Monday, October 7, 2013

အမည်များနှင့်ကျွန်တော်(ဇာတ်သိမ်း)



“မောင်ဏီ”

ခေါ်သံကြောင့် ကျွန်တော်နောက်လှည့်ကြည့်လိုက်တော့ ရုတ်တရက် လန့်တောင် သွားရသည်။

“အမလေးဗျ”
“ဟဲ့... တိုးတိုးအော်ပါကွဲ့။ သူစိမ်းမဟုတ်ပါဘူး။ အန်တီတင့်ပါ”
“အန်တီတင့်ရယ်၊ ဘယ်လို ဖြစ်လာတာတုန်းဗျာ”

သက်ပြင်းချကာ ကျွန်တော်မေးလိုက်သည်။ ဟုတ်သည်။ အန်တီတင့်ပုံစံကိုလည်း ကြည့်ကြဦး။ နေ့ခင်းကြောင်တောင် ဂုန်နီအိတ်စုတ်ကြီးခြုံကာ မျက်မှန်အမည်းကြီးတပ်လို့။ လာတာကလည်း ခိုးကြောင်ခိုးဝှက်ဖြင့် ကျွန်တော့်ခြံနောက်ဘက်အပေါက်မှနေ။

“ရုပ်ဖျက်လာတာလေ မောင်ဏီရဲ့”

ပြောပြောဆိုဆိုဖြင့် အန်တီတင့်က ကွပ်ပျစ်တွင် ၀င်ထိုင်ကာ ဂုန်နီအိတ်စုတ်ကြီးကို ချွတ်လိုက်သည်။ ထိုအခါ ကပ္ပလီမများစတိုင် ဆံပင်တု ကောက်ကောက်ဖွားဖွားကြီးကို စွပ်ထားတာ တွေ့လိုက်ရပြန်၏။ ထိုဆံပင်တုကြီး၊ မျက်မှန်မည်းကြီးနှင့်ဆိုတော့ စဉ်းသာ စဉ်းစားကြည့်ကြပါရော့။

“ဘာဖြစ်လို့ ရုပ်ဖျက်ရတာလည်း အန်တီတင့်ရယ်”
“အိမ်ကို ဧည့်သည် ခဏခဏ လာလို့လေကွယ်။ ဘလော့ဂါတွေက တီတင့်အိမ်လာလာလည်တတ်ကြလွန်းလို့ ခုမတတ်နိုင်တော့ဘူးရယ်။ အဲ့ဒါကြောင့် အခု ရုပ်ဖျက်ပြီး ပတ်ပြေးနေရတာ”
“သြော်...ဖြစ်မှ ဖြစ်ရလေ တီတင့်ရယ်”
“ဟုတ်တယ်ကွဲ့။ ပြီးခဲ့တဲ့ အပတ်ကပဲ လင်းကြယ်စင်တို့တွေ လာသွားကြသေးတာ”
“အင်း... တွေ့ဖြစ်တော့ ကောင်းတာပေါ့ တီတင့်ရယ်။ နို့ လင်းကြယ်စင်ရော ခုဘာလုပ်နေလဲ”
“တီတင့်ကို ပြောသွားတာတော့ အဓိပတိဘတ်စ်ကားလိုင်းမှာ မိန်းမစပယ်ယာဝင်လုပ်ဖို့ လကုန်ရင် အင်တာဗျူးဝင်ရမယ်ပြောတာပဲ။ အခု ညညဆိုရင် ညဥ့်နက်သန်းခေါင်အထိ လိုင်းပေါင်းစုံက မှတ်တိုင်နာမည်တွေကျက်ရင်း အင်တာဗျူးဝင်ဖြေဖို့ ပြင်နေရတယ်တဲ့။ ကားပေါ်က ခုန်တက်ခုန်ဆင်း မြန်မြန်လုပ်နိုင်အောင်လို့လည်း စွန်ဝူခုံးဆီမှာ မျောက်သိုင်း တစ်လအပြတ်တတ်ပြီး အိမ်မှာ ပြန်ပြန် ကျင့်နေရတယ်တဲ့။ စကားမစပ် ပြောရရင် သူတို့လာတဲ့နေ့က အိမ်မှာစားသွားလိုက်တာများမောင်ဏီရယ် ညစာတောင်မကျန်ဘူး။ အဲ့ဒီညက အိမ်မှာ တီတင့်တို့မိသားစု ဖြစ်သလိုပဲ ဒန်ပေါက်တွေ၊ ကြေးအိုးတွေနဲ့ ပြီးလိုက်ရတယ်”
“သြော်... တော်တော် အစားဆင်းရဲသွားရှာတာပေါ့နော် အန်တီတင့်”

အန်တီတင့်က ခေါင်းလေးငြိမ့်ကာ မျက်မှန်မည်းကြီးကို ချွတ်ရင်း...

