Tuesday, April 10, 2012

ကျွန်တော်နှင့် ၂၀၁၂-သင်္ကြန်




ဧပြီလသို့ ရောက်ခဲ့လေပြီ။ နွေရာသီသို့ ပီပီပြင်ပြင်ရောက်ခဲ့ပြီမို့ ရန်ကုန်တစ်မြို့လုံး ကျောကော့နေရအောင် ပူလောင်ကြွပ်ဆတ်နေ ခဲ့ရပြီ။

သို့သော် လူတော်တော်များများကတော့ ပျော်ရွှင်နေကြပါသည်။ အခြားကြောင့်တော့ မဟုတ်၊ သိပ်မကြာခင်မှာ ရောက်ရှိလာတော့ မည့် သင်္ကြန်ပွဲတော်ကြောင့်ပင် ဖြစ်၏။

ဟုတ်သည်၊ ပိတောက်ပင်ကလေးများမှာလည်း ပိတောက်ဖူးလေးတွေ အစီအရီဖြင့် ဖူးငုံနေခဲ့ကြလေပြီ။ ပွင့်တော့ မပွင့်ကြသေး။ သင်္ကြန်လက်ဆေးမိုး တစ်ပြိုက်နှစ်ပြိုက်လောက်သာ ရွာချလိုက်မည်ဆိုပါက အလွယ်တကူပင် ပွင့်လာမှာ ကျိန်းသေ၏။ စကားမစပ် ပြောပြရရင်တော့ အခုရက်ပိုင်း တစ်ခါတစ်လေ မိုးအုံ့အုံ့နေကာ တစ်မိနစ်၊ နှစ်မိနစ်လောက် မိုးပေါက်များကျလာ တတ်ပေမယ့် (ကျွန် တော်နေသော မြို့နယ်တွင်တော့) မိုးက ပီပီပြင်ပြင် မရွာသေးပါ။

ကျွန်တော့်အိမ်ပတ်ဝန်းကျင်မှ ဖွင့်တတ်သော ခေတ်ဟောင်း၊ ခေတ်သစ် သင်္ကြန်သီချင်းများကိုလည်း နေ့စဉ် ဆိုသလို ကြားနေရ၏။ အပြင်ထွက်တော့လည်း ဆိုင်များမှ ဖွင့်တာကိုကြားရ၏။ ခေတ်ဟောင်းသင်္ကြန်သီချင်း ဆိုတာ ဦးဇော်ဝမ်းတို့ဆိုခဲ့သော “သင်္ကြန်နှစ်ဦး တူးပို့ တူးပို့” အစချီသည့် သီချင်းများဖြစ်သလို၊ ခေတ်သစ်ဆိုတာက နိုင်ငံခြားသံစဉ်များအား မြန်မာစာသားများဖြင့် (အမောတကော၊ ပင်ပင်ပန်းပန်း) အဆာသွပ်ထားရရှာ သည့် သင်္ကြန်သီချင်းများမှန်း အားလုံးသိနိုင်ကြလိမ့်မည် ထင်ပါသည်။

မည်သို့ပင် ဖြစ်ပါစေ။ အားလုံးကတော့ ထိုသီချင်းများဖြင့် ပျော်မြူးနေကြရ၏။ ပျော်ရွှင်ခြင်းမှာ ၀မ်းနည်းကြေ ကွဲရခြင်းထက် အဆ ပေါင်းများစွာ သာလွန်ကောင်းမွန်တာ ဘယ်သူမှ စောဒကမတက်နိုင်သော အချက်တစ်ခု မဟုတ်ပါလားလေ။ ဘာသီချင်း ပဲ ဖြစ်ဖြစ် ပေါ့။

ဆယ်ကျော်သက်အရွယ် ကောင်လေး၊ ကောင်မလေးများသည်လည်း ဆံပင်အရောင်အမျိုးမျိုး ဆိုးနေခဲ့ကြပြီ။ အချို့ယောက်ျား လေး များဆိုလျှင် တစ်ခေါင်းလုံး ဘေးနှစ်ဖက်ကို ကတုံးလိုထားကာ အလယ်မှဆံပင်များအား မိုးပေါ်ထောင်ထားသော (သူတို့အခေါ် ၀မ်းဝေးကေ) ပုံစံမျိုးကို ကြိုတင်ညှပ်ကာ အရောင်ထင်ထားပြီးကြလေ ပြီ။(ထိုဆံပင်ပုံစံအား သေချာရှင်းအောင်ပြောပြရလျှင် ရော မ၊ ခေါမခေတ်က စစ်သားများဆောင်းသော စစ်ဦးထုပ်အပေါ်တွင် နှဖူးမှနောက်စေ့အထိ အလယ်တစ်ကြောင်းထဲမှာ ကွေးေ ကွး ကောက်ကောက်ရှိသော ပန်းဖွားများနှင့် ပုံစံအတူတူပင်ဖြစ်ပါသည်။)

ရှော့ပင်းစင်တာတွေ၊စူပါမားကပ်တွေမှာလည်း သင်္ကြန်အထူးဒစ်စကောင့်ပွဲတော်များ၊ နှစ်သစ်အကြိုပရိုမိုးရှင်း ပွဲတော်များအား ခြိမ့် ခြိမ့်သည်းသည်း ကျင်းပနေကြလေပြီ။ နှစ်သစ်ကာလသည်ကား... ဆိုင်တစ်ဆိုင်အတွင်းမှ တစ်နှစ်လုံးရောင်းမထွက်ခဲ့သည့်ပစ္စည်း များအား အစွံထုတ်ရောင်းရသည့်အချိန်ဟူ၍ မည်သူကများ စတင်ခဲ့လေသည်ဆိုတာ ကျွန်တော်ရေရေရာရာမသိပါ။ ဘယ်လို ပဲ ဖြစ်ဖြစ် သူ့အရပ်နှင့် သူ့ဇာတ်၊ ရောင်းသူနှင့်ဝယ်သူ အသံတူနေတာကိုတော့ ငြင်းဆန်လို့မရနိုင်တာအမှန်။

