Thursday, July 15, 2010

အဝေးကမြက်ခင်း




ရိပ်ကောင်းစွာရစေသောသစ်ပင်များအုပ်ဆိုင်းဆိုင်း..၊ ညို့မှိုင်းမှိုင်း ပေါက်ရောက်နေခဲ့သောလမ်းမများ၊ လွင်တီးခေါင်ခေါင်ဖြင့် ဖုန်ထူထူ၊ နေပူပူလမ်းမများ၊ ကွေ့ကောက်စွာစီးဆင်းနေခဲ့သော မြစ်၊ ချောင်းများ စ သည်တို့ကိုကျော်လွန်ဖြတ်သန်းကာ သူခရီးနှင်နေခဲ့မိ၏။ မိုးကောင်းကင်ပြာပြာကြီးအောက်မှ ပင်လယ်ကမ်း ရိုးတန်းတစ်ခုကို ခက်ခဲစွာလွန်မြောက်ဖြတ်သန်းခဲ့ပြီးတော့ သူ့မြင်ကွင်းထဲကို ၀င်ရောက်လာတာက စိမ်း လန်းစိုပြေနေသော မြက်ခင်းပြင်ကျယ်ကြီးတစ်ခု....။


မျက်စိတစ်ဆုံးလှမ်းမြင်နေရသောမြက်ခင်းပြင်စိမ်းစိမ်းကြီးမှာ မိုးကုတ်စက်ဝိုင်းနှင့်ထိစပ်နေပြီဟုပင် ထင်နေရ လောက်အောင် ရှည်လျားကျယ်ပြောလွန်းလှပါသည်။ သူနှင့်မြက်ခင်းစိမ်းစိမ်းကြီးရဲ့အကြားတွင် ဘာအခုအ ခံ အတားအဆီးမှမရှိခဲ့....။ လေနုလေအေးချိုမြမြတို့က သူ့ကိုပွတ်တိုက်ကျီစယ်စွာ ခပ်မျှင်းမျှင်းတို့ထိ တိုက် ခတ်နေခဲ့ကြလေ၏။

“ဟေး”.......

ရွှင်လန်းစွာဖြင့် သံကုန်ဟစ်ကာ သူအော်ဟစ်လိုက်သည်။ မျက်စိရှေ့မှ မြက်ခင်းစိမ်းစိမ်းကြီးကိုကြည့်နေရင်း သူ့ရင်ထဲ၊ နောက် စိတ်ထဲတွင်ပါ အလိုလိုနေရင်း ပျော်မြူးလာခဲ့တာမို့ ရည်ရွယ်ချက်မဲ့စွာ ဟစ်အော်လိုက်မိခဲ့ ခြင်းသာ....။

မြက်ခင်းအစပ်တွင်ရပ်နေရာမှ ခြေတစ်ဖက်ကိုမြက်ခင်းအတွင်းသို့ ချနင်းလိုက်သည်။ သူ့ဒူးဆစ်နားလောက် အထိရှည်လျှားသော အိနွဲ့နွဲ့မြက်ပင်စိမ်းစိမ်းလေးများရဲ့အေးမြမြအထိအတွေ့ကို စတင်ခံစားမိရ၏။ ထို့ ကြောင့် နောက်တစ်လှမ်း သူထပ်လှမ်းမိလိုက်သည်။ ပြီးတော့ နောက်ထပ် ခြေတစ်လှမ်း၊ နှစ်လှမ်း စ သည်ဖြင့်.....။

