Tuesday, April 10, 2012

ကျွန်တော်နှင့် ၂၀၁၂-သင်္ကြန်




ပြီလသို့ ရောက်ခဲ့လေပြီ။ နွေရာသီသို့ ပီပီပြင်ပြင်ရောက်ခဲ့ပြီမို့ ရန်ကုန်တစ်မြို့လုံး ကျောကော့နေရအောင် ပူလောင်ကြွပ်ဆတ်နေ ခဲ့ရပြီ။

သို့သော် လူတော်တော်များများကတော့ ပျော်ရွှင်နေကြပါသည်။ အခြားကြောင့်တော့ မဟုတ်၊ သိပ်မကြာခင်မှာ ရောက်ရှိလာတော့ မည့် သင်္ကြန်ပွဲတော်ကြောင့်ပင် ဖြစ်၏။

ဟုတ်သည်၊ ပိတောက်ပင်ကလေးများမှာလည်း ပိတောက်ဖူးလေးတွေ အစီအရီဖြင့် ဖူးငုံနေခဲ့ကြလေပြီ။ ပွင့်တော့ မပွင့်ကြသေး။ သင်္ကြန်လက်ဆေးမိုး တစ်ပြိုက်နှစ်ပြိုက်လောက်သာ ရွာချလိုက်မည်ဆိုပါက အလွယ်တကူပင် ပွင့်လာမှာ ကျိန်းသေ၏။ စကားမစပ် ပြောပြရရင်တော့ အခုရက်ပိုင်း တစ်ခါတစ်လေ မိုးအုံ့အုံ့နေကာ တစ်မိနစ်၊ နှစ်မိနစ်လောက် မိုးပေါက်များကျလာ တတ်ပေမယ့် (ကျွန် တော်နေသော မြို့နယ်တွင်တော့) မိုးက ပီပီပြင်ပြင် မရွာသေးပါ။

ကျွန်တော့်အိမ်ပတ်ဝန်းကျင်မှ ဖွင့်တတ်သော ခေတ်ဟောင်း၊ ခေတ်သစ် သင်္ကြန်သီချင်းများကိုလည်း နေ့စဉ် ဆိုသလို ကြားနေရ၏။ အပြင်ထွက်တော့လည်း ဆိုင်များမှ ဖွင့်တာကိုကြားရ၏။ ခေတ်ဟောင်းသင်္ကြန်သီချင်း ဆိုတာ ဦးဇော်ဝမ်းတို့ဆိုခဲ့သော “သင်္ကြန်နှစ်ဦး တူးပို့ တူးပို့” အစချီသည့် သီချင်းများဖြစ်သလို၊ ခေတ်သစ်ဆိုတာက နိုင်ငံခြားသံစဉ်များအား မြန်မာစာသားများဖြင့် (အမောတကော၊ ပင်ပင်ပန်းပန်း) အဆာသွပ်ထားရရှာ သည့် သင်္ကြန်သီချင်းများမှန်း အားလုံးသိနိုင်ကြလိမ့်မည် ထင်ပါသည်။

မည်သို့ပင် ဖြစ်ပါစေ။ အားလုံးကတော့ ထိုသီချင်းများဖြင့် ပျော်မြူးနေကြရ၏။ ပျော်ရွှင်ခြင်းမှာ ၀မ်းနည်းကြေ ကွဲရခြင်းထက် အဆ ပေါင်းများစွာ သာလွန်ကောင်းမွန်တာ ဘယ်သူမှ စောဒကမတက်နိုင်သော အချက်တစ်ခု မဟုတ်ပါလားလေ။ ဘာသီချင်း ပဲ ဖြစ်ဖြစ် ပေါ့။