နေကာမျက်မှန်၊ ဦးထုပ်၊ ရှူးဖိနပ်၊ ဂျာကင်၊ ဘောင်းဘီ၊ တီရှပ်၊ ဘော်ဒီစပရေး၊ ရေပြွတ်၊ ဟမ်းဖုန်းထည့်သည့် ပလတ်စတစ်အိတ်၊ မိန်းကလေးများအတွက် ရေစိုခံမိတ်ကပ်နှင့် နေလောင်ခံကရင်မ် စသည့်ပစ္စည်းများကား အရောင်းသွက်လှ၏။ ထိုပစ္စည်းများနှင့် အတူ အရောင်းသွက်ရဆုံးသော ပစ္စည်းများလည်း ရှိသေး၏။ အခြား တော့မဟုတ်...၊ ဘီယာနှင့် အရက်များပင်တည်း။

~~~~~@@@~~~~~

ဘီယာနှင့်အရက်ဆို၍ လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်ကအဖြစ်ကို ကျွန်တော်ပြန်သတိရမိ၏။ ထိုစဉ် က သင်္ကြန်တစ်ရက်မှာ ကျွန်တော်တို့သူငယ်ချင်းတစ်သိုက် ငှားထားသော ဂျစ်ကားတစ်စီးဖြင့် သင်္ကြန်လည် ကြ၏။ လည်ရင်းဖြင့်(တာမွေအ၀ိုင်းဆီဦးတည့် သွားသည့်) ဦးချစ်မောင်လမ်းမကြီးပေါ်တွင် ရေပက်ခံရန်တန်းစီပြီး စောင့်ရင်း ကားတွေပိတ်သွားရသည်။ ထိုအခါ အချိန်ကြာလာ တာမို့ ကားပေါ်မှကျွန်တော်တို့အားလုံး ရေ တွေ ခြောက်သွားကြ၏။ ကျွန်တော့်သူငယ်ချင်းတွေအကုန်လုံးက မခံနိုင်ဟု ဆိုပြီး ကားပေါ်မှခုန်ဆင်းကာ အ ရှေ့မှာရှိသော(မရောက်ရသေးသည့်) မဏ္ဍပ်ရှေ့မှာသွား၍ ကြိုတင်ရေစိုခံကြလေသည်။ တော်တော်နှင့် ကို ပြန်မလာကြ။ ပြောရမယ်ဆိုလျှင် ကျွန်တော့်သူငယ်ချင်းများမှာ အတော်ပင် နန့်ကြောဆွဲတတ်သူများ ဖြစ်ပါသည်။ ရေစိုခံရုံနှင့် အားမရကြသေးပဲ မဏ္ဍပ်အပေါ်မှာရေကစားနေကြသော ကောင်မလေးများအား “အသည်း ကလေးရေ့၊ အမြစ်ကလေးရေ့”...စ သဖြင့် အောက်မှနေပြီး အသံပြာအောင်အော်လည်း ခေါ်ကြ၏။ ပြီးတော့ မဏ္ဍပ်ပေါ်မှ ဆောင်းဘောက်စ်ကြီးများဖြင့် ဖွင့်ထားသော ဆူဆူညံညံသီချင်းသံများနှင့် ရေမှုန်တွေကြားထဲမှာ ကွေးနေအောင် ကကြသေး၏။

ကားပေါ်မှာကျန်ခဲ့တာက ဒရိုင်ဘာနှင့်ကျွန်တော်နှစ်ယောက်တည်း။ ကားကလည်း ရွေ့နေတာ ပက်ကျိလိုမျိုး ပုံစံနှင့်။ နေကလည်းပူ တာမို့ ကားနောက်မှာ ခြေတွဲလောင်းချကာ ကျွန်တော်တစ်ယောက်တည်း ခပ်ညစ်ညစ်နှင့်ထိုင်နေဆဲ ဆာလာအိတ်ကြီးတွေ ကိုယ် စီလွယ်ထားသော ဆယ်နှစ်အရွယ် ချာတိတ်လေးနှစ်ယောက် ကားနားသို့ ရောက်လာပြီး...

“အစ်ကိုကြီး၊ ဘီယာဘူးခွံတွေ၊ အရက်ပုလင်းခွံတွေရှိရင် သားတို့ကို ပေးပါလားဟင်” ဟု သနားစဖွယ်ဆို၏။

ချာတိတ်လေးနှစ်ယောက်ကို ကြည့်ရင်း ကျွန်တော်တကယ်ပဲသနားသွားမိပါသည်။ ဟုတ်သည်လေ...၊ သူများတွေ ပျော်နေကြချိန် မှာ အရွယ်တောင် မရောက်ရှာကြသေးတဲ့ သူတို့လေးတွေက ၀မ်းရေးအတွက် လှုပ်ရှားရုန်းကန်နေခဲ့ကြရတာ။ ထို့ကြောင့် ကျွန်တော့် အနီး(ကားထောင့်မှာရှိသော) အရက်ပုလင်းခွံများ၊ ရေသန့်ဘူးအခွံများထည့်ထားသည့် ကျွတ်ကျွတ်အိတ်ကြီးကို ထိုချာတိတ်လေးနှစ် ယာက်အား ကျွန်တော်ပေးပစ်ပလိုက်သည်။ ထိုချာတိတ်လေးနှစ်ယောက် အနားမှထွက်သွားကြတော့ ကျွန်တော့်မှာ အမှတ်မထင်ပြု လိုက်မိ လေသော ကုသိုလ်ကောင်းမှုတစ်ခုအတွက် စောစောကစိတ်ညစ်နေတာတွေတောင် ပျောက်ပြီး ၀မ်းသာနေမိခဲ့သေး၏။


တစ်အောင့်လောက်ကြာတော့ ကားအနားသို့ အားရအောင်ရေစိုခံပြီးသွားသော ကျွန်တော့်သူငယ်ချင်းတွေ ပြန်ရောက်လာကြ၏။ ပြီးတော့...“ပြန်ချမ်းသွားပြီ။ ဒီမှာ ကားပိတ်နေတုန်း နည်းနည်းလောက်ထပ်ကစ်ကြရ အောင်”ဟုပြောကာ နှစ်ယောက်က ကားပေါ် ခုန်တက်ပြီး ဟိုရှာ၊ ဒီရှာ,ရှာလေ၏။ မတွေ့တော့ ကျွန်တော့်ကို မေးသည်။

“ဟေ့ယောင်... ဒီနားမှာထားတဲ့ ကျွတ်ကျွတ်အိတ်အထုတ်ကြီးရော၊ မင်းဘယ်မှာ သိမ်းထားလဲ”



“အရက်ပုလင်းခွံတွေ ထည့်ထားတဲ့ အထုတ်ကြီးလား။ မရှိတော့ဘူးကွ...၊ စောစောလေးကပဲ ဖိနပ်တို့ ပုလင်း တို့ကောက်တဲ့ ကလေးနှစ်ယောက်ကို ငါပေးပစ်လိုက်ပြီ”


“ဟာ... မင်းကတော့ လုပ်တော့မယ်။ ကွိုင်အကြီးကြီးရှာပြီ။ အဲ့ဒီအိတ်ထဲမှာ မဖွင့်ရသေးတာ သုံးလုံးတောင်မှ ရှိသေးတယ်ဟ...လဒရဲ့”

“ငါမှ... မသိပဲကွ”

ထုံပေပေဖြင့် ကျွန်တော်ပြန်ပြောလိုက်တော့ အားလုံးက ၀ိုင်းဆဲကြလေတော့တာ မိုးမွှန်သွားမလားတောင် အောက်မေ့ရပါသေး၏။

~~~~~@@@~~~~~

အခုတော့လည်း ထိုသူငယ်ချင်းများနှင့် ကျွန်တော်မဆုံဖြစ်ခဲ့တာကြာခဲ့ပြီ။ သူတို့ကလည်း ကိုယ်စီဘ၀သစ်များ၊ အိမ်ထောင် များဖြင့်။ တချို့ကလည်း တိုင်းတစ်ပါးမှာ။ ပြည်တွင်းမှာ ရှိနေသေးသည့် သူငယ်ချင်းများနှင့် တစ်ခါတစ်လေတွေ့တော့ “မင်းတို့ဂစ် တာတွေ ဘာတွေရောတီးဖြစ်သေးလား”ဟု ကျွန်တော်မေးတိုင်း မျက် နှာကို ရှုံ့မဲ့ပြီး “ဂစ်တာဆိုတာ ဂျိုနဲ့လား၊ သီချင်းဆိုတာ ငွေရ သလားလို့တောင် ငါပြန်မေးရမလိုဖြစ်နေပါပြီ သူငယ်ချင်းရာ”...ဟု သူတို့က ပြန်ပြောတတ်ကြလေ၏။ အေးလေ...၊ သူတို့က သား နဲ့မယားနဲ့ဆိုတော့ ခါးချည့် အောင် ရှာပေတော့ပေါ့။ ကျွန်တော်ကတော့ အခုထက်ထိ တစ်ကိုယ်တော်ဆိုတော့ သီချင်းလည်းဆိုချင် ဆို နိုင်သလို စိတ်ပါလျှင်လည်း ဂစ်တာက တဒေါင်ဒါင်။ ပြီးတော့ အခုလို မတောက်တစ်ခေါက်စာလေးတွေကို နားပူနားဆာလာ လုပ်မယ့်သူမရှိပဲ တခြောက်ခြောက်ဖြင့် အေးအေးလူလူရေးနေနိုင်သေး၏။ (မစွံရင် မစွံဘူး လို့ မပြောဘူးဟု... မဆိုကြပါလေနှင့်။)

