Friday, July 2, 2010

တစ်ဖက်သော စာမျက်နှာ....




ကျွန်တော်စတင်သတိထားမိလာချိန်တွင် ထိုနွယ်ပင်လေး၏ဖြစ်တည်မှုက အတော်ရင့်သန်နေလေခဲ့ပြီ။

လူအများဖြတ်သန်းသွားလာနေသောကွန်ကရစ်ရေနှုတ်မြောင်းဘောင်ကြားထဲတွင် နုနယ်စွာပေါက်ရောက်ရှင် သန်နေသော ထိုနွယ်ပင်လေးကိုကြည့်ရင်း စိတ်မသက်သာစွာဖြင့် တိုးတိုးလေးပြောလိုက်မိသည်။

“ဒါ..... မင်းနေသင့်တဲ့နေရာမဟုတ်ဘူး”.......

“ငါ... သိပါတယ်ကွာ”........

ကျွန်တော့်ရင်ဘတ်ထဲမှနှလုံးသားတစ်စုံအပြင်သို့ခုန်ထွက်သွားရသလို အလန့်တကြားဖြစ်မိသွား၏။ နွယ်ပင် လေး၏ ပြန်ပြောလိုက်သောအသံကြောင့် အံ့သြလွန်းစွာဖြင့် ခပ်တိုးတိုးဆိုလိုက်မိသောကိုယ့်ပါးစပ်ကိုပြန်ပြီး လက်နှင့်ပိတ်လိုက်မိသည်။ ကျွန်တော့်အမူအယာကိုကြည့်ရင်း နွယ်ပင်လေးကတည်ငြိမ်စွာပြုံးပြီးပြော၏။


“တစ်ကယ်တော့ ငါနေသင့်တဲ့နေရာက အဖော်တွေအများကြီးနဲ့အတူတူ အပင်တွေ၊ စည်းရိုးတွေ၊ နံရံတွေနဲ့ တိုင်တွေအပေါ်မှာပါပဲဆိုတာ.....ငါသိပါတယ်ကွာ......
ဒါပေမယ့် လောလောဆယ် ငါ့ရဲ့ဖြစ်တည်မှုအရ ငါရှင်သန်နေရတာကတော့ ဒီနေရာပါပဲလေ”.....

နွယ်ပင်လေးရဲ့စကားကို ကျွန်တော်ခေါင်းငြိမ့်ပြမိလိုက်၏။ သို့သော်လည်း နွယ်ပင်လေးကိုပြန်ပြောမိသည်။

“ဒါပေမယ့် မင်းရဲ့နုနယ်တဲ့အစိတ်အပိုင်းတွေကို လူတွေကအချိန်မရွေးပဲ တက်နင်းသွားနိုင်တယ်လေ....။ ပြီး တော့.......သန့်ရှင်းရေးလုပ်သားတွေက မင်းကိုအချိန်မရွေးပဲ အမှိုက်တစ်စလိုသဘောထားပြီး နှုတ်ပစ်၊ ဖယ် ရှားပစ်ကြလိမ့်မယ်.....။ အဲ့ဒီအခါ မင်းသေဆုံးပျက်စီးသွားနိုင်တယ်လေ.....။ အဲ့ဒါကြောင့် ငါပြောမိတာပါ”...

“ဒီသက်ရှိလောကကြီးထဲမှာ မပျက်စီးနိုင်တဲ့ သက်ရှိသတ္တ၀ါ၊ သက်မဲ့တွေဆိုတာရှိမယ်ထင်သလား.......၊ ရှိခဲ့ မယ်ဆိုရင် ငါ့ကိုတစ်ခုလောက်ပြောပြပါလား”..........

နွယ်ပင်လေးရဲ့အမေးကို ကျွန်တော်ပြန်မဖြေနိုင်ခဲ့မိ။ ကျွန်တော်နှင့် နွယ်ပင်လေးသာရှိသော ပတ်ဝန်းကျင်တ စ်ခုထဲတွင် မိုးရွာပြီးစ,နေ့လယ်တစ်ခုရဲ့အရောင်က ပိုမိုလက်ပစွာ လင်းချင်းတောက်ပလာခဲ့ရသလိုလို....။


ဖြေရန်ခဲခက်သော နွယ်ပင်လေးရဲ့အမေးကို ဆွံ့အစွာကျွန်တော်ခေါင်းယမ်းပြမိခဲ့တော့ နွယ်ပင်လေးက ဆက်ပြောသည်။

“မင်းက ငါ့ကိုပြောတယ်....။ ငါ့ကိုလူတွေက အချိန်မရွေးတက်နင်းသွားရင်......၊ သန့်ရှင်းရေးလုပ်သားတွေက ငါ့ကိုဖယ်ရှားပစ်ရင် အချိန်မရွေးပဲ ငါသေဆုံးပျက်စီးသွားနိုင်တယ်လို့လေ......။