“အဲ့ဒါကြောင့် ရုပ်ဖျက်လာတာ။ တီတင့်က ညနေကျရင် ခရီးထွက်မှာလေ။ မောင်ဏီ့ကိုလည်း နှုတ်ဆက်ချင်လို့ ၀င်လာတာ။ ပြီးတော့ ခြံထဲက ရှိသမျှအပင်တွေ အကုန်ခုတ်၊ အကုန်နှုတ်ပြီး ဧည့်နှင်ဂမုန်းတွေ တစ်ခြံလုံးအနှံ့ စိုက်ရအောင်လို့ ဦးဟန်ကြည်ကို အကူအညီလာတောင်းရင်းနဲ့ပေါ့”
“သြော်... ဦးဟန်ကြည်က ဥယျာဉ်မှူးလုပ်နေတယ်ပေါ့ ဟုတ်လား၊ တီတင့်”
“ဟုတ်တယ်ကွဲ့။ အခု သူဥယျာဉ်မှူးလုပ်ရင်း တစ်ဖက်တစ်လမ်းက ၀င်ငွေရအောင် လောက်လေးခွတွေပါ ထုတ်လုပ်ဖြန့်ချီနေတယ်လို့ ကြားတာပဲ”
“ဟင်... လောက်လေးခွ”
“ဟုတ်တယ်...၊ သူ့ရည်ရွယ်ချက်ကတော့ လူတိုင်း ကိုယ်ကြည့်မရတဲ့သူကို ဆော်နိုင်အောင်လို့ လေးခွတစ်လက် လောက်ပိုင်ဆိုင်စေချင်တဲ့ ဆန္ဒအမှန်နဲ့ဆိုပဲ။ ဈေးနှုန်းချိုချိုသာသာနဲ့ ရောင်းမယ်တဲ့ရယ်။ အဲ့...ဈေးနှုန်းချိုချိုသာ သာနဲ့ဆိုပေမယ့် ဈေးချိုတယ်လီဖုန်းတွေလို မဲမနှိုက်စေရဘူးတဲ့လေ။ လူတန်းစားမရွေး လောက်လေးဂွ ကိုင်နိုင်အောင်လို့ ခေတ်မီနည်းပညာတွေနဲ့ ကြိုးစားနေတယ်လို့ သိရတာပဲ။ တီဗီကြော်ငြာကိုတောင်မှ မယ်ဘွဲ့ရထားတဲ့ နန်းခင်ဇဝေဇ၀ါနဲ့ ရိုက်မယ်ဆိုလားပဲကွဲ့။ ဒါနဲ့ ခုတလော ဦးဟန်ကြည် ဘယ်လိုအိပ်သလဲဆိုတာ မောင်ဏီ သိပြီးသွားပြီလား”
“ဟင့်အင်း... မသိသေးဘူးတီတင့်ရဲ့။ ကျွန်တော်နဲ့ မတွေ့ဖြစ်သေးလို့ရယ်”
“ဒါဆိုလည်း မောင်ဏီသိအောင် ဖောက်သည်ချသွားရဦးမယ်။ ဦးဟန်ကြည်က အခုအိပ်ရင် မတ်တပ်အိပ်တာတဲ့ တော်ရေ့”
“ဗျာ... ထူးထူးဆန်းဆန်းပါလား တီတင့်ရယ်။ ဟုတ်မှ ဟုတ်ရဲ့လားဗျာ”
