Monday, July 26, 2010

နိဂုံးမဲ့တေးသွား

မိုးရေစိုစိုကတ္တရာလမ်းမပေါ်တွင်ဦးတည်ချက်ကွဲပြားခြားနားစွာရွေ့လျားနေခဲ့ကြသော ရောင်စုံဖိနပ်များ ပေါ်မှ ခြေထောက်အမျိုးမျိုးကို သူလိုက်ငေးနေမိခဲ့သည်။ မြို့ထဲလမ်းမပေါ်မှ တိုက်နံရံတစ်ခုရှေ့တွင် တာ လပတ်အမိုးဖြင့်အဖီဆွဲကာရောင်းသော လမ်းဘေးလက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်အတွင်း တစ်ယောက် တည်းသူထိုင်နေရင်းမှဖြစ်၏။ ခေါင်းပေါ်မှ ခပ်နိမ့်နိမ့်တာလပတ်အမိုးပေါ်သို့ ရွာသွန်းနေဆဲမိုးရေစက် များက တစ်ဖောက် ဖောက်မြည်သံပေးကာ ခပ်မှန်မှန်ကျဆင်းနေကြလေသည်။ သို့သော် ထိုအသံများက ဆိုင်အတွင်းရှိလူအချို့ ၏စကားပြောသံများနှင့် တစ်ခါတရံအရောရော၊ အနှောနှောဖြစ်ဖြစ်သွားတတ်၏။

လမ်းမပေါ်ကိုငေးမောနေခဲ့ရင်း လက်မှနာရီကိုတစ်ချက်ငုံ့ကြည့်မိသည်။ နာရီလက်တံများက ညနေငါးနာရီခွဲ ကာနီးပြီဖြစ်ကြောင်း ညွှန်ပြနေခဲ့ကြ၏။ အိမ်အပြန်နောက်ကျတော့မှာပဲ....ဟု စိတ်မသက်မသာဖြစ်စွာတွေးမိ ရင်း ဘာရယ်မဟုတ်ပဲနှင့် သက်ပြင်းတစ်ချက်ရှိုက်မိလိုက်သည်။ နောက်... သွယ်လာမည့် လမ်းမဘက်သို့ လှမ်းမျှော်ငေးမိပြန်၏။ သို့သော် သွယ့်အရိပ်အယောင်ကို ခုထိသူမမြင်ရသေးပါ.....။ ထို့ကြောင့် လက်ဖက်ရည် ဆိုင်လေးတွင် တစ်ယောက်တည်းထိုင်နေရသောအချိန်များကို ထပ်မံကျွမ်းလောင်စေရန် အိတ်ကပ်ထဲမှဆေး ပေါ့လိပ်တစ်လိပ်ကိုထုတ်ကာမီးညှိဖွာရှိုက်နေလိုက်မိသည်။

သွယ်ကတော့ နေ့ခင်းကတည်းက သူအလုပ်လုပ်သော ကုမ္ပဏီကိုလှမ်းပြီးဖုန်းဆက်ထားခဲ့ပါသည်။ သူငယ် ချင်းဟောင်းများတွေ့ဆုံကြသည့်ပွဲသို့ သူမအလုပ်လုပ်သော ကုမ္ပဏီမှနေ့ဝက်ခွင့်ယူကာသွားမည်၊ သို့သော် အိမ် ပြန်ချိန်တွင် အတူတူပြန်ဖို့ စောင့်နေကျဒီလက်ဖက်ရည်ဆိုင်လေးကနေပြီးတော့ပဲ စောင့်နေပါ....၊ အချိန်မှီ သူမ ပြန်လာပါ့မည်....ဟုပင်....။ ထို့ကြောင့် သူထိုင်စောင့်နေမိသော်လည်း ရုံးဆင်းချိန်ငါးနာရီတော်တော်ကျော် နေခဲ့တာတောင်မှ သွယ်က ပြန်ရောက်မလာနိုင်ခဲ့သေးပါ.....။

သူအလုပ်လုပ်သော ကုမ္ပဏီနှင့် သွယ်အလုပ်လုပ်သော ကုမ္ပဏီတို့က ရန်ကုန်မြို့ထဲတွင် နှစ်လမ်းလောက် သာခြားပါသည်။ ထို့ကြောင့် ပြန်ချိန်တိုင်း သူက သွယ်တို့ကုမ္ပဏီမျက်စောင်းထိုးနေရာလောက်မှာရှိသော ဒီ လက်ဖက်ရည်ဆိုင်လေးတွင်လာစောင့်နေကျဖြစ်၏။ ပြီးမှနှစ်ယောက်အတူတူ ဆင်ခြေဖုံးရပ်ကွက်လေးရှိ သူတို့ ငှားနေသော အိမ်ကလေးဆီသို့ ဘတ်(စ်)ကားစီးကာပြန်ရမြဲဖြစ်ပါသည်။


