Sunday, July 18, 2010

မနေချင်သော ရက်စွဲများ......




မှောင်လိုက်တာ....။

ရင်ဘတ်ထဲမှာတစ်လှပ်လှပ်နဲ့ ပန်းတွေနွမ်းကုန်ကြပြီလား...။ အေးလည်းအေးလိုက်တာ...။ ငါ့အခန်းထဲမှာ အေးစက်စက်နဲ့ မသာယာတဲ့အငွေ့အသက်တွေ ကခုန်မြူးထူးလို့...။ မူးတယ်...။ ချာလည်နေတာ ငါပဲလား၊ ဒါမှမဟုတ်ရင် ငါရှင်သန်ဖြစ်တည်ခဲ့တဲ့ ကမ္ဘာကြီးပဲလား။ ဖြေမယ့်သူ ဘယ်မှာလည်း။ မောလိုက်တာ...။



ငါ....
ဘယ်မှာလည်းငါ.....။
ပျောက်ဆုံးသွာြး့ပီလား...။ မဖြစ်သေးဘူး၊ ငါပျောက်ဆုံးသွားလို့ မဖြစ်သေးဘူး။ ငါ့အတွက် လုပ်စရာတွေ...။ အား... မစဉ်းစားချင်တော့ဘူး။ ပိုမူးလာပြီ...။ မောတယ်....။ မူးတယ်.....။ ပြီးတော့ ငါ့အခန်းက မှောင် လိုက်တာ...။ မီးဖွင့်မယ်....။ မီးလင်းလာရင် ငါနေသာမယ်ထင်တယ်....။

ဟေ့ရောင်....ဘာဖြစ်လို့ပျော့ခွေနေတာလည်း...။ မင်းပဲအရင်တုန်းက မင်းကိုယ်မင်းသိပ်ကျန်းမာတယ်ဆို..။ ပြောဦးလေခု...။ ပျော့ခွေမနေနဲ့။ မဟုတ်ဘူး.....ငါ....ငါ...ပျော့ခွေမနေချင်ဘူး.....။ ငါ....အလုပ်လုပ် ချင်မိတယ်...။ အိမ်က ဒီအခန်းကျဉ်းကျဉ်းလေးထဲမှာ ငါမနေချင်တော့ဘူး...။ စာတွေလည်းရေးချင်တယ်....။ ဖတ်ချင်တယ်......။ ငါ့နုတ်ဘွတ်ခ်လေးရော....။ ဟော....ဟိုမှာပိတ်လျှက် သားလေးပါလား....။

မီးခလုတ်.....ဘယ်မှာလည်း....။ ဟော.....တွေ့ပြီ....။ ဒီမှာပဲ၊ ကဲကွာ.....လင်းလိုက်စမ်း....။ ဟာ..မီးအ လင်းရောင်ကလည်း.....မျက်စိစူးလိုက်တာ.....။ ဘာကိုမှစိတ်တိုင်းမကျပါလား....။ မီးအလင်းရောင် အောက်မှာ ငါ့အခန်းထဲကပစ္စည်းတွေ.....ဘယ်တွေလျှောက်ရွေ့နေတာပါလိမ့်..။ တစ်မြည့်မြည့်နဲ့ လိမ့်သွား နေကြတယ်...။ ငါလိုက်ဖမ်းလိုက်ရမလား....။

ဟင့်အင်း.......နေရာကတောင်ရွေ့ဖို့ ငါ့မှာအစွမ်းမရှိတော့သလိုပါပဲ.....။ ဘာတွေဖြစ်နေတာလည်း။ အားလုံးက ပုံမှန်ဖြစ်ပြီး....ငါပဲပုံမှန်မဟုတ်တာလား.....။ မောလိုက်တာ.....။

ဆေး...။ ခုမှသတိရတယ်.....။ ငါဆေးသောက်ရဦးမယ်....။ ဒါမှ ငါမူးနေတဲ့ဘေးဒဏ်က လွန်မြောက် ခွင့်ရမှာ၊ မေမေ့ကိုလွမ်းလိုက်တာ....။ ဒါပေမယ့် သူတို့သိလို့မဖြစ်ပါဘူး.....။ ငါ့ကိုစိတ်ပူပြီး.....စိတ်ဒုက္ခ ရောက်ရုံပဲရှိမှာ ....။

