Thursday, February 28, 2013

အရင်တုန်းကအတိုင်း...

ဖေဖော်ဝါရီလကုန်ခါနီးပင်ရှိသေးသော်လည်း နွေဦးရာသီ၏သရုပ်အမှန်က ပိုမိုပီပြင်လာခဲ့ချေပြီ။ ရန်ကုန်မြို့တစ်ခုလုံး ပူပြင်းလှသော နေရောင်ခြည်အောက်တွင် ပူလောင်ကျွတ်ဆတ်ခဲ့ရလေပြီ။ ကြည့်လေ၊ မြင်လေရာ အားလုံးကလည်း ခြောက်သွေ့၊ ကြမ်းရှနေခဲ့ကြလေသယောင်ပင်။

ထို့ကြောင့် မနက်ဆယ်နာရီနောက်ပိုင်း နေ့လယ်၊ နေ့ခင်းများမှာ အကြောင်းကိစ္စ ထွေထွေထူးထူးမရှိပဲ အပြင်သို့ ကျွန်တော်မထွက် ရဲပါ။ နေပူခံရမှာ စိုးရိမ်မိတာက တစ်ကြောင်း၊ အခုထက်ထိ သိပ်အကင်းမသေနိုင်သေးသော ကျွန်တော့်ရောဂါဟောင်းကြောင့် တစ်ကြောင်းသာ ဖြစ်ပါသည်။

မနက်ဆယ်နာရီလောက်ကစပြီး ပူပြင်းတတ်သော နွေနေသည် ညနေငါးနာရီလောက်မှသာ အားပျော့သွားတတ်၏။ နေမ၀င်မီ ထိုအချိန်လေးများသည်သာ တကယ့်ကို စိတ်ချမ်းမြေ့စရာကောင်းလှပါသည်။

တစ်ရက်တွင် နေ့ခင်းပိုင်း မေ့ခနဲအိပ်ပျော်သွားရာမှ ပူလောင်စွာဖြင့် ကျွန်တော်နိုးထလာခဲ့သည်။ အချိန်က ညနေရောက်စပြုခဲ့ပြီ။ အိပ်ခန်းထဲမှထွက်ပြီး အိမ်ရှေ့မှ ၀ရန်တာလေးတွင် ကျွန်တော်ထွက်ထိုင်နေမိ၏။ ည နေစောင်းမို့ နွေလေရူးတို့က တသုန်သုန်ဖြင့် တိုက်ခတ်လျှက်  ရှိကြသည်။ ထို့ကြောင့် ကျွန်တော်တို့အိမ်ရှေ့ လမ်းမပေါ်မှ ပိတောက်ပင်နှင့် ခရေပင်များက လေယူရာနောက်သို့ လိုက်ပါယိမ်းနွဲ့နေခဲ့ကြရ၏။ လေတိုးသော အခါ သစ်ရွက်လေးတွေ လှုပ်ရှားသွားကြပုံများကို ထိုင်ငေးရင်း သစ်ရွက်များအား လေ တိုးသောအသံကို ကျွန်တော်နားစွင့်နေခဲ့မိသည်။

အိမ်ရှေ့လမ်းပေါ်မှာလည်း ဖြတ်သန်းသွားလာကြသူသိပ်မရှိလှသောကြောင့် ကျွန်တော့်ပတ်ဝန်းကျင်လေးက ထိုခဏအတွင်း ငြိမ်းချမ်းနေခဲ့ရတာ အမှန်ပင်။

သို့သော် တော်တော်ကြာကြာထိုင်နေခဲ့ရင်းမှ ကျွန်တော့်ပတ်ဝန်းကျင်၏ ထူးခြားမှုတစ်ခုကို ကျွန်တော့် မသိစိတ်ကရော၊ သိစိတ်က ပါ စ,တင်ခံစားမိလာတော့သည်။ အခြားတော့မဟုတ်ပါ။ နေ့စဉ်နှင့်အမျှ ကြားနေရ မြဲဖြစ်သော သီချင်းသံများကို ကျွန်တော်မကြား ရသောကြောင့်သာ ဖြစ်ပါသည်။