သူနှင့်သွယ်တို့က အိမ်ထောင်သက်တစ်နှစ်ကျော် ကျော်လောက်သာ ရှိသေးသောဇနီးမောင်နှံများပင် ဖြစ်ကြပါသည်။ညားကာစ,ဇနီးမောင်နှံများဟု....ဆို လျှင်ရနိုင်မည်ထင်၏။



~~~~~@@@~~~~~

နေခြောက်နာရီ.....။

ဆေးလိပ်မီးခိုးများကို စိတ်မရှည်စွာသူမှုတ်ထုတ်ပစ်လိုက်မိ၏။ မိုးရေစိုစွတ်ဆဲ လေထုထဲတွင် ဆေးလိပ်မီးခိုး ငွေ့များက ချက်ခြင်းမကွဲပြားသွားကြ။ တစ်ခဏလောက်ကြာ အစိုင်အခဲအဖြစ်ဖွဲ့တည်နေခဲ့ပြီးမှ ပျယ်လွင့် သွားကြလေသည်။ သို့သော်သူ့စိတ်ထဲမှ ဘာရယ်မသိသောကြိတ်ဒေါသတစ်ခုကတော့ လွင့်ပြယ်လို့မသွား နိုင်ခဲ့ပါ။ စားပွဲပေါ်မှ သွယ်လာလျှင်သောက်ဖို့ချန်ထားသော တစ်ဝက်တိတ်ကျန်နေသေးသည့် ပေါ့ဆိမ့်လက် ဖက်ရည်များသည်ပင် အတော့်ကိုအေးစက်နေခဲ့ပြီဖြစ်သည်။ အေးခဲနေသော လဖက်ရည်မျက်နှာပြင်လို သူ့ မျက်နှာလည်း တင်းမာနေခဲ့လိမ့်မည်ထင်၏။ သွယ်ခုထိ ရောက်မလာခဲ့သေးပါ။

ဆိုင်အပြင်ဖက်မှ မိုးစိုစိုကောင်းကင်သည် ပိုမိုညို့မှောင်လာသည်ထင်ရ၏။ လေပြင်းတွေခပ်ရမ်းရမ်းတိုက် လာတာကိုလည်း သူသတိထားမိလိုက်သည်။ မိုးမှောင်နေသောအရိပ်ကြောင့် လိုတာထက်ပိုစွာရင့်ရော် မှိုင်း မှောင်နေလေခဲ့သောညနေခင်းထဲတွင် ညမီးရောင်များပင်စောစီးစွာဖြင့် အပြိုင်အဆိုင်လင်းလက်ဖျာ ဆင်း လာကြ၏။

ယင်ကောင်တစ်ကောင်က တစ်ဝီးဝီးမြည်သံပေးကာ သူ့နားအနားတွင် လူးလားပျံသန်းနေသည်။ စိတ်မရှည် စွာဖြင့် သူ့နားနေရာနားကို လက်ဖြင့်ပုတ်ထုတ်ပစ်လိုက်တော့ ယင်ကောင်က သွယ့်အတွက်ချန်ထားသော လက်ဖက်ရည်ခွက်နားတွင် ရစ်သီရစ်သီလုပ်နေပြန်လေသည်။ အလုပ်မရှိအလုပ်ရှာရင်း ယင်ကောင်နှင့်ဖက် ကာ ခပ်ကြိတ်ကြိတ်သူရန်ဖြစ်မိ၏။ ယင်ကောင်ကိုခြောက်ထုတ်ရင်း လက်ဖက်ရည်ခွက်ကို အောက်ခံပန်း ကန်ပြားဖြင့်ဖုံးထားရာမှ ဖွင့်ကြည့်လိုက်တော့ လက်ဖက်ရည်သည် ငွေ့ငွေ့လေးမျှပင် နွေးမနေတော့..........။ သူ့ စိတ်ထဲမှနေ တောက်တစ်ချက်ကြိတ်ခေါက်ပစ်လိုက်မိ၏။ နောက်ပြီး ‘ဒီမိန်းမ ဘယ်သူတွေနဲ့များတွေ့ နေလို့ ဒီလောက်ကြာနေတာပါလိမ့်...၊ ယောက်ျားတစ်ယောက်လုံး စိတ်ပူပြီးစောင့်နေရမှာ မသိဘူးလား ’.....ဟုခပ်တိုး တိုးရေရွတ်မိလိုက်ပြန်သည်။ တိုက်ဆိုင်သည်ဟု ဆိုမလား။ ထိုခဏအတွင်းမှာပင် သူ့စားပွဲ အရှေ့လမ်းမပေါ်သို့ တက္ကစီတစ်စီး ထိုးရပ်လာ၏။ မျှော်လင့်ခြင်းကြီးစွာဖြင့် တက္ကစီထဲသို့ သူလှမ်းမျှော် ကြည့်မိသည်။ ကားဆီ မှနေထိုးထားသော ရှေ့မီးသီးအလင်းတန်းထဲတွင် မိုးရေစက်များက စောင်းငမ်းငမ်း နိုင်လှစွာဖြင့် ရွာကျနေခဲ့တာတွေ့ရ၏။ သို့သော် ကားထဲမှလူများက သူမျှော်လင့်ထားသော သွယ်တို့မ ဟုတ်.....။ သူသက်ပြင်းတစ်ရှိုက် ခိုးရှိုက်လိုက်မိဆဲ.....။

“မောင်”....

ခေါ်သံကြောင့် သူလှည့်ကြည့်မိတော့ မိုးရေအနည်းငယ်စွတ်စိုနေသောဆံပင်ကပိုကရိုလေးနှင့် သွယ့်ကိုတွေ့ လိုက်ရ၏။ တစ်ချိန်လုံး သူမျှော်နေမိသည့်ဖက်နှင့် ဆန့်ကျင်ရာမှ သွယ်ရောက်လာတာမို့ သူ့စိတ်ထဲတွင်နည်း နည်း ယောင်တိယောင်တောင်ဖြစ်သွားရသည်။ သွယ့်ကို ပြုံးပြရင်း နောက်မှအတူပါလာသူနှစ်ယောက်ကို စူး စမ်းစွာသူကြည့်မိ၏။ သွယ့်နောက်မှာပါလာသူနှစ်ယောက်က သူတို့နှင့်မတိမ်းမယိမ်းအရွယ်လောက်ပဲရှိမည့် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ပင်.....။

မိုးရေအနည်းငယ်စိုနေသော ဆံပင်လေးကိုထပ်မံသပ်တင်ရင်းသွယ်ကမေးလေသည်။

“မောင်....စောင့်နေတာ အရမ်းကြာသွားတယ်ထင်တယ်နော်”......

သူပြုံးရင်းခေါင်းခါပြလိုက်မိသည်ထင်၏။ သိပ်တော့မသေချာ.....။

“မိတ်ဆက်ပေးရဦးမယ်....။ ဟဲ့....မင်းလွင်နဲ့ ယမုံ ဒါ....ငါ့အမျိုးသားလေ...၊ ကိုမင်းမြတ်တဲ့...။ ၃၄လမ်းထဲက “.....” ကုမ္ပဏီမှာ အကောင့်တန့်(စ်)လုပ်တယ်လေ”......

သွယ့်မိတ်ဆက်စကားထဲမှ ‘မင်းလွင်’ဆိုသောနာမည်တစ်ခုကြောင့် သူ့ကျောရိုးတစ်လျှောက် စိမ့်ခ,နဲဖြစ်မိ သွားရသလိုလို.....။

“မောင်...သူတို့က သွယ့်ရဲ့ သူငယ်ချင်းတွေပဲလေ.....။ သူက ယမုံ၊ သူက မင်းလွင်တဲ့.....။ မောင်နဲ့ မတွေ့ခင် ကတည်းက ခင်ခဲ့ကြတဲ့သူငယ်ချင်းတွေပေါ့.....။ မောင်နဲ့တွေ့တော့ သူတို့တွေက ပြည်ပရောက်နေကြပြီ.....။ အဲ့ဒါကြောင့် မောင်နဲ့တစ်ခါမှမဆုံဖူးသေးလို့ရယ်...၊ နောက်ပြီး သူတို့ကလည်း မောင်နဲ့တွေ့ချင်တယ်လို့ ပူဆာကြတာနဲ့ မင်းလွင်က ဒီကိုတမင်လိုက်ပို့တာ....၊ ကဲ.....ခုတော့ ဆုံဖူးကြပြီ ပေါ့”......

ဆက်ပြောနေသော သွယ့်စကားများကိုအလိုက်သင့်ခေါင်းငြိမ့်ကာ ထိုနှစ်ယောက်ကိုပြုံးပြမိ၏။

“တွေ့ရတာ ၀မ်းသာပါတယ် ကိုမင်းမြတ်”.....

မင်းလွင်ဆိုသူက ပြုံးကာပြောရင်းလက်ကမ်းပေးတာမို့ သူနှင့်လက်ဆွဲနှုတ်ဆက်ဖြစ်ကြသည်။ လက်ဆွဲနှုတ် ဆက်ကြမှ သူ့ကိုယ်သူသတိထားမိလာ၏။ သူ့လက်များက မင်းလွင်ဆိုသောသူလက်နှင့်ယှဉ်လိုက်တော့ အ တော့ကို အေးစက်စက်နိုင်လွန်းနေမှန်းပင်.....။ ပြန်ပြုံးပြမိလိုက်သော သူ့အပြုံးတစ်ခုကတော့ဖြင့် ပီပြင်မှုရှိ မည်ထင်ရပါသည်။

“ယမုံလည်း...တွေ့ရတာဝမ်းသာပါတယ်နော်....ကိုမင်းမြတ်”.....

သူထပ်မံပြုံးရင်းခေါင်းငြိမ့်ပြလိုက်မိပြန်သည်။ ဒီခပ်စောင်းစောင်းညနေခင်းအတွက် သူ့အပြုံးများသည် ခဏခ ဏဖြစ်တည်ခဲ့ရလေပြီ.....။ နောက်... အချင်းချင်းနှုတ်ဆက်နေကြသော သွယ်တို့သုံးယောက်ကိုကြည့်နေရင်း သူ့မျက်လုံးများက မင်းလွင်ဆိုသောသူဆီသို့ ဘာရယ်မဟုတ်စွာရောက်သွားမိသည်။

တောက်ပသော အ၀တ်အစားအသုံးအဆောင်များ၊ လက်ကိုင်ဖုန်းနှင့် ဟိုဖက်ပလက်ဖောင်းတွင်ရပ်ထားခဲ့ သည်ဆိုသော ကိုယ်ပိုင်ကားနှင့်အတူ ယောက်ျားပီသစွာခန့်ညားချောမောသော မင်းလွင်ဆိုသူဟာ သူကြား ဖူးခဲ့၊ သွယ်ကိုယ်တိုင်ပြောပြဖူးခဲ့တဲ့ တစ်ချိန်က သွယ်နှင့်ပတ်သတ်ခဲ့ဖူးသူ၊ သွယ့်ချစ်သူတဲ့လား.....။ သူ့ရင်ထဲ တွင် ၀မ်းနည်းမိသလိုလို၊ အားငယ်မိသလိုလိုခံစားချက်တစ်ခုက လျှပ်တိုက်ဖြတ်ပြေးသွားသည်ထင်ရ၏။ မင်း လွင်ဝတ်ထားသော အကောင်းစားစပို့ရှပ်တစ်ထည်ရဲ့တန်ဖိုးသည်ပင် သူဝတ်သော ချည်ချောပုဆိုးနှစ်ထည်၊ သုံးထည်စာဖိုးလောက်ရှိနေခဲ့သည်မဟုတ်ပါလား....။

“မောင်.....သွယ့်အတွက် လက်ဖက်ရည်ချန်ထားသေးလားဟင်”....

နှုတ်ဆက်ထွက်သွားသော ယမုံတို့ဆိုင်တစ်ဖက်အစွန်းသို့မရောက်ခင်လေးမှာပင် သွယ်ကမေးလာ၏။ သူနှင့် အကြိုက်ချင်းတူစွာပေါ့ဆိမ့်လဖက်ရည်ကို စွဲစွဲလန်းလန်းသောက်တတ်သော သွယ့်ကိုငုံ့ကြည့်ရင်း သူပြန်ဖြေ မိသည်။

“မသောက်နဲ့တော့ အရမ်းအေးစက်နေပြီ”.....

အေးစက်နေသော လက်ဖက်ရည်နှင့်အတူ သူ့လေသံလည်း အေးခဲနေခဲ့လိမ့်မည်ထင်ပါသည်။