အခုလို သင်္ကြန်နားနီးလာတော့လည်း သူငယ်ချင်းများနှင့်အတူတူ လည်ချင်ပတ်ချင်စိတ်က မသိမသာ ခေါင်း ထောင်လာသလိုရှိ၏။ သို့သော် စောစောကပြောခဲ့သလို သူငယ်ချင်းများက စုံစုံလင်လင်မရှိတော့။

ကျွန်တော်မြန်မာပြည်ပြန်ရောက်ခဲ့တာ တစ်နှစ်ကျော်ကျော်လောက်ရှိခဲ့ပြီ။ ထို့ကြောင့် မနှစ်ကသင်္ကြန်တွင်း ကိုလည်း မီလိုက်သေး၏။ သို့သော်... ကျန်းမာရေးသိပ်မကောင်းတာမို့ မလည်ဖြစ်။ ဒီအတိုင်း အိမ်မှာနေရ၏။ ပြီးတော့ ပြန်ရောက်ကာစမို့ အိမ်မှလူကုန်၏ တစ်နေ့လုံးမျက်စေ့ဒေါက်ထောက် ကြည့်နေတာကို ခံရပါသည်။

ထို့ကြောင့် ဒီနှစ်တော့ တစ်ခုခုလုပ်မည်ဟု စိတ်ကူးမိ၏။ ပထမတော့ ကားလည်ဖို့စဉ်းစားမိ၏။ သို့သော် ကျန်း မာရေးအရ သိပ်မဖြစ်၊ ပြီးတော့ ၂၀၀၁ခုနှစ်လောက်က ကားလည်ရင်း ကျွန်တော်တို့ဂျစ်ကားနှင့် တစ်ဖက်မှ မက်ခ်တူးတို့ တာမွေအ၀ိုင်းထိပ်တွင် မီးပွိုင့်ဖြတ် ရင်း ခေါင်းချင်းဆိုင်တိုက်မိထားပြီးကတည်းက ကားနဲ့လည်ဖို့ ကျွန်တော်သွေးလန့်နေခဲ့ရတာ အခုအထိ။ ထိုစဉ်က ကံကောင်းသူမှာ ဒရိုင်ဘာနှင့် ကျွန်တော်နှစ်ယောက်ထဲသာပင်။ ကျွန်တော်က ဒရိုင်ဘာဘေးမှာ ကားမှန်ဘောင်ကိုကိုင်ပြီး မတ်တပ်ရပ်နေမိသောေ ကြာင့်ပင် ဖြစ်၏။ ကျန်သော ကျွန်တော့်သူငယ်ချင်းတွေအားလုံး ကားပေါ်မှ ၀ဲပျံကာအောက်သို့ ပြုတ်ကျသွားကြလေသည်မှာ စူပါ မင်းတို့ ကျန်ကျောင်းတို့တောင်မှ ထိုင်ငိုသွားနိုင်လောက်၏။ ပွန်းပဲ့ စုတ်ပြတ်သွားတာလောက်မှလွဲပြီး တစ် ယောက်မှ မသေခဲ့တာ ကံကောင်း။

ထို့ကြောင့် ကားလည်ဖို့ အစီအစဉ်ကိုရုပ်သိမ်းကာ မဏ္ဍပ်ထိုင်ဖို့ စဉ်းစားမိပြန်၏။ ထိုသတင်းအား အိမ်မှအဖေ နှင့်အမေတို့က ခပ် သဲ့သဲ့ကြားတော့ “မင်းထိုင်တဲ့ မဏ္ဍပ်မှာ ဗုံးပေါက်ရင် မခက်ဘူးလားကွဲ့”ဟု ကျွန်တော့်ကို ခြောက်၏။ အစ်မဖြစ်သူက“အေးလေ၊ မသေမရှင်နဲ့ ခြေပြတ်လက်ပြတ်ဖြစ်ရတာ ကြောက်စရာဘယ်လောက် ကောင်းသလဲဟဲ့ မောင်လေးရဲ့”ဟု မီးလောင်ရာလေပင့်၏။ အစ်ကိုဖြစ်သူက “မင်းနဲ့ မဏ္ဍပ်ကမကိုက်ပါဘူးကွာ၊ အရမ်းဆူတာ မင်းရဲ့နားကခံနိုင်မှာ မဟုတ်ဘူး။ ရောဂါလည်း အရှင်းပျောက်ေ သးတာ မဟုတ်ပဲနဲ့”ဟု စဉ်းစဉ်းစားစား တားမြစ်၏။

ထို့အတွက် မဏ္ဍပ်ကိစ္စကို ကျွန်တော် လက်လျှော့လိုက်ရတော့၏။ ဒါဆို ဘုန်းကြီးဝတ်ပါလားဟု သူငယ်ချင်းတစ်ယောက်က ဆွယ်၏။ ကျွန်တော်ငြင်းလိုက်သည်။ ဟုတ်သည်၊ ကျွန်တော့်စိတ်က ဘုန်းကြီးဝတ်ရင်း အခု လောလောဆယ် ရေးနေသည့် အချစ်ဝတ္တုများ အား ဆက်ရေးရန် သွားစဉ်းစားမိနေခဲ့ရင် ‘ကုသိုလ်တစ်ပဲ၊ ငရဲ အချိန်တစ်ဆယ်’ ဆိုသလို ဖြစ်နေပေရော့မည်။ ကျွန်တော့်ကိုယ်ပိုင် အချိန်တော်တော်များများမှာ ရေးလက်စ, စာများအကြောင်း စဉ်းစားနေတတ်သဖြင့် ကိုယ့်အကြောင်း ကိုယ်သာအသိဆုံးမို့ မဖြစ်။ သံသရာမပြတ်ပဲ တ ဏှာအခန်းဆက် ဖြစ်နေမှ ခက်ပေလိမ့်မည်။

ပြောကြစတမ်းဆိုလျှင် သင်္ကြန်အတွင်း အိမ်မှာငြိမ်ကုပ်မနေနိုင်သူများအဖို့ လုပ်စရာအလုပ် သုံးမျိုးသာရှိ၏။ ကားဖြင့် ရေပက်ခံ ထွက်ချင်လျှင်ထွက်၊ ဒါမှမဟုတ် မဏ္ဍပ်မှာ ရေပက်၊ နောက်ဆုံးကတော့ သံသရာအကျိုးကို မျှော်ကိုးကာ ကုသိုလ်ကောင်းမှုပြု သည့်သဘောဖြင့် တရားစခန်းဝင်တာ၊ ဘုန်းကြီးဝတ်တာတွေ လုပ်ချင်လုပ် ကြရုံပင်။ သို့သော် ကျွန်တော့်အတွက် ထိုသုံးမျိုးလုံးက မဖြစ်။ ဒါဆိုဘာလုပ်ရမည်နည်း။