စကားမစပ်ပြောပြရမည်ဆိုလျှင် ကျွန်တော်တို့အိမ်၏ ပတ်ဝန်းကျင်တွင်ရှိသော အိမ်တော်တော်များများမှာ အင်မတန်မှ ဂီတကိုနှစ် ခြိုက်ခုံမင် မြတ်နိုးကြသောသူများဟု ဆိုလျှင်ရနိုင်ပါသည်။ နေ့စဉ်နှင့်အမျှပင် ဆောင်းဘောက်ကြီးများဖြင့် ကျယ်ကျယ်လောင်ေ လာင် ဖွင့်တတ်ကြသည်မှာ တစ်အိမ်မဟုတ်လျှင် တစ်အိမ်။ တစ်ခါ တစ်လေဆိုလျှင်တော့ နှစ်အိမ်ပြိုင်၊ သုံးအိမ်ပြိုင်ဖြင့် ရေကုန်ရေ ခမ်း အလျှော့မပေးစတမ်းပင် ဖွင့်တတ်ကြပါသေး၏။

သူတို့ဖွင့်ကြသော သီချင်းလေးများကို ကျွန်တော်နည်းနည်းပြောပြပါမည်။

ကျွန်တော်တို့ခေါင်းရင်းအိမ်ကတော့...

“ဒီမှာ တင်းတယ်၊ တင်းတယ်၊ တင်းတယ်၊ တင်းတယ်ဟေ့၊ လူမသိသူမသိ ငါ့မှာ တစ်ယောက်တည်း ကြိတ်ကာ”...ဆိုသော (ဘာအဓိပ္ပါယ်ဖော်ရမှန်းမသိသည့်) ‘အေသင်ချိုဆွေ’၏သီချင်းများကို ဖွင့်တတ်သလို၊ တစ်ခါ တစ်ခါကျတော့...

“ကောင်းလားအစ်ကို(ကောင်းတယ်)၊ ကောင်းလားအစ်ကို(ကောင်းတယ်)၊ ကောင်းရင် ကောင်းတယ်မှတ်....။ အိမ်ကွင်းလေးကွင်းလေးရိုးသွားရင်၊ အဝေးကွင်းဝေးကွင်းပြောင်း”ဟုဆိုသော သီချင်းများအား ဖွင့်နေတတ်ပါသေးသည်။ (ထိုသီချင်းအားလည်း ဘယ်လိုအဓိပ္ပါယ်ဖော်ရမည်ဆိုတာ ကျွန်တော်ဥာဏ်မမီပါ။)

နောက်ပြီး ဖွင့်တတ်သေးသည့် သီချင်းက... ကိုရီးယားဂဏန်းစတိုင်ဟု ဆိုကြသော...

“လူလို...စားပါဟဲ့... လူလို... စားပါဟဲ့”... ဆိုသည့်သီချင်းပင်။ (ထိုသီချင်းအား ကျွန်တော်ကြားမိသလို အသံထွက်ပြီး ရေးပြခြင်း သာ ဖြစ်၏။)

ကျွန်တော်တို့ခြေရင်းအိမ်ကတော့ နှစ်မျိုးစပ်ဖြစ်၏။ တစ်မျိုးမှာ စိုင်းဆိုင်မောဝ်ခရေဇီမို့...

 “ဒီခေါက်ဆွဲ၊ ကောင်းလွန်းလို့စားတာလား၊ ဆိုင်ရှင်လေးချောလွန်းလို့စားတာလား”ဆိုသော ရှမ်းခေါက်ဆွဲ သီချင်းနှင့်အတူ ရံဖန်ရန်ခါတွင်တော့ အင်္ဂလိပ်ကလေးအဆိုတော် ဂျက်စတင်ဘီဘား၏...