~~~~~@@@~~~~~

ဖက်ရည်ဆိုင်အပြင်ဖက်ကိုထွက်ခါနီးတွင် သွယ်ကသူမရဲ့သုံးဆစ်ချိုးခေါက်ထီးလေးကိုဖွင့်ကာ သူ့ကိုအ သာကမ်းပေးသည်။ သူလှမ်းယူလိုက်ရင်း တာလပတ်အမိုးအပြင်ဖက်ရောက်တော့ နှစ်ယောက်အတူဆောင်း လိုက်၏။ သွယ်က ထီးကိုင်ထားသောသူ့လက်မောင်းကို နွေးထွေးသောလက်ကလေးတစ်ဖက်ဖြင့် အသာအ ယာလာရောက်ချိတ်တွယ်သည်။ ခဏလောက်အလိုက်သင့်သူငြိမ်နေလိုက်ပြီး နောက်တော့ ထီးကိုင်နေသော လက်ကို တစ်ခြားလက်သို့ပြောင်းရင်း မသိမသာ သွယ့်လက်ကိုဖယ်မိလိုက်၏။ ဘာဖြစ်နေတာလဲဟု သူ့ကိုယ် သူပင်မဝေခွဲတတ်တော့.....။

သူတို့စီးရမည့်ဘတ်(စ်)ကားဂိတ်ကိုရောက်ခဲ့တော့ ကားဂိတ်အမိုးအောက်တွင်မိုးခိုစွာရပ်ရင်း ကားစောင့်နေ သူအတော်များများကိုတွေ့ရ၏။ ကားဂိတ်အမိုးအောက်သို့ သွယ်ကအရင်ဝင်သည်။ သူကတော့ လက်ထဲမှ ရေ စိုစိုထီးကိုပိတ်ကာ နောက်မှသွယ့်အနားတွင်ဝင်ရပ်မိ၏။ နောက် လမ်းမပေါ်တွင်ဖြတ်သန်းသွားလာ နေကြသောကားများကို ရည်ရွယ်ချက်မဲ့စွာလိုက်ငေးနေလိုက်သည်။ သွယ့်ဖက်ကိုလှည့်ပြီးအရင်နေ့တွေက လို စကားတွေမပြောဖြစ်ခဲ့....။ သူ့မျက်နှာသည် ခုမှပိုပြီးသုန်မှုန်နေလောက်ပြီထင်၏။ ဟန်ဆောင်ခြင်းအ တတ်ကို ပိရိသေသပ်စွာ သိပ်မကျွမ်းကျင်သောသူ့ကို သွယ်ကသတိထားမိလာပုံရစွာဖြင့်မေးသည်။

“မောင်....ဘာဖြစ်နေတာလဲဟင်”......

လှည့်မကြည့်ပဲ သူခေါင်းခါပြလိုက်သည်။ သွယ့်နှုတ်မှဖွင့်ဟစွာမေးလာတော့မှ သူ့ရင်ထဲတွင် ၀မ်းနည်းအား ငယ်လာသလိုလို၊ ဘာကိုမှန်းမသိစွာဒေါသထွက်လာသလိုလိုခံစားမှုတစ်မျိုးကို အကြိတ်အနယ်ပို ခံစားရ သလို ရှိလာ၏။ ဒါကို သွယ်သိမည်မထင်ပါ....။ သူအံကြိတ်ထားလိုက်မိသည်ထင်၏။

“လက်ထဲကရော ဘာအထုပ်လည်းဟင်.....မောင်”.....

သူစကားပြန်မပြောသေးတာမို့ စကားမရှိစကားရှာသလိုထပ်မေးလိုက်သော သွယ့်လေသံတိုးတိုးကြောင့် လက်ထဲမှ ကြွပ်ကြွပ်အိပ်နှင့်ဆွဲထားမိသောအထုပ်ကို သတိရမိလာသည်။ သွယ်သိပ်ကြိုက်သည်ဟု ပြောဖူး သော သူတို့ရုံးအောက်မှ မုန့်လင်မယားမုန့်များပင်ဖြစ်၏။ သူကတော့ သွယ်ပြန်လာလျှင် လက်ဖက်ရည်ဆိုင် တွင် သူနှင့်အတူ လဖက်ရည်သောက်ရင်းစားဖို့ ရုံးမှဆင်းဆင်းခြင်းဝင်ဝယ်ခဲ့ရသည်။ သို့သော် သွယ်ကတော့ သူမ သူငယ်ချင်းများဖြင့် ပျော်မြူးစွာတွေ့ဆုံနေခဲ့ပြီး...၊ သူတစ်ယောက်တည်းထိုင် စောင့်နေခဲ့ရသော လမ်း ဘေးလက်ဖက်ရည်ဆိုင်လေးသို့ အများကြီးနောက်ကျမှရောက်လာ၏။ နောက်ပြီးလိုက်ပို့သောသူကလည်း သူမရဲ့ ရည်းစားဟောင်းဆိုသူ......။ တွေးရင်းနှင့်ပင် သူ့စိတ်ထဲတင်းခနဲဖြစ်မိရသည်။ ထို့အတူ ရင်ဘတ်ထဲ တွင်တစ်လှိုက်လှိုက်ဖြင့်တက်လာသော ဘာရယ်မှန်းမသိသည့်ခံစား ချက်ပြင်းပြင်းက သူ့ကိုပိုမိုစွာ ရိုက်ပုတ် လာခဲ့သလို ဖြစ်လာရပြန်၏။

ထို့ကြောင့်သွယ့်အမေးကို သူပြန်မဖြေတော့ပဲလှည့်ကာတစ်ချက်စိုက်ကြည့်လိုက်ရင်း ကားမှတ်တိုင်ဘေး၊ ခပ် လှမ်းလှမ်းနေရာတွင်ရှိသည့်အမှိုက်ပုံးထဲသို့ မုန့်လင်မယားထည့်ထားသောအိတ်ကို သွားလွှင့်ပစ်လိုက်မိ၏။ သူ သွယ့်အနားသို့ပြန်ရောက်တော့ မိုးရေအနည်းငယ်စိုသွားသော ခေါင်းကိုလက်ဖြင့်ခါမိဆဲ သွယ်ကထပ်ပြီး မေးပြန်လေသည်။

“ဘာတွေလဲလို့....မေးနေတယ်လေမောင်ရယ်”......

“မုန့်လင်မယားတွေ”.....