ဒီလိုနှင့် သင်္ကြန်ကျဖို့က တစ်ရက်ထက် တစ်ရက်ပိုကာ နီးကပ်လာပြီ။ မနက်ဖြန်၊ သန်ဘက်ဆိုလျှင်ပင် အား လုံးမျှော်နေခဲ့ကြသော သင်္ကြန်သို့ ရောက်တော့မည်။ ထိုအခါကျမှ စိတ်ကို ဒုန်းဒုန်းချမိတော့၏။ အခြားတော့ မဟုတ်ပါ။ ရေးလက်စ,စာလေးများအား ဆက်ရေးရင်း၊ ရုပ်ရှင်ကြည့် သီချင်းနားထောင်ရင်း အိမ်မှာနေဖို့ပင်ဖြစ်ပါသည်။ ပြီးတော့ စာရေးချင်စိတ် ပျောက်သွားသည့် အ ချိန်အခါများမှာ လမ်းထိပ်ထွက်ပြီး သင်္ကြန်အတွင်းမှာဖွင့်မည့် လမ်းဘေးလက်ဖက်ရည် ဆိုင်လေးတွေထဲမှာ သွားထိုင်မည်။ ထိုင်ရင်း သူများတွေပျော်နေကြသော သင်္ကြန်ကို ကူးစက်ခံစားဖို့ပင်ဖြစ်ပါသည်။

~~~~~@@@~~~~~ 
အကယ်၍ ပြည်တွင်းပြည်ပမှ စာဖတ်သူမောင်နှမများအနေဖြင့် သင်္ကြန်အတွင်းမှာ ဖြစ်ပျက်နေမည့် ကျွန် တော့်ပုံစံကို မြင်ယောင် ကြည့်မည်ဆိုလျှင် ကျွန်တော်ပြောပြပါ့မည်။ လမ်းဘေးလက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်ထဲမှာ လမ်းပေါ်ကလူတွေ ပျော်ရွှင်နေကြ တာကို ရေမစို့တစ်စိုအ၀တ်အစားများဖြင့် ထိုင်ငေးနေမည့် မျက်မှန်ထူထူ၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတို့ဖြင့် ပိန်ပိန်ညောင်ညောင် ကုပ်ချောင်းချောင်းလူတစ်ယောက်မှာ စာဖတ်သူမောင်နှမများအား အစဉ်လေးစားချစ်ခင်နေမည့် ကျွန်တော် ~ဏီလင်းညို~ပင် ဖြစ် ပါကြောင်း။     ။

~~~~~@@@~~~~~
=======================================================================
(အားလုံး နှစ်သစ်မှာ စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာစွာ ရှိကြပါစေလို့ ဒီပို့စ်လေးနဲ့အတူ ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်ခင်ဗျာ။)
=======================================================================

ချစ်ခြင်းအားဖြင့်.....
~ဏီလင်းညို~
၁၀၊ ဧပြီ၊ ၂၀၁၂
အင်္ဂါနေ့
ရန်ကုန်-မြန်မာပြည်။
(ကျွန်တော်နှင့် ၂၀၁၂-သင်္ကြန်)