“ဘေးဘီ၊ ဘေးဘီ၊ ဘေးဘီအိုးဟေ့”...ဟူသော အင်္ဂလိပ် ဘေဘီဘိုက်တာ သီချင်းများကို ဖွင့်တတ်ပါ၏။ အဲ... ကျွန်တော်တို့ အိမ်ရှေ့တည့်တည့်ခြံကတော့ တစ်မျိုး။

သူဖွင့်တာကကျတော့ အစုံဖြစ်၏။ ၀ိုင်းစုခိုင်သိန်း၊ ဖြူဖြူကျော်သိန်း၊ (စည်ပင်အမှိုက်သိမ်း)၊ ချမ်းချမ်း၊ (စီးစီး)၊ အိမ့်ချစ်၊ (ဆိုင့်ချစ်)၊ ရဲလေး၊ ဟဲလေး၊ (သရဲလေး)၊ ရှင်းရှင်း၊ လင်းလင်း၊ (ဘွင်းဘွင်း)၊ မျိုးကြီး၊ ဖြိုးကြီး၊ (သူခိုးကြီး)၊ နောနော်၊ (တောကျော်)၊ သအို၊ (အအို)၊ ဂျင်းနီ၊ (မိတ်ဿလင်နီ)၊ ဟန်ထွန်း၊ (ငန်ထွန်း)၊ ဥာဏ်လင်းအောင်၊ (ဥာဏ်တုံးမောင်)၊ အစရှိသည့် အဆိုတော်များနှင့် ကျန်သောအဆိုတော် အတော်များများ၏ သီချင်းများကို ထိုအိမ်ကောင်းမှုဖြင့် ကျွန်တော်မြည်းစမ်းခွင့်ရခဲ့၏။ (မှတ်ချက်- ကွင်းစ ကွင်းပိတ်ထဲမှ အဆို တော်နာမည်များမှာ နောင်လာလတ္တံ့လေသော ကာလတွင်ပေါ်ပေါက်လာမည့် အဆိုတော်များအတွက် ကျွန်ေ တ်ာကြိုတင်မှည့်ထားပေးသော နာမည်များဖြစ်ပါ၏။)

ထို့အပြင် slow rock, modern rock, heavy rock, pop, alter, punk, rap, r&b, hip- hop အစရှိသော ဂီတအမျိုးအစားအစုံ အပြင် အခုနောက်ပိုင်း မြန်မာပြည်မှာ ခေတ်စားလာနေသော twist ဆိုသည့် ဂီတအသစ်ကိုပင် ထိုအိမ်ကောင်းမှုအကြောင်းပြု လျှက် ကျွန်တော်သိခွင့်ရခဲ့ပါသေးသည်။ Twist ဆိုသည်မှာ (လူ ပြိန်းနည်းဖြင့် ကျွန်တော်တွေးသည့်အတိုင်းပြောပြရလျှင်) Rap စာသားများကို လျှာခလုတ်တိုက်လောက်စေ အောင် အမြန်ရွတ်ဆိုခြင်းသည်သာတည်း။ ဥပမာအနေဖြင့် ထိုအိမ်မှဖွင့်တတ် သည့် ဘော်ဘီဆော့ဆာဆိုသည့် အဆိုတော်အသစ်ကောင်မလေး၏ သီချင်းတစ်ပိုဒ်ကို ကျွန်တော်ရေးပြပါမည်။

“စွာ၊ စွာ၊ စွာ၊ စွာတေးလန်၊ ငါက ရပ်ကွက်ထဲက လူတွေအမြင်မှာ စွာတေးလန်၊
 စွာ၊ စွာ၊ စွာ၊ စွာတေးလန်၊ နှုတ်ခမ်းပေါ်မှာ မှဲ့နဲ့ကောင်မလေးက စွာတေးလန်”...ဟူ၍သာ။

(အထက်ပါ သီချင်းတစ်ပိုဒ်အား အမြန်ဆုံးသောလေသံဖြင့် စာဖတ်သူမောင်နှမများ ရွတ်ဆိုကြည့်ပါလေ။ ဤကား ကျွန်တော်ခံစား မိသော Twist ဆိုသော ဂီတပုံစံပင်တည်း။)