“သြော်... တီတင့်က မောင်ဏီ့ကို မကြီးမငယ်နဲ့ ညာပြောပါ့မလားဟယ်။ ဦးဟန်ကြည် မတ်တပ်အိပ်တာအမှန်ပဲ။ တခြားကြောင့်တော့ မဟုတ်ဘူး။ ခုတလော သူ့ကို ပိုပိုပြီး ၀လာတယ်လို့ မဒမ်ဟန်ကြည်က ပြောတယ်တဲ့။ အဲ့ဒီလို အပြောခံရတော့ မဒမ်ဟန်ကြည် အချစ်မပေါ့အောင် ၀ိတ်ချဖို့ကြိုးစားတဲ့ အနေနဲ့ မတ်တပ်အိပ်တာတဲ့ကွဲ့”
“၀ိတ်ချတာနဲ့ မတ်တပ်အိပ်တာက ဘာဆိုင်လို့တုန်းတီတင့်ရာ”
“အေးပေါ့... မောင်ဏီ့စိတ်ထဲမှာတော့ ညောင်ဦးကမ်းပါးပြိုတာနဲ့ ဆန်ဖရန်စစ္စကိုက နွားမပေါင်ကျိုးသလို ဘာမှမဆိုင်ဘူးလို့ တွေးမိမှာပေါ့။ ဦးဟန်ကြည်က နည်းသစ်စတင်တွေ့ရှိတာတဲ့။ လူဟာ ညပိုင်း လှဲအိပ်တာ အဆီတွေအိုင်ပြီး စုနေမယ့်သဘောမို့ အဆီတွေကျသွားအောင် မတ်တပ်အိပ်တာတဲ့ရယ်။ အဆီပိုပြီး မြန်မြန်ကျချင်ရင် တစ်တီတူးတို့ လင်းနို့တို့လို ဇောက်ထိုးအိပ်ရတယ်တဲ့။ ကဲ... ရှင်းပြီလား”
“ဟာ... ဒါလောဂျစ်နည်းအရ အမှန်တရားနဲ့ နီးစပ်တယ်။ ဒီအကြောင်းကို မနှင်းကို ပြောပြရမယ်”
“ဂျင်းနဲ့ သံပရာ... အဲ့လေ... နှင်းနဲ့မာယာကိုလား”
“ဟုတ်တယ်၊ တီတင့်ရဲ့။ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ စနိုး စနိုးလေး ဆိုတဲ့ နာမည်နဲ့လေ။ သူက အခု ပရင့်ဘက်မှာ ဆောင်းပါးလေးတွေ ရေးနေတော့ သူ့ကို လက်တို့ပြီး ဦးဟန်ကြည်ဝိတ်ချနည်းကို ပြောပြရဦးမယ်။ သူ့အတွက် ကုန်ကြမ်းပေါ့”
“နို့... သူလည်း ဒူဘိုင်းမှာ အပူလှိုင်းမိပြီး ဆံပင်တွေ ကျွတ်လို့ဆို”
“ဟုတ်တယ်... အဲ့ဒါကြောင့် အခုဆို သူက ထမင်းမစားတော့ဘူးတဲ့”
“ဒါဆို ဘာတွေစားသလဲ မောင်ဏီရဲ့”
“ထောလပတ်ရွက်တွေပဲ ကျော်စားတယ်တဲ့။ ရေလည်းမသောက်တော့ဘူး၊ ဆံပင်သန်တဲ့ အုန်းဆီပဲ သောက်တော့တယ်တဲ့ရယ်”
“ဒါလည်း တက်ကနော်လော်ဂျီအသစ်ပဲ။ သူဆံပင်ပြန်သန်အောင် အဲ့ဒီလိုလုပ်နေတာတွေကို မဂ္ဂဇင်းတွေမှာတောင် ရေးသင့်တယ်”