နောက်တော့ မျက်စိတစ်ဆုံးရှည်လျားကျယ်ပြန့်ပြောလှသော မြက်ခင်းလွင်ပြင်ကျယ်ကျယ်ကြီးထဲတွင် နှစ် သက်ပျော်ရွှင်စွာဖြင့် သူလျှောက်လှမ်းနေမိခဲ့တော့လေသည်။ အတန်ကြာကြာလှမ်းလျှောက်နေခဲ့ရင်း မြက် ခင်းထဲသို့ ရောက်မှန်းမသိလိုက်ရလောက်အောင်ပင် တစ်စ,စနှင့် သူရောက်လာခဲ့မိ၏။ နောက်ပြန်လှည့်ကာ ကြည့်မိတော့ သူစတင်နင်းဖြတ်ခဲ့သော မြက်ခင်းအစပ်နေရာလေးသည် သူ့နောက်ကွယ် ဟိုး...ခပ်ဝေးဝေးက နေရာတစ်ခုတွင် ရေးပြပြသာမြင်နေရတော့သည်။

မြက်ခင်းထဲတွင်လှမ်းလျှောက်နေခဲ့ရင်း တစ်နေရာရောက်ခဲ့တော့ စိတ်ကူးပေါက်စွာဖြင့် သူ့ခြေထောက်နားမှ မြက်ပင်လေးတစ်ပင်ကိုဆွဲနှုတ်ကာ အပင်ထိပ်ဖျားလေးကို စိတ်ကူးယဉ်ဆန်ဆန်နမ်းကြည့်မိလိုက်သည်။ သူ့ အကြည့်အောက်မှ မြက်ပင်လေးရဲ့အရောင်က စိမ်းမြမြ၊ ရနံ့စိမ်းက စူးရှရှ....။ သို့သော် နှစ်သက်ဖွယ်ရာ ရနံ့...။

လေယူရာအရပ်ဆီသို့ တစ်ငဲ့ငဲ့ဖြင့် လှိုင်းထသလို ဟိုဒီလိုက်ပါယိမ်းနွဲ့နေကြသော မြက်ခင်းပြင်ကျယ်ကြီးထဲမှ မြက်ပင်များကို တစ်ချက်လှမ်းမျှော်ငေးကြည့်မိရင်း သူ့စိတ်ထဲတွင်တွေးထင်မိလိုက်၏။ ဆုံးစမရှိအောင်ကျယ် ပြောလှသည်ထင်ရသော ဒီကွင်းပြင်ကြီးထဲမှမြက်ပင်ကလေးများအားလုံး သူ့လက်ထဲကမြက်ပင်ကလေးလို စိမ်းစိုလန်းဆန်းနေခဲ့ပေလိမ့်မည်ဟူ၍.....။

သာယာသောပတ်ဝန်းကျင်တွင် လွတ်လပ်ပေါ့ပါးသော စိတ်ကူးနှင့်အတွေးတို့ ရောနှောမွှေနှောက်စွာ သူ့အာရုံတွင် စီးမျောဖြန့်ကျက်နေခဲ့ကြရင်း သူဆက်လျှောက်နေမိ၏။ တစ်နေရာအရောက်တွင် မြက်ခင်းပြင်အထက်လတ်ဆတ်သင်းမြနေသော လေထုထဲမှ ရနံ့ဆိုးတစ်ခုကို သူရှူရှိုက်မိလိုက်ရသည်။ သူ့မျက်မှောင်အစုံကုပ်သွားမိခဲ့၏။ ဒီလောက်သာယာနေတဲ့မြက်ခင်းပြင်ကြီးထဲမှာ ဘယ်အရာကများ ရနံ့ဆိုး ကိုဖြစ်ပေါ်နေစေခဲ့တာပါလိမ့်....ဟုတွေးမိသွားသောကြောင့်ပင်ဖြစ်သည်။

ထို့ကြောင့်အစတုန်းကလို အဝေးကိုငေးမနေတော့ပဲ ခြေရင်းနားမှာရှိသည့်မြက်ပင်များကြားသို့စူးစမ်းစွာဖြင့် ကြည့်ရင်း အဖြေရှာကာ သူဆက်လျှောက်လာမိခဲ့၏။ နည်းနည်းထပ်လျှောက်လာခဲ့မိတော့ ယင်ကောင်မည်းမည်းကြီးတစ်အုပ် သူ့ရှေ့ခပ်လှမ်းလှမ်းမှ ၀ုန်းကနည်းထ,ပျံသွားတာကိုတွေ့လိုက်ရသည်။ ထိုအခါ ရနံ့ဆိုးဆိုးက သူ့အနံ့ခံအာရုံထဲကို ပိုမိုစူးရှစွာထိုးဖောက်လာပြန်လေတော့၏။