ပြတ်တောင်းသောအသံဖြင့် သူဖြေရင်း မျက်နှာကိုတစ်ဖက်သို့လွှဲလိုက်မိသည်။ သူမျက်နှာမလွှဲခင် သွယ့် မျက်နှာလေးညှိုးခနဲတစ်ချက်ဖြစ်သွားတာကိုမြင်ဖြစ်အောင်မြင်လိုက်မိသေး၏။ သူ့ရင်ထဲတွင် သွယ့်ရဲ့တစ် ချိန်က လူကိုတွေ့လိုက်ရစဉ် ညှိုးငယ်သွားရသောစိတ်နှင့် ဘယ်ဟာကပိုသာမလဲဟု သူမတွေးချင်တော့ ပါ.....။

ကားမှတ်တိုင်အပြင်ဖက်တွင်တော့ စောစောကခပ်ကျဲကျဲရွာနေသောမိုးစက်များကတစ်စ,စဖြင့် ပိုမိုသည်း ထန်စွာရွာကျနေခဲ့လေတော့၏။

~~~~~@@@~~~~~

ရန်ကုန်မြို့စွန်ရှိ ဆင်ခြေဖုန်းရပ်ကွက်လေးတစ်ခုအတွင်းမှ သူတို့ငှားနေသောသွပ်မိုးပျဉ်ထောင်တစ်ထပ် အိမ်ကလေးမှာ သည်းထန်စွာရွာသွန်းနေသောမိုးရေစက်များအောက်တွင် ပြားပြားဝပ်နေခဲ့ရသလိုရှိနေလေ သည်။ သည်းသည်းမည်းမည်းရွာသွန်းနေသောမိုးရေစက်များကို မလင်းတစ်လင်းညမီးရောင် အောက်တွင် တွေ့နေခဲ့ရ၏။ သစ်သားပြတင်းပေါက်တံခါးကိုမပိတ်ပဲ အနီတွင်ရပ်ကာမိုးစက်များကိုငေးမောနေမိသည့် သူ့ မျက်နှာနှင့် ခန္ဓာကိုယ်အထက်ပိုင်းတော်တော်များများကို မိုးစက်အချို့ကလာရောက်ထိ မှန်နေခဲ့ကြတာ အ ချိန်တစ်ခုပင်ကြာခဲ့ပြီ...။ ပြောရမည်ဆိုလျှင် အိမ်ပြန်ရောက်ပြီးကတည်းက အ၀တ်အစားပင်မလဲနိုင်ပဲ ဒီပြ တင်းပေါက်နားတွင်သူရပ်နေမိခဲ့တာဖြစ်ပါသည်။

“ဟော....မောင်ရယ်၊ ခုထိအ၀တ်အစားမလဲရသေးဘူးလား....။ အဲ့ဒီမှာ ဘာရပ်လုပ်နေတာလဲ”....

အိပ်ခန်းထဲဝင်ကာ အ၀တ်အစားလဲပြီးပြန်ထွက်လာသောသွယ်က နောက်နားမှနေပြီး သူ့ကို ညည်းညူသံအ နည်းငယ်စွက်စွာ လှမ်းမေး၏။ နောက်...

“ဟယ်....ကြမ်းပြင်တွေလည်း စိုရွဲကုန်ပါပြီမောင်ရယ်...။ သွားတော့လေ....တစ်ကိုယ်လုံးစိုရွဲနေပြီဟာကို”...


သူ့နှုတ်မှ ဘာမှပြန်မပြောမိ....။ သွယ့်စကားသံတွေ က အပြင်တွင်တိုက်ခတ်နေခဲ့သော မိုးသက်လေ ပြင်းများနှင့်အတူရောနှောကာ သူ့နားထဲသို့ စီးမျော လာတာကို အသာငြိမ်ကာနားထောင်နေလိုက်မိ၏။ သို့သော် ရပ်နေသောနေရာမှခြေမရွေ့မိခဲ့....။ သွယ့် လေသံက ပုံမှန်ပေမယ့် သူ့ ရင်ထဲတွင် ပုံမှန်မဟုတ် စွာခံစားနေခဲ့ရမိတာ ဘာကြောင့်များလဲ...။ ဒီအဖြေ ကို ခုထက်ထိသူရှာမတွေ့နိုင်ခဲ့သေး.....။




“ဒီနေ့ နောက်ကျရတဲ့ကြားထဲ တစ်လမ်းလုံးလည်းဘာစကားမှမပြောဘူး..၊ ဈေးတောင်ဝင်မ၀ယ်ခဲ့ရလို့ ဒီည အိမ်မှာချက်ဖို့ ဘာမှမရှိဘူးလေမောင်ရယ်.....။ သွယ်တို့ ဘာနဲ့စားကြမလဲဟင်”.....

“မင်း...ငါ့အတွက်မပူပါနဲ့....။ မင်းစားချင်တာသာ တစ်ခုခုသွားဝယ်ပြီးစားလိုက်ပေါ့”.....

ပထမဦးဆုံးအကြိမ်အဖြစ် သွယ့်ဖက်ကိုလှည့်ကာ သူပြောမိလိုက်၏။ နောက်ပြီး သူ့လေသံကလည်း အတော် မာသွားသည်ကို ဘာသာပြန်သတိထားမိလိုက်သည်။ မိုးရေစက်များ စွန်းပေနေသောသူ့မျက်နှာသည်လည်း အတော်ပင်တင်းမာနေခဲ့လိမ့်မည်။

“မောင်ဘာဖြစ်လို့ သွယ့်ကို မင်းနဲ့ငါနဲ့သုံးပြီးပြောရတာလည်း....၊ ပြီးတော့ ဒီနေ့သွယ့်သူငယ်ချင်းတွေနဲ့ တွေ့ ဆုံပွဲကိုသွားတာ နည်းနည်းနောက်ကျမှပြန်ရောက်တာကလွဲလို့ သွယ်ဘာအမှားလုပ်မိလို့လည်း”......

နားမလည်စွာဖြင့် သွယ်ကပြန်မေးလာသည်။ အိမ်ထောင်သက်တစ်နှစ်ကျော်ကျော်အတွင်း သူနှင့်သွယ်က တောက်ကဆဖြစ်စွာစကားများမိရတာ အခုအကြိမ်ပထမဦးဆုံးဖြစ်၏။ သွယ့်မျက်ဝန်းထဲတွင် မျက်ရည်ကြည် များရစ်သိုင်းနေခဲ့တာ.....၊ သွယ့်စကားသံအဆုံးတွင် အသံလေးအဖျားခတ်စွာတုန် ယင်သွားတာကို သူ့မျက်စိ ထဲ၊ ရင်ထဲမှနေ သိဖြစ်အောင်သိမြင်ခံစားမိလိုက်သေးသည်။ သို့သော်.....

“ဟုတ်တယ်....၊ မင်းမမှားဘူး...ငါမှားတာ....။ သူငယ်ချင်းဟောင်းတွေ့ဆုံပွဲမှာ ရည်းစားဟောင်းနဲ့တွေ့ပြီး ပြန်လာတဲ့ မိန်းမကို လက်ဖက်ရည်ဆိုင်မှာ အချိန်ကုန်ခံပြီးထိုင်စောင့်နေခဲ့တဲ့ ငါပဲမှားတာ”.....

မရည်ရွယ်စွာဖြင့် သူ့နှုတ်မှစကားတချို့အန်ကျသွားမိရ၏။

“မောင်....ဘယ်လိုပြောလိုက်တာလည်းဟင်....။ ဒီမှာမောင်...ရည်းစားဟောင်းနဲ့တိတ်တိတ်ပုန်းချိန်းတွေ့ ချင်ရင်လေ...ဟောဒီရန်ကုန်မြို့ကြီးထဲမှာ နေရာတွေအများကြီးပါ”.....

မခံချင်စိတ်တစ်ဝက်ဖြင့် ပြန်ပြောနေသောသွယ့်အသံကို သူနားထောင်နေလိုက်မိပြန်သည်။ သွယ့်မျက်နှာ လေးသည်လည်း မခံချင်စိတ်နှင့် ဒေါသရောစွက်ကာ အနည်းငယ်နီမြန်းနေခဲ့သည်ထင်ရ၏။

“ကမ္ဘာကြီးက ကျဉ်းတယ်ဆိုတာ အလကားပါမောင်.....။ ပုန်းပြီးမဟုတ်တာကိုလုပ်ချင်ရင် ဒီရန်ကုန်မြို့ကြီး ထဲမှာ နေရာတွေမှ အများကြီးပါ....။

မင်းလွင်နဲ့ သွယ့်အကြောင်းကို သွယ်ဖက်က ရိုးသားလို့ မောင့်ကိုအစောကြီးကတည်းကသွယ်ပြောပြထားပြီး သားပါမောင်....။ ပြီးတော့ ဒီနေ့လည်း သူတို့ကမောင့်ကိုတစ်ကယ်တွေ့ချင်တယ်ဆိုလို့ လိုက်ပို့ရင်းလိုက်လာ ကြတာ....။ သွယ်နဲ့သူတို့နှစ်ယောက်တည်းတင်မဟုတ်ပါဘူး...။ ရပ်ထားခဲ့တဲ့ကားပေါ်မှာ နောက်ထပ်သူငယ် ချင်းနှစ်ယောက်တောင်ပါပါသေးတယ်.....။ အခုသူလည်း...ပြည်ပမှာ သူ့အိမ်ထောင်နဲ့သူ...၊ သွယ်လည်း ဒီမှာ သွယ်သိပ်ချစ်တဲ့မောင်နဲ့အတူ အိမ်ထောင်ကျထားပြီးသား...။ အစကတည်းက ပြည်ပမှာအခြေချချင်တဲ့ သူနဲ့ သွယ်နဲ့ သဘောထားချင်းမတိုက်ဆိုင်လို့ ရှင်းရှင်းပြတ်ပြတ်လမ်းခွဲခဲ့ကြပြီးသား....။ မောင့်ဘာသာ တစ်ဖက်သတ်အတွေးနဲ့ သ၀န်တိုပြီး သွယ့်ကိုလာစွပ်စွဲမနေနဲ့”......