တောက်.....ဒီဆေးတွေကို ပလတ်စတစ်အိတ်ထဲကထုတ်တာတောင် ငါ့လက်ထဲကနေလွတ်ကျရသေး တယ်။ ငါ့လက်တွေဘာလို့ ဒီလောက်တုန်နေတာပါလိမ့်....။ ဖောက်ပြန်လိုက်တဲ့ ခန္ဓာကိုယ်.....။ သစ္စာမရှိသူတွေကို စာရင်းချုပ်လိုက်ရင် ဒင်းရှေ့ဆုံးကနေမှာ....။ ဟော...ဟိုစာအုပ်စင်ထောင့်မှာ လိမ့် သွားတဲ့ဆေးလုံး...၊ ပြန်ပြီး ကောက်ဦးမှ....။ အင်း....နည်းနည်းလေးနေရာရွေ့တာတောင် မူးလိုက်တာ.....။ ယောက်ျားလေးဖြစ်ပြီးတော့ မင်းကွာ.....။ နည်းနည်းတင်းမထားနိုင်ဘူး.....။

ဆေးသောက်ဖို့ရေ....ဘယ်မှာလည်း....။ သြော်....ရေဗူးကဒီမှာ.....။ အင်း...ရေလည်းမရှိတော့ပါလား။ နေပစေကွာ...။ ဒီအတိုင်းပဲမြိုချလိုက်တော့မယ်....။ ငါသွားမခပ်နိုင်ဘူး....။ နေရာကတောင်မရွေ့ချင် တော့ဘူး...။ မောလိုက်တာ....။ အား.....လည်ချောင်းထဲမှာ ဆေးတွေ နင်နေသလိုပဲ.....။ တံတွေးမျိုချ လိုက်မှပါ....။ ဆေးသောက်ပြီးရင် အစားစားရမယ်....။ ဆရာဝန်ပြောတယ်။ ငါဘာစားရမလဲ....။ တွေ့ပြီ..။ ဒီမှာပေါင်မုန့်ထုပ်။ တစ်ချပ်လောက်ဝါးစားဦးမှပါ။ တော်ကြာဆေးဒဏ်ကို ငါမခံနိုင်ပဲပိုဆိုးလာမယ်....။ ပေါင်မုန့်တစ်ချပ်စားရတာ စိတ်မရှည်လိုက်တာ....။ အာခေါင်မှာ သိပ်ကပ်တာပဲ.....။ တော်ပြီ.....။ ခဏလောက်ပြန်မှိန်းနေလိုက်ဦးမှ။ အိပ်ယာကနိုးလာရင် ငါသက်သာလာမယ်ထင်တယ်.....။ ဟုတ်တယ်...။ ငါဆေးသောက်ထားတာပဲ၊ သက် သာလာမယ်ထင်ပါတယ်လေ......။

~~~~~@@~~~~~

ချွင်.....

ဟော.....အပြင်ဖက်က အသံတွေကြားရတယ်....။ ဧကန္နတော့ သူတို့သောက်ကြတော့မယ်နဲ့ တူပါရဲ့....။ အေးလေ...လစာထုတ်ပြီးကာစကိုး....။ သူတို့ပြန်ရောက်တာ...ငါမသိလိုက်ပါလား...။ ခုမှပြန်နိုးတယ်...။ အေးလိုက်တာ....။ ငါ့ခေါင်းမူးတာသက်သာသွားပြီလား....ထ,ကြည့်ဦးမှ။ အား...နာလိုက်တာ...။ ငါဘာဖြစ် လို့ လဲကျသွားရတာပါလိမ့်။ မူးတာတွေငါ....မပျောက်သေးဘူးကိုး.....။ ဟား...နောက်ထပ် ငါဘယ်နှစ်ရက် ခံစားရဦးမှာပါလိမ့်။ ဆရာဝန်ပေးတဲ့ဆေးတွေသောက်ပြီးတော့လည်း....မထူးသလိုပဲ။ သေခါနီးဆိုရင်တော့ ငါမြန်မာပြည်အရင်ပြန်မယ်....။ မေမေတို့ရှေ့မှာပဲ သေမယ်....။ ဘယ်နေရာမှာမှ ငါမသေချင်ဘူး။

“ဟေ့ကောင်.....ဖြည်းဖြည်းလုပ်ကွ.....အစ်ကိုကြီးနေမကောင်းသေးဘူးနဲ့တူတယ်”.....