ဆက်ပြောပြပါဦးမည်။ ထိုအရှေ့အိမ်က ထိုကဲ့သို့ ဂီတပဒေသာမျိုးစုံဖြင့် ပတ်ဝန်းကျင်အား ဖျော်ဖြေတတ်သလို သူ့ခြေရင်းအိမ် (ကျွန်တော်တို့အိမ်နှင့် ဘယ်ဘက်မျက်စောင်းထိုးအိမ်ကလည်း) ပြောရမယ်ဆိုရင် မခေလှပါ။ သူလည်း ဆောင်းဘောက်စ်အကြီး ကြီးဖြင့် ဖျော်ဖြေတတ်ပါသေးသည်။

 သို့သော် သူတို့မှာ လူမျိုးခြားများဖြစ်တာကြောင့် ဖွင့်တတ်သည့်သီချင်းများက....

“သွန်မားချာရေး၊ သွန်မားချာရေး... ဘွန်း..ဘွန်း”...ဟူ၍သာ။ တစ်ခါတစ်ခါဖြင့် ကျွန်တော့်မှာ အိန္ဒိယရုပ်ရှင်များထဲမှ ချက်ပေါ်သော အ၀တ်အစားလေးများဖြင့် မင်းသမီးလေးများအား မျက်စိထဲ မြင်ယောင်လာရမိသည့် အထိပင်။

ထိုအိမ်အားလုံးမှဖွင့်သော သီချင်းသံများမှာ အကျယ်ကြီးတွေမို့ အိပ်ယာထဲမှနေပြီး ဇိမ်နှင့်ပင် နားဆင်ခံစား နိုင်ပါသည်။ သို့သော် အခုတော့ဖြင့် ကျွန်တော့်ပတ်ဝန်းကျင်လေးမှာ ထိုသီချင်းသံများ တိတ်ဆိတ်လျှက် ရှိနေခဲ့ကြ၏။ သီချင်းသံများအား ခါတိုင်းလို မကြားရသေးတာမို့ ကျွန်တော့်စိတ်ထဲမှာ တကယ်ပင် ထူးထူးဆန်းဆန်း ခံစားလာရပါသည်။ သို့သော် တောင့်တနေတာလားဆိုေ တာ့လည်း မဟုတ်ပါ။ (ကျွန်တော့်ရော ဂါအခြေအနေအရ) ဆူညံလွန်းသော အသံများကို သိပ်မခံစားနိုင်သေးတာမို့ တိတ်ဆိတ် ငြိမ်သက်နေခဲ့သော ဒီအခြေအနေလေးကိုပင် ကျွန်တော့်မှာ မက်မက်မောမောရှိနေရပါသည်။ (အခုနောက်ပိုင်း လူစည်ကားလွန်းေ သာ နေရာများကိုတောင် ကျွန်တော်သိပ်မသွားဖြစ်တော့တာ ကြာခဲ့ပြီ။)

နွေရာသီမှာပူအိုက်ရသည့်အထဲ ထိုကဲ့သို့ဆူညံသံများနှင့်ဆိုတော့ ပြောရမယ်ဆိုလျှင် ကျွန်တော်မခံစားနိုင်ပါ။ သို့သော် ကျွန်တော့် အဖြစ်က အပြင်ထွက်တော့လည်း နေပူ၊ အိမ်မှာနေတော့လည်း နားပူဆိုသလိုမျိုး။

ထို့ကြောင့် ဒီအခြေအနေလေးအား ပျက်စီးသွားစေရန် ဘယ်အိမ်ကမှ သီချင်းထ,မဖွင့်ပါစေနှင့်ဟု ကျွန်တော် တိတ်တိတ်လေး ဆုတောင်းနေလိုက်မိ၏။ ပြီးတော့လည်း တွေးမိသေးသည်။ အဲ့ဒီအိမ်ကလူတွေ ခရီးတွေ ဘာတွေသွား၊ ဘုရားဖူးတွေဘာတွေ ထွက်သွားကြပြီလား...ဟူ၍ပင်။