Thursday, March 22, 2012

ကျွန်တော်နှင့် သရက်သီးသုပ်

         
          တစ်ခုသောမနက် အမေဈေးမှပြန်လာစဉ် ဘာရယ်မဟုတ်ပဲ ဆွဲခြင်းတောင်းထဲသို့ ကျွန်တော်လှမ်းကြည့်မိ၏။ အမေ့ဈေးခြင်းတောင်းထဲမှာ အခြားသောပစ္စည်းများနှင့်အတူ ကျွန်တော်တွေ့လိုက်ရတာကအလုံး သိပ်မကြီးသေးသော သရက် သီးစိမ်းစိမ်းလေးများ....။ ကြည့်ရတာ အထဲမှအစေ့များပင် ရင့်မည့်ပုံမပေါ်တတ် သေး။
         “သရက်သီးတွေ ပေါ်နေပြီလားဗျ”
         “အေးဟဲ့၊ ဒီနေ့ဈေးထဲမှာ တွေ့လို့ အမေ၀ယ်လာတာလေ။ တို့စရာလုပ်ရအောင်လို့”
         အမေက ကျွန်တော့်အမေးကိုဖြေရင်း မီးဖိုချောင်ဘက်သို့ တန်းသွားသည်။ နွေဦးရာသီရောက်ခဲ့ပြီမို့ မြန်မာပြည်မှာ သရက်သီးစိမ်းလေးများကို နောက်ပိုင်းမှာ မကြာမကြာတွေ့ရတော့မည်ဟု ကျွန်တော်တွေးမိပါသည်။ သရက်သီးများအကြောင်းတွေး မိတော့ ၂၀၁၀ခုနှစ်အထိ ကျွန်တော်နေထိုင်ခဲ့ဖူးသော မလေးရှားနိုင်ငံ၊ မလက္ကာမြို့လေးမှ ကြုံခဲ့ဖူးသော အဖြစ်အပျက်တစ်ခု ကို ပြန်သတိရမိလာ၏။ ထိုအခါ ကျွန်တော့်နှုတ်ခမ်းများ ခပ်တွန့်တွန့်ဖြစ်ကာ ပြုံးမိသွားရပါ၏။
         ထိုစဉ်တုန်းက....။

~~~~~@@@~~~~~

         ကျွန်တော့်စိတ်ထင် ၂၀၀၈ခုနှစ်လောက်က ထင်ပါသည်။ တစ်ရက် အလုပ်မှပြန်ချိန်တွင် ထုံးစံအတိုင်း ကျွန်တော်နောက်ကျနေခဲ့၏။ သာမာန်အလုပ်ဆင်းချိန်မှာ ညရှစ်နာရီကျော်ကျော်ဖြစ်သော်လည်း မပြန်ခင် အလုပ်ထဲမှလူများနှင့် အ လုပ်ကိစ္စအကြောင်း မဖြစ်မနေပြောရမြဲမို့ ကျွန်တော့်ရဲ့ပြန်ချိန်က အခြားသူများထက် အမြဲလိုလို နောက်ကျရခြင်းသာ ဖြစ်ပါသည်။ ထို့အတွက် အပြန်တွင် ကျွန်တော်နေသောအိမ်မှ တစ်ဦး မဟုတ်တစ်ဦးက ကျွန်တော့်ကိုစောင့်တတ်မြဲ။
         ထိုနေ့က ကျွန်တော်စက်ရုံအပြင်ဘက်သို့ရောက်ခဲ့တော့ မိုးကလေးက တစ်ဖြောက်နှစ်ဖြောက်ဆိုသလို ကျဆင်းလာခဲ့၏။ စက် ရုံအရှေ့မှာ ဘယ်သူမှမရှိကြတော့။ သို့သော် ထီးတစ်ချောင်းဖြင့် ကျွန်တော့်အား စိတ်ရှည်လက်ရှည်ရပ်စောင့်နေခဲ့သော အိမ်မှာအ တူနေသည့် သူငယ်ချင်းညီလေးတစ်ယောက်ကို တွေ့ရ၏။ သူ့နာမည်က မင်းနိုင်။
         ကျွန်တော့်မှာ ထီးမပါတာမို့ သူ့ထီးအောက်ကိုလှမ်းဝင်ရင်း...
         “ဆောရီးကွာ၊ အစ်ကို့ကိုစောင့်နေရတာ ကြာပြီလား”
         “မကြာသေးပါဘူးဗျာ၊ ဆယ့်ငါးမိနစ်လောက်ပဲ ရှိပါသေးတယ်”
         တကယ်တော့ ဆယ့်ငါးမိနစ်မကမှန်း ကျွန်တော်သိပါသည်။ အလုပ်ဆင်းဆင်းခြင်းသာ ဒီကောင်လေး အိမ်တန်းပြန်မည်ဆိုပါ က အခုအချိန်ဆို အိမ်ရောက်လို့ အင်္ကျီတောင် လဲပြီးနေလောက်ပြီ။ မစောင့်ကြပါနဲ့ဟု ကျွန်တော်ကပြောသော်လည်း မရပါ။ လူ ရှင်းသောလမ်းမှာ ညဘက်တစ်ယောက်တည်း ပြန်လာရမည့် ကျွန် တော့်ကို သူတို့စိတ်မချတာကြောင့်သာ ဖြစ်ပါသည်။ (ဟုတ် သည်လေ၊ ကျွန်တော်ဆိုသည့် ကျွန်တော်က လေတိုက်လျှင်တောင် လဲသွားမည့် ခန္ဓာကိုယ်နှင့်ကိုး။)
         “ဒီည မိုးကောင်းကောင်းရွာမယ်ထင်တယ်ကွ”
         “ဟုတ်တယ်... အစ်ကို၊ အိမ်ရောက်ရင် ကျွန်တော်တို့ ကစ်ကြရအောင်”
         မင်းနိုင်က ထီးကိုကိုင်မြှောက်ကာ ကျွန်တော့်ကိုပြန်ပြောရင်း လက်မထောင်ကာ ပါးစပ်ရှေ့တွင် မော့ပြီးသောက်သည့် ပုံစံ လုပ်ပြ၏။ ဒါကလည်း သူတို့အကျင့်များစွာထဲကတစ်ခု။ ဘာလုပ်လုပ် ကျွန်တော့်ကို သေ ဖော်သေဖက် ညှိချင်ကြတာပဲ ဖြစ်၏။ ပြီးတော့ မိုးရွာရင် သောက်ချင်ကြတာကထုံးစံ။ (ကျွန်တော်တို့ကတော့ မိုးမရွာလည်း အကြောင်းမရှိအကြောင်းရှာကာ သောက်ချင်ေ သာက်တတ်ကြပါသေး၏။)
         ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တော့ မင်းနိုင်ရဲ့မျက်လုံးတွေထဲမှာ ပျော်ရွှင်သွားမှုက အထင်းသား။ နှစ် ယောက်သား စကား တပြောပြောဖြင့် တိတ်ဆိတ်နေခဲ့သော လမ်းအတိုင်းခပ်အေးအေး လျှောက်လာခဲ့ကြ၏။ စက်ရုံကနေ အိမ်ကို ဆယ့်ငါးမိနစ်လောက် သာ လမ်းလျှောက်ရပါသည်။
         ကျွန်တော်တို့စက်ရုံမှာ စက်မှုဇုံလိုနေရာမျိုးမှာရှိတာမို့ လမ်းဘေးတစ်ဘဖက်တစ်ချက်စီတွင် စက်ရုံများသာ ရှိပါသည်။ ကျွန်ေ တ်ာတို့စက်ရုံမှထွက်ကာ တစ်ဖက်ကားလမ်းကူးလိုက်လျှင် Panasonic စက်ရုံရှေ့ ရောက်၏။ သူတို့စက်ရုံဝင်းမှာ တော်တော်ကျယ်၏။ Panasonic ပြီးတော့ Maxell စက်ရုံ။ Maxell စက်ရုံပြီးခဲ့ တော့ Omega စက်ရုံ။
         ထို Omega စက်ရုံပြီးနောက် လမ်းသွယ်လေးတစ်ခုကို ချိုးလိုက်လျှင် မီးပွိုင့်တစ်ခုသို့ရောက်မည်။ ထို မီးပွိုင့်ကို ဖြတ်ကျော် လိုက်လျှင်တော့ ကျွန်တော်တို့နေသော တိုက်ခန်းများရှိရာဆီသို့ ရောက်မည်သာဖြစ်၏။ မီးပွိုင့်ရှိသော ထိုကားလမ်းမမှာ မလက္ကာမြို့ တွင်းရှိ အထင်ကရဖြစ်သော လမ်းတစ်လမ်းသာ ဖြစ်ပါသည်။
         စောစောက ပြောပြခဲ့သော Omega စက်ရုံဘေးနားတွင် သံဇကာကွက်များဖြင့် ခြံခတ်ထားသော မြေကွက်သေးသေးလေး တစ်ကွက် ရှိပါသည်။ ထိုမြေကွက်သေးသေးလေးထဲမှာ သရက်ပင်ပျိုလေးတစ်ပင်ရှိ၏။ ပေါက်နေခဲ့တာကလည်း တကယ့်ကိုနေ ရာကောင်း။ ခြံစည်းရိုးနှင့်ကပ်ကာ ပလက်ဖောင်းဘက်နှင့် နီးကပ်စွာပင်ဖြစ်၏။ သရက်ပင်လေး၏အနားတွင်တော့ Omega စက် ရုံကြီး၏ နောက်ဖက်အုတ်တံတိုင်းအမြင့်ကြီးရှိနေခဲ့လေသည်။
         ကျွန်တော်နှင့်မင်းနိုင်တို့နှစ်ယောက်သား ထိုနေရာလေးသို့ရောက်ခါနီးတွင် ဘာရယ်မဟုတ်ပဲ...
         “အိမ်မှာ သရက်သီးသုပ်နဲ့ မြည်းရရင်ကောင်းမယ်ကွနော်။ သရက်သီးသုပ် မစားရတာကြာပြီ”