ဟော......အပြင်ဘက်ကစကားပြောသံသဲ့သဲ့ကိုကြားရတယ်.....။ စိတ်မကောင်းလိုက်တာ....။ ငါ့သူငယ်ချင်း ညီအစ်ကိုတွေခမြာ ငါ့ကြောင့်စိတ်လွတ်လက်လွတ်မပျော်ရရှာဘူး...။ ငါနေမကောင်းဖြစ်ရင် သူတို့မှာ စိတ် တွေပူကြရတယ်....။ အနေကျုံ့ကြရတယ်....။ မဖြစ်ပါဘူး...။ ငါနေအမြန်ကောင်း အောင်ကြိုးစားရမယ်....။ အလုပ်ထဲက ငါ့ညီလေးတွေလည်း ပင်ပန်းနေကြရော့မယ်....။ ဘော့စ်ကလည်း ဖုန်းဆက်သေးတယ်ထင် တယ်.....။ ငါ့ဖုန်းထဲမှာ miss callတွေအများကြီးပဲ.....။ မက်ဆေ့ခ်ျတွေရော....။

မူးလိုက်တာ......။ ငါဘာရောဂါဖြစ်တာပါလိမ့်....။ ဆရာဝန်ကလည်း ငါ့ကို ဘာမှသေချာမပြောပါလား......။ ဆေးသောက်ဦးမှပါ.....။

ဟော....ငါ့အခန်းတံခါးပွင့်လာပြီ.....။ ဘယ်သူ ၀င်လာတာလဲ.....။

“အစ်ကိုကြီး....ဆန်ပြုတ်သောက်မယ်”......

ဟာ....ငါမျက်ရည်ဘာဖြစ်လို့ ၀ဲရတာလည်း.....။ မေမေ့ကိုလွမ်းလို့လား.....။ ဒါမှမဟုတ်.......ငါ့ညီလေး တွေက သူတို့ပြန်လာချိန်မှာငါ့ကို ဂရုတစ်စိုက်နဲ့ ပြုစုကြလို့လား.....။ တွေးမနေတော့ပါဘူး....။ ထဦးမှပါ...။ သူတို့ရှေ့မှာ နည်းနည်းတင်းထားဦးမှ....။ နို့မို့ငါ့ကိုပိုစိုးရိမ်နေကြဦးမယ်......။

ဆန်ပြုတ်ပန်းကန်က အငွေ့တစ်ထောင်းထောင်းနဲ့.....။ သောက်လိုက်ရင် အားရှိမယ်ထင်တယ်.....။ ဒါသောက်ပြီးမှပဲ ဆေးသောက်တော့မယ်......။

“အစ်ကိုကြီး သက်သာလား”......

ညီတစ်ယောက်က မေးတယ်....။ ငါ ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်ဦးမှ...။ အိုး....ခေါင်းတွေက မူးလိုက်တာ.....။ မောလည်း...မောလာပြန်ပြီ....။ ။

                            ~~~~~~@@@~~~~~~@@@~~~~~@@@~~~~~



ပုံကလေးကို ဒီနေရာက ယူသုံးပါတယ်ဗျာ...။
=====================================================
မနေသာခဲ့သော နေ့စွဲများထဲမှာ ပိတ်မိနေဆဲပါပဲ......။ လွတ်ခါနီးပြီထင်ပါရဲ့ဗျာ။
=====================================================
ချစ်ခြင်းအားဖြင့်......
ဏီလင်းညို

32 comments:

Nay Wathan said...

Keep Strength bro!.. you'll be recovering soon.. I hope so... (currently I can't type in Burmese and so I just write in English)

with regards,
Nay Wathan

ကိုရီး{ကိုကြီး} said...

ကိုဏီ
အဝေးမှာနေရသူတွေရဲ့ စိတ်ခံစားမှု
ကျနော် ကိုယ်တိုင်လဲ အဲဒီလိုလေး ဖီးလ်ဖြစ်နေတော့
ကိုယ်ချင်းစာမိပါတယ်....
ကျန်းမာရွှင်လန်းပါစေဗျာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဏီလင်း
ဘာတွေဖြစ်နေလဲ.. နေမကောင်းရင် ဂရုစိုက်လေ.. ပေါ့ပေါ့ဆဆမနေနဲ့.. ပြီးတော့ ဘာမှ အားမငယ်နဲ့.. လူတော်တော်များများဟာလည်း ဒီလိုပါဘဲ.. ဆန္ဒတွေ ငွေကြေးတွေအတွက်.. ကိုယ်ချင်ခင်တဲ့ မိသားစုတွေနဲ့ ခွဲနေကြရတာ... ကိုယ့်ကိုယ်ကို အားတင်းပြီး နေကြရတာပါဘဲ.. လောကကြီးမှာ ကိုယ့်အပေါ် မကောင်းသူတွေရှိသလို ကောင်းသူတွေလဲ အများကြီးရှိတယ်ဆိုတာ မမေ့ပါနဲ့... တစ်ယောက်တည်း စိတ်အားငယ်နေတာထက်စာရင် သူငယ်ချင်းမိတ်ဆွေတွေနဲ့ နွေးနွေးထွေးထွေးနေပါ.. တစ်ခါတစ်လေမှာ စကားတစ်ခွန်းဟာလည်း အားဆေးတစ်ခွက် ဖြစ်နိုင်ပါသေးတယ်
အမြန်ဆုံးနေကောင်းကျန်းမာလာပါစေ..

