထိုင်ရ ခက်နေခဲ့ပုံမျိုး လုံးဝမတွေ့ရပါ။

နောက်ထပ်တွေ့ခဲ့ရပြန်တာကတော့ ထိုဆိုင်ခန်းကျဉ်းကျဉ်းလေးထဲတွင် အဆက်မပြတ်ဆိုသလို ဝေ့၀ဲနေ ခဲ့ သော အဖြူရောင်စီးကရက်မီးခိုးငွေ့များပင်...။ ထို့ကြောင့် ဘူးထဲမှစီးကရက်တစ်လိပ်ကို ထုတ်သောက်ဖို့ ရာ ကျွန်တော့်မှာ လက်တွန့်နေခဲ့မိရ၏။ ပြီးတော့ ဘီယာတန်ခိုးကြောင့် ဆိုင်အနောက်ဘက်ခန်းရှိ အိမ်သာ ဆီသို့ သွားလိုက်လာလိုက် လုပ်နေကြသောသူများမှာ တစ်ယောက်ပြီး တစ်ယောက်။ “တစ်ဗိုလ်ကျ တစ် ဗိုလ်တက်” ဟုပင် ဆိုနိုင်ပါသည်။

ကြာတော့ ကျွန်တော့်မျက်စိရော...၊ စိတ်တွေပါရှုပ်လာ၍ ဘယ်ကိုမှ မကြည့်မိတော့ပဲ ခေါင်းကိုငုံ့ ထားလိုက်မိ တော့၏။ သို့သော်လည်း ကျွန်တော့်နားထဲသို့ “ထွီ”...ခနဲ တံတွေးထွေးလိုက်သောအသံက အရှေ့စားပွဲဆီမှနေပြီး ထိုးဖောက် ၀င်ရောက်လာခဲ့ပြန်လေသည်။ မနေနိုင်တဲ့ မျက်လုံးတွေက ထိုစားပွဲဝိုင်း ကိုကြည့်မိပြန်တော့ ကွမ်းတွေပလုပ်ပလောင်းစားကာ စားပွဲခုံအောက်မှ ထွေးခံထဲသို့ ငုံ့မထွေးပဲ အမြင့်မှနေပြီး ထွေးချနေသော သူများကိုတွေ့လိုက်ရ၏။ နောက် ထိုသူများထိုင်နေပုံမှာ ဖိနပ်ကိုချွတ်၊ ခြေ တစ်ဖက်ကို ထိုင်နေသောခုံပေါ်သို့ ဒူးထောင်တင်ထားကာ ထိုဒူးပေါ်တွင် လက်မောင်းတစ်ဖက်ကို တင်ထားသည့် အနေအထားများနှင့်။ အတော့်ကို လွတ်လွတ်လပ်လပ် နိုင်လှသည့်ပုံစံများနှင့် ထိုမြန်မာစားသောက်ဆိုင်ထဲတွင်....။ ကျွန်တော် မျက်နှာလွှဲလိုက် မိပြန်ပါသည်။

ထို့အတူ ကျွန်တော်တို့တွေဟာ ဘယ်နေရာကိုပဲရောက်ရောက် အကျင့်ကောင်းနှင့် အကျင့်ဆိုးကို ခွဲခြား စွာသိနိုင်ဖို့၊ မကောင်းသော အကျင့်ဟောင်းများကို ကြိုးစားပယ်ရှားရင်း အတုယူသင့်တဲ့ အမူအရာကောင်း များကို ရယူပိုင်ဆိုင်တတ်နိုင်ကြစေဖို့၊ ထိန်းသိမ်းသင့်သည့် ၀တ္တရားများနှင့် အစဉ်အလာကို သိနားလည် ထားတတ်ဖို့နှင့် ရောက်ရှိနေခဲ့သော နေရာဒေသနှင့် လိုက်လျောညီထွေးစွာ နေထိုင်ရင်း ကိုယ်စီကိုယ်ရည် ကိုယ်သွေးနဲ့ စိတ်ဓာတ်ကို မြှင့်တင်တတ်ဖို့၊ နောက်အသုံးနှင့် အဖြုန်းကို ခွဲခြားသိဖို့ လိုအပ်လွန်းလှသည်... ဟု တွေးနေခဲ့လေ၏။

++++++++++

“သောက်လေ... အစ်ကိုကြီး... ဘာတွေလိုက်ကြည့်နေတာလည်းဗျ”....