ဆယ်ကျော်သက်အရွယ် ကောင်လေး၊ ကောင်မလေးများသည်လည်း ဆံပင်အရောင်အမျိုးမျိုး ဆိုးနေခဲ့ကြပြီ။ အချို့ယောက်ျား လေး များဆိုလျှင် တစ်ခေါင်းလုံး ဘေးနှစ်ဖက်ကို ကတုံးလိုထားကာ အလယ်မှဆံပင်များအား မိုးပေါ်ထောင်ထားသော (သူတို့အခေါ် ၀မ်းဝေးကေ) ပုံစံမျိုးကို ကြိုတင်ညှပ်ကာ အရောင်ထင်ထားပြီးကြလေ ပြီ။(ထိုဆံပင်ပုံစံအား သေချာရှင်းအောင်ပြောပြရလျှင် ရော မ၊ ခေါမခေတ်က စစ်သားများဆောင်းသော စစ်ဦးထုပ်အပေါ်တွင် နှဖူးမှနောက်စေ့အထိ အလယ်တစ်ကြောင်းထဲမှာ ကွေးေ ကွး ကောက်ကောက်ရှိသော ပန်းဖွားများနှင့် ပုံစံအတူတူပင်ဖြစ်ပါသည်။)

ရှော့ပင်းစင်တာတွေ၊စူပါမားကပ်တွေမှာလည်း သင်္ကြန်အထူးဒစ်စကောင့်ပွဲတော်များ၊ နှစ်သစ်အကြိုပရိုမိုးရှင်း ပွဲတော်များအား ခြိမ့် ခြိမ့်သည်းသည်း ကျင်းပနေကြလေပြီ။ နှစ်သစ်ကာလသည်ကား... ဆိုင်တစ်ဆိုင်အတွင်းမှ တစ်နှစ်လုံးရောင်းမထွက်ခဲ့သည့်ပစ္စည်း များအား အစွံထုတ်ရောင်းရသည့်အချိန်ဟူ၍ မည်သူကများ စတင်ခဲ့လေသည်ဆိုတာ ကျွန်တော်ရေရေရာရာမသိပါ။ ဘယ်လို ပဲ ဖြစ်ဖြစ် သူ့အရပ်နှင့် သူ့ဇာတ်၊ ရောင်းသူနှင့်ဝယ်သူ အသံတူနေတာကိုတော့ ငြင်းဆန်လို့မရနိုင်တာအမှန်။