ငါတစ်ခုပြောချင်တယ်.....၊ အားလုံးဟာ အချိန်မရွေးပျက်စီးသွားနိုင်တယ်၊ သေဆုံးသွားနိုင်တယ်...။ ‘ရှင်သန် ခြင်းရဲ့ အခြားတစ်ဖက်သောစာမျက်နှာဟာ....သေဆုံးခြင်းဖြစ်သလိုမျိုးပဲ....၊ ဖြစ်တည်မှုရဲ့ အခြားသောစာ မျက်နှာက ပျက်သုန်းခြင်းဖြစ်ခဲ့လိမ့်မယ်’....။ ဒါပေမယ့် အဲ့ဒါတွေတွေးပြီးသွေးပျက်နေစရာမလိုပါဘူး...။ ပြီး တော့ ငါ့ကိုလူတွေက သတိမထားမိလို့ပဲဖြစ်ဖြစ်...၊ သတိထားပြီးပဲဖြစ်ဖြစ် တက်နင်းသွားမယ်ဆိုလည်း ငါမှမ ရှောင်နိုင်တာ....၊ အဲ့ဒီတော့ နင်းပါစေကွာ....။ ငါ့ကိုဂရုစိုက်မိတဲ့ မင်းလိုလူမျိုးလည်းရှိချင်ရှိမယ်...၊ နောက်ပြီး အရေးမလုပ်တဲ့သူလည်းရှိချင်ရှိလိမ့်မယ်...။

သေချာတာတစ်ခုကတော့ ငါ့ရဲ့ ဖြစ်တည်မှုတစ်ခုအရ ဒီနေရာလေးမှာ ရှင်သန်ခြင်းရဲ့ အခြားသောစာမျက်နှာ ဖြစ်တဲ့ သေဆုံးခြင်းဆိုတာ ရောက်မလာသေးသရွေ့တော့ အကောင်းဆုံးဖြစ်အောင်ကြိုးစားရင်းရှင်သန်သွား နေဦးရမှာပါပဲကွာ”........


ကျွန်တော် ထပ်ပြီးခေါင်းငြိမ့်ပြမိလိုက်သည်ထင်၏။ ဆက်ရန်ရှိသေးသောခရီးတစ်ခုကို ခြေလှမ်းပြင်ရင်း နွယ် ပင်လေးကို ကျွန်တော်နှုတ်ဆက်ထွက်ခွာလာခဲ့တော့ ဓါတ်ကြိုးပေါ်မှ ငှက်မည်းမည်းလေးတစ်ကောင်က ငုံ့ ကာ ကျွန်တော့်ကိုကြည့်ရင်း.....ထပျံသွားလေ၏။

ကျွန်တော်ရင်မှပင့်သက်တစ်ချက်ရှိုက်လိုက်မိသည်။ ပြီးတော့ သတိရစွာဖြင့် မဝေးသေးသောနေရာလေးမှ နွယ်ပင်လေးကများ ကျွန်တော့်သက်ပြင်းချသံကိုကြားသွားမလား...ဟု မလုံမလဲဖြစ်စွာဖြင့်လှည့်ကြည့်မိပြန်ခဲ့ ၏။

ထိုအခါ နွယ်ပင်လေးက ကျွန်တော့်ကိုပြုံးရင်းငေးကြည့်နေခဲ့လေတာကိုတွေ့ရသည်။ ။

                                 ~~~~@@@~~~~@@@~~~~@@@~~~~



ချစ်ခြင်းအားဖြင့်......
ဏီလင်းညို

26 comments:

နေ၀သန် said...

အတ်ဆေးလေး အတော်ကောင်းတယ်...။

“ဒီသက်ရှိလောကကြီးထဲမှာ မပျက်စီးနိုင်တဲ့ သက်ရှိသတ္တ၀ါ၊ သက်မဲ့တွေဆိုတာရှိမယ်ထင်သလား.......၊ ရှိခဲ့ မယ်ဆိုရင် ငါ့ကိုတစ်ခုလောက်ပြောပြပါလား”..........

ဒါလေးကို တော်တော်ကြိုက်တယ်...။


ခင်မင်တဲ့
နေ၀သန်

မောင်သီဟ said...

နွယ်တပင်ရဲ့ ဖြစ်တည်မှုက ကိုဏီကိုစာသွားတွေအဖြစ်ပြောင်းလဲ ပေးသွားတယ်နော် ကောင်းတယ်ဗျာ
ဖြစ်တဲ့နေရာ ရှင်သန်နိုင်ဖို့ကြိုးစားကြတာပေါ့ ကိုဏီရေ....

ချော(အစိမ်းရောင်လွင်ပြင်) said...