ပြောရင်း စီးကျလာသောမျက်ရည်များကို လက်ဖမိုးနှစ်ဖက်ဖြင့်ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်သော သွယ့်ကို သူငေးကြည့်နေလိုက်မိသည်။ သ၀န်တိုနေတာတဲ့....။ သွယ်ကသူ့ကိုပြောသည်။ သူသ၀န်တိုနေတာတဲ့....။

“ပြီးတော့ မောင့်ကို သွယ်တစ်ကယ်မချစ်ရင် မိဘတွေရဲ့အစွန့်ပစ်ခံပြီး မောင့်နောက်ကိုတောင်လိုက်လာမှာ မဟုတ်ဘူး...။ ပိုင်ဆိုင်မှုတွေ ပိုက်ဆံတွေကိုမက်ရင် သွယ်အခုမောင်နဲ့အတူရှိနေမှာမဟုတ်ပါဘူး..၊ မောင့်ရဲ့ သ၀န်တိုမှုတွေက သွယ့်ကို ဒီတစ်ညနေလုံးလောင်မြိုက်စေခဲ့ပါပြီမောင်ရယ်”.....

ငိုရှိုက်သံသဲ့သဲ့ဖြင့် ပြောနေသောသွယ့်စကားသံကို အံကြိတ်ကာနားထောင်ရင်း သူ့ကိုယ်သူ သတိထား မိလာခဲ့ရသည်။ ဟုတ်သည်....။

“ဟုတ်တယ်ကွာ....ငါသ၀န်တိုတယ်ကွာ....။ အဲ့ဒါမင်းကိုချစ်လို့ သ၀န်တိုတာ....။ မင်းကိုချစ်လို့ သ၀န်တို တာ ....ကဲကွာ.....ကဲကွာ”......

စိတ်မထိန်းနိုင်စွာဖြင့် ပြတင်းပေါက်ဘေးမှနံရံကို သူလက်သီးဖြင့်ထိုးမိသည်။ သွယ့်ကိုနာကျင်အောင် သူမ လုပ်ရက်တာမို့ဖြစ်၏။ တစ်ချက်၊ နှစ်ချက်.....၊ သုံးချက်မြောက်တွင်....သူ့လက်ကို သွယ်ကအတင်းဝင်ဆွဲ ရင်း

“တော်ပါတော့မောင်ရယ်.....။ လက်တွေနာကုန်တော့မယ်...။ သွယ်ပြန်ပြောလို့ သွယ့်ကိုစိတ်ဆိုးတယ် ဆိုရင် သွယ့်ကို ရိုက်ပစ်လိုက်ပါမောင်”....

ငိုရှိုက်သံများဖြင့် ဗလုံးဗထွေးပြောနေသော သွယ်သည် အလွန်သနားစရာကောင်းနေခဲ့၏။ သို့သော် သွယ့် လက်ထဲမှသူ့လက်ကို အတင်းရုန်းထွက်ခဲ့လိုက်ရင်း အိပ်ခန်းထဲသို့ သူဝင်ခဲ့လိုက်သည်။ အမြဲလိုလိုပျော်စရာ ကောင်းစွာ ချမ်းမြေ့ခဲ့ရသော သူတို့နှစ်ယောက်ရဲ့ရိပ်မြုံလေးသည် ခုညတော့ သူ့သ၀န်တိုမှုများဖြင့် အ ကျည်းတန်ခဲ့ရပြီထင်၏။

ခုတင်ပေါ်တွင် ၀ုန်းကနဲသူမှောက်ချလိုက်မိသည်။ ဈေးသိပ်မကြီးသော မွေ့ယာခပ်ပါးပါးလေးတွင် သွယ့်ကိုယ် သင်းရနံ့လေးက သင်းမြနေခဲ့သလိုလို.....။ မှောက်ထားရင်း...သူ့မျက်ဝန်းမှ မျက်ရည်တွေစီးကျ လာသည်ထင်ရ၏။ အခက်အခဲအမျိုးမျိုးကြားမှ သူကြိုးစားရယူခဲ့မိရသော အမြတ်နိုးဆုံးသွယ့်ကို သူအဆုံးအ ရှုံးမခံနိုင်ပါ...။ သွယ့်ဖက်က ရိုးသားနေခဲ့တာ သိနေခဲ့လျှက်နှင့် မရည်ရွယ်စွာ အပြစ်ရှာရန်လုပ်မိသလိုဖြစ် သွားရသော သူ့ ကိုယ်သူလည်း....ခွင့်မလွှတ်ချင်တော့...။ ဘာကွာခြားချက်မှ သိပ်မရှိပဲ အကြောင်းပြချက် တစ်စုံတရာကင်းမဲ့စွာ သူတို့နှစ်ယောက်အားစွန့်ပစ်ခဲ့ကြသော နှစ်ဖက်မိဘများကြောင့် လောလောဆယ် တွင် သွယ့်အတွက်အားကိုးစရာခင်ပွန်းဆိုသည်မှာသူ....၊ သူ့အတွက် တွယ်တာစရာဆိုတာ...သွယ်တစ် ယောက်တည်း..။ ဒီအခြေအနေမှာ သွယ်သူ့ကိုထားသွားမလားဟု သူတွေးမိပူပန်မိရတာ သွယ်သိလျှင်အ ပြစ်ဆိုမလား....။ ဒါကြောင့်ပဲ သူပေါက်ကွဲမိတာဆိုလျှင်ရော....။ နှစ်ယောက်တစ်အိပ်မက်ဟု ဆိုလျှင်ရနိုင် သော သူနှင့်သွယ်တို့နှစ်ဦးရဲ့ အိပ်မက်ထဲတွင် သွယ်မရှိပဲ သူတစ်ယောက်တည်း ဘယ်လိုမှ အိပ်မက်ဆက် မက်ဖို့ မဖြစ်နိုင်ပါ....။

ဘာပဲဖြစ်ဖြစ် သူ့ကြောင့် သွယ်နာကျင်ထိခိုက်သွားရမှာကို သူလုံးဝမလိုလားပါ....။ သူသည် သွယ်အား ကိုးစွာ ချစ်ခင်ရသော ခင်ပွန်းကောင်းတစ်ယောက်အဖြစ်သာတစ်လျှောက်လုံးရပ်တည်သွားမိချင်ပါသည်။ သူ့ကိုမုန်း တီးစွာရွံ့ကြောက်နေမှာကို မလိုလားပါ.....။ သူ့မျက်ရည်တွေထပ်မံကျဆင်းလာပြန်ပါသည်။ ယောက်ျားဖြစ်တဲ့ သူ့မျက်လုံးတွေလည်း.....ငိုတတ်ပါသည်။ သူထပ်ငိုရှိုက်မိပြန်သည်ထင်၏။

ထိုစဉ်ညင်သာသောခြေသံလေးကို သူ့နားထဲကြားလိုက်ရ၏။ သွယ်ဝင်လာတာဖြစ်မည်။ ထို့ကြောင့် မျက်ရည် များကို မှောက်လျှက်အနေအထားမှ ပခုံးဖြင့် သူပွတ်သုတ်လိုက်မိသည်။ စောစောက နံရံကို ထိုးခဲ့သော သူ့ ရဲ့ လက်တစ်ဖက်ကို သွယ်ကအတင်းဆွဲယူသည်။ နောက်....လက်သီးဆုပ်ထားဆဲ သူ့လက်ကို အတင်းဖြေ ကာကြည့်ရင်း......

“ကြည့်စမ်းပါဦး....ဂစ်တာတီးတတ်တဲ့ မောင့်လက်ကလေးတွေ ပေါက်ပြဲကုန်ပြီ”....

ညည်းညူသံတစ်ဝက်၊ ရှိုက်သံတစ်ဖက်ဖြင့် သွယ်ကငိုရင်းသူမတစ်ယောက်တည်းတီးတိုးဆို၏။ နောက် ငိုရင်း ဆေးထည့်ကာ ပတ်တီးစီးပေးနေလေသည်။ သွယ့်အပြုအစုများကြောင့် သူ့မျက်ရည်တွေထပ်ကျလာမိတာ ကို တစ်ဖက်ပခုံးဖြင့် ပွတ်သုတ်မိ၏။ သွယ်ပတ်တီးစီးပြီးသွားတော့ သူထ,ထိုင်လိုက်သည်။ သွယ့်ဖက်ကို မျက်နှာမလှည့်ပဲ ခပ်စောင်းစောင်းလွှဲရင်း အိပ်ခန်းအပြင်သို့ သူထွက်ခဲ့တော့ သွယ်ကနောက်မှ လိုက်လာ၏။ သူ့မျက်ရည်များ...သိပ်မစင်သေးဟု ကိုယ့်ကိုယ်ကိုထင်တာမို့ သူသွယ့်ကို မျက်နှာလွှဲထားမိခြင်းသာ.....။ အိမ်ရှေ့ဖိနပ်ချွတ်တွင်ထောင်ထားသော ထီးကလေးကိုယူရင်း....ဖိနပ်စီးကာ အိမ်ပေါ်မှ သူဆင်းဟန်ပြင် တော့ အသံတိုးတိုးလေးဖြင့်ငိုရှိုက်ကာ သွယ်ကမေးပြန်လေသည်။

“ဘယ်သွားမလို့လဲမောင်..၊ အခုမိုးတွေမှောင်မည်းပြီး သည်းနေတာ.....။ အိမ်မှာသွယ်တစ်ယောက်တည်း ရယ်”......

သူထီးကိုဖွင့်ရင်း နောက်ပြန်မလှည့်ပဲလေသံပျော့ပျော့ဖြင့် ပြန်ဖြေမိသည်။

“လမ်းထိပ်မှာ ထမင်းနဲ့စားဖို့ ၀က်ခေါင်းသုပ်နဲ့ ၀က်ခြေထောက်စွပ်ပြုတ်သွားဝယ်မလို့”.....

သွယ့်ထံမှ ဘာသံမှထပ်ထွက်မလာတော့......။ တစ်ကယ်တော့ ၀က်ခေါင်းသုပ်နှင့် ၀က်ခြေထောက် စွပ်ပြုတ်စသော အစားအစာများသည် သွယ်သိပ်နှစ်သက်တတ်သော အစားအစာများမဟုတ်ပါလား......။