ဘေးနားတွင်ထိုင်နေသော ညီလေးတစ်ယောက်က သတိပေးသလိုပြောသည်။ ခေါင်းယမ်းပြလိုက်ရင်း စားပွဲပေါ်မှ ကျွန်တော့်ရဲ့ ဘီယာဘူးကလေးကို လှမ်းယူလိုက်မိ၏။ ဘီယာဘူးလေးမှာ အအေးဓာတ်များ လွင့်ပြယ်ကာ အနည်းငယ်မျှပင် ပူနွေးစပြုနေခဲ့လေပြီ....။ ။

===============================================
မည်သူ့ကိုမှ မရည်ရွယ်ခဲ့ပါ...။ တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါခင်ဗျ....။
===============================================

အရင်က ရေးခဲ့တဲ့ပိုစ့်အဟောင်းလေးပါ။ ဖွင့်မရဖြစ်နေတဲ့ ဘလောဂ့်လေးစမ်းရင်းနဲ့ ပြန်တင်လိုက်တာပါ။

ချစ်ခြင်းအားဖြင့်
ဏီလင်းညို

10 comments:

ရွှေအိမ်စည် said...

ဆိုဒ်ဘားမှာ ကိုဏီ့ ဘလော့လေးတက်နေတာနဲ့ ၀မ်းသာအားရ အပြေးလာခဲ့တာ...။
ပို့စ်အကြောင်း မပြောခင် ဘလော့ဂ်လေးပြန်ရတာ အရမ်းဝမ်းသာတာ ပြောချင်တယ် :)) ။

ကိုဏီ့ ပို့စ်ကိုဖတ်ပြီး တွေးစရာတွေအများကြီးပါပဲ..။
တချို့ အစ်ကိုတွေ ပြောဖူးတဲ့ သူတို့ဆီက ပုံပြင်တွေ...
အင်းးးးးးးးးးးးးး
ဘာပြောရမလဲဗျာ...
ဘယ်နေရာကိုရောက်နေနေ..မြန်မာဆိုတာကို
အောက်တန်းမကျစေချင်ဘူး။
ဒါပေမယ့်................

“ကျွန်တော်တို့တွေဟာ ဘယ်နေရာကိုပဲရောက်ရောက် အကျင့်ကောင်းနှင့် အကျင့်ဆိုးကို ခွဲခြား စွာသိနိုင်ဖို့၊ မကောင်းသော အကျင့်ဟောင်းများကို ကြိုးစားပယ်ရှားရင်း အတုယူသင့်တဲ့ အမူအရာကောင်း များကို ရယူပိုင်ဆိုင်တတ်နိုင်ကြစေဖို့၊ ထိန်းသိမ်းသင့်သည့် ၀တ္တရားများနှင့် အစဉ်အလာကို သိနားလည် ထားတတ်ဖို့နှင့် ရောက်ရှိနေခဲ့သော နေရာဒေသနှင့် လိုက်လျောညီထွေးစွာ နေထိုင်ရင်း ကိုယ်စီကိုယ်ရည် ကိုယ်သွေးနဲ့ စိတ်ဓာတ်ကို မြှင့်တင်တတ်ဖို့၊ နောက်အသုံးနှင့် အဖြုန်းကို ခွဲခြားသိဖို့ လိုအပ်လွန်းလှသည်”

ဆိုတဲ့ စာပိုဒ်လေးကိုပဲ ထပ်ကာထပ်ကာ ဖတ်နေမိတယ်..။
အစ်ကို ကျန်းမာပျော်ရွှင်စွာ စာတွေ အများကြီးရေးနိုင်ပါစေ................။

ညိမ်းနိုင် said...

ခက်တော့လည်းခက်တယ် ကိုဏီ....၊ပြောရမယ်ဆိုလည်း
ပြောစရာတွေကအများကြီး....၊ထားပါတော့ဗျာ....နော့...။
ဘလလေးပြန်ဖွင့်လို့ရပြီဆိုတော့ ဝမ်းသာရပါတယ်ဗျာ...

မြသွေးနီ said...