နေကာမျက်မှန်၊ ဦးထုပ်၊ ရှူးဖိနပ်၊ ဂျာကင်၊ ဘောင်းဘီ၊ တီရှပ်၊ ဘော်ဒီစပရေး၊ ရေပြွတ်၊ ဟမ်းဖုန်းထည့်သည့် ပလတ်စတစ်အိတ်၊ မိန်းကလေးများအတွက် ရေစိုခံမိတ်ကပ်နှင့် နေလောင်ခံကရင်မ် စသည့်ပစ္စည်းများကား အရောင်းသွက်လှ၏။ ထိုပစ္စည်းများနှင့် အတူ အရောင်းသွက်ရဆုံးသော ပစ္စည်းများလည်း ရှိသေး၏။ အခြား တော့မဟုတ်...၊ ဘီယာနှင့် အရက်များပင်တည်း။

~~~~~@@@~~~~~

ဘီယာနှင့်အရက်ဆို၍ လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်ကအဖြစ်ကို ကျွန်တော်ပြန်သတိရမိ၏။ ထိုစဉ် က သင်္ကြန်တစ်ရက်မှာ ကျွန်တော်တို့သူငယ်ချင်းတစ်သိုက် ငှားထားသော ဂျစ်ကားတစ်စီးဖြင့် သင်္ကြန်လည် ကြ၏။ လည်ရင်းဖြင့်(တာမွေအ၀ိုင်းဆီဦးတည့် သွားသည့်) ဦးချစ်မောင်လမ်းမကြီးပေါ်တွင် ရေပက်ခံရန်တန်းစီပြီး စောင့်ရင်း ကားတွေပိတ်သွားရသည်။ ထိုအခါ အချိန်ကြာလာ တာမို့ ကားပေါ်မှကျွန်တော်တို့အားလုံး ရေ တွေ ခြောက်သွားကြ၏။ ကျွန်တော့်သူငယ်ချင်းတွေအကုန်လုံးက မခံနိုင်ဟု ဆိုပြီး ကားပေါ်မှခုန်ဆင်းကာ အ ရှေ့မှာရှိသော(မရောက်ရသေးသည့်) မဏ္ဍပ်ရှေ့မှာသွား၍ ကြိုတင်ရေစိုခံကြလေသည်။ တော်တော်နှင့် ကို ပြန်မလာကြ။ ပြောရမယ်ဆိုလျှင် ကျွန်တော့်သူငယ်ချင်းများမှာ အတော်ပင် နန့်ကြောဆွဲတတ်သူများ ဖြစ်ပါသည်။ ရေစိုခံရုံနှင့် အားမရကြသေးပဲ မဏ္ဍပ်အပေါ်မှာရေကစားနေကြသော ကောင်မလေးများအား “အသည်း ကလေးရေ့၊ အမြစ်ကလေးရေ့”...စ သဖြင့် အောက်မှနေပြီး အသံပြာအောင်အော်လည်း ခေါ်ကြ၏။ ပြီးတော့ မဏ္ဍပ်ပေါ်မှ ဆောင်းဘောက်စ်ကြီးများဖြင့် ဖွင့်ထားသော ဆူဆူညံညံသီချင်းသံများနှင့် ရေမှုန်တွေကြားထဲမှာ ကွေးနေအောင် ကကြသေး၏။

ကားပေါ်မှာကျန်ခဲ့တာက ဒရိုင်ဘာနှင့်ကျွန်တော်နှစ်ယောက်တည်း။ ကားကလည်း ရွေ့နေတာ ပက်ကျိလိုမျိုး ပုံစံနှင့်။ နေကလည်းပူ တာမို့ ကားနောက်မှာ ခြေတွဲလောင်းချကာ ကျွန်တော်တစ်ယောက်တည်း ခပ်ညစ်ညစ်နှင့်ထိုင်နေဆဲ ဆာလာအိတ်ကြီးတွေ ကိုယ် စီလွယ်ထားသော ဆယ်နှစ်အရွယ် ချာတိတ်လေးနှစ်ယောက် ကားနားသို့ ရောက်လာပြီး...

“အစ်ကိုကြီး၊ ဘီယာဘူးခွံတွေ၊ အရက်ပုလင်းခွံတွေရှိရင် သားတို့ကို ပေးပါလားဟင်” ဟု သနားစဖွယ်ဆို၏။

ချာတိတ်လေးနှစ်ယောက်ကို ကြည့်ရင်း ကျွန်တော်တကယ်ပဲသနားသွားမိပါသည်။ ဟုတ်သည်လေ...၊ သူများတွေ ပျော်နေကြချိန် မှာ အရွယ်တောင် မရောက်ရှာကြသေးတဲ့ သူတို့လေးတွေက ၀မ်းရေးအတွက် လှုပ်ရှားရုန်းကန်နေခဲ့ကြရတာ။ ထို့ကြောင့် ကျွန်တော့် အနီး(ကားထောင့်မှာရှိသော) အရက်ပုလင်းခွံများ၊ ရေသန့်ဘူးအခွံများထည့်ထားသည့် ကျွတ်ကျွတ်အိတ်ကြီးကို ထိုချာတိတ်လေးနှစ် ယာက်အား ကျွန်တော်ပေးပစ်ပလိုက်သည်။ ထိုချာတိတ်လေးနှစ်ယောက် အနားမှထွက်သွားကြတော့ ကျွန်တော့်မှာ အမှတ်မထင်ပြု လိုက်မိ လေသော ကုသိုလ်ကောင်းမှုတစ်ခုအတွက် စောစောကစိတ်ညစ်နေတာတွေတောင် ပျောက်ပြီး ၀မ်းသာနေမိခဲ့သေး၏။


တစ်အောင့်လောက်ကြာတော့ ကားအနားသို့ အားရအောင်ရေစိုခံပြီးသွားသော ကျွန်တော့်သူငယ်ချင်းတွေ ပြန်ရောက်လာကြ၏။ ပြီးတော့...“ပြန်ချမ်းသွားပြီ။ ဒီမှာ ကားပိတ်နေတုန်း နည်းနည်းလောက်ထပ်ကစ်ကြရ အောင်”ဟုပြောကာ နှစ်ယောက်က ကားပေါ် ခုန်တက်ပြီး ဟိုရှာ၊ ဒီရှာ,ရှာလေ၏။ မတွေ့တော့ ကျွန်တော့်ကို မေးသည်။

“ဟေ့ယောင်... ဒီနားမှာထားတဲ့ ကျွတ်ကျွတ်အိတ်အထုတ်ကြီးရော၊ မင်းဘယ်မှာ သိမ်းထားလဲ”



“အရက်ပုလင်းခွံတွေ ထည့်ထားတဲ့ အထုတ်ကြီးလား။ မရှိတော့ဘူးကွ...၊ စောစောလေးကပဲ ဖိနပ်တို့ ပုလင်း တို့ကောက်တဲ့ ကလေးနှစ်ယောက်ကို ငါပေးပစ်လိုက်ပြီ”


“ဟာ... မင်းကတော့ လုပ်တော့မယ်။ ကွိုင်အကြီးကြီးရှာပြီ။ အဲ့ဒီအိတ်ထဲမှာ မဖွင့်ရသေးတာ သုံးလုံးတောင်မှ ရှိသေးတယ်ဟ...လဒရဲ့”

“ငါမှ... မသိပဲကွ”

ထုံပေပေဖြင့် ကျွန်တော်ပြန်ပြောလိုက်တော့ အားလုံးက ၀ိုင်းဆဲကြလေတော့တာ မိုးမွှန်သွားမလားတောင် အောက်မေ့ရပါသေး၏။