ခင်မင်တဲ့
မချော

ချော(အစိမ်းရောင်လွင်ပြင်) said...

ဏီလင်း
ဘာတွေဖြစ်နေလဲ.. နေမကောင်းရင် ဂရုစိုက်လေ.. ပေါ့ပေါ့ဆဆမနေနဲ့.. ပြီးတော့ ဘာမှ အားမငယ်နဲ့.. လူတော်တော်များများဟာလည်း ဒီလိုပါဘဲ.. ဆန္ဒတွေ ငွေကြေးတွေအတွက်.. ကိုယ်ချင်ခင်တဲ့ မိသားစုတွေနဲ့ ခွဲနေကြရတာ... ကိုယ့်ကိုယ်ကို အားတင်းပြီး နေကြရတာပါဘဲ.. လောကကြီးမှာ ကိုယ့်အပေါ် မကောင်းသူတွေရှိသလို ကောင်းသူတွေလဲ အများကြီးရှိတယ်ဆိုတာ မမေ့ပါနဲ့... တစ်ယောက်တည်း စိတ်အားငယ်နေတာထက်စာရင် သူငယ်ချင်းမိတ်ဆွေတွေနဲ့ နွေးနွေးထွေးထွေးနေပါ.. တစ်ခါတစ်လေမှာ စကားတစ်ခွန်းဟာလည်း အားဆေးတစ်ခွက် ဖြစ်နိုင်ပါသေးတယ်
အမြန်ဆုံးနေကောင်းကျန်းမာလာပါစေ..

ခင်မင်တဲ့
မချော

blackroze said...

ကိုဏီ..နေမကောင်းဘူးလား..ကျန်းမာရေးဂရုစိုက်ပါ
နေမကောင်းဖြစ်ရင်လူကအလိုလိုတောင်တွေးမြောက်တွေးနဲ့
စိတ်အားငယ်လာတတ်တယ်...စိတ်ဓါတ်မကျပါနဲ့
အားတင်းထား...ညီမလဲဟိုတလောကနေမကောင်းဘူး
အရမ်းစိတ်ညစ်ဝမ်းနည်းခဲ့ရတယ်...
ဘာဘဲဖြစ်ဖြစ်စိတ်မညစ်နဲ့နော်..
ရေဗူးတို့မုန့်တို့ဆေးတို့ကိုအနားယူထား..
အိမ်မှာဘယ်သူမှမရှိတဲ့အချိန်ဆိုထယူစရာမလိုတော့ဘူးပေါ့..
ကိတ်မုန့်တို့ပေါင်မုန့်တို့ကိုဝယ်ခိုင်းထား..
ဆန်ပြုတ်ချက်ဖို့မလွယ်တဲ့အခါအလွယ်တကူစားလို့ရအောင်ပါ
ပုတီးလေးဘာလေးလဲစိတ်..နေမကောင်းဖြစ်နေတဲ့အချိန်မှာအလုပ်
ကအကြောင်းတွေမစဉ်းစားနဲ့.
မြန်မြန်နေကောင်းပါစေနော်..

ကိုဇော် said...

ဒါ . . .ခမည်း လိုတာလို့ ခေါ်တယ်။
ခမည်းတော်ကို ခေါ်လိုက်ပါ။
အားတင်းကာ အော်လိုက်စမ်းပါ. . . .“ ငါ ဟဲ့ ယောက်ပြား ” လို့။

ဟိဟိ. . .လစ်မှ. .

စိတ်၏ဖြေရာ said...

မိသားစုရဲ့အဝေးတစ်နေရာမှာနေထိုင်မကောင်းရင်အားငယ်
ခံစားရတဲ့ဝေဒနာတွေကိုကိုယ်ချင်းစာနားလည်မိပါတယ်။
မြန်မြန်ကျမ်းမာနေကောင်းပါစေလို့ဆုတောင်းလိုက်ပါတယ်
ကိုဏီရေ။
ခင်မင်စွာဖြင့်
စိတ်၏ဖြေရာ

ခိုင်နုငယ် said...

ဖောက်ပြန်တတ်တဲ့ ခန္ဓာကိုယ်.....။
သစ္စာမရှိသူတွေကို စာရင်းချုပ်လိုက်ရင်
ဟုတ်ပ...သူကထိပ်ဆုံးကပါပဲ။
ဖောက်လွဲဖောက်ပြန်နဲ့ခုကောင်းပေမယ့်
တော်နေကြာ..ကောင်းချင်မှကောင်းတာ...