သိချင်စိတ်ဖြင့် ထိုနေရာကိုသူသွားကြည့်မိတော့ အရည်တရွှဲရွှဲဖြင့် ပုပ်စပြုနေပြီဖြစ်သော မြေတွင်း အောင်း သတ္တ၀ါအသေတစ်ကောင်ကိုတွေ့လိုက်ရသည်။ သူကြည့်နေစဉ်ခဏမှာပင် ယင်ကောင်မည်း မည်းကြီးများက တစ်ကျော့ပြန်လာကာ တစ်ဝီ၀ီမြည်သံပေးရင်း ထိုအသေကောင်ပေါ်တွင် အလုအယက်နား ခိုကြပြန်လေ၏။ ထိုအခါ အပုပ်နံ့က အသေကောင်ဆီမှနေပြီး ပိုမိုဆိုးဝါးစွာလွင့်ပျံတက်လာခဲ့ရသလိုပင်....။ သူ့ရင်ထဲတွင် မအီမသာဖြင့် အော်ဂလီဆန်စွာ ပျို့တက်လာခဲ့ရ၏။ ထို့ကြောင့် နှာခေါင်းကိုလက်ဖြင့်ပိတ်ရင်း အသေကောင်ကို ရှောင်ကွင်းကာ ထိုနေရာမှဝေးရာဆီသို့ ပြေးထွက်ခဲ့မိသည်။

အနံ့ဆိုးက သူနှင့်တစ်ဖြည်းဖြည်း ဝေး၍သွား၏။ ခြေထောက်နားမှမြက်ပင်များကို သူဂရုစိုက်ကာကြည့်ရင်း လျှောက်လာမိတော့ မြင်တွေ့ရသည့်မြက်ပင်များက သူထင်ထားခဲ့သလိုမဟုတ်တော့...။ သူထင်ထားခဲ့သ လို မြက်ပင်များက သန်စွမ်းမနေခဲ့ကြ၊ စိမ်းလန်းမနေခဲ့ကြပါ.......။ စိမ်းမြစွာသန်စွမ်းနေခဲ့သော မြက်ပင်များ ကြားထဲတွင် အချို့က ကြုံလှီစွာဖြင့်၊ အချို့က ညှိုးနွမ်းစွာဖြင့်၊ အချို့က သွေ့ခြောက်လျှက်၊ အချို့ကမွဲပြာစွာ သွေ့ခြောက်လျှက်၊ အချို့က သေဆုံးလျှက်...စသည်ဖြင့် ရောနှောပေါက်နေကြလေတာတွေ့လိုက်ရ၏။

မြက်ခင်းပြင်ကြီးထဲတွင် မြက်ပင်များအားလုံးစိမ်းလန်းစွာ သန်စွမ်းမနေခဲ့ကြ....။

သူဆက်လျှောက်လာမိခဲ့ပြန်သည်။

သို့သော် ကြာလာတော့ မြက်ပင်များကိုငုံ့ကြည့်ရင်းလျှောက်လာရတာ ရိုးအီလာတာမို့ စောစောကလိုပင် အ ဝေးကိုငေးကာလျှောက်နေမိပြန်လေတော့သည်။ သူ့မြင်ကွင်းထဲတွင် အဝေးမှမြက်ပင်များသည် စိမ်းလန်းနေ ခဲ့ကြဆဲ.....။