~~~~~@@@~~~~~

ခုတော့လည်း ထိုသူငယ်ချင်းများနှင့် ကျွန်တော်မဆုံဖြစ်ခဲ့တာကြာခဲ့ပြီ။ သူတို့ကလည်း ကိုယ်စီဘ၀သစ်များ၊ အိမ်ထောင် များဖြင့်။ တချို့ကလည်း တိုင်းတစ်ပါးမှာ။ ပြည်တွင်းမှာ ရှိနေသေးသည့် သူငယ်ချင်းများနှင့် တစ်ခါတစ်လေတွေ့တော့ “မင်းတို့ဂစ် တာတွေ ဘာတွေရောတီးဖြစ်သေးလား”ဟု ကျွန်တော်မေးတိုင်း မျက် နှာကို ရှုံ့မဲ့ပြီး “ဂစ်တာဆိုတာ ဂျိုနဲ့လား၊ သီချင်းဆိုတာ ငွေရ သလားလို့တောင် ငါပြန်မေးရမလိုဖြစ်နေပါပြီ သူငယ်ချင်းရာ”...ဟု သူတို့က ပြန်ပြောတတ်ကြလေ၏။ အေးလေ...၊ သူတို့က သား နဲ့မယားနဲ့ဆိုတော့ ခါးချည့် အောင် ရှာပေတော့ပေါ့။ ကျွန်တော်ကတော့ အခုထက်ထိ တစ်ကိုယ်တော်ဆိုတော့ သီချင်းလည်းဆိုချင် ဆို နိုင်သလို စိတ်ပါလျှင်လည်း ဂစ်တာက တဒေါင်ဒါင်။ ပြီးတော့ အခုလို မတောက်တစ်ခေါက်စာလေးတွေကို နားပူနားဆာလာ လုပ်မယ့်သူမရှိပဲ တခြောက်ခြောက်ဖြင့် အေးအေးလူလူရေးနေနိုင်သေး၏။ (မစွံရင် မစွံဘူး လို့ မပြောဘူးဟု... မဆိုကြပါလေနှင့်။)