ထိုင်ကောင်းကောင်းနှင့် ထိုင်နေခဲ့ရင်း ညနေငါးနာရီခွဲလောက်တွင် ကျွန်တော်ကော်ဖီသောက်ချင်လာမိ၏။ ထို့ကြောင့် ကော်ဖီဖျော် ရန် အိမ်အတွင်းသို့ဝင်ခဲ့လိုက်သည်။ ပြီးမှ ကော်ဖီတစ်ခွက်နှင့် ၀ရန်တာတွင် ပြန်ထိုင်ကာ နွေရာသီ ညနေချမ်းကို ပြန်လည်ခံစားေ တာ့မည်။

အိမ်ထဲသို့အ၀င် ဧည့်ခန်းဝနားရောက်တော့ မှန်ကန်ထဲမှ ကျွန်တော်မွေးထားသော ရွှေငါးလေးများက ရေပေါ်သို့တက်လျှက် ပါးစပ်လေးတွေ ဟ,စိ၊ ဟ,စိ လုပ်နေကြ၏။ ခါတိုင်းဆို သူတို့ရှိရာ ကန်အနားသို့ ကျွန်တော် သွားတိုင်း အစာတောင်းတတ်ကြစမြဲမို့ အစာတောင်းသည်ထင်ပြီး ဘူးထဲမှ ငါးစာအလုံးလေးများကိုယူကာ နည်းနည်းပစ်ချပေးလိုက်၏။ ငါးကလေးများက စား၏။ သို့သော် ရေအောက်သို့ပြန်မငုပ်သွားကြ။

ထို့ကြောင့် ကန်ထဲသို့ ကျွန်တော်သေချာကြည့်မိ၏။ ကန်ထဲမှာ ငါးကလေးတွေအတွက် ကျွန်တော်တပ်ပေးထားသော ရေသန့်စင် ရင်း၊ အောက်ဆီဂျင်လွှတ်ပေးသည့်စက်ကလေးမှာ အလုပ်မလုပ်တော့။ ဒါကြောင့်မို့ ငါးကလေးများ ရေပေါ်တက်နေကြခြင်း ဖြစ်ေ လ၏။

အောက်ဆီဂျင်စက်ကလေး၏ ပလပ်ပေါက်နေရာကို ကျွန်တော်စစ်ကြည့်တော့ အကောင်းပကတိ၊ မီးခလုပ်ကလည်း ဖွင့်လျှက်သား။ ထို့ကြောင့် ဧည့်ခန်းမှာ ထိုင်နေသော အဖေ့ကို ကျွန်တော်လှမ်းမေးမိ၏။

“မီးပြတ်သွားတာလားရယ်ဗျ”

“အေးကွ၊ နေ့ခင်းကတည်းက ပြတ်နေတာရယ်။ ဘယ်အချိန် ပြန်လာမလဲမသိဘူး။ အခု ဟိုး...အရင်တုန်းက အတိုင်း အလှည့်ကျ မီးပေးစံနစ်ကို ပြန်စ,တော့မယ်ဆိုလားမသိဘူး၊ အဖေကြားမိသလိုပဲကွ”...

“ကောင်းတယ်။ အဲ့သလို မီးပြတ်နေမှ ညညဆိုရင် ညဥ့်နက်သန်းခေါင်အထိ သူ့ကွန်ပျူတာအစုတ်လေးဖွင့်ပြီး ဒင်းစာတွေ တခြောက်ခြောက်နဲ့ ရေးလို့မရတော့မှာ။ ဘယ့်နှယ်တော်... ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်မယ် မရှိဘူး။ နားနားနေနေမနေပဲ အားအားရှိ တဆွဆွနဲ့ရေးချင်နေတဲ့ကိုယ်တော်၊ ဘယ့်နှယ့်လဲ မှတ်ပလား ဟဲ့”