နွယ်ပင်ဆိုပေမဲ့ ကမ္ဘာလောကကြီးကို သူတတ်နိုင်သလောက်
အကောင်းဆံုးရှင်သန်သွားမယ်ဆိုရင် တာဝန်ကျေပါတယ်..
သူ့ကိုယ်သူ ဘယ်သူနဲ့မှ မနှိုင်းယှဉ်တဲ့ နွယ်ပင်လို ဘ၀မျိုးအားကျတယ်.. သူများကိုလဲ မထိခိုက်စေဘဲ
ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် အကောင်းဆုံး ရှင်သန်ကြပါစို့

ညလင်းအိမ် said...

စိတ်ထဲမှာ တခုခုရသွားသလိုပဲ .. အသိလေးတခု ... ဘာမှန်းတော့ မသိလိုက်ဘူး .. ဒါပေမယ့် သိသွားတယ် ....

အစ်ကိုရဲ့ စာတွေကတော့ ရသစာပေတွေမို့လို့လား မသိဘူး ... ကောင်းလိုက်တာဗျာ ...

ခင်တဲ့
ညလင်းအိမ်

TYZ said...

ကောင်းတယ်၊ ရသစာပေလေးက တကယ်ရသမြောက်တယ်။ အသိတရားတစ်စုံတစ်ရာကိုလည်း စာဖတ်သူရင်ထဲရောက်အောင် သတိပေးထားတယ်။ များများရေးနော်။ လာဖတ်မယ်။

linn said...

အင်း ... သယ်ရင်းရေ ...
နွယ်ပင်လေးနဲ့ ယှဉ်တဲ့ အသိကို ရေးထားတာ ကောင်းတယ် ...
ရှင်သန်ခြင်းရဲ့ တစ်ဘက်မှာ သေဆုံးခြင်း ရှိတယ် ...
မသေခင်စပ်ကြားတော့ အကောင်းဆုံး ရပ်တည်ကြရမှာပေါ့ .. နော ...
ခင်မင်စွာဖြင့်...
လင်း

ဆွေလေူမွန် said...

အတွေးလေးက ကောင်းလိုက်တာ..နွယ်ပင်လေးတစ်ပင်ရဲ့ အသိတရား..

sosegado said...

ရှင်သန်ခြင်းကို ဖေါ်သွားတာမိုက်တယ်၊ နွယ်ပီသအောင် နွယ်လိုရှင်သန်နေဦးမှာပဲ၊

မေဓာဝီ said...

ဏီလင်းရဲ့ နွယ်ပင်လေးက ပေးတဲ့အသိလေးကို သဘောကျပါဘိ။
နွယ်ပင်လေးကို ဂရုတစိုက်နဲ့ ဘလော့ပေါ်တင်ပေးတဲ့ ဏီလင်းကိုလည်း ချီးကျူးပါ၏။

လင်းခေတ်ဒီနို said...

လောကကြီးကပေးတဲ့ နေရာမှာ သေဆုံးခြင်း ကုန်ဆုံးခြင်းတွေ နောက်ထား ရသမျှ အချိန် သူရှင်းသန်ရတယ် . . . အဲဒီအချိန်အတွင်း လောကဓံကိုလည်း သူခံရသလို လေပြေလေညှင်းတွေကိုလည်း သူစံစားရမှာပေါ့ . . . . နွယ် မင်းရဲ့ ဘ၀ဟာ လောကရဲ့ ခဏတာပါပဲ . . . ဒါပေမဲ့ သူပျော်နေလေရဲ့ .....း)

ခိုင်နုငယ် said...

အမှတ်တမဲ့ကို အသိနဲ့မြင်အောင်ကြည့်ပြီးရေး
ဖွဲ့ထားတာ။
စာဖတ်သူကိုပါမြင်သာစေ၏။

SHWE ZIN U said...

တပင်ထဲ ရင်ထဲက နွယ် ကိုသတိရတယ်

သဒ္ဓါလှိုင်း said...

ရှင်သန်ခြင်းရဲ့တဘက်ကသေဆုံးခြင်းကိုမမေ့မလျော့သတိထားဆင်ခြင်
မိတာပေါ့ကိုဏီလင်း..။ ရှင်သန်နေတဲ့အချိန်မှာအကောင်းဆုံးနေသွား
နိုင်ဖို့ကြိုးစားခွင့်ရှိပါတယ်နော်..။

ခင်တဲ့
သဒ္ဓါ

အင်ကြင်းသန့် said...

ကိုဏီး....

“သေချာတာတစ်ခုကတော့ ငါ့ရဲ့ ဖြစ်တည်မှုတစ်ခုအရ ဒီနေရာလေးမှာ ရှင်သန်ခြင်းရဲ့အခြားသောစာမျက်နှာဖြစ်တဲ့သေဆုံးခြင်းဆိုတာရောက်မလာသေးသရွေ့တော့အကောင်းဆုံးဖြစ်အောင်ကြိုးစားရင်းရှင်သန်သွားနေဦးရမှာပါပဲကွာ”........