အခုလို သင်္ကြန်နားနီးလာတော့လည်း သူငယ်ချင်းများနှင့်အတူတူ လည်ချင်ပတ်ချင်စိတ်က မသိမသာ ခေါင်း ထောင်လာသလိုရှိ၏။ သို့သော် စောစောကပြောခဲ့သလို သူငယ်ချင်းများက စုံစုံလင်လင်မရှိတော့။

ကျွန်တော်မြန်မာပြည်ပြန်ရောက်ခဲ့တာ တစ်နှစ်ကျော်ကျော်လောက်ရှိခဲ့ပြီ။ ထို့ကြောင့် မနှစ်ကသင်္ကြန်တွင်း ကိုလည်း မီလိုက်သေး၏။ သို့သော်... ကျန်းမာရေးသိပ်မကောင်းတာမို့ မလည်ဖြစ်။ ဒီအတိုင်း အိမ်မှာနေရ၏။ ပြီးတော့ ပြန်ရောက်ကာစမို့ အိမ်မှလူကုန်၏ တစ်နေ့လုံးမျက်စေ့ဒေါက်ထောက် ကြည့်နေတာကို ခံရပါသည်။

ထို့ကြောင့် ဒီနှစ်တော့ တစ်ခုခုလုပ်မည်ဟု စိတ်ကူးမိ၏။ ပထမတော့ ကားလည်ဖို့စဉ်းစားမိ၏။ သို့သော် ကျန်း မာရေးအရ သိပ်မဖြစ်၊ ပြီးတော့ ၂၀၀၁ခုနှစ်လောက်က ကားလည်ရင်း ကျွန်တော်တို့ဂျစ်ကားနှင့် တစ်ဖက်မှ မက်ခ်တူးတို့ တာမွေအ၀ိုင်းထိပ်တွင် မီးပွိုင့်ဖြတ် ရင်း ခေါင်းချင်းဆိုင်တိုက်မိထားပြီးကတည်းက ကားနဲ့လည်ဖို့ ကျွန်တော်သွေးလန့်နေခဲ့ရတာ အခုအထိ။ ထိုစဉ်က ကံကောင်းသူမှာ ဒရိုင်ဘာနှင့် ကျွန်တော်နှစ်ယောက်ထဲသာပင်။ ကျွန်တော်က ဒရိုင်ဘာဘေးမှာ ကားမှန်ဘောင်ကိုကိုင်ပြီး မတ်တပ်ရပ်နေမိသောေ ကြာင့်ပင် ဖြစ်၏။ ကျန်သော ကျွန်တော့်သူငယ်ချင်းတွေအားလုံး ကားပေါ်မှ ၀ဲပျံကာအောက်သို့ ပြုတ်ကျသွားကြလေသည်မှာ စူပါ မင်းတို့ ကျန်ကျောင်းတို့တောင်မှ ထိုင်ငိုသွားနိုင်လောက်၏။ ပွန်းပဲ့ စုတ်ပြတ်သွားတာလောက်မှလွဲပြီး တစ် ယောက်မှ မသေခဲ့တာ ကံကောင်း။