~~~~~@@@~~~~~

အိမ်အပြင်ဖက်တွင်မိုးများသည်းထန်စွာရွာသွန်းနေသည်။ ရေ၀ပ်နေသောချိုင့်ခွက်များကိုပင်မရှောင် တော့ပဲ သူနင်းဖြတ်ခဲ့မိ၏။ နောက် စိတ်ထဲမှနေလည်းတွေးလိုက်မိပြန်သည်။

သွယ်တစ်ယောက် ခုချိန်လောက်များဆိုလျှင်ဗိုက်ဆာနေလောက်ပြီ....။
လက်ထဲမှ ၀က်ခေါင်းသုပ်နှင့်ဝက်ခြေထောက်စွပ်ပြုတ်ရနံ့က မိုးသက်လေထဲတွင် မွှေးပျံ့လာသလိုရှိ၏။     ။

                                 ~~~~~@@@~~~~~@@@~~~~~@@@~~~~~

========================================================
နေမကောင်းမဖြစ်ခင်တုန်းက မောင်နှမတွေရဲ့ဘလော့ဂ်တွေမှာ တူတာမတူတာတွေလိုက်ဖတ်ရင်း ရေးဖြစ်ခဲ့ တဲ့ရေးလက်စ ၀တ္တုလေးကို အဆုံးသတ်လိုက်တာပါ....။
အိမ်မှာတစ်ယောက်တည်းနေရရင်း....ခေါင်းမူးမူးနဲ့ ဆက်ရေးလိုက်ရလို့ အားနည်းချက်တွေရှိခဲ့ရင် ခွင့်လွှတ်ပါလို့ခင်ဗျာ......။ ပုံလေးတွေကလည်း....မူးမူးနဲ့ လျှောက်လုပ်ထားတာပါ....။ ဖြည့်စွက်ခံစားပေးကြပါလို့.....။ ကျန်းမာရေးလည်း...ဂရုစိုက်နေပါတယ်ခင်ဗျာ..။ မနေချင်သောရက်စွဲများမှာ ကျွန်တော့်ကိုဆုတောင်းပေးကြသူတွေနဲ့ ကဗျာလေးရေးပေးတဲ့ ကိုမောင့်ကိုလည်း ကျေးဇူးပါပဲဗျာ.......။
========================================================

ချစ်ခြင်းအားဖြင့်......
ဏီလင်းညို
(နိဂုံးမဲ့တေးသွား...)

34 comments:

သဒ္ဓါလှိုင်း said...

ဝတ္ထုတိုလေးဆိုပေမဲ့စွဲစွဲငင်ငင်နဲ့ရေးထားတာလက်ရာမြောက်ပါတယ်..။
နေကောင်းသွားပြီလား..။
မြန်မြန်နေကောင်းပါစေလို့ဆုတောင်းပေးပါတယ်.
ခင်တဲ့
သဒ္ဓါ

TYZ said...

ဖတ်လို့ကောင်းတယ် ၀တ္ထုလေးက။ ဒါပေမဲ့ နေသိပ်မကောင်းသေးတော့ သိပ်မရေးပါနဲ့ဦးလေ။ ခင်လို့ပြောတာနော်။ ကျန်းမာရေးကိုပဲ များများဂရုစိုက်ပါ။ နေမကောင်းဖြစ်တာ ရက်သိပ်ကြာရင်မကောင်းဘူး မဟုတ်လား။ အားရှိအောင်နေပါ။ စိတ်ပင်ပန်းရမဲ့အရာတွေ မတွေးနဲ့ပေါ့။

မြန်မြန်ကျန်းမာပါစေလို့..