         “ဟာ.. ဟုတ်တယ်.. အစ်ကို၊ ဒါဆို ရှေ့နားကအပင်ရောက်ရင် ခူးရအောင်။ မနက်အလုပ်လာတုန်းက ကျွန်တော် တွေ့ထား တယ်”
         “အေး... ဒါဆိုပြီးရော”
         မလေးရှားနိုင်ငံမှာ တစ်နှစ်ပတ်လုံး မိုးရွာလိုက်၊ နေပူလိုက်ဖြင့် ပူအိုက်စွတ်စိုသော ရာသီဥတုမို့လား မ ပြောတတ်၊ သရက်သီး များ အမြဲလိုလိုသီးတတ်ပါသည်။ ထိုသရက်ပင်လေးမှာလည်း တော်တော်လေးသီး၏။ သီးသမျှ အလုံးများသည်လည်း ကျွန်တော် တို့မြန်မာတစ်သိုက်၏လက်ချက်ဖြင့် ဘယ်တော့မှ ကြီးရင့်သည့်အထိ မနေရရှာပါ။ ငယ်နုစဉ် ဘ၀မှာပင် အာခံတွင်းထဲ သက်ဆင်းကြ ရရှာသည်သာ။
         သရက်ပင်နားရောက်တော့ မင်းနိုင်က သူ့လက်ထဲမှထီးကို ကျွန်တော့်အား ကမ်းပေး၏။ ကျွန်တော် လှမ်းယူလိုက်ရသည်။ သူက သရက်သီးခူးမည့်သူကိုး.....။ ထိုကဲ့သို့နေရာမျိုးတွေမှာ အဖြစ်မရှိလှသော ကျွန် တော်က ဒါလောက်တော့ လုပ်ပေးသင့်သည် မဟုတ်ပါလားလေ။
         မိုးကလေးက တဖြောက်ဖြောက်။
        အလင်းသိပ်မရှိသော ထိုနေရာလေးမှာ သူနှင့်ကျွန်တော် နှစ်ယောက်ထဲ။ ပြီးတော့ သံဇကာ ခြံဝင်းအတွင်းမှ သရက်ပင်လေး ရယ်၊ သူ့ဘေးနားက Omega စက်ရုံရဲ့ အုတ်တံတိုင်းမြင့်မြင့်ကြီးရယ်။
        “ဟာဗျာ။ မနက်တုန်းက ကျွန်တော်တွေ့ထားတဲ့ အလုံးတွေ ဘယ်ခွေးသူတောင်းစားတွေ လက်ဦးသွား ပြီလဲမသိဘူး။ မတွေ့ေ တာ့ဘူး အစ်ကိုရ”
         “ဟေ... ဟုတ်လားကွ”
         “ဟုတ်တယ်အစ်ကို၊ မနက်တုန်းက ကျွန်တော်တွေ့တာ သိပ်မမြင့်တဲ့ ဒီအကိုင်းလေးမှာ၊ သုံးလုံးဗျ”
         သူပြသည့်နေရာလေးက ထီးကောက်ဖြင့် လှမ်းဆွဲလို့ရသည့်နေရာမှ အကိုင်းလေး။ အေးလေ။ အခြားခန်းမှာလည်း ကျွန်တော် တို့ ကိုရွှေမြန်မာများက ရှိသေးသကိုး။ သူတို့လည်း စားချင်ရှာလို့ ဦးအောင်အလစ် သုတ်သွားတာနေမှာပေါ့ဟု..... စိတ်ထဲ မှ ဖြေတွေးတွေးမိသည်။
         ကျွန်တော်ကသာ ဖြေတွေးတွေးမိသော်လည်း မင်းနိုင်က ဖြေနိုင်ဟန်မတူပါ။ ကြည့်ရတာ သရက်သီးသုပ်ကို အမြည်းလုပ် ပြီး သောက်ဖို့ တော်တော်လေး စိတ်ကူးယဉ်ထားပုံတောင် ရသည်။ ကြိတ်မနိုင် ခဲမရ လေသံဖြင့် ကျွန်တော့်ကိုပြော၏။
         “အပေါ်မှာ ရှိသေးတယ်အစ်ကိုရ၊ ဒါပေမယ့် တက်လို့မရတော့ အောက်ကနေပြီး ဖိနပ်နဲ့ပစ်မယ်”
         “ဒါဆိုလည်း ချကွာ”
         ကျွန်တော်ကလည်း ကျွန်တော်။ အမြောက်အပင့်မှာ ဆရာတစ်ဆူပင် တင်ထိုက်သူမဟုတ်ပါလား။
       ပြီးတော့ ကိုယ်တိုင်ကလည်း သရက်သီးကို ငံပြာရည်လေး၊ ငရုပ်သီးမှုန့်လေးနှင့်သုပ်ပြီး မိုးအေးအေးမှာ ခပ်စပ်စပ်လေး စား ချင်နေတာက အမှန်ပင်။
         မင်းနိုင်က သူ့ကွင်းထိုးဖိနပ်တစ်ဖက်ကို ချွတ်၏။ ပြီးတော့ ခပ်မြင့်မြင့်မှာရှိသည့် သရက်သီးတွဲဆီသို့ မျက်စိတစ်ဖက်မှိတ်ပြီး အမှန်အကန်ချိန်ကာ ၀ှီးခ,နဲ လှမ်းပစ်သည်။
         ဖုတ်ခ,နဲ ပြန်ပြုတ်ကျလာသည်။ သရက်သီးတော့ မဟုတ်၊ သူ့ဖိနပ်သာ ဖြစ်၏။ သေချာချိန်ပြီးပစ်တာ တောင်မှ မထိတာမို့ မင်းနိုင်ခမြာ တင်းသွားရှာသည်။ ပါးစပ်မှဆဲရင်း သူ့ဖိနပ်ကို သွားပြန်ကောက်ကာ ထိုနေရာသို့ပင်ချိန်ပြီး ထပ်ပစ်သည်။ ဒီတစ်ခါတော့ ထိသွားတာ ကျွန်တော်တွေ့လိုက်ရ၏။ သရက်သီးအခိုင်လေး လှုပ်ယမ်းသွားတာမို့ ဖြစ်၏။ သို့သော်............ အားပျော့သွားတာေ ကြာင့် ကြွေကျမလာခဲ့။ သူ့ဖိနပ်သာ ဖုတ်ခ,နဲမြည် သံဖြင့် မြေပေါ်ပြန်ကျလာပြန်လေသည်။
         ဒါကို မင်းနိုင်က ပိုပြီးတင်းသွားဟန်တူ၏။ ‘အောင်မာ... ငါ့ကိုများ ဘာမှတ်နေလို့တုန်း’..ဟု သရက်သီး အခိုင်လေးအား လူတစ်ယောက်ကိုပြောသည့်နှယ် အံကြိတ်ရင်း ကြိမ်းမောင်းကာ ဖိနပ်ကိုသွားပြန်ကောက်ပြီး တော့ ထပ်ပစ်ပြန်၏။ ကျွန်တော် ကေ တာ့ ပြန်ကျလာမည့် ဖိနပ်ရန်၊ ပြုတ်ကျလာမည့် သရက်သီးဒဏ်ကို ထီး ဖြင့် ကာဗာယူထားပြီး မင်းနိုင်ရဲ့အနားမှာ ခပ်ကုပ်ကုပ်ရပ် လို့။
         ဒီတစ်ခါမှာတော့ အောင်မြင်သွား၏။ ဖုတ်ခနဲ၊ ဖုတ်ခနဲကြွေကျလာသော သရက်သီးအသံများကိုကြား လိုက်ရတာမို့ ထီး ကလေးဆောင်းရင်း သရက်သီးကြွေများအား ၀မ်းသာအားရစွာဖြင့် အူယားဖားယား ကျွန် တော်လိုက်ကောက်မိသည်။ သုံးလုံးေ တာင်မို့ ထက်မပစ်တော့ဖို့ ကျွန်တော်ပြောရန်ပြင်ဆဲခဏ...
         “အစ်ကို”
         “ဟေ... ဘာတုန်းဟ”
         “ကျွန်တော့်ဖိနပ်လေ... Omega ၀င်းထဲကို ကျသွားပြီ”
         “ဟေ”
         ရုတ်တရက် ကျွန်တော်ဘာပြန်ပြောရမှန်းတောင် မသိတော့။ ‘ဟေ’တစ်လုံးသာ ထွက်နိုင်တော့၏။
        မင်းနိုင်ခမြာမှာလည်း သူကိုယ်တိုင်လုပ်လိုက်တာမို့ ဘယ်သူ့ကိုမှလဲ အပြစ်တင်လို့မရ၊ ဒေါသကလည်း ထွက်ဆိုသည့် မျက်နှာထားမျိုးဖြင့် ခပ်အိုအို။
         ပြီးတော့မှ တစ်ခုခုကို ဆုံးဖြတ်လိုက်သလို လေသံမျိုးဖြင့်....
         “မထူးတော့ပါဘူး အစ်ကိုရာ”
         ဟုပြောပြီး ကျန်သည့် ဖိနပ်တစ်ဖက်ကိုပါ ကုန်းချွတ်၏။ နောက် သရက်ပင်ကိုပစ်တာ မဟုတ်ပဲ Omega ၀င်းအတွင်းသို့ ဒီအတိုင်း(ဘလိုင်းကြီး) လွှင့်ပစ်ထည့်လိုက်လေတော့သည်။ ကျွန်တော့်မှာတော့ ပါး စပ်အဟောင်းသားရယ်နှင့်.....။
         နောက်... မင်းနိုင်ခမြာ ခြေဗလာကြီးနှင့် အိမ်သို့ပြန်ခဲ့ရတော့၏။ ကျွန်တော်တို့နေသော တိုက်ခန်းများ အောက်ရှိနေရာ တစ်ဝိုက်မှာ လူစည်ကားလှသောနေရာတစ်ခုဖြစ်တာမို့ သူ့ရဲ့မျက်နှာထားက ရှက်ရွံ့စိတ် ကြောင့်လားတော့မသိ၊ ခပ်နီနီဖြင့်။
         ကျွန်တော်ကတော့ သရက်သီးသုပ် စားချင်သည်ဟု... အစဖော်မိသူမို့ သူအပြစ်မတင်သော်လည်း အ နေရခက်စွာဖြင့် မသိချင်ယောင်ပဲ ဆောင်ရနိုးနိုး မျက်နှာထားဖြင့်။