ထို့ကြောင့် ကားလည်ဖို့ အစီအစဉ်ကိုရုပ်သိမ်းကာ မဏ္ဍပ်ထိုင်ဖို့ စဉ်းစားမိပြန်၏။ ထိုသတင်းအား အိမ်မှအဖေ နှင့်အမေတို့က ခပ် သဲ့သဲ့ကြားတော့ “မင်းထိုင်တဲ့ မဏ္ဍပ်မှာ ဗုံးပေါက်ရင် မခက်ဘူးလားကွဲ့”ဟု ကျွန်တော့်ကို ခြောက်၏။ အစ်မဖြစ်သူက“အေးလေ၊ မသေမရှင်နဲ့ ခြေပြတ်လက်ပြတ်ဖြစ်ရတာ ကြောက်စရာဘယ်လောက် ကောင်းသလဲဟဲ့ မောင်လေးရဲ့”ဟု မီးလောင်ရာလေပင့်၏။ အစ်ကိုဖြစ်သူက “မင်းနဲ့ မဏ္ဍပ်ကမကိုက်ပါဘူးကွာ၊ အရမ်းဆူတာ မင်းရဲ့နားကခံနိုင်မှာ မဟုတ်ဘူး။ ရောဂါလည်း အရှင်းပျောက်ေ သးတာ မဟုတ်ပဲနဲ့”ဟု စဉ်းစဉ်းစားစား တားမြစ်၏။

ထို့အတွက် မဏ္ဍပ်ကိစ္စကို ကျွန်တော် လက်လျှော့လိုက်ရတော့၏။ ဒါဆို ဘုန်းကြီးဝတ်ပါလားဟု သူငယ်ချင်းတစ်ယောက်က ဆွယ်၏။ ကျွန်တော်ငြင်းလိုက်သည်။ ဟုတ်သည်၊ ကျွန်တော့်စိတ်က ဘုန်းကြီးဝတ်ရင်း အခု လောလောဆယ် ရေးနေသည့် အချစ်ဝတ္တုများ အား ဆက်ရေးရန် သွားစဉ်းစားမိနေခဲ့ရင် ‘ကုသိုလ်တစ်ပဲ၊ ငရဲ အချိန်တစ်ဆယ်’ ဆိုသလို ဖြစ်နေပေရော့မည်။ ကျွန်တော့်ကိုယ်ပိုင် အချိန်တော်တော်များများမှာ ရေးလက်စ, စာများအကြောင်း စဉ်းစားနေတတ်သဖြင့် ကိုယ့်အကြောင်း ကိုယ်သာအသိဆုံးမို့ မဖြစ်။ သံသရာမပြတ်ပဲ တ ဏှာအခန်းဆက် ဖြစ်နေမှ ခက်ပေလိမ့်မည်။

ပြောကြစတမ်းဆိုလျှင် သင်္ကြန်အတွင်း အိမ်မှာငြိမ်ကုပ်မနေနိုင်သူများအဖို့ လုပ်စရာအလုပ် သုံးမျိုးသာရှိ၏။ ကားဖြင့် ရေပက်ခံ ထွက်ချင်လျှင်ထွက်၊ ဒါမှမဟုတ် မဏ္ဍပ်မှာ ရေပက်၊ နောက်ဆုံးကတော့ သံသရာအကျိုးကို မျှော်ကိုးကာ ကုသိုလ်ကောင်းမှုပြု သည့်သဘောဖြင့် တရားစခန်းဝင်တာ၊ ဘုန်းကြီးဝတ်တာတွေ လုပ်ချင်လုပ် ကြရုံပင်။ သို့သော် ကျွန်တော့်အတွက် ထိုသုံးမျိုးလုံးက မဖြစ်။ ဒါဆိုဘာလုပ်ရမည်နည်း။