သော်ဇင်စိုး said...

ကိုဏီးဗျာ.. စဉ်းစားလို့တောင်မရဘူး.. ရေးထားတာတွေဖတ်ဖတ်ရင်း မျောမျောသွားတယ်..
အမြန်နေပြန်ကောင်းလာပါစေဗျား...

ဒဏ္ဍာရီ said...

ကိုဏီးးးးး........ ဘာဖြစ်လဲ နေမကောင်းဘူးလား။ ၀ထ္ထုတိုလေး လာဖတ်တယ်နော်။ လူမှုဘ၀တွေမှာ ဖြတ်သန်းနေကြရတဲ့ သူတွေထဲမှာ ဒီလို အဖြစ်တွေ အများကြီးနေပါတယ်။ ကိုဏီးက နေသာမကောင်းတယ် ရေးထားတဲ့ ၀ထ္ထုလေးကတော့ တကယ်ကောင်းတာနော်။
နွယ် စာမရေးဖြစ်၊ အွန်လိုင်းမတက်ဖြစ်လို့ စိတ်ပူပြီး လာမေးရှာတဲ့ အကို့ကို ကျေးဇူးတင်ပါတယ်။ မအားတာရယ် အခွင့်မသင့်တာရယ်ကြောင့်ပါ။ ကိုဏီး ကျန်းမာရေးလည်း ဂရုစိုက်ဦးနော်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

ချော(အစိမ်းရောင်လွင်ပြင်) said...

သွယ့်လို တစ်ယောက်လောက်ကို တမ်းတနေတယ်ဟုတ်
နေမကောင်းရင် တစ်ယောက်တည်းဆို သိပ်အထီးကျန်အားငယ်တာနော်..
သိသာတယ်..
အိမ်မှာ နားနားနေနေ နေတော့လဲ စာရေးဖြစ်တာပေါ့..
တစ်ခုခု အဖတ်တင်ပါတယ်လေ။ ကျန်းမာရေးလဲ ဂရုစိုက်ဦး..
ကဲကဲ အားမငယ်နဲ့... နေကောင်းအောင်ကြိုးစား
သွယ်လိုကောင်မလေးမျိုး ရှာကူပေးမယ်...း)
သဘောတူတယ် မဟုတ်လား။

ချစ်သူမောင် said...

ပြောချင်တာတော့ကိုဏီ
ကျန်းမာအောင်နေပါဗျာ ရေးဖော်တွေပို့စ်အသစ်မတက်ယင်ရင်ထဲတမျိုးပဲ အလုပ်များနေတာလားနေမကောင်းတာလားအမျိုးမျိုးတွေးမိတာဗျ

ခိုင်နုငယ် said...

သွယ်ကဇနီးကောင်းလေးတစ်ယောက်ပါပဲ။
ဖြစ်တတ်တဲ့။ရှိနေတဲ့အိမ်ထောင်ရေးဇာတ်လမ်းလေးကို
ယက်ဖောက်ထားတာ။ကောင်းတယ်။
မောင်ဖြစ်သူဒေါသဖြစ်နေချိန်မှာ..သွယ့်ရဲ့လျော့ပေးတတ်
မူ့လေးတွေကစာဖတ်သူကိုမြင်သာစေတယ်။
ကျန်းမာပျော်ရွှင်စွာနဲ့စာပေတွေကိုဆက်လက်ရေးသားနိုင်ပါစေ။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

မောင်မျိုး said...

အဲ့လို အချစ် စာလေးတွေရေးချစ်တာ အချစ်မရှိတော့ ရေးလို့မတတ်ဘူးရယ် အစ်ကို ကိုယ်တွေ့တွေကော ဘယ်လောက်ရာခိုင်နှုန်းပါလဲဗျး) နေမကောင်းဖြစ်နေတာလား မသိဘူးကော ကျန်းမာပါစေ စာတွေများများရေးနိုင်ပါစေလို့ ဆုတောင်းပေးသွားတယ် ။

Anonymous said...

နေကောင်း ကျန်းမာ ပိုစ် တွေ အသစ်ရေးတင်နေတဲ့ ဏီဏီ ရဲ့ ရှယ်ပိုစ် လေးကို ရှယ်ဖတ်သွားပါတယ် ကျေးဇူးပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

နေ၀သန် said...

း)).. ပြုံးသွားတယ်အစ်ကို.. ဒီထဲက ဖြစ်စဉ်လေးက အပြင်မှာဖြစ်တတ်တာကြောင့်ပါ...း))... စိတ်ကောက်ပြေတိုင်းလည်း ချစ်သူကြိုက်တာကို သွားသွားဝယ်ပေးတတ်လို့..


ခင်မင်တဲ့
နေ၀သန်

အနမ်း said...

ဝတ္ထုတိုလေး ဖတ်လို့ကောင်းသားပဲ။ ကိုယ်ပိုင် စိတ်ကူးယဉ်ဝတ္ထုလေးပေါ့။ နေမကောင်းတုန်းက ရေးပေလို့သာ....။
အခုရော နေကောင်းပြီလား။ အဆင်ပြေပျော်ရွှင်ပါစေနော်။

မြစ်ကျိုးအင်း said...

ယောကျာ်းတစ်ယောက်ရဲ့ မာန နဲ့
နှိုင်းယှဉ်မှုအတွက် အားငယ်စိတ် ကြောင့်ဖြစ်လာတဲ့ ဒေါသကို သဝန်တိုခြင်း ခေါင်းစဉ်နဲ့ တဒင်္ဂ ပေါက်ကွဲလိုက်တယ်လို့ ခံစားမိတယ်။

ညလင်းအိမ် said...

စာကို ဆွဲခေါ်သွားအောင် ရေးတတ်တယ်ဗျာ ...
တကယ်ကို စိတ်ဝင်တစားနဲ့ဖတ်သွားတယ် ...
အခုလို အတွေးမျိုးနဲ့ စာတွေကို ရေးဖွဲ့နိုင်တဲ့ အကို အမြန်ကျန်းမာပြီး သွယ်လို့ ဇနီးလေး ရပါစေလို့ ဆုတောင်းပေးသွားပါတယ် ...

ဘာပဲပြောပြောပေါ့ဗျာ ကျွန်တော်က ဖြစ်စေချင်တာကို ပြောတာပါ ...
နောက်သွားတာ မဟုတ်ပါ .. တကယ့်ကို အတည်နဲ့ ပြောသွားတာပါ ...

လေးစားခြင်း များစွာဖြင့်
ညလင်းအိမ်

Anonymous said...

မြန်မြန်နေကောင်းအောင်ဆုတောင်းပေးနေတယ်...ဒီ Post လေးရေးထားတာတော်တော်ကောင်းပါတယ်...

မြတ်မွန် said...

ကိုဏီးရေ..
အရမ်းကောင်းတယ်..
ချစ်တဲ့စိတ်ကြောင့် တဝန်တိုတာ အထင်လွဲတာ သံသယဝင်တာတွေ ကင်းဝေးကြပါစေ..။
ဖြေရှင်းရခက်တဲ့ အရာတွေပေါ့ ။

ကိုဏီး မြန်မြန်နေကောင်းပါစေ..။
အစဉ်လေးစားလျှက်။

အဖြူရောင်နတ်သမီး said...

အောင်မြတ်လေး..
ခေါင်းမူးနေတယ်ဆို...မျက်စိလေးမှိတ်ပြီးနားနေပါလား...
ဒီကတော့ဖြင့်စိုးရိမ်လိုက်ရတာ...
ရေးထားလိုက်တဲ့စာတွေ A4paper ၁၀ရွက်စာလောက်ရှိတယ်...
မူးပြီပေါ့..ဒီ ခေါင်း။
မမူးပဲခံနိုင်ရိုးလား..
း(..း(..း(..

လင်းခေတ်ဒီနို said...