အဖေ့ဘေးနားမှာ ထိုင်နေသော အမေက ကျွန်တော့်ကို ခပ်ငေါ့ငေါ့ပြောရင်း ပြုံး၏။ အဖေက အမေ့စကားကို သဘောကျသလိုဖြင့် ပြုံး၏။ ကျွန်တော်လည်း ပြုံးမိ၏။

ကျွန်တော်ပြုံးတာက အခြားကြောင့်တော့ မဟုတ်။ တကယ်လို့များ အလှည့်ကျမီးပေးစံနစ်ကိုပြန်ပြီး ကျင့်သုံးပါက ကျွန်တော် မကြားချင်သော ဆူညံသည့်သီချင်းသံများကို ခါတိုင်းလို နေကုန်နေခမ်းကြားနေရမှာ မဟုတ်တော့သောကြောင့်ပင်တည်း။ ဒါကြောင့် စောစောတုန်း ဟိုအိမ်တွေ အသံတိတ်နေကြတာကိုး...ဟူ၍လည်း တွေးလိုက်မိသည်။

စာရေးတာကတော့ ကျွန်တော့်အတွက် ပြဿနာမရှိလှပါ။ ယနေ့အထိတိုင် ပြန်မပြော၊ နားမထောင်ပဲ အေးအေးလေးနှင့် ကိုယ်လုပ် ချင်ရာကို မဖြစ်ဖြစ်တဲ့နည်းဖြင့် လုပ်တတ်သော ကျွန်တော့်အကျင့်အတိုင်း“ကွန်ပျူတာနဲ့ ရေးလို့မရလည်း ဗလာစာအုပ်ထဲမှာ ဘော ပင်နဲ့ရေးမှာပေါ့ဗျာ”...ဟု စိတ်ထဲမှနေ အမေ့ကိုပြန်ပြောရင်း အိမ်နောက်ဖေးသို့ ကျွန်တော်ဝင်ခဲ့လိုက်ပါတော့သည်။

~~~~~@@@~~~~~

ကော်ဖီဖျော်ရင်း ကျွန်တော့်ထုံးစံအတိုင်း အငြိမ်မနေနိုင်ပဲ ရှည်ရှည်ဝေးဝေး တွေးမိပြန်၏။ အခု ပြန်ဖြစ်မည်ထင်ရသော (မသေချာသေးသော) အလှည့်ကျ မီးပေးစံနစ်အပေါ် ကျွန်တော်တို့မိသားစုက ကိုယ့်အတွေးနှင့်ကိုယ် ကျေနပ်နေနိုင်ကြေ သ်ာလည်း အခြားသော စီးပွားရေးလုပ်ငန်းရှင်များနှင့် လူများကရော... ဟူ၍သာ။

ထိုခဏ စောစောက အဖေပြောလိုက်သော စကားလေးကို ပြန်လည်ကြားယောင်လာမိ၏။ ကျွန်တော့် နှုတ်ခမ်းတွေ ခပ်တွန့်တွန့် ပြုံးဖြစ်သွားသည်။ ဘာတဲ့...

“အရင်တုန်းက အတိုင်းပဲ”... ဆိုလား။           

~~~~~@@@~~~~~

------------------------------------------------------------------------------------------------------------------------------
မှတ်ချက်- ဒီစာလေးတောင်မှ မနက်တုန်းကတည်းက မီးပြတ်သွားလို့ ပြန်လာတဲ့အချိန်လေး ကောက်တင်လိုက်ရတာပါခင်ဗျာ.... :D
--------------------------------------------------------------------------------------------------------------------------------

ချစ်ခြင်းအားဖြင့်....
~ဏီလင်းညို~
၂၈၊ ၀၂၊ ၂၀၁၃။
နံနက်(၀၀း ၄၃)နာရီ။
(ရန်ကုန်- မြန်မာပြည်)
(အရင်တုန်းကအတိုင်း)

14 comments:

ရွှေအိမ်စည် said...