ဒီလိုနှင့် သင်္ကြန်ကျဖို့က တစ်ရက်ထက် တစ်ရက်ပိုကာ နီးကပ်လာပြီ။ မနက်ဖြန်၊ သန်ဘက်ဆိုလျှင်ပင် အား လုံးမျှော်နေခဲ့ကြသော သင်္ကြန်သို့ ရောက်တော့မည်။ ထိုအခါကျမှ စိတ်ကို ဒုန်းဒုန်းချမိတော့၏။ အခြားတော့ မဟုတ်ပါ။ ရေးလက်စ,စာလေးများအား ဆက်ရေးရင်း၊ ရုပ်ရှင်ကြည့် သီချင်းနားထောင်ရင်း အိမ်မှာနေဖို့ပင်ဖြစ်ပါသည်။ ပြီးတော့ စာရေးချင်စိတ် ပျောက်သွားသည့် အ ချိန်အခါများမှာ လမ်းထိပ်ထွက်ပြီး သင်္ကြန်အတွင်းမှာဖွင့်မည့် လမ်းဘေးလက်ဖက်ရည် ဆိုင်လေးတွေထဲမှာ သွားထိုင်မည်။ ထိုင်ရင်း သူများတွေပျော်နေကြသော သင်္ကြန်ကို ကူးစက်ခံစားဖို့ပင်ဖြစ်ပါသည်။

~~~~~@@@~~~~~ 
ကယ်၍ ပြည်တွင်းပြည်ပမှ စာဖတ်သူမောင်နှမများအနေဖြင့် သင်္ကြန်အတွင်းမှာ ဖြစ်ပျက်နေမည့် ကျွန် တော့်ပုံစံကို မြင်ယောင် ကြည့်မည်ဆိုလျှင် ကျွန်တော်ပြောပြပါ့မည်။ လမ်းဘေးလက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်ထဲမှာ လမ်းပေါ်ကလူတွေ ပျော်ရွှင်နေကြ တာကို ရေမစို့တစ်စိုအ၀တ်အစားများဖြင့် ထိုင်ငေးနေမည့် မျက်မှန်ထူထူ၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတို့ဖြင့် ပိန်ပိန်ညောင်ညောင် ကုပ်ချောင်းချောင်းလူတစ်ယောက်မှာ စာဖတ်သူမောင်နှမများအား အစဉ်လေးစားချစ်ခင်နေမည့် ကျွန်တော် ~ဏီလင်းညို~ပင် ဖြစ် ပါကြောင်း။     ။

~~~~~@@@~~~~~
=======================================================================
(အားလုံး နှစ်သစ်မှာ စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာစွာ ရှိကြပါစေလို့ ဒီပို့စ်လေးနဲ့အတူ ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်ခင်ဗျာ။)
=======================================================================

ချစ်ခြင်းအားဖြင့်.....
~ဏီလင်းညို~
၁၀၊ ဧပြီ၊ ၂၀၁၂
အင်္ဂါနေ့
ရန်ကုန်-မြန်မာပြည်။
(ကျွန်တော်နှင့် ၂၀၁၂-သင်္ကြန်)

16 comments:

ဟန်ကြည် said...

အလို...ဒါဆိုရင် ဟိုနေ့က တွေ့တာ ကိုဏီလင်းညိုပေါ့...

မသိပေါင်ဗျာ...ဆာဒူးကြီးမှတ်လို့...အစတကည်းကသိရင် တစ်ခါတည်း မိတ်ဖွဲ့လိုက်တာပေါ့း)

မိုးငွေ့...... said...

ဂယ်လားဟင် ဏီဏီ....။ ဒါဆို အဲလက်ဖက်ရည်ဆိုင်လာခဲ့မယ်....။

Anonymous said...

သင်္ကြန်မိုးထဲက ဇင်ဝိုင်းလို
ရေမစို့တစ်စို အ၀တ်အစားတွေနဲ့
လျှောက်သွားနေသလို ဘာလိုလို ဒီဇိုင်းနဲ့ပေါ့ ..း)

နှစ်သစ်မင်္ဂလာပါ ကိုဏီလင်းညို ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မြတ်မွန် said...

ကိုဏီးက နောက်ဆုံးတော့ လူပျိုကြီး အထီးကျန်၊ လက်ဘက်ရည်ဆိုင်ထိုင် ဆိုသလို ဖြစ်နေတာကိုးးးးးးးးး

သတိရပါတယ် ကိုဏီး
စာပြန်ရေးအုံးနော်..။

အိမ့်ချမ်းမြေ့ said...

