Thursday, August 16, 2012

မရည်ရွယ်သော်လည်း....


ရုပ်သံအစီအစဉ်များတွင်လာတတ်သော ကြော်ငြာများကို တစ်ခါတစ်လေ စိတ်ပါလက်ပါဖြင့် ကျွန်တော် ကြည့်မိတတ်သည်။ နိုင်ငံခြားဇာတ်လမ်းတွဲများကိုစောင့်မျှော်ကာ ကြည့်တတ်လေသော အိမ်ရှိကျန်လူများ ကတော့ (အထူးသဖြင့် ကျွန်တော့်အမေနှင့်အစ်မဖြစ်သူတို့ကတော့) ကြော်ငြာများလာလျှင် စိတ်ပျက်လက် ပျက် ညည်းညူတတ်၏။
                “ကမ္ဘာ့ရာသီဥတုပြောင်းလဲလာတာနဲ့အမျှ ခြင်တွေဟာပိုမိုပေါက်ဖွားလာကြပါတယ်...၊ ခြင်အန္တရာယ်ကိုကာ ကွယ်ဖို့ဆိုရင်တော့ ဂျမ်ဘို ခြင်ဆေးခွေကအကောင်းဆုံးပါပဲ”

အထက်ပါအတိုင်း(အတိအကျဟုတ်ချင်မှဟုတ်ပါလိမ့်မည်)ပြောကာကြေငြာသွားသော ဆရာဝန်အဆိုတော် မလေး ဖြူဖြူကျော်သိန်း၏ ခြင်ဆေးခွေကြေငြာကို အမှတ်တမဲ့ ကျွန်တော်ကြည့်မိသွားသည်။ ကြည့်ပြီးခဲ့ 
တော့ အတွေးက၀င်လာ၏။

ဟုတ်သည်။ ကမ္ဘာ့ရာသီဥတုဖောက်ပြန်တာလည်း ဖြစ်နိုင်သည်။ အခုပဲကြည့်...၊ ရာသီဥတုက မိုးတွင်းမှာ ပင် မိုးရွာလိုက် နေပူလိုက်နှင့်...။ ပြီးတော့ ခြင်တွေ...။

နေရာတိုင်းလိုလိုမှာ ပေါနေသည်။ ဒီနှစ်နွေရာသီတွင် သုံးဆယ်၊ သာယာဝတီ စသည့်မြို့များဘက်သို့ ကျွန်တော် သွားလည်စဉ်ကလည်း အဲ့ဒီနေရာတွေမှာ တော်တော်ပေါနေ၏။ ညပိုင်းအိမ်အပြင်ဘက်ထွက် ကာ လေညင်းခံတာတောင် ခြင်ဆေးခွေနှင့်မှ..။ နို့မဟုတ်လျှင်တော့ ခြေတလှုပ်လှုပ်၊ လက်တစ်ခါခါနှင့်မို့ ညလေညင်း၏တိုးဝှေ့မှု အေးမြမြအရသာကို အပြည့်အ၀ ခံစားနိုင်မည်မဟုတ်..။ ဒါတောင်မှ ရေနှုတ်မြောင်း များ၊ ခြုံနွယ်ပိတ်ပေါင်းများ တောထမနေသည့် ကားလမ်းမ ဘေးလိုနေရာများပင်။ သို့သော် ဘယ်နေရာ  မှာဖြစ်ဖြစ် ခြင်များက မင်းမူနေကြတာကတော့ အမှန်။