ကိုဏီလင်းရေ..ကျန်းမာရေးတော့ဂရုစိုက်ပါဗျာ...
စာတွေလည်းနားနားပြီးရေး...နားနားပြီးဖတ်။

ခင်မင်စွာဖြင့်
ခိုင်နုငယ်

Anonymous said...

ကိုဏီ ရေ

နေမကောင်း ပြီး ဝမ်းနဲ တာတွေ ပြန်သတိရနေလား
နေကောင်းကျန်းမာပါစေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

အင်ကြင်းသန့် said...

ကိုဏီးးးးး....
နေမကောင်းပြန်ဘူးလား???
ခဏခဏဖြစ်နေပြီ၊ မကောင်းဘူးထင်တယ်နော်။
ဂရုစိုက်ဦးလေ....
ကျန်းမာရေးက အရေးကြီးတယ်လေ
ကိုယ်နေကောင်းကျန်းမာမှ စာတွေပြန်ဖတ်၊ ပြန်ရေးလည်း ရတာပဲဟာ
အလုပ်ကိုလည်းခဏမေ့ထားလိုက်လို့မရဘူးလား
အနားယူတဲ့အချိန်မှာကောင်းကောင်းအနားယူရအောင်လို့ပါ
(ညီမလေးက အငယ်လုပ်နေပြီး ဆရာလာလုပ်သွားတယ်လို့မထင်နဲ့နော်)

ငါ့အစ်ကိုဂျီး မြန်မြန်နေကောင်းပျော်ရွှင်နိုင်ပါစေ....

ညီမလေး
အင်ကြင်း

သော်ဇင်စိုး said...

နေမကောင်းဘူးလားအကို ပီနန်ကိုအလည်လာလေ.. ရောဂါတွေအားလုံးစင်သွားအောင်ကုပေးမယ်.. ဟိုဖက် မာလာကာမှာတော့မသိဘူး.. ကျနော် တို့ဖက်မှာတော့ တရုတ်ဆေးတွေ ကောင်းမှကောင်းပဲ.. တစ်ချို့ဆိုပြောတယ်.. ဆေးကိုမြင်လိုက်ရရုံနဲ့ ရောဂါပါ ပြေးရောတဲ့.. :P
နောက်တာပါဗျာ.. အရက်ဝိုင်းက လစာထုပ်ကစတိုင်းရှိတာပဲလား.. မိုက်တယ်ဗျာ.. အကို ခံစားရသလို ကျနော်လည်းတစ်ခါဖြစ်ဖူးတယ်.. အကိုကတော့ ဘာဖြစ်လို့လဲတော့မသိဘူး.. ကျနော်ကတော့ ထမင်းလုံးဝမစားပဲ လေးရက်ဆက်လောက် အရက်သောက်လိုက်လို့ ကိုယ့်ကိုယ်ကို သေပြီထင်တာ.. အဲဒီတုန်းကတော်သေးတယ်.. ကျန်းမာရေးဂရုစိုက်ပါအကိုရေ.. နာမကျန်းဖြစ်ရင်.. ပီနန်ကိုသာလာခဲ့ တရုတ်ဆေးတွေနဲ့ ကုပေးမယ်.. ခိ...ခိ... :)

ညယံ said...

နေမကောင်းရင် အဲဒီလိုပဲ စိတ်အားငယ်တက်ပါတယ်။အထူးသဖြင့် မိသားစုနဲ့ဝေးနေရင်ပိုဆိုးတာပေါ့။ဒါပေမယ့် ဝမ်းနည်းမှုတွေဖျောက်ပြီး ပျော်ရွှင်မှုကိုတည်ဆောက်လိုက်ပါ ကိုဏီလင်းညို...
ဒါနဲ့ လစာထုတ်ပြီးရင် အရက်ဝိုင်းရှိတယ်ဆိုတော့ နေရာတိုင်း အတူတူထင်တယ်။ကျွန်မတို့ ဆီကလူတွေလည်း လစာထုတ်ပြီးနောက်ရက်ဆိုအလုပ်မဆင်းတာ ပုံမှန်ဖြစ်နေတော့ OTကဒ်မှာ တစ်ခါတည်းကို cuti ရေးထားရတော့တာ။
~ဟိုသီချင်းလိုပေါ့...သောက်တော်မူးရယ်တဲ့ အိုမကွာ~~~အိုမကွာ~~

ခင်မင်မှုဖြင့်
ညယံ

sosegado said...