မင်္ဂလာသင်္ကြန်ပါ ကိုဏီရေ..
စာဖတ်ရလို့ ၀မ်းသာမိကြောင်း..
ကိုဏီ့ဘ၀က သူ့ဟာနဲ့သူလေး အေးချမ်းလှလေရဲ့..

ခင်မင်လျှက်...
မလေး

နေ၀သန် said...

လုပ်ပြီ ကိုဏီးတော့..း)... ကိုဏီးစာတွေမဖတ်ရတာကြာတော့... တွေ့တွေ့ချင်း ပြေးလာတာ..း)).. အဆင်ပြေပါစေ အစ်ကိုရေ...

ခင်မင်လျက်
နေ၀သန်

blackroze said...

အကို
စာတွေပြန်ရေးလို့ဝမ်းသာတယ်..
နှစ်သစ်မှာပျော်ရွှင်ပါစေနော်..
အချစ်ဝတ္ထုထက်စာရင်
အခုလို ကိုယ်တွေ့လေးတွေရေးပါအကိုရာ
ညီမကတော့ အဲလိုကိုယ်တွေ့ဖြစ်ရပ်လေးတွေကို
ပိုသဘောကျတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောင်းပါတယ်အေ
သင်္ကြန်မှာအေးအေးလူလူ သူများပျော်တာဘဲ ထိုင်ကြည့်ပေါ့
ဘေးကင်းပါတယ်
ဟိဟိ နာတို့လည်း မလည်ရလို့ ပြောတာ..း)
ကဲ ရေတစ်ခွက် လာလောင်းသွားတယ်
နှစ်သစ်မှာ အမြန်ဆုံးစွံပါစေ (ဘာစွံစွံ မျက်စိစွံလည်း ဖြစ်တယ် ):P
ကိုယ်စိတ် ချမ်းသာစွာနဲ့ စာတွေ အများကြီးရေးနိုင်ပါစေနော

လင်းခေတ်ဒီနို said...

ကိုဏီး ကျနော် ပြန်လာခါနီးတော့မယ် . . မြန်မာပြည်ရောက်ရင် တွေ့မယ် . . မှတ်မိသေးလား . . ကတိပေးထားဖူးတာ . . ဘာတဲ့ . . . ဘာပုလင်း ဆိုတာ . . ကိုဂျော်နီက လမ်းလျှောက်တယ်တဲ့ ဟုတ် စး)))))

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ကျန်းမာရေးဂရုစိုက်ဗျာ့
ရာသီဥတုက အင်မတန်ပူလွန်းတယ်
သင်္ကြန်ကလည်း မကြုံဖူးထူးကဲအောင် စိတ်ညစ်စရာကောင်းလွန်းတယ်း)

san htun said...

ကိုဏီ ပထမဆုံးအကြိမ် လာလည်ပြီး သင်္ကြန်အလွမ်းပြေ ဖတ်သွားပါတယ်ခင်ညာ

မြသွေးနီ said...

သင်္ကြန်တုန်းက ကိုဏီကို တွေ့လိုက်ပါ့..
မျက်မှန်ကြီးပင့်လို့ ဟိုကြည့် သည်ကြည့်နဲ့...
ကုန်ကြမ်းရှာနေတာ ... :)
မျက်မှောက်ခေတ်ကို ထင်ဟတ်စေတဲ့ ပို့စ်လေးပါပဲ ကိုဏီရေ...

သိ င်္ဂါ ရ said...

ဒီနှစ်သင်္ကြန်ကတော့ မှတ်မှတ်ရရပါပဲ ...

PC ရှေ့မှာ စီးကရက်တွေ ထိုင်ဖွာ ...

ဆံပင်စုတ်ဖွား နဲ့ တစ်ယောက်တည်း

ငေါင်နေဖြစ်တယ် ...။

Mary Grace said...

Hi your blogs looks so impormative and interesting.would you come and visit us back too
http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog

phung bella said...

hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog

Theingi Shwe Sin said...

ဒီနှစ်​သင်္ကြန်​ ကိုဏီက IC show