ရန်ကုန်တွင်တော့ ထို့ထက်ပိုဆိုးတော့သည်။ ညနေစောင်းလျှင်... လူသားတို့အား အန္တရာယ်ပေးနိုင်သည့် ပိုးမွှား များကို သယ်ဆောင်လာနိုင်သည့် မောင်မောင်ခြင်၊ မမခြင်တို့သည် လူတို့၏အနားတွင်.. ရစ်သီ ရစ်သီ... တ၀ီဝီဖြင့်..စတင် လှုပ်ရှား သက်ဝင်လာခဲ့ကြပြီ။ တစ်ခါတရံ နေ့ခင်းကြောင်တောင်မှာပင် လာ တတ်ကြသေး၏။ ကိုက်တတ်ကြသေး၏။

~~~~~@@@~~~~~
တစ်ညတွင် အိပ်ယာပေါ်ဝမ်းလျှားမှောက်ကာ ဗလာစာအုပ်ထဲမှာ ဟိုမရောက် ဒီမရောက်... တောင်ေ တာင်အီအီ စာအတိုအစများ လျှောက်ရေးနေမိသည်။ ထိုခဏတွင် ခြင်များက ကျွန်တော့်အနားမှာ ရစ်သီ၊ ရစ်သီဖြင့်။ တချို့က အ မြင်ကတ်စရာကောင်းလောက်အောင်ပင် နားရွက်အနားသို့လာပြီး တအီအီ လုပ်လာကြ၏။

အဲ့ဒါမျိုးကို ကျွန်တော်သိပ်မုန်းသည်။ ကိုက်စရာရှိကိုက်၊ ပြီးလျှင် ထပြန်သွားမည်ဆို တော်သေး၏။ ထိုကဲ့သို့ တ၀ီဝီ၊ တအီအီလုပ်ခြင်းက လူတို့အားပိုပြီး စိတ်တိုစေနိုင်သည် ထင်ရ၏။

ညလည်း နက်လာခဲ့ပြီမို့ ခြင်ထောင်ကိုချကာ အထဲမှာပင် ဆက်ရေးဖို့ပြင်မိ၏။ (ခြင်လုံဇကာမတပ်နိုင်တာ မို့ ခြင်ထောင်နှင့်အိပ်ရပါသည်။)ခြင်ထောင်ချပြီး ခဏအကြာမှာပင် ကျွန်တော့်နားထဲမှာ တအီအီမြည်သံကို ထပ်ကြားရပါသည်။ ထို့ကြောင့် စာရေးခြင်းမှအသာငြိမ်ကာ နားစွင့်နေလိုက်၏။ ဧကဏ္ဍ ကျွန်တော့်ခြင်ထောင်ထဲ ခြင်တစ်ကောင်တော့ ၀င်နေခဲ့ချေပြီ...။

ကျွန်တော်ငြိမ်နေလိုက်တော့ ခြင်၏တ၀ီဝီမြည်သံကပျောက်သွားသည်။ ထို့ကြောင့် စာဆက်ရေးဖို့ပြင်တော့ တစ်ခါ ပြန်ပြီး တစ်အီအီလုပ်ပြန်၏။ ပြန်ငြိမ်ကာ ကျွန်တော်နားစွင့် နေလိုက်သည်။ ခြင်ကတော့ ကျွန်တော် ငြိမ်သွားတာကို သတိမပြုမိသည့်အလား ဒီတစ်ခါမှာတော့ ကျွန်တော့်ရဲ့နားအနားတွင် တ၀ီဝီလုပ်နေဆဲ....။