တောက်ထားပါ၊ အခန်းအောင်းမနေနဲ့၊ ဆင်ခြင်ပြီးနေပါ ပျောက်သွားမှာပါ၊ ကိုယ်ချင်းစာပါတယ်၊ ထီးဆိုင်ရဲ့ ရာသီပြောင်းချိန် လေးနားထောင်ပေါ့။

Anonymous said...

hati hati ya....
ကျွန်တော်လည်း တုတ်ကွေးမိနေတယ်ဗျာာာာ
မြန်မြန်ပြန်ကျန်းမာပါစေ...

မောင်ဘကြိုင်

သုခုမလေဒီ said...

ဏီဏီ နေမကောင်းဘူးလား။ ဝေဒနာခံစားရရင် အဲဒီလိုပါပဲ ကိုယ်ချင်းစာမိတယ်။ ဆေးလည်း မှန်မှန်သောက်ပါ။ ဝေဒနာကို ကျော်လွှားနိုင်ပါစေ။

ကူးလွေ့ said...

အဆင်ပြေပါစေဗျာ။

သဒ္ဓါလှိုင်း said...

လက်စသပ်တော့ကိုဏီလင်းကနေမကောင်းဘူးကိုး..။
မိဘအိမ်နဲ့အဝေးကိုရောက်နေသူတွေဟာလူနေမကောင်းရင်စိတ်ပါအလိုလို
နေမကောင်းဖြစ်လာတတ်တယ်..။အဝေးမှာရောက်နေတဲ့သူတိုင်း..ခုလို
ခံစားမှုမျိုးဖြစ်ကြမှာပါ..။နေကောင်းအောင်ကျန်းမာရေးကိုဂရုစိုက်ပါ..။

ခင်တဲ့
သဒ္ဓါ

ချစ်သူမောင် said...

ကိုဏီ ရေးဖော်ချင်းမို့လို့အားပေးတာပါဗျာ
စိတ်မဆိုးနဲ့နော် ဆင်ဆာမလွတ်လို့ ခံစားချက်ကနဲနဲဆင်တူလို့ကွန်မန့်ထဲပို့ပေးလိုက်တယ်
ခင်တဲ့
ချစ်သူမောင်




မနက်ဖန်များစွာ

ဘာမှမပြောချင်ပါဘူး
ချစ်တတ်တဲ့
စိတ်လေးတစ်ခုတည်းနဲ့
မနေ့ကစပယ်ပွင့်ပေမယ့်
ဒီနေ့မှာမပွင့်တော့
မနေ့က
နှင်းဆီပွင့်ဖတ်တွေကြွေတော့
ဒီနေ့ နှင်းဆီတစ်ဖူး
သူခူးလာခဲ့
ဘာပဲဖြစ်ဖြစ်
ငါတို့ပျံသန်းခြင်းတွေအတွက်
မနက်ဖြန်ဆိုတာရှိရမယ်
မနက်ဖန် မရှိဘူးဆိုယင်တောင်မှ
ငါတို့ပျံသန်းခြင်းတွေက
အလကားတော့မဖြစ်ပါဘူး
စကားလုံးတွေနဲ့
ကုတ်ခြစ်ခဲ့ကြ
ကြမ်းရှရှ ပင့်ကူအိမ်စာမျက်နှာ
ဟိုမှာအဖော်တစ်သင်း
ဒီမှာသူငယ်ချင်းတွေ.....
ဝေးမြေခြားလည်း
နီးနေကြဆဲပေါ့.........

ဘာပဲဖြစ်ဖြစ်ပေါ့
ငါတို့တွေဆက်ပြီး
ပျံသန်းကြ
ကုတ်ခြစ်ကြမယ်
လေဟုန်ကိုခွဲလို့
ပရော့ဆီတွေကျော်လို့
မရရတဲ့နည်းနဲ့
သမိုင်းအဖြစ်ကုတ်ခြစ်ယင်းနဲ့
ဒါဏ်ရာရတဲ့သူကရလို့
နာကျင်နေတဲ့သူတွေကနာကျင်လို့
ခရီးအတွင်တွင်ထွက်ကြ
ဤခရီးနီးသလားဆိုပြီး
လှမ်းခဲ့ကြ
ဘာလိုလိုနဲ့နှစ်ပေါင်းလေးဆယ်
ကျော်တောင်လာခဲ့ပြီပဲ..........