လတ်ဆတ်သောလေထုကိုရှူရှိုက်ရင်း၊ မြက်ခင်းစိမ်းစိမ်းကိုငေးမောရင်း ဆက်လျှောက်လာမိသောသူ...၊ တစ်နေရာအရောက်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ဟာ,ခနဲဖြစ်ကာ ဟန်ချက်ပျက်သွားရင်း လဲပြိုသွားမိရလေ ၏။ အဝေးကိုငေးရင်းလျှောက်နေမိသောသူ့ခြေထောက်များက မြက်ပင်များနှင့်ဖုံးလွှမ်းနေခဲ့သော ချိုင့်ခွက် တစ်ခုကိုမြင်နိုင်စွမ်းမရှိခဲ့ရတာမို့ဖြစ်သည်။ ချိုင့်ခွက်မှာ သူ့ဒူးခေါင်းလောက်သာ နက်၍တော်သေးသည်။ နို့မို့ဆို မလွယ်လှ..။ သို့သော် သူ့ခြေမျက်စိနေရာနားတွင် နည်းနည်းအောင့်သွားသလိုခံစားရ၏။ ထို့ကြောင့် လဲကျနေသော အနေအထားအတိုင်းမှနေပြီး ခြေထောက်ကို တစ်ချက်နှစ်ချက် လှုပ်ခတ်ကြည့်မိလိုက်သည်။ တော်သေးသည်..ဟုဆိုရမည်။ သိပ်နာနာကျင်ကျင်မခံစားရ.....။

ပေရေသွားတာတွေကို ပြန်ခါရင်းထ,ရပ်ကာ သူ့ကိုယ်သူကျိန်ဆဲမိလိုက်၏။ဒီချိုင့်လောက်လေးတောင်မှ မမြင်နိုင်လောက်အောင် ငေးမောရသလား....ဟူ၍။ ဒီထက်နက်သည့် ပြန်မတက်နိုင်သည့် ချိုင့်မျိုးထဲကျ သွားရင် ဘယ့်နှယ့်လုပ်မလည်းဟု တစ်ကိုယ်တည်း ကျောချမ်းစွာပြန်တွေးမိလိုက်ပြန်သေး၏။ ခုတော့ တော်ပါသေးသည်ဟု ဆိုရမည်.....။