အသက်အောင့်ပြီး စိတ်ထဲမှချိန်သားကိုက်ကာ နားရွက်နားတွင် ၀ဲနေသောခြင်ကို လက်နှင့်ရိုက်ပစ်လိုက်၏။ ထို အခါတွင် အချိန်အဆများသွားတာမို့ ကိုယ့်နားထင်ကိုကိုယ်ပြန်ကာ နားပန်ကျင်းမိသလိုဖြစ်သွားရသည်။ နားလည်း နည်းနည်းအူသွား၏။ မျှော်လင့်ခြင်းကြီးစွာဖြင့် ခြင်အသေကောင်အား လက်ဖ၀ါးပေါ်တွင် ရှာ ကြည့်သောအခါ မတွေ့ရ....။ ခြင်သည် ကျွန်တော့်လက်ချက်မှ အောင်မြင်စွာရုန်းထွက်နိုင်သွားသည်။ ကျွန်တော်သာပဲ.. ကိုယ့်နားပန်ကို ကိုယ်ပြန်ကျင်းသူ ဖြစ်ခဲ့ရ၏။

ထို့ကြောင့် စိတ်တိုစွာ ကျွန်တော်ငုတ်တုတ်ထ,ထိုင်လိုက်၏။ နောက် တ၀ီဝီမြည်နေသောခြင်ကို စောင့်၏။ ဒီတစ်ခါတော့ ခြင်သည် ကျွန်တော့်လက်မောင်းနားတွင် ရစ်သီ၊ ရစ်သီလုပ်နေတာကို ထွန်းထားသော မီး အလင်းရောင်ဖြင့် ထင်ရှားစွာ တွေ့နေရ၏။ သေချာအောင် ချိန်သားကိုက်ကာ ကျွန်တော်လှမ်းရိုက်လိုက် သည်။ ကျွန်တော့်လက်မောင်းသားနှင့် လက်ဖ၀ါးတို့ အချင်းချင်းထိခတ်ကာ ဖျန်းခ,နဲအသံက           ကျွန်တော့်  ခြင်ထောင်ထဲမှာ ခပ်အုပ်အုပ် မြည်ဟည်းသွား၏။

ကြည့်လိုက်မိတော့ ကျွန်တော့်ရဲ့လက်ဖ၀ါးထဲတွင် ခြင်၏ခန္ဓာကိုယ်သည် ရုပ်ပျက်ဆင်းပျက် မှုန့်မှုန့်ညက် ညက် ကြေ တော့မည့်အနေအထားဖြင့် ဘ၀တပါးသို့ပြောင်းသွားခဲ့ရလေပြီ...။ ကျွန်တော် ကျေနပ်စွာပြုံး လိုက်မိသည်။

ပြီးမှ ကျွန်တော်သတိရလာ၏။ ခြင်သည် သက်ရှိသတ္တ၀ါတစ်ကောင်ဖြစ်၏။ ထို့အတွက် သူ့ဝမ်းစာ သူရှာစား ရ၏။ ကျွန်တော့်ကို နှောက်ယှက်ရာရောက်မရောက် တွေးချင်မှလည်း တွေးမိပေမည်။ ဒါကို ကျွန်တော်နှင့် တွေ့တော့ ကျွန်တ်ာက နှောက်ယှက်ခံရသည်ဟု ထင်မိ၏။ (တကယ်လည်း နှောက်ယှက်ရာရောက်ပါသည်။) ထို့ကြောင့် ကျွန်တော်၏ အကွက်ကျကျစောင့်ကာ ခြေမှုန်းခြင်းကို သူ့ခမြာခံစားသွားရ၏။

တကယ်လို့များ လူမှုစီးပွားရေးနယ်ပယ်တွင် ကျွန်တော်သည် ကိုယ်တိုင်မရည်ရွယ်ပဲ အခြားလူတစ်ဦး တစ်ယောက်အား နှောက်ယှက်မိခိုက် ထိုခြင်ကဲ့သို့ အကွက်ကျကျစောင့်ကာ ချက်ကောင်းကိုဖမ်းပြီး ခြေ မှုန်းခံရသည်ဆိုပါစို့...။

ကျွန်တော်ပြုံးနေနိုင်ပါ့မလားရယ်ဟု.... ကိုယ့်ဘာသာကိုယ် ပြန်တွေးမိနေပါတော့သည်။