~~~~~@@@~~~~~

         အိမ်ပြန်ရောက်တော့ သရက်သီးစိမ်းကို ဓားဖြင့် ခပ်ပါးပါးလေးတွေလှီး၏။ နောက်ပန်းကန်တစ်ခု ထဲမှာ လှီးပြီးသားသရက်သီးတွေထည့်၊ အပေါ်က ငံပြာရည်နည်းနည်းထည့်၊ သကြားလေးနည်းနည်းထည့်၊ ဘုတ်ဆုံမလား၊ အိမ်ရှင်မလား ကျွန်တော်မမှတ်မိတော့သည့်တံဆိပ်နှင့် ငရုပ်သီးကြတ်မှုန့်လေးနည်းနည်းဖြူး၊ အချိုမှုန့်လေးနည်းနည်းထည့်ပြီးတော့နယ်သည်။
         နောက်တော့ ကျွန်တော်တို့ရဲ့သောက်တဲ့ဝိုင်းအလယ်မှာ သရက်သီးသုပ်ပန်းကန်လေးက မွှေးပျံ့စွာ ဖြင့် စားချင်စဖွယ်။ ထို့ကြောင့် အိမ်ရှိလူအကုန်လုံးက သောက်ရင်း အခြားအမြည်းများထက် သရက်သီးသုပ်ကို ပိုပြီးအားပေးကြ၏။ သရက်သီး သုပ်ပန်းကန်မှာ လက်တွေအဖြတ်အသန်းများလွန်းတာမို့ မီးပွိုင့်တောင် တပ်ပေးထားရမလိုပင်။
         ဒါကို မင်းနိုင်ကကြည့်ပြီး အောက်သိုးသိုးလေသံဖြင့်....
         “စားကြ၊ စားကြ...၊ အဲ့ဒီသရက်သီးတွေက သုံးဆယ့်ခြောက်ကျပ်တောင်တန်တယ်”
         ဟုပြော၏။ ကျွန်တော်က အကြောင်းသိတာမို့ ရယ်ကျဲကျဲမျက်နှာထားဖြင့် ရှိနေခဲ့သော်လည်း အရိပ်သုံးပါးနှင့် အကြောင်းအ ရင်းကိုမသိသော အိမ်မှလူများက...
        “မင်းဟာကလည်းကွာ၊ သရက်သီးများ သုံးဆယ့်ခြောက်ကျပ်ပေးရတယ်လို့ မကြားဖူးပေါင်၊ နှစ်ကျပ်ဖိုး လောက်ဆို စား ပါလေ့”
        “ဟေ့ယောင်... မင်းနိုင်ရာ...လာဖောမနေစမ်းပါနဲ့။ သုံးခါဖောရင် ရှောတတ်တယ်ကွ”...
         “အေးလေကွာ... မင်းနိုင်ကလဲ”
         “မင်းတို့မသိပဲ ဘာမှ လာပြီးအီးပေါက်မနေနဲ့၊ သုံးဆယ့်ခြောက်ကျပ်ဆို၊ သုံးဆယ့်ခြောက်ကျပ်ပဲ”
         မင်းနိုင်က ခပ်တင်းတင်းလေသံဖြင့် ပြန်ပြောလေ၏။ (အီးပေါက်သည်ဆိုသောစကားမှာ... သူတို့တွေ ကြားထဲတွင် တော်ေ တ်ာလေးခေတ်စားပါသည်။)
         တစ်ယောက်တစ်ပေါက်ဖြင့် အရက်ဝိုင်းက နည်းနည်းဆူညံချင်လာ၏။ ထို့ကြောင့် ကျွန်တော်ကထ,ပြီး အားလုံး ကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်ရလေတော့သည်။ ကျွန်တော့်စကားအဆုံးမှာတော့ အားလုံးရယ် လိုက်ကြတာ တော်တော်နှင့်မ ရပ်ကြ။ မင်းနိုင်လည်း အောင့်သီးအောင့်သက်ဟန်မျိုးဖြင့် တဟိဟိ လိုက်ရယ် လေတော့၏။ သို့သော် မျက်နှာကတော့ သရက်သီး သုံးလုံးအတွက် စွန့်လွှတ်လိုက်ရသော သူ့ဖိနပ်အပေါ် နှ မြောတသ, သုံးကြိမ်ရွတ်ဆိုနေဟန်က အထင်းသားပင်။
        အေးလေ၊ မင်းနိုင်ဆိုတာ ကျွန်တော်တို့တစ်အိမ်လုံးမှာ ကပ်စေးအနည်းဆုံး ချာတိတ်ကိုး။ အသုံးအစွဲ ကလည်း ဘာချွေတာ သလဲမမေးနဲ့။ ပြီးတော့ သရက်သီးပစ်ရင်း Omega စက်ရုံဝင်းထဲ ကျသွားရသည့်သူ့ရဲ့ ကွင်းထိုးဖိနပ်က ၀ယ်တာနှစ်ရက်လောက်ပဲ ရှိသေးတဲ့ အသစ်စက်စက်နီးပါးကြီး။ ကော်ဖီတစ်ခွက်မှ ရင်းဂစ် တစ်ကျပ်လောက်ပဲပေးရတဲ့မလေးရှားမှာ ရင်းဂစ် သုံးဆယ့်ခြောက် ကျပ်တန်ဖိနပ်အသစ်ကြီး သရက်သီးပစ်ရင်းဆုံးသွားတယ်ဆိုတော့ သူ့ခမြာ တော်တော်နဲ့ကို မဖြေနိုင်တော့တာ အဆန်းတ ကြယ် ဖြစ်ရပ်မှမဟုတ် ခဲ့လေတာဟု... ကျွန်တော်တွေးမိလိုက်ပါတော့သည်။

~~~~~@@@~~~~~

         ဒီအဖြစ်အပျက်လေးကို အခု မြန်မာပြည်သို့ပြန်ရောက်နေခဲ့ပြီဖြစ်သော်လည်း သရက်သီးလေးများကို မြင်ခိုက် ကျွန်တော် သတိရမိသွားတာ အမှန်ပင်။  နောင်တွင်လည်း ဘယ်နေရာ ဘယ်ဒေသကိုပဲရောက်နေ၊ ရောက်နေ ... သရက်သီးကလေးများကိုမြင် ခိုက် ကျွန်တော်သတိရနေမိဦးမလား....ဟူ၍ တွေးရင်းဖြင့်သာ...။           ။

====================================================
ဘ၀တစ်ကွေ့မှာ ခဏဆုံဖူးခဲ့တဲ့ Hostel No. C. 2-2 မှ သူငယ်ချင်းများအတွက် အမှတ်တရ။
====================================================

ချစ်ခြင်းအားဖြင့်...
~ဏီလင်းညို~

Monday, March 12, 2012

Goodbye To Romance



သီချင်းလေးတစ်ပုဒ် စမ်းတင်ကြည့်တာပါ။
ကျွန်တော် အကြိုက်ဆုံး သီချင်းတွေထဲက တစ်ပုဒ်ပေါ့ဗျာ။
မောင်နှမတွေအားလုံးကိုလည်း သတိတရရှိနေပါတယ်....။ သီချင်းလေးကို ခံစားကြည့်ကြပါဦးဗျာ....။

=========================
ချစ်ခြင်းအားဖြင့်...
~ဏီလင်းညို~

Friday, January 21, 2011

ကောင်းကင်များရဲ့အထုပ္ပတ္တိ (ငြိတွယ်...)

အဲ့ဒီညက...
အိမ်အပြင်ဘက်မှာ လ,မသာခဲ့ဘူး......
မြူနှင်းတွေကတော့....ဝေ့ဝေ့၀ဲဝဲနိုင်လို့ရယ်....။