အန်တီတင့်က ပြောရင်း သူ့ခေါင်းပေါ်မှ ကပ္ပလီမ ဆံပင်တုဖွားဖွားကြီးအား ၀ဲခနဲ ရမ်းခါလိုက်၏။ ထိုဆံပင်တုကြီး ကြောင့် ကျွန်တော် တစ်ခုတွေးမိသွားသည်။

“တီတင့်”
“ဘာလဲ...မောင်ဏီရဲ့”
“ဟိုလေ... မိတ်ဆွေတစ်ယောက်အတွက် တီတင့်ဆီမှာ အကူအညီတောင်းချင်လို့”
“ပြော...တီတင့် ဘာကူညီရမလဲ”
“အန် အာစီယံ တိုး အော်ပရေတာ ဆိုတဲ့ နာမည်နဲ့ ဘလော့ဂ်ရေးတဲ့ ကိုသော်မတ်စ်ကို သိတယ်မို့လား။ ကျွန်တော့်အခေါ်တော့ ကိုအေအေတူပေါ့”
“သိတယ်လေ... သူဘာဖြစ်လို့တုန်း”
“သူက ဘာမှ မဖြစ်ပါဘူး။ သူ့ကိုယ်စား ကျွန်တော် ကြားထဲက၀င်ပြီး အကူအညီတောင်းချင်တာကတော့ အခု တီတင့်စွပ်ထားတဲ့ ဆံပင်တုကြီးကို အသုံးမလိုတော့ရင် သူ့ကို ပေးလိုက်ဖို့ပါပဲ”
“ဟင်... ဒီဆံပင်ကို။ အဲ့ဒီအေအေတူ့ကိုမှ ရွေးပြီး မောင်ဏီက ဘာဖြစ်လို့ ပေးစေချင်ရတာလဲဟဲ့”
“ဒီလိုလေ...တီတင့်ရယ်။ သူ့ကိုကြည့်လိုက်ရင် အမြဲ ကတုံးဆံပင်ပေါက်နဲ့မို့လား။ အဲ့ဒီတော့ တစ်နေ့ ကြုံလို့ ကျွန်တော်က ခင်ဗျားဘာဖြစ်လို့ အမြဲ ဒီလို ကတုံးကေနဲ့ဖြစ်နေရတာလဲလို့မေးတော့ သူကပြောရှာတယ်”
“ဘာတဲ့လဲ”
“သူ့မိန်းမက ခဏခဏ ဆံပင်ညှပ်ရင် ပိုက်ဆံကုန်မှာစိုးလို့ သူ့ကို အိမ်မှာပဲ ကတုံးခဏခဏ တုံးပေးတယ်တဲ့လေ။ အဲ့ဒါကြောင့် သူ့ကို ဆံပင်လေးဘာလေးနဲ့ မြင်ဖူးတယ်ရှိရအောင် တီတင့်ဆီက ဆံပင်တုကို သူ့ကိုယ်စား အလှူဝင်ခံပေးတာပါ”
“သြော်... မောင်ဏီပြောမှပဲ အဲ့ဒီအေအေတူ ဖော်အဲဗား ကတုံးဖြစ်နေရတဲ့ ဇစ်မြစ်ကို သိရတော့တယ်။ အင်းလေ၊ တီတင့် ကြုံရင် ပေးလိုက်ပါ့မယ်။ ကဲ... တီတင့်သွားတော့မယ် မောင်ဏီရယ်”

ပြောရင်း အန်တီတင့်က ဂုန်နီအိတ်စုတ်ကြီး ပြန်ခြုံကာ မျက်မှန်မည်းကြီးပြန်တပ်ပြီး ကျွန်တော့်ခြံနောက်ဘက်သို့ ကုပ်ချောင်းချောင်းဖြင့် ထွက်သွားလေတော့သည်။

မျက်စိအောက်မှ တီတင့်ပျောက်သွားတော့မှ ပီလောပီနံဥများဖြင့် ဧည့်မခံလိုက်ရတာတွေးကာ နောင်တရမိလေ၏။ ဟုတ်သည်။ အန်တီတင့်ကြိုက်လိမ့်မည်ဟု ကျွန်တော်ထင်တာမို့ပင်။

ပီလောပီနံများ၊ အာတာလွတ်များကို စားလိုက်၊ ရေနွေးကြမ်းလေး ငှဲ့သောက်လိုက်ဖြင့် ကွပ်ပျစ်ပေါ်တွင် ကျွန်တော်တစ်ယောက်တည်း ဇိမ်ကျနေဆဲ... ခြံရှေ့မှ ခေါ်သံကို ကြားရ၏။

“ကိုဏီရေ့”

အသံဝဲ၀ဲနှင့်မို့ ဘယ်သူပါလိမ့်ဟုတွေးရင်း မျှော်ကြည့်မိသည်။ ပါတိတ်ဝမ်းဆက် အဟောင်းလေးကိုဝတ်ကာ ခေါင်ပြုတ်နေသော ကော်ဖိနပ်အား သွပ်နန်းကြိုးဖြင့် တွယ်စီးလာသော မရို့စ်ကို တွေ့လိုက်ရ၏။ ကပိုကရိုစီးထားသော ဆံပင်များက ဖွာဆန်ကျဲထွက်နေ၏။ လက်ထဲတွင်လည်း ကိုင်းကျိုးနေသော ပလတ်စတစ် ဈေးခြင်းတောင်လေးကို ဆွဲလာသေး၏။ ကျွန်တော် ၀မ်းသာ သွားမိပါသည်။

“ဟာ... မရို့စ်၊ ဈေးသွားတော့မလို့လားဗျ။ ခုမှ နေ့လယ် နှစ်နာရီကျော်ကျော်ပဲ ရှိသေးတယ်”
“စောစောသွားမှ ကိုယ်လိုချင်တာ ၀ယ်လို့ရမှာပေါ့ ကိုဏီရဲ့။ ကိုယ်လိုချင်တာရမှ အိမ်က အစ်မချစ်တဲ့ မိသားစုကို ဖွယ်ဖွယ်ရာရာ ကောင်းကောင်းလေး ချက်ကျွေးနိုင်မှာပေါ့”