~~~~~@@@~~~~~


                                                                                                                                           ချစ်ခြင်းအားဖြင့်....
~ဏီလင်းညို~
10th June 2011.
Friday.
00: 47 am.
(မရည်ရွယ်သော်လည်း...)
(ရန်ကုန် - မြန်မာပြည်)
 

17 comments:

မိုးယံ said...

နူးညံ့တဲ့ နှလုံးသားနဲက လူတွေ လောကကြီးကို အလှဆင်နိုင်ပါစေ

သဒ္ဓါလှိုင်း said...

ကိုဏီလင်း.
မရည်ရွယ်ပဲလုပ်လိုက်တဲ့ အပြုအမူလေးတစ်ခုနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တဲ့အပြုအမူတစ်ခုမှာ ဘယ်လိုမျိုးပဲဖြစ်နေပါစေ.. ခံရသူဘက်ကတော့ နာကျင်ရမှာပါ။
မတွေ့ရတာကြာပေမယ့် သတိရလျက်ပါနော် ကိုဏီလင်း။
ခင်မင်လျက်
သဒ္ဓါ

ချော (အစိမ်းရောင်လင်ပြင်) said...

ပေါ်တော်မူကြီးပါလားဟဲ့း))
ခြင်လေးတစ်ကောင် သူ့ကိုက်မိတာ စာဖွဲ့စရာ ဖြစ်သွားရှာပြီ.. စာရေးတတ်သူတွေများနော်..
ခြင်ကိုက်လည်း စာဖြစ်တာဘဲ.
နောက်တာပါ..
ဟုတ်ပါတယ်။ တခါတလေမှာ မရည်ရွယ်ဘဲ နှောက်ယှက်မိတာ ရှိသလို တမင်ရည်ရွယ်ပြီး နှောက်ယှက်တာလည်း ရှိကြတယ်
မတော်တဆ ဖြစ်တာကတော့ ထားပါတော့ တမင်ရည်ရွယ်ချက်နဲ့ နှောက်ယှက်တာမျိုးကတော့ ဘယ်ကောင်းပါ့မလဲ.
ဘိုင်းဒဝေး word verification ဖြုတ်လိုက်ရင် spam တွေ တအားလာသကွဲ့...
ပြီးခဲ့တဲ့ လက ကျုပ်ဘလော့လေး Black list တောင် ဖြစ်သွားရရှာတယ်လေ..
မနည်းပြန်လုပ်ထားရတယ်။ ဒါကြောင့်ပါအေ
နည်းနည်းတော့ သည်းခံ..

အိမ့်ချမ်းမြေ့ said...

ပထမပိုင်းမှာ ပြုံးပြုံးလေးဖတ်နေရင်း...
အဆုံးသတ်မှာ တစ်စုံတစ်ရာ လေးနက်စွာ တွေးမိလိုက်တယ်..

ကိုဏီ ရေ.. ခုလို လေးလည်း ပေါ်လာပါဦးနော်..

ခင်မင်လျှက်..
မလေး

မြသွေးနီ said...

အို...ပေါ်တော်မူကြီး... :))
နေကောင်း ကျန်းမာပါစ...
ရေးမယ့်ရေးတော့လည်း တွေးစရာလေးပါ ရအောင်ပေးသွားတယ်..။
ခြင်အကြောင်းရေးတာ အမျိုးမျိုးဖတ်ဘူးတယ်။ ဒီလိုအတွေးမျိုးနဲ့ ရေးတာတော့ မဟုတ်။
ကိုယ်ချင်းစာနာစိတ်ဆိုတာလည်း အမြဲသတိထားနေတဲ့ကြားက တစ်ခါတစ်ခါ အမှုမဲ့အမှတ်မဲ့ လွတ်ထွက်သွားတတ်တာမျိုးလား..??
စဉ်းစားဆင်ခြင်စရာပါ ကိုဏီရေ...။

အဲ့သလိုမျိုးလေးတွေ မကြာ မကြာရေးတင်ပါ..။ ဥပေက္ခာကြီး မလုပ်ပါနဲ့ဦး....လို့..။

ရွှေပြည်သူ (ShwePyiThu) said...