အိမ်အတွင်းမှာတော့.....
ဆောင်းညရဲ့ အေးစက်တဲ့လက်တံတွေ...
ပြိုလဲကာ....ယိုင်နဲ့နေခဲ့ကြရတယ်....
နွေးထွေးမှုတွေက အသင်္ချေနဲ့မို့....။

အဝေးကပြန်ရောက်လာတဲ့ ငါ့သား...
ရေအရင်ချိုးမလား......၊ ထမင်းအရင်စားမလား...
တက်ကြွနေခဲ့တဲ့ အမေ့ရဲ့အသံ.....
ကျွန်တော်သိတယ်....အမေ....
အမေသိပ်ပျော်နေခဲ့တယ်.....။
အမေ့မျက်လုံးလေးတွေက....
ကောင်းကင်က ကြယ်ပွင့်လေးတွေလို......
တဖျတ်ဖျတ်နဲ့ လင်းလက်နေခဲ့လို့....။

ဟိုမှာ ရာသီဥတုဘယ်လိုတုန်း.....။
ငါ့သားလေးက ပင်ပန်းလာခဲ့တာ...
သူ့ကို မနှောက်ယှက်ကြနဲ့.....။
ဒီည သားကြိုက်တဲ့ငါးရံ့ဆီပြန်ဟင်းချက်ထားတယ်....။
သြော် ဒါက အမေ့အတွက်ဝယ်လာတာတဲ့လား.......
ဒီလိုဆိုတော့လည်း ငါ့သားက အမေ့အကြိုက်သိသားပဲ....။
အမေနေကောင်းတယ် စိတ်မပူနဲ့..
မင့်ကိုသာ အမေကစိတ်ပူနေတာ...။
စကားမစပ်လေ....
အဲ့ဒီမင်းသားအသစ်က ငါ့သားလေးလောက်တောင်မချောဘူး.....။
သားသိအောင် အမေပြောပြရဦးမယ်....
သားပြန်လာအောင်ရည်မှန်းပြီး အမေခဏခဏအဓိဌာန်ဝင်တယ်.... ။
အမေ့စကားသံတွေက ရွှန်းရွှန်းဝေ....
သို့ပေမယ့်.....
အမေ့ရဲ့ ဟန်ပန်ကချည့်နဲ့နေ....။

ဒီည အမေသိပ်စကားများနေတယ်ရယ်...လို့....
မိသားစုက ၀ိုင်းကျီစယ်စကားဆိုကြတော့.....
အမေက အပြုံးမျက်စောင်းနဲ့တုန့်ပြန်တယ်...။
ပြီးတော့ပြောတယ်....
ငါ့သားလေး.....ပြန်ရောက်လာတာကိုးဟဲ့....တဲ့...။

ရှင်သန်နေထိုင်ခဲ့ရာ......
မြို့ကြီးပြကြီးနဲ့....
အဆောင်အယောင်အားလုံးကို.....
လွှတ်ချ၊ ကျောခိုင်းပစ်ခဲ့တဲ့ ကျွန်တော်.....
အမေ့မျက်ဝန်းတွေနဲ့ အကြည့်ချင်းဆုံတဲ့ခဏမှာ....
အမေ့အနားနားကပ်ပြီး.....
ကျွန်တော့်ကို သိပ်ချစ်တာပဲလားအမေရယ်...လို့....
ခပ်တိုးတိုးမေးလိုက်မိတော့....
အမေက ငိုတယ်.....။

ပြီးတော့.....
ကျွန်တော့်ကို ခပ်တင်းတင်းဖက်တွယ်ပြီး...
တုန်ယင်တဲ့လေသံနဲ့ ဆိုလေတယ်....။
“သားရယ်......
သိပ်လွမ်းခဲ့ရတယ်......
နောက်တစ်ခါ အဝေးကြီးမသွားပါနဲ့တော့နော်...
အမေတို့က အသက်ကြီးခဲ့ပြီ”.......တဲ့လေ....။ ။

===================================================
ချစ်ခြင်းအားဖြင့်....
ဏီလင်းညို
၎၊ ဇန်န၀ါရီလ၊ ၂၀၁၁
ကြာသာပတေးနေ့ (လွပ်လပ်ရေးနေ့)
နံနက် ၀၀း၄၅ နာရီ။
(မြန်မာပြည်)
ငြိတွယ်....

===================================================

ကိုရင်ညိန်းစီစဉ်တဲ့ ၁၉၊ ၀၁၊ ၂၀၁၁ ရက်နေ့(ပြာသိုလပြသိုလပြည့်နေ့)မှာကျရောက်ခဲ့သော အမေများနေ့အတွက် ကဗျာစာအုပ်လေးထဲက ကျွန်တော်ရေးထားတဲ့ ကဗျာလေးပါ..။ ပုံတွေနဲ့ လင့်ခ်တွေနဲ့ တင်ချင်ပေမယ့်လည်း...အဆင်မပြေဖြစ်နေလို့....ဒီအတိုင်းပဲ အလွမ်းပြေတင်မိလိုက်ပါတယ်...။

ပါဝင်.. ရေးသားသူများ ကတော့...

ကောင်းကင်ကို၊ ကျော်ညိုသွေး၊ ခန့်နေ၊ ငြိမ်းစိုးဦး၊ ဆောင်းယွန်းလ၊ ညိမ်းညို၊ တောကျောင်းဆရာ၊ တင့်ထူးရွှေ၊ ထွန်းတောက်နေ၊ ဏီလင်းညို၊ ပန်ဒိုရာ၊ ဗသားချော၊ ဗညားရှိန် (ခ) လင်းခေတ်ဒီနို၊ မိုးမြင့်တိမ်၊ မိုးလှိုင်ည၊ မင်းယွန်း၊ မင်းသုခ၊ မောင်ခင်လေး၊ မောင်ဖုန်းမြင့်၊ ရွှေပြည်သူ၊ ရွှန်းမီ၊ သင်ကာ၊ ဟန်သစ်ငြိမ်၊ ဟယ်ရီလွင်၊ အမရာ၊ ဧဏီမင်း၊ အိုင်လွယ်ပန်၊ အိန္ဒြာ တို့ပဲဖြစ်ပါတယ်။

ကျွန်တော်ရေးတဲ့ ကဗျာလေးကို သရုပ်ဖော်ပုံဆွဲထားပေးတဲ့ မပန်နဲ့ စီစဉ်ခဲ့တဲ့ ကျေးဇူးတင်ထိုက်သူအားလုံးအား...ခင်မင်လေးစားစွာကျေးဇူးတင်လျှက်ပါ။

အောက်ကလင့်ခ်ကလေးကိုသွားပြီး တစ်အုပ်လုံးကို...ဒေါင်းဖတ်နိုင်ပါတယ်.။
ကျွန်တော်တင်ဖို့ အခက်အခဲဖြစ်နေပါ၍........:P
http://www.lynnkhitdeno.net/2011/01/blog-post_19.html


=========================================================
ချစ်ခြင်းအားဖြင့်......
ဏီလင်းညို....
၂၂ရက်၊ ဇန်န၀ါရီလ၊ ၂၀၁၁ခုနှစ်။
စနေနေ့။
နံနက် ၁၁နာရီ ၅၀မိနစ်။
(မြန်မာပြည်)

Saturday, December 25, 2010

နှုတ်ဆက်ခြင်း......

ကျွန်တော် ပြောချင်တဲ့စကားတချို့ကို....ဒီအသံဖိုင်လေးထဲမှာပြောမိထားပါတယ်......။
အားလုံးကို နှုတ်ဆက်လိုက်ပါတယ်.....။
ဏီလင်းညိုရဲ့ နှုတ်ဆက်စကား





                                            ကျွန်တော် ဏီလင်းညိုပါ......:P


==============================
ချစ်ခြင်းအားဖြင့်......
ဏီလင်းညို