ထို့ကြောင့် ကိုယ့်ခြေထောက်နားကိုသေချာကြည့်ရင်း လျှောက်ရတော့မည်ဟု ဘာသာသတိပြန်ပေးရင်း သူ ဆက်လျှောက်လာခဲ့မိ၏။ သို့သော် သူ့မြင်ကွင်းထဲမှ အဝေးကမြက်ခင်းသည် မြက်ပင်များအားလုံး စိမ်းမြ၊ သန်စွမ်းစွာ လတ်ဆတ်နေခဲ့သည်ဟု ထင်ယောင်လာမိအောင် သွေးဆောင်နေခဲ့ကြစမြဲ...။ လေထုက လည်း မွှေးမြစွာ လတ်ဆတ်နေခဲ့ကြဆဲ......။

~~~~~@@~~~~~

ဝေးကမြက်ခင်းတိုင်းသည် စိမ်းလန်းစိုပြေစွာ သာယာမနေတတ်ခဲ့ပါ.....။        ။

                                     ~~~~~~@@@~~~~~@@@~~~~~@@@~~~~~

======================================
ပုံကလေးကို ဒီနေရာလေးကနေ ယူသုံးပါတယ်ခင်ဗျာ....။
======================================

ချစ်ခြင်းအားဖြင့်.....
ဏီလင်းညို

30 comments:

ကိုဇော် said...

အင်း. . .
စိမ်းလန်းတယ် ဆိုတဲ့ အပြုံးတွေ နောက်မှာ ဟန်ဆောင်မှုတွေ ရှိနေတာကိုတော့ မုန်းတယ်။ ဘာပဲ ဖြစ်ဖြစ်ပါလေ ဗိုလ်ချုပ် ပြောခဲ့သလိုပါပဲ ကျနော်ဟာ လူရိုင်း တစ်ယောက်ပဲ ဖြစ်ချင်တယ်။ လူယဉ်ကျေးဆိုပြီး မမြင်ကွယ်ရာကနေ နောက်ကျော ဓါးနဲ့ ထိုးတတ်တဲ့ လူတွေထက် စာရင် ဒါက ကောင်းပါတယ်။

ဂွတ်ထပဲ ပို့စ်လေးက. . .

Anonymous said...

သိပ်ကောင်းတယ် ကိုဏီ ခံစားမိတယ်
တကယ်တော့ မြက်ခင်းတိုင်းမစိမ်းလန်းပါဖူးဗျာ ကိုဏီခံစားချက်လေးပေါ်လွင်တယ်

မောင်ဘကြိုင်

မိုးငွေ့...... said...

ကောင်းပါလေ့ မြက်ခင်းစိမ်းလေးနဲ့ လူတွေရဲ့ ဟန်ဆောင်မှုတွေကို ဖော်ညွှန်းပြသွားတာ...။ ဏီဏီစာရေး အားကြီးကောင်းသည်..။

ခင်မင်စွာဖြင့်
မိုးငွေ့

အဖြူရောင်နတ်သမီး said...

ကြိတ်ထားကွ...
အဲဒါမှ ငါတို့ကိုဏီကွ...

MDW said...

ဏီလင်းရေ ...
တချို့အရာတွေက များသောအားဖြင့် အဝေးကြည့်ပဲ ကောင်းတယ်။ အနီးကပ်ကြည့်မှ အပြစ်အနာအဆာ တွေကို မြင်ရတာနော်။
ဆရာတော်တပါး ပြောဖူးတယ်။
ဘုန်းကြီးတွေကိုလဲ ရုပ်သေးပွဲကြည့်သလို အဝေးကပဲ ကြည့်တဲ့။
အနီးကပ်ကြည့်လို့ ကြိုးတွေရှုပ်နေတာ မြင်ရင် အပြစ်ပြောမိတဲ့အခါ အကုသိုလ်ဖြစ်မှာစိုးလို့ပေါ့။

ဏီလင်းအတွေးလေးကတော့ စိမ်းလန်းလတ်ဆတ်လို့ပါပဲ။

SHWE ZIN U said...

မြက်ခင်းစိမ်းစိမ်း အင်း ဒီလို ပေါ့လေ ဘဝဆိုတာလည်း အဝေးကြည့်နဲ့ မတူ အနီးကြည့် တမျိုး

ဖတ်သွားတယ် ကိုဏီရေ
ဘဝအမောတွေ ပြေပါစေ

အိမ့်ချမ်းမြေ့ said...