မနက်ဖန်မိုးမရွာလဲ
ငါကျေနပ်ပါတယ်
မနက်ဖန် မီးမလာလဲ
ငါကျေနပ်ပါတယ်
မနက်ဖန်..ကွန်နက်ရှင်နှေး........လဲ
ငါကျေနပ်ပါတယ်
မနက်ဖန်........ ..........လဲ
ငါကျေနပ်ပါတယ်
ဘာပဲဖြစ်ဖြစ်
အခန်းထဲလှောင်ပိတ်မထားကြပါနဲ့
မွန်းတတ်လို့ပါ
ဒါပေမယ့်
ဒီအခန်းထက်ကျယ်တဲ့နယ်ပယ်
ဘယ်မှာရှိဦးမလဲ
ဘာပဲဖြစ်ဖြစ်
ငါတို့ကဖားသူငယ်တွေပါ......။ ။

Cameron said...

ခုတလော နေမကောင်းပြီး အားငယ်စိတ်ကဖြစ်လာတဲ့ ပေါက်ကရ အတွေးတွေကိုရေးရေးနေကြတာများနေတယ် ကိုယ်အပါအ၀င်ပေါ့...။
ဏီဏီရေ...နေကောင်းအောင်နေနော်.... စိတ်ဓါတ်မကျပါနဲ့...။ အမလဲ ဒီလိုပဲ စာရေးရင်းနဲ့ပဲ ကိုယ့်ရောဂါကိုမေ့မေ့သွားတာ...အဲဒါကောင်းတယ် အာရုံပြောင်းသွားတာပေါ့..။

ခင်မင်စွာဖြင့်
မိုးငွေ့

ချစ်သူမောင် said...

ကျွန်တော်ပို့ပေးတဲ့ကဗျာလေးဖတ်ပြီး အားတင်းထာနိုင်ပါစေ

lonetone said...

ကိုရင်လင်းညို နေမကောင်းဘူးလားဗျ.
Take good care of yourself, bro.
Good Luck!!

ယွန်း said...

ခုတလော ဘလော့ဂါတွေ ကျန်းမာရေး မကောင်းကြပါလားး
ကိုဏီး နေမကောင်းဘူးလားး
မိဝေးဖဝေးတဲ့အရပ်မှာ နေရတာဆိုတော့ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ

ခင်တဲ့
ယွန်း

ရွှေရတုမှတ်တမ်း said...

သာမီးဏီးဏီး..နေကောင်းရဲ့လား..
ဘာတွေဖြစ်နေလဲ...

မောင်မိုး said...

ကိုဏီရေ...ကောမန့်လာပေးရတာ မလွယ်ဘူး။ တော်တော်လေးနေတယ်။ နေကောင်းအောင် ကြိုးစားပါဗျာ။ နားနားနေနေနဲ့ စိတ်ကိုလျှော့ထားပါ။ ကော်မန့််မရေးဖြစ်ပေမယ့် ပို့စ်အသစ်တင်တိုင်းရောက်ပါတယ်။ ထွေလီကာလီစဉ်းစားမနေနဲ့။

TYZ said...

နေကောင်းလာပြီမဟုတ်လား။ လာလည်တာ ပင်ပန်းသွားရင် ကြက်ပေါင်းရည် ၀ယ်တိုက်မယ်လေ။ ကျန်းမာစွာနဲ့ ပို့စ်တွေ တင်နိုင်ပါစေ။

မြစ်ကျိုးအင်း said...

အညိုရေ နေမကောင်းသေးဘူးလား
အလုပ်တွေများနေလို့ ခုမှ ရောက်ဖြစ်တယ်..
နားနားနေနေစာရေးပေါ့.. ကျန်းမာရေးလဲ ဂရုစိုက်ဦး
တစ်ခုခုဆို အနားမှာ ဘယ်သူမှ မရှိတော့ အားငယ်တာမျိုး ဖြစ်တတ်ပါတယ်.. မရောက်ဖြစ်ပေမဲ့ သတိရနေပါတယ်.. ချက်ခြင်းမရောက်နိုင်တာ ခွင့်လွှတ်။
တစ်နယ်ရပ်ခြားမှာ ဒီလိုဘဲ တစ်ယောက်နဲ့တစ်ယောက် အားပေးရင်း အားတင်းကြစို့။

မြစ်ကျိုးအင်း said...

အညိုရေ နေမကောင်းသေးဘူးလား
အလုပ်တွေများနေလို့ ခုမှ ရောက်ဖြစ်တယ်..
နားနားနေနေစာရေးပေါ့.. ကျန်းမာရေးလဲ ဂရုစိုက်ဦး
တစ်ခုခုဆို အနားမှာ ဘယ်သူမှ မရှိတော့ အားငယ်တာမျိုး ဖြစ်တတ်ပါတယ်.. မရောက်ဖြစ်ပေမဲ့ သတိရနေပါတယ်.. ချက်ခြင်းမရောက်နိုင်တာ ခွင့်လွှတ်။
တစ်နယ်ရပ်ခြားမှာ ဒီလိုဘဲ တစ်ယောက်နဲ့တစ်ယောက် အားပေးရင်း အားတင်းကြစို့။

ဒီးဒိုး said...