ကိုဏီ ရေးပြတဲ့ သီချင်းသံတွေကို ရယ်လိုက်ရတာ..။
အတော်ဆူညံပွက်လောရိုက်တာပဲကွယ်...။
မီး ကတော့ ရုံးမှာကော၊ အဆောင်မှာကော ပျက်လျှက်သာပါပဲ..။
ရာသီဥတုကလည်း အတော်ပူတော့ ဂရုစိုက်လို့သာ ပြောချင်ပါရဲ့ ကိုဏီရေ.....။

မိုးညချမ်း said...

ကျန်းမာရေးတော့ အထူးဂရုစိုက်ပါ အစ်ကိုရေ ... နွေရာသီ မီးပြတ်တာတော့ မဟန်ပါဘူး အစ်ကိုရာ ... ပူတော့ ပန်ကာလေ လေးတောင် မခံရဘူးရယ် ... Hand made fun နဲ့ပဲ နှစ်ပါးသွားရတော့ လက်ညောင်းတယ် ... ဒါနဲ့လေစကားမစပ် ကွင်းထဲက နာမည်လေးတွေကြိုက်လို့ ညီမလေးအဆိုတော်လုပ်ရင် အဲနာမည်လေးတွေ ယူသုံးမယ်နော် ... :P :P

အိမ့်ချမ်းမြေ့ said...

ဒီစာလေး သဘောကျလိုက်တာ..
ငါးလေးတွေ သိပ်ပူရင် သေတော့ မသေလောက်ပါဘူးထင်တယ်နော်...

ဒီတစ်ခေါက်အပြန်မှာတော့ မီးပျက်ခြင်း၊ အိုက်လှောင်ခြင်း၊ ခြင်ကိုက်ခြင်း၊ အသံပလံပေါင်းမျိုးစုံကို ကြားရခြင်းတို့ကို တော်တော်လေးကို သိလာခဲ့တာပါပဲ..

အရင်တုန်းကတော့ စာရေးဆရာတွေ ဒရာမတိုက်ဇ်ဇ်ဇ် လုပ်တယ်ထင်ခဲ့တာ...

ခုတော့ သိပါပြီ......

San Htun said...

ကိုဏီက နာမည်ရွေးတာ သိပ်တော်တယ်..နွေကပူ၊ မီးမလာ၊ ရေမလာ၊ အိုက်စက်စက် နွေညတွေ...မြန်မာပြည်ကြီး တိုးတက်လာတယ်ဆိုပေမယ့်လည်း အရင်အတိုင်ပါပဲလား..ဦးဟန်ကြည်လေသံနဲ့ ပြောရရင် ဒုံရင်းအစ် ဒုံရင်..း)

ပန်းအိ said...

ကိုဏီလင်းညိုရေ .. ရီရတာ မျက်ရည်တောင်ထွက်တယ်ကွယ် :D

ရေးလည်း ရေးတတ်ပေ့... မှည့်လည်း မှည့်တတ်ပေ့ ..

ကျန်းမာရေးလေးတော့ ဂရုစိုက်ပါ ..

ကျန်းမာခြင်းသည် လာဘ်တစ်ပါးတဲ့ ...

(မှန်တယ်ရှင့် ..ကိုယ်တွေကပဲ အေးအေးဆေးဆေး နေတတ်တဲ့သူမျိုးတွေမို့လား မသိဘူး ..အဲ့လို သီချင်းကို အကျယ်ကြီးဖွင့်ရင် သိပ်စိတ်ပျက်မိတယ်၊ နောက်ရှိသေးတယ် နွေရာသီဆို လော်ပီကျယ်ကြီးနဲ့ လိုက်အော်ပီ.. အမျိုးအမျိုး အဖုံဖုံ ဒို့ ရပ်ကွက်အစုံပါပဲကွယ် :D)

hninnse young said...

ရေးတတ်ပါပေ့။
ဖြစ်တတ်တဲ့သဘောလေးတွေပါပဲ။
စာရေးပုံသဘောကျမိပါတယ်။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ကျွန်တော်ကလည်း
ဒီအတိုင်းပဲ ဒီအတိုင်းပဲ ဒီအတိုင်းပဲ

သီဃျင်းဆိုသွားတယ်း)

မြသွေးနီ said...