အချို့မြက်ခင်းတွေက စိမ်းစိုလန်းဆန်းပြီး ဘ၀အာမခံချက်တွေပေးနိုင်တော့ မလိုလို၊ adventurous ဖြစ်တော့မလိုလို၊ တရားမျှတသလိုလိုနဲ့ မြက်ခင်းပြင်ပေါ်ရောက်မှ မာယာတွေနဲ့ ဟန်ဆောင်လှည့်စားမှုကြီးမားမှုကို သိလိုက်ရတဲ့အချိန်မှာ အဲဒီမြက်ခင်းပြင်ပေါ်ကနေ နောက်ပြန်ဆုတ်ဖို့ နောက်ကျသွားခဲ့ပြီ။

(လေးဘာသာ ကိုယ့်ခံစားချက်နှင့်ကိုယ် ကွန့်မင့်ပေးသွားပါတယ်.. :)

ဒီစာဟာ ဖတ်သူတိုင်းကို ထောင့်တစ်နေရာရာကနေ ဆက်သွယ်ခံစားနိုင်မှု ပေးစွမ်းနိုင်တဲ့စာပါ။ မလေးကြိုက်တယ်။ ကျေးဇူးကိုဏီ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဏီလင်းရေ
အဝေးကကြည့်ရင် အရာရာဟာ အကောင်းဆုံး အလှဆုံးလို့ ထင်ရတတ်ပေမဲ့ အနီးကပ်ကြည့်တဲ့အခါ ကိုယ်ခန့်မှန်းမထားတဲ့၊ မမြင်နိုင်တဲ့ အပြစ်အနာအဆာတွေကို မြင်ကြရတာ ဓမ္မတာပါ..
ဘယ်အရာကမှ အပြစ်ကင်းတယ်ဆိုတာ မရှိကြဘူးလေ..
ဒီတော့ အပြစ်တွေကို မတွေ့ချင်ရင်၊ ရနံ့ဆိုးတွေကို မခံစားချင်ရင်၊ ခန့်မှန်းမရတဲ့ အန္တရာယ်တွေနဲ့ မကြုံချင်ခဲ့ရင် အဲဒီမြက်ခင်းစိမ်းစိမ်းတွေ၊ ရနံ့ သင်းသင်းတွေကို ခပ်ဝေးဝေးကသာ ကြည့်ကြပါစို့၊ ခံစားကြပါစို့ ....

သိင်္ဂါကျော် said...

အဝေးကကြည့်ရင် လှပပေမယ့် အနီးရောက်တော့ ထင်သလို မဟုတ်တာလည်း ရှိတာပဲလေ..

မောင်မျိုး said...

အဝေးကမြက်ခင်းတိုင်းသည် စိမ်းလန်းစိုပြေစွာ သာယာမနေတတ်ခဲ့ပါ..

ဒါပေမယ့် အဝေးက မြက်ခင်းတိုင်း သာယာတယ်ထင်ပြီး ကျနော်တို့တွေ အမြင့်ကြီး ပျံသန်းခဲ့မိတယ် ...။

ခိုင်နုငယ် said...

စာရေးသူရေးထားတာလည်းကောင်းသလို
Comment ပေးသွားတဲ့သူတွေရေးထားတာ
လည်းဖတ်ရတာကောင်း၏။


ခင်မင်စွါဖြင့်
ခိုင်နုငယ်

ယွန်း said...

ကိုဏီ စာရေးအလွန်ကောင်းသောကြောင့်
မြက်ခင်းစိမ်းထဲမှာ တကယ်ကို စီးမြောမိသွားပါသည်။

ခင်မင်စွာဖြင့်
ယွန်း

သဒ္ဓါလှိုင်း said...

ဒီနေ့ကစပြီးအဝေးကပဲနေတော့မယ်...။
ကိုဏီလင်းကစာရေးကောင်းတော့ဖတ်ရင်းမျောသွားလိုက်တာ..

ခင်တဲ့
သဒ္ဓါ

ချစ်သူမောင် said...

ကိုဏီ
ခြေမျက်စေ့ကမှုံနေလို့နေမှာ မျက်မှန်တပ်ပေးလိုက်
အဲတာဆိုလဲမကျတော့ဘူး :)
အလကားစတာပါ ခံစားလို့ရတဲ့ပို့စ်လေးပါ

thaw zin soe said...

ဟုတ်ပါတယ်ဗျာ.. ရှောင်လွှဲလို့မရဘူး..

မြတ်မွန် said...

ကိုဏီးရေ..
အိုင်ဒီယာလေးကောင်းလိုက်တာ..
အဝေးက ကြည့်ရင် လှပနေသယောင်နဲ့..
အနီးကပ် ကိုယ်တိုင် တစ်လှမ်းချင်း ဖြတ်သန်းတော့မှ ..
အရာရာက ထင်ထားသလောက် မလွယ်ကူးဘူးဆိုတာ ..