နေမြန်မြန်ကောင်းပါစေဗျာ...ကိုယ်ချင်းစာပါရဲ့။အားတင်းထားဗျ.

ညလင်းအိမ် said...

အကိုရေ နေကောင်းအောင် နေပါဗျာ ..
ကျွန်တော်စိုးရိမ်တယ် ...

မြတ်မွန် said...

ကိုဏီးရေ..ကျန်းမာရေးကို ဂရုစိုက်ပါ..
စိတ်မကောင်းဘူး
စိုးရိမ်တယ်..
ကိုဏီးနေမကောင်းတာကို မသိဝူးးးးးး
စီဘောက်မှာ အလိုက်မသိ လာအော်မိတာ..ခွင့်လွတ်ပါ ကိုဏီးရေ..။
မွန် လည်းမအားလို့ ဘယ်သူ့ဆီကိုမှ မရောက်ဖြစ်ဘူး ကိုဏီးရေ..။
ကိုဏီးနေမကောင်းတာ ခူမှ သိတယ်..။စိတ်မကောင်းလိုက်တာ..။
မူးနေတယ်ဆိုတော့ အားနဲနေလို့လား..သွေးပေါင်ကြတာလား..အိပ်ရေးပျက်လို့လား..။ ခုရော နေကောင်းသွားပြီလား..။ ဆရာဝန်ကို သေသေခြာခြာ မေးပါ အုံးးးကိုဏီးရ..။

နေမကောင်းရင် အားငယ်စိတ်တွေ ဝင်တက်ပါတယ် ကိုဏီး။
ဒါပေမယ့် ရောဂါဆိုတာ ဖြစ်ပြီးရင် ပျောက်သွားမှာပါပဲ ။ အားတင်းထားနော်..ကိုဏီး

ခုရော သက်သာလား..တိတ်ကဲနော်..
ကျားယို..

အဖြူရောင်နတ်သမီး said...

လူမမာ လာကြည့်တာ နောက်ကျသွားပြန်ပြီ..ခွင့်လွှတ်ပါ ကိုဏီရေ..။
ညီမလည်း အရမ်းကို အလုပ်များနေလို့...။

ဒါနဲ့ ကိုဏီ့ကြည့်ရတာ..အာရုံကြော အားနည်းတာလား(လှုပ်လိုက်တိုင်း ခေါင်းမူးတယ်ဆိုတော့)။ ညီမလည်း မကြာခနဖြစ်တတ်လို့..။

ညီမက ဆံပင်ရှည်တော့ ခေါင်းခနခနလျှော်လေ့ရှိတယ်လေ၊အဲဒါ နောက်စိက အရိုးနုအအေးပတ်တယ်ပြောတာပဲ..လှုပ်လိုက်တာနဲ့မူးတာ(အခန်းတခုလုံး ခြာခြာလည်နေတာနော်)။

ကိုဏီ့ဝေဒနာက အဲလိုမှမဟုတ်ရင် အဟာရကြောင့်မူးတာလား..
ဘယ်လိုပဲဖြစ်ဖြစ်ပါ..ကွန်ပျူတာရှေ့မှာ အညောင်းမထိုင်ပါနဲ့အုံး..ထိုင်မယ်ဆိုရင်လည်း မျက်နှာကို(ခေါင်းကို ငုံ့မထားရလေအောင်) ရှေ့တည့်တည့်ကြည့်လို့ရအောင် ကွန်ပျူတာကိုမြင့်မြင့်ထား၊သို့မဟုတ် ထိုင်ခုံကိုနှိမ့်ပြီးသုံးနော်..။

မြန်မြန် နေကောင်းအောင်ဆုတောင်းပေးခဲ့တယ်..နတ်သမီးတန်ခိုးနဲ့ အမြန်ပျောက်စေသတည်း...(အသက်မဟုတ်ဘူးနော်..ဟီးဟီး)

ငါ့အကို ကိုမစရတာကြာပြီ...(၃၀)ရက်နေ့ကျရင် တင်မယ့်ပို့စ်မှာ ကိုဏီ့နာမည်ပါတယ်..လာဖတ်အုံး..

ွှThwin said...

အိမ်နဲ့ ဝေးနေတော့ ပိုပြီး ပင်ပန်းမှာပေါ့နော်။ နေမကောင်းဖြစ်ရင် အမေ့ကို ပိုပြီး သတိရကြတယ်နော်။