အွန်လိုင်းမှာ ပြန်မြင်ရလို့ ဝမ်းသာမိပါတယ် ကိုဏီလင်းညိုရေး) ပြုံးလည်းပြုံးရသလို လေးလည်းလေးနက်တဲ့ စာတစ်ပုဒ်ပါ...

လရိပ်အိမ် said...

ဟိဟိ ရယ်ရတယ်။ ကိုယ့်ကို နားပန်ပြန်ကျင်းမိတယ်ဆိုလို့။

ချစ်ကြည်အေး said...

မောင်လေးဏီလင်း ကိုယ်ချင်းစာတရားဟာ ငါးပါးသီလရဲ့ အခြေခံပဲလေ....။ အဲသလို ကိုယ်ချင်းစာတရားလေးသာ လူတိုင်းမှာ ရှိခဲ့ရင် လောကကြီး သိတ်နေပျော်မှာ....း)

ကျန်းမာလာပုံရလို့ ၀မ်းသာပါ၏း))))

မိုးငွေ့........ said...

အတွေးကောင်းတဲ့ စာတပုဒ်ထပ်တိုးဖတ်ရပြီ...ကျေးဇူးတင်ပါ၏ ဏီဏီ..။

သိင်္ဂါကျော် said...

ခြင်ထောင်ထဲ ခြင်တစ်ကောင် ဝင်နေရင်တော့ ကိုယ်လည်း သည်းမခံနိုင်ဘူး.. :D

လူဆိုတာလည်း ကိုယ့်ကို နှောက်ယှက်လာရင် သည်းခံနိုင်သူက ရှားသားလား..။

blackroze said...

အကို..နေကောင်းတယ်ဟုတ်...
ခြင်ကိုရိုက်တာတောင် စာလေးတပုဒ်
ဖြစ်သွားတယ် ငါ့အကိုတော်ချက်..
မကြာမကြာ စာပြန်ရေးပါအကိုရာ..

Anonymous said...

ကိုဏီ ခြင်တကောင်ကိုက်ရာကနေအတွေးများများရလိုက်တယ်ပေါ့..။ ဝတ္ထုရှည်တွေ ဘယ်နှစ်အုပ်ပြီးပလဲ..။ ဘယ်သူမေးနေတာလဲလို့ မှတ်မိလား..။

TYZ said...

ဒီမှာလည်း ခြင်တွေပေါတယ်ဗျို့ ခြင်ကိုမရိုက်ဖြစ်တာ ကြာပေမဲ့လည်း သူတို့အော်သံကတော့ တကယ်ကို စိတ်ကသိကအောက်ဖြစ်ရပါတယ်
ကီုဏီလင်းညို ကျန်းမာပျော်ရွှင်ပါစေနော်

ညလင်းအိမ် said...

အစ်ကို့ အတွေးက စဉ်းစားစရာပါပဲ ...

ခုလို ပြန်ပေါ်လာလို့ ဘရို ကျန်းခန့်သာလို့ မာနေဆဲ (စိတ်) ပဲလို့ သတ်မှတ်လိုက်ပြီနော် ...

san htun said...

တဝီဝီမြည်နေတာကို အမုန်းဆုံးပဲ..ခြေမှုန်းနိုင်ရင် အောင်နိုင်သူ အပြုံးနဲ့ ပေါ့..နောက်ဆုံးစာစုလေးကတော့ အတွေးလေး ရသွားတယ်..ကျန်းခန်းသာလို့  မာပါစေ...

An Asian Tour Operator said...

သြော် ကိုဏီ ကိုဏီ..

Angelhlaing(May everybody be happy and healthy! said...

မချောပြောသလိုပဲ စာရေးကောင်းတဲ့သူမို့ အရေးနဲ့တင်မကဘူ အတွေးနဲ့ပါ အသိတရား ရစေတယ်... ဖတ်ခွင့်ရလို့ ကျေးဇူးပါအကိုရေ..