ပူနွေးနေတဲ့ ဘီယာဘူးလေးကို ရေခဲပြန်စိမ်လိုက်ပါ ဏီဏီ.. :)
ခေတ်မှီမှီ ကမ္ဘာကြီး ကြည့်မြင်..တဲ့ ကိုဏီရဲ့..
သူ့အရှိန်လေးတွေနဲ့သူ သွားနေကြတာ..
ဘယ်အချိန်ထိ လိမ့်နေကြမလဲလို့ တွေးမိပါရဲ့..
ပသို့ပင်ဖြစ်စေကာမူ ပြန်ဝင်လို့ရသွားတာ ၀မ်းသာရကြောင်းပါ.. :)

မိုးငွေ့........ said...

ဟုတ်တယ်ဏီဏီရေ...လူတွေတစ်ယောက်တိုင်းစီမှာ စည်းလေးကမ်းလေးနဲ့ရှိနေစေချင်တာပါပဲ

ကိုကိုးအိမ်(မန္တလေး) said...

လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ မတူညီတဲ့ စံသတ်မှတ်ချက်တွေပေါ့ ကိုဏီရာ.... ကိုယ်ပြင်ပေးလို့မရနိုင်တဲ့အရာတွေကို လွှတ်ချထားခဲ့ရတာ တစ်ခါတစ်လေတော့ စိတ်ချမ်းသာဖို့ကောင်းတယ်... လူတိုင်းအတွက် လိုက်တွေးပေးနေရတာ ပင်ပန်းလွန်းပါတယ်.... ကိုဏီ့ဘဝက သိပ်အေးချမ်းတာပါ.... ကိုဏီ့စာသားတွေကို ဖတ်ရတာလည်း အေးချမ်းတယ်.... ကျွန်တော်တကယ် အားကျတာပါ.... ကိုဏီ့အကြောင်းသေချာမသိပေမယ့် စိတ်အေးချမ်းအောင် နေတတ်မယ့်သူဆိုတာ ကျွန်တော် ခန့်မှန်းလို့ရပါတယ်...

ခင်မင်စွာဖြင့်
ကိုကိုးအိမ်

Ma Tint said...

ခေတ်ရဲ့ ရေစီးကြောင်းထဲမှာ လူတိုင်းဟာ ကိုယ်ပိုင် ခံယူချက်နဲ့ရွေးချယ်ရာ လမ်းအတိုင်း ဦးတည်နေတာ အမှန်ပဲပေါ့နော်။ တင်ထားတဲ့ ပုံလေးကလည်း ဒီပို့စ်နဲ့ ကိုက်ညီပါပေမယ်။
ဘယ်လိုခေါ်ခေါ် အလည်လာမှာမဟုတ်တဲ့ ဏီလင်းညိုရဲ့အိမ်ကို ၀က်ခေါင်းသုပ်နဲ့ လဘက်သုပ် တီတင့်လာပို့မယ် ရတယ်ဟုတ် :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

wai linn said...

ဘလော့ မလည်ဖြစ်တာကြာပြီအစ်ကိုရ။ အစ်ကိုရောက်လာတာနဲ့လိုက်လာတာ။ ကျွန်တော်တော့ အစ်ကိုကြီးကိုတိုးအိမ်ပြောတာလက်ခံတယ်။ မတူညီတဲ့ စံသတ်မှတ်ချက်တွေနဲ့ လူတိုင်းအတွက် တကယ့်တန်ဖိုးအစစ်အမှန်ကို အချိန်ကပြသွားပါလိမ့်မယ်အစ်ကိုရာ

wai linn said...

ဘလော့ မလည်ဖြစ်တာကြာပြီအစ်ကိုရ။ အစ်ကိုရောက်လာတာနဲ့လိုက်လာတာ။ ကျွန်တော်တော့ အစ်ကိုကြီးကိုတိုးအိမ်ပြောတာလက်ခံတယ်။ မတူညီတဲ့ စံသတ်မှတ်ချက်တွေနဲ့ လူတိုင်းအတွက် တကယ့်တန်ဖိုးအစစ်အမှန်ကို အချိန်ကပြသွားပါလိမ့်မယ်အစ်ကိုရာ

Anonymous said...

အိမ်ကိုပိတ်ထားတယ်ထင်နေတာ၊ နေမကောင်ုးလို့ပိတ်ထားတာလား ဆိုပြီး စိတ်ပူနေတာ။ အခုပြန်ပြီးအလည်လာလို့ ရသွားပြီ။ ကျေးဇူးတင်ပါတယ်။
စာတွေများများရေးပါဦး။ နေကောင်းရင်ပေါ့လေ။
ခင်မင်စွာဖြင့်
SMT

sosegado said...

Glad to see you again my friend.