သိလိုက်ရတဲ့ သဘောလားဟင်..။
လေးစားစွာဖြင့်..။

နေ၀သန် said...

ရည်ရွယ်ချက်လေးကောင်းပါ့ဗျာ...။


ခင်မင်တဲ့
နေ၀သန်

အင်ကြင်းသန့် said...

ဟုတ်တယ်နော် ကိုဏီး....
တစ်ခါတစ်လေကျတော့ မြက်ခင်းတွေရဲ့ ခေါ်ဆောင်ရာနောက်ကို သာယာနစ်မျောစွာ လိုက်ပါသွားမိပြီး တကယ်တမ်းမြက်ခင်းတွေက ကိုယ်ထင်ထားခဲ့သလို မစိမ်းလန်းပါလားလို့ သိလိုက်ရတဲ့အချိန်ကျတော့ ပြန်နောက်ဆုတ်ဖို့ တော်တော်ကို အလှမ်းဝေးသွားခဲ့ရတာမျိုးတွေရှိတယ်....တစ်ခါတစ်ရံမှာ ပြန်ဆုတ်နိုင်ဖို့ကြိုးစားရင်းနဲ့ပဲ မြက်ခင်းတွေခေါ်ဆောင်ရာနောက်ကို မိုက်မိုက်မဲမဲနဲ့လိုက်ပါနေမိပြန်တဲ့ အခါတွေလည်းရှိရဲ့.....ကိုဏီးပိုစ့်လေးက အတွေးလေးတွေရသွားစေတယ်.....
တို့အစ်ကိုကြီးက အတွေးအရေးတွေ တကယ်ကောင်းလှတယ်....

ညီမလေး
အင်ကြင်း

sosegado said...

မြက်ခင်းပြင်ကြီးထဲတွင် မြက်ပင်များအားလုံးစိမ်းလန်းစွာ သန်စွမ်းမနေခဲ့ကြ၊
သွေးဆောင်ဖြားယောင်းမူ့ပါ၊
အဝေးကကြည့်တော့ မမြင်နိုင်ဘူး၊

မြစ်ကျိုးအင်း said...

ဘဝ ဆိုတာလည်း အဝေးက မြက်ခင်းပဲလား
ကိုယ်တိုင် တိုးဝင်မှပဲ မထင်ထားတာတွေ ကြုံရတော့တယ်။

ဆွေလေးမွန် said...

ပြောပြခြင်တဲ့ အကြောင်းလေးကို အတွေးလေးနဲ့ ပေါ်လွင်အောင် ရေးထား
တာကို သဘောကျမိတယ်

ပန်းနုနှင်းဆီ said...

အရေးလေးက ကောင်းသလို အတွေးလေးလဲကောင်းတယ်
တစ်ပုဒ်ဆို ဆိုသလောက်ဖတ်ကောင်းပါတယ်..

အားပေးလျှက်

ပန်းနုနှင်းဆီ said...

အရေးလေးက ကောင်းသလို အတွေးလေးလဲကောင်းတယ်
တစ်ပုဒ်ဆို ဆိုသလောက်ဖတ်ကောင်းပါတယ်..

အားပေးလျှက်

ရွှေရတုမှတ်တမ်း said...

ကိုဏီးဆီလာပြီး...နွားကျောင်းရမလားစဉ်းစားနေတယ်..

ညီမလေး said...

ဘဝမြက်ခင်းပြင်ကြီးကတော့ ပိုပြီးရှုပ်ထွေးတယ်ကိုလင်းညို.....

ညလင်းအိမ် said...

တစိမ့်စိမ့် တွေးသွားပါဧ။် ...
တကယ်လေးစားဖို့ ကောင်းတဲ့ စာရေးဆရာ တစ်ယောက်ပါပဲဗျာ ...

ခင်တဲ့
ညလင်းအိမ်

ညီငယ် said...

သဘောကျပါတယ် အစ်ကို
နှိုင်းယှဉ်ပြသွားတာလေးပေါ့

အနီတီလေးမေခင် said...

အဝေးကမြက်ခင်းတိုင်းသည် စိမ်းလန်းစိုပြေစွာ သာယာမနေတတ်ခဲ့ပါ ။(Y)
အားပေးလျှက် ခင်တဲ့အန်တီလေးမေခင်

Anonymous said...

မြက်ခင်းစိမ်းလေးတွေကိုကြည့်ပြီး လောကကြီးအကြောင်းပြောသွားပုံကို ကြိုက်တာ။ ပူလောင်မှုတွေ ကင်းဝေးလို့။
ငြိမ်းအေးမွန်

San Htun said...

အိုင်ဒီယာ ကောင်းသလို အရေးကောင်းတဲ့ ကိုဏီ..