ဂီတပေါင်းစုံတပြိုင်နက်ထဲ ခံစားခွင့်ရတာ နည်းတဲ့ ကုသိုလ်ကံမဟုတ်ဘူးနော်.. :)
မီးပျက်တော့ နားအေး၊ နားအေးပေမယ့် ပူအိုက်၊ ပူအိုက်တော့ ရေချိုး၊ ရေမရိလို့ ရေတင်၊ ရေတင်ဖို့ မီးမလာ၊ မီးမလာတော့ ပူအိုက်၊ ပူအိုက်ပေမယ့် နားအေး...။ ဘယ်လောက်ကောင်းလိုက်သလဲ.. ခန္ဓီပါရမီ ရင့်သန်လာစေတယ်သာ..မှတ်ပါကိုဏီ..။ ဒုံရင်းက ဒုံရင်းပါပဲနော... :)

မိုးငွေ့........ said...

တို့တွေစမ်းချောင်းဖက်လဲ နေ့လည်ဆို ခနခနပျက်တယ်တဲ့ ရုံးရောက်နေတော့ မသိဘူးလေ အိမ်ပြန်တော့ အမေက သူ့ဇာတ်ကားတွေကြည့်မရတော့ ညည်းနေတာကြားတယ်

ညိမ်းနိုင် said...

အရင်လိုပါပဲ.....ပေါ့လေ..ဟုတ်လား...ကိုဏီ....

လရိပ်အိမ် said...

ဒီမှာတော့ မီးမပြတ်တဲ့အတွက် တနေကုန် အသံတွေကြားနေရပါတယ်။ အိမ်ပြောင်းချင်ပါတယ်။ ပိုက်ဆံမရှိလို့ကြိတ်မှိတ်မြိုသိပ်နေရတယ်။

Anonymous said...

ဒီပို့စ်လေး ချစ်စရာကောင်းတယ်း) ကျနော် လည်းတစ်ခါတလေ အိမ်ပြန်ရင် အလှူခံတရားဟောတွေ သီချင်းသံ ဆူဆူကြီးတွေ သဘောမကျဘူး ၇န်ကုန်ကတော့ ပူကြပ်ကြီးပါ နေကပူ လူတွေက ကြပ်နဲ့ ဘာကြိးမှန်းမသိ အပြူတ်ခံနေရသလိုပဲ ။ တစ်ပုဒ်လုံးမှာ သဘောအကျဆုံးက ကိုဏီ့ မေမေ ပြောတဲ့ စကားရယ် နောက်တော့ “မီးပြတ်သွားတာလားရယ်ဗျ” ဆိုတာလေးးး)))


မောင်မျိုး

Anonymous said...

ကိုဏီပြောတဲ့ စကားလုံးတွေမြန်မြန် ဆိုတဲ့ twist သီချင်းကို နားထောင်ပြီးသွားပြီ။ စာတစ်ပုဒ်လုံးကို တပြုံးပြုံးနဲ့ ဖတ်သွားမိပါတယ်။ အရေးအသား သိပ်ကောင်းတာပဲ။
ရုပ်ဝတ္ထု အခြေအနေ အနေနဲ့ နိုင်ငံက မတိုးတက်သေးပေမယ့် စိတ်ခံစားမှုအပိုင်းအနေနဲ့  ပိုလွတ်လပ်လာတယ်လို့ ထင်ပါတယ်။ ကို မကြိုက်တာကိုမကြိုကကြောင်း လူတစ်ယောက်လို ပြောနိုင်လာတယ်လေ။ ရုပ်ဝတ္ထုအပိုင်းတွေလဲ မကြာခင်မှာတိုးတက်လာမယ်လို့မျော်လင့်မိပါတယ်။
ခင်မင်စွာဖြင့်
SMT

Tin Moe Moe Khaing said...

အခုမှ ဖတ်​မိတယ်​။ ပြုံးပြီး ဖတ်​သွားပါတယ်​။ ☺