ကိုဏီး အရမ်းကောင်းတယ် ကျွန်တော် အရမ်းခံစားလိုက်ရတယ် . . ဘာလို့လည်းဆိုတော့ ကျွန်တော်ကိုယ်တိုင် အဲလိုဖြစ်ခဲ့ဖူးလို့ပဲအကို . . ချစ်သူ အနေနဲ့တောင် ကျွန်တော်သူ့ကို သ၀န်တိုခဲ့ဖူးတယ်အကို . . . ကျွန်တော်ကို အရမ်းချစ်မှန်းသိရက် တခြားတယောက်ကို စိတ်မ၀င်းစားဖူးဆိုတာ သိရက် ကျွန်တော် ဘာမှမဟုတ်ပဲ သ၀န်တိုခဲ့ဖူးတယ် အကိုး((( အရမ်းကောင်းတဲ့ ပို့လေးပါ အကိုး)

su su said...

ပထမဆုံးအကြိမ်အလည်‌ရောက်တာပါ။အရမ်းကိုဖတ်လို့ ‌ကောင်းပါတယ်၊
‌ရွှေအမြု‌တေက ‌ရွှေနှလုံးသား ကိုဖတ်လိုက်ရသလိုဘဲ၊အား‌ပေး‌နေမယ်
‌နေမြန်မြန်‌ကောင်းပြီးစာ‌တွေများများ‌ရေးနိုင်ပါ‌စေ။

ကိုရီး{ကိုကြီး} said...

ဖြစ်လေ့ ဖြစ်ထရှိတဲ့ သဘောသဘာဝလေးက ပေါ်လွင်လှပါတယ်
ဒီလို တကယ်ရှိနေတဲ့ ဘဝတွေကို မြင်သာ ထင်သာအောင် ဖွဲ့ထားတာလေးလှတယ်
ကျန်းမာရေး ဂရုစိုက်ပါဗျာ.....
ကိုဇော်က တော့ပြောတယ်၊ ကိုဏီ ခမည်းလိုနေတာတဲ့ :)

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ခရေညို said...

ဝတ္ထုတိုလေး ဖတ်သွားတယ်
အဲဒီထဲက ကိုမင်းမြတ်ကလည်း
သဝန်တိုတတ်ရန်ကော :)

ကူးလွေ့ said...

ထိတယ်။ အဖြောင်ပဲ...ကိုလင်းညိုရေ။

အချိန်ရတုန်းရခိုက်..အားလုံးကို ပစ်ထားပြီး နားနားနေနေ..ရှိနေစေချင်ပါကြောင်း။

မိုးငွေ့...... said...

ဏီဏီရေ...နားနားနေနေ နေပါဟယ်...စာသိပ်မရေးနဲ့ဦး..။
ဝတ္ထုလေးက ဖတ်လို့ကောင်းမှကောင်း...စာရေးတော်ချက်...

ခင်တဲ့
မိုးငွေ့

အင်ကြင်းသန့် said...

ကိုဏီးးးးး....ခုထိ နေမကောင်းဘူးလား???။ ဆေးရုံကတောင် ရက်ချိန်းစောင့်ရတယ်ဆိုတော့ တော်တော်ဖြစ်နေတာလားဟင်???။ ဒါနဲ့များ စာတွေရေး စာတွေလိုက်ဖတ်နေသေးတယ်။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါဦး။ :((

ငါ့အစ်ကိုဂျီး မြန်မြန်ပြန်လည်နေကောင်းကျန်းမာပါစေ။ နောက်တစ်ခါနေမကောင်းဖြစ်ရင် အနားမှာ ပြုစုပေးဖို့ ဒီဝတ္ထုတိုလေးထဲက ဇနီးလိမ္မာလေးဖြစ်တဲ့ သွယ့်လိုကောင်မလေးမျိုးနဲ့လည်း ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးသွားတယ်....။

ညီမလေး
အင်ဂျင်း

sosegado said...

ရသကိုအပြည့်ခံစားလိုက်ရတယ်၊ ခွင့်လွတ်နားလည်တတ်ဘို့ အရေးကြီးပါတယ်

blackroze said...

ကိုဏီကြီး..ကျန်းမာရေးဂရုစိုက်ပါ
မြန်မြန်နေကောင်းပါစေရှင်..
နောက်ထပ်..မောင်နဲ့သွယ်..တို့လိုဇာတ်လမ်းမျိုးလေးတွေလဲ
ဖန်တီးပေးပါဦးလို့..တောင်းဆိုပါရစေနော်..

အိမ့်ချမ်းမြေ့ said...

အတ္တကင်းပြီး လှပတဲ့ စာတစ်ပုဒ်တွက် ကျေးဇူးတင်ပါတယ်..

ယွန်း said...

ကိုဏီး နေမကောင်းလို့ သာပဲနော် ..ဒီလောက်ရေးနိုင်တာ..
ဖတ်လို့ ကောင်းလိုက်တာ...

ခင်တဲ့
ယွန်း

ကိုဇော် said...

ပထမအကြိမ် လာဖတ်ပြီးပြီ ဒါက ဒုတိယအကြိမ် လာဖတ်တာဗျ။
ဆွတ်ပျံ့ဖွယ်ရာလေးဆိုတော့ ဘာပြောရမှန်းကို မသိနိုင်အောင် ကောင်းလှပါတယ်။ တကယ့် ဖြစ်ရပ် ကိုယ်တွေ့ ဇာတ်လမ်းများလား။

rose of sharon said...

ကောင်လေးက သဘောထားသေးသလားလို့... ကောင်မလေးဘက်ကခံစားကြည့်တာပါ

ညီမလေး said...

မချစ်တတ်ရင် အချစ် ဆိုတာကြီးက ချစ်တဲ့သူကိုကော ချစ်ခံရတဲ့သူကိုပါ ပူလောင်စေတယ်နော်... ကြောက်ဖို့ သိပ်ကောင်းတယ် ။
ပုံလေးလဲ လှတယ် ကိုလင်းညို ။ ညီမလေးတော့ သဘောကျတယ် သုံးထားတဲ့ အရောင်တွေကိုလဲ ကြိုက်တယ် ။
ဒါနဲ့ နေမကောင်းနေရင် နားနားနေနေ နေပါ ကိုလင်းညို ...သိပ်အပင်အပန်းမခံပါနဲ့လေ ။
မြန်မြန်လဲနေကောင်းပါစေနော် ။

ahphyulay said...

ကောင်းတယ်ဗျိုး..
နှစ်ယောက် တစ်အိမ်မက်ရယ်၊ မိုးရေထဲ မှာ ချစ်သူအတွက်
ဝက်ခေါင်းသုပ် ကလေးတွေ ယယ်လာတာရယ် ဖတ်ပြီး
မြင်မိတယ်။

ပန်းနုနှင်းဆီ said...

ဘယ်လိုတေးသွားမျိုး မဆို အဆုံး မရှိစေချင်ဘူး..
ကာရံညီတဲ့ တေးသွားလေးတွေဘဲ ဖြစ်စေချင်မိတယ်..
အရေးအဖွဲ့ကောင်းလွန်းတယ်..
ထပ်တူခံစားမိတယ်..

စိတ်၏ဖြေရာ said...

မောင်နဲံ့သွယ်တစ်ယောက်ပေါ်တစ်ယောက်ထားတဲ့အချစ်
နဲ့ခွင့်လွှတ်နားလည်မှုလေးတွေမြင်တွေ့ခံစားမိပါတယ်။
လှပတဲ့ချစ်ခြင်းမေတ္တာဖွဲ့လေးပါဘဲ။
ကိုဏီရေ..ကျန်းမာရေးဂရုစိုက်နော။

ညီညီ said...

ဇာတ်လမ်းလေး လာဖတ်တယ် အစ်ကို ဏီရေ.။ အစဉ်အားပေးလျှက်ပါဗျာ

ခင်မင်လျှက်

ညီညီ(အနာဂါတ်သံစဉ်)