အဲဒီစကားလေးကို တော်တော်သဘောကျသွားမိတယ်။

တော်တဲ့သူတွေများ နွယ်ပင်လေး တစ်ပင်ကို အခြေခံပြီးတော့တောင်ဒီလို အက်ဆေးကောင်းကောင်းလေး ရေးတတ်တယ်။ တကယ်အားကျမိပါတယ်။

ညီမလေး
အင်ကြင်း

Cameron said...

အတွေးလေးကောင်းတယ်...အဲလို သံဝေဂရစရာလေးတွေများများရေးပေး နို့မို့ဆို လူတွေတော်တော်များများက သိပ်သတိမထားမိကြဘူး...ကိုယ်ပါအပါအ၀င်ပေါ့..အဟဲ..။

ခင်မင်စွာဖြင့်
မိုးငွေ့

blackroze said...

အကိုရေ..
ဖြစ်တည်လာတဲ့ဘဝတစ်ခုမှာပျော်အောင်နေတတ်တာ
အကောင်းဆုံးပါဘဲ..

ခင်တဲ့........blackroze

ရေသန့်  said...

သဘောတရား တွေရဲ့ တစ်ဘက်သောစာမျက်နှာက တရာသဘောတွေ
ပေါ်အောင်ရေးထားတာ ချီးကျူးလေးစားပါတယ် ...

ချစ်ကြည်အေး said...

ဏီလင်းတို့ဟာလေ...တော်ပြီးရင်းတော်ပဲ...ကောင်းတယ် အရေးရော၊ အတွေးရော....:)

ပန်းနုနှင်းဆီ said...

နွယ်ပင်ကပေးတဲ့ အတွေးလေးက လှလိုက်တာ
ကိုဏီလင်းက အရေးကောင်းတယ်နော်.
နွယ်ပင်ကနေ ဆင့်ပွားပြီး ရေးလိုက်တာ ဖတ်လို့ကောင်းတဲ့စာတစ်ပုဒ်ဖြစ်လာတယ်...
လေးစားအားကျမိပါတယ်..

ပန်းနု

မြစ်ကျိုးအင်း said...

ဟုတ်တယ် ရှောင်ခွင့်မှ မရှိတာ တက်နင်းမှာကို ပူမနေတော့ဘူး
ပျက်သုန်းခြင်း၊ သေဆုံးခြင်း မရောက်ခင်အထိ ဒီနွယ်ပင်လေးလိုပဲ သူတို့ရဲ့ အမျိုးအနွယ်တွေ ရဲ့ အဝေးမှာ ရှင်သန်နေရတာ ကိုယ်တိုင်ဖြစ်သွားမှာတော့ မလိုချင်ဘူးကွာ။

မောင် လေး said...

ဟုတ်လိုက်လေ အကိုရေ....။ကျရာဘဝမှာ အကို့နွယ်ပင်လေးလို ရှင်သန်နေထိုင်
သွားရမှာပေါ့နော်.......။

ကိုဇော် said...

ဒီလိုပဲ. .
ရောက်ရာနေရာမှာပျော် ၊ ကျရာနေရာမှာ တော် ( တော် = သင့်တော် ) နေရမှာပေါ့ကွာ။
ကောင်းတယ်ဟေ့. . . ဂွတ်ထပဲ။

( မအားလို့ကွာ အခုမှပဲ လာနိုင်တယ်။ အိပ်ရသေးဘူးဟေ့ )

ကိုရီး{ကိုကြီး} said...

ရသပေးလေး ကောင်းလိုက်တာ။

သော်ဇင်စိုး said...

ကောင်းတယ်ဗျား... လောကမှာ ကိုယ်ရဲ့ဖြစ်တည်မှုတစ်ခုက သူများကို အတိုင်းထက်လွန် အကျိုးမပြုနိုင်သေးပေမဲ့ ဒုက္ခမပေးတာမိတာပဲ တော်လှပါပြီ..
လေးစားလျက်.. ညီလေး..

သုခုမလေဒီ said...

အရာအားလုံးက သူ့နေရာနဲ့သူဖြစ်တည်ကြရတာချည်းပါပဲ ဏီဏီရေ.
ရေးထားတာလေးကောင်းတယ်။
အလည်လာသွားပြီနော်။ စီဗုံးးတော့မမြင်လို့ မန့်သွားရတယ်း))
ကိုယ့်အဖြစ်နဲ့ကိုယ်ပဲးဝ

အဖြူရောင်နတ်သမီး said...

တကယ့်ကိုပဲ...
အသိတခုရလိုက်ပါတယ်...
ကိုဏီရဲ့အရေးအသားကောင်းတွေကို ဆက်ထိန်းထားပါဗျို့....