မရို့စ်က ကွပ်ပျစ်တွင်ဝင်ထိုင်ရင်း အပြုံးလေးဖြင့် ပြော၏။ သမီးလေးတစ်ယောက်၊ သားလေးတစ်ယောက်နှင့် ခင်ပွန်းဖြစ်သူတို့အား ချစ်ခင်တွယ်တာလွန်းသော မရို့စ်စကားကြောင့် ကျွန်တော် စိတ်ချမ်းသာရသည်။ ဖေ့စ်ဘွတ်ခ်ပေါ်မှ သူ့နာမည်ကတော့ နော်ဖောဟု ခေါ်ပါသည်။ သို့သော် ကျွန်တော်ကတော့ မရို့စ်ဟု ခေါ်တာ နှုတ်ကျိုးနေခဲ့ပြီ။ သူ့အိမ်လေးနာမည်က ရှာရွန်ရဲ့ ရို့စ်မဟုတ်ပါလား။

“ကဲ... ဆိုပါဦး။ ကျွန်တော့်ဆီဝင်လာတာ ဘာကိတ်”
“ပလိန်းကိတ်၊ အဲ့လေ...ယောင်လို့။ ကိုဏီ့ခြံထဲက မယ်ဇလီရွက်လေး နည်းနည်းလောက် တောင်းခူးချင်လို့ပါဟယ်”
“ရတယ် မရို့စ်။ ဈေးကိုသာ အရင်သွားနှင့်။ ကျွန်တော် ခူးထားလိုက်မယ်။ ပြန်လာရင် လှည့်ဝင်ယူလိုက်ချေ”
“ကျေးဇူးပဲ ကိုဏီရယ်”
“ဒါနဲ့ ဒီည ဘာတွေချက်စားကြမှာတုန်း”
“ဒီည ငါးသလောက်ချက်မယ်။ ကြက်ဟင်းခါးသီးကြော်မယ်။ ငံပြာရည်ချက်နဲ့ ဒညင်းသီးဆားရည်စိမ်တို့မယ်။ ကြောင်လျှာသီးသုပ်မယ်။ ပြီးတော့ ကိုဏီ့ဆီက တောင်းတဲ့ မယ်ဇလီရွက်ဟင်းချိုလေးနဲ့”
“ဟာ... မရို့စ် ဟင်းအစပ်ကလည်း တက်စာချည်းပဲ။ အိမ်သားတွေ ဒုက္ခရောက်ကုန်ဦးမယ်”
“ဟယ်... ဟုတ်ပ။ ကိုဏီပြောမှပဲ သတိထားမိတော့တယ်။ ကဲ... ဒီည ဘာချက်သင့်သလဲ။ အစ်မကို အကြံပေးပါဦး”
“ငါးသေတ္တာနဲ့ အုန်းနို့လေးကို ရောချက်၊ မှိုကလေးကိုနှပ်။ ဆူးပုတ်ရွက်လေးကိုတို့၊ ပဲငပိလေးကိုကြော်။ ပုန်းရည်ကြီးလေးသုပ်။ မယ်ဇလီဟင်းချိုလေးချက်။ ပြီးရောပေါ့”
“ဟုတ်ပြီ။ အကြံပေးတာ ကျေးဇူးပဲဟယ်။ ထမင်းမြိန်မှာ သေချာတယ်။ ဒါနဲ့ ကိုဏီ့ခြံထဲမှာ ချဉ်ပေါင်ပင်တွေရှိ လား။ ဘေးအိမ်က မှာလိုက်လို့။ ဈေးက သိပ်မ၀ယ်ရဲဘူးလေ။ ပိုးသတ်ဆေးတွေကြောက်လို့ရယ်”
“ကျွန်တော့်ဆီမှာတော့ မရှိဘူး မရို့စ်ရဲ့။ ကိုဘကြိုင်ဆီမှာတော့ တောထ,နေအောင် ပေါတယ်လို့ကြားတယ်။ မောင်ဘကြိုင် ချဉ်ပေါင်ခြံဆိုပြီး နာမည်တစ်လုံးနဲ့ နေတာကိုပဲ ကြည့်လေ”
“ဟုတ်သားပဲ။ ဒါပေမယ့် သူက အခု သူ့ချဉ်ပေါင်ခင်းတွေကို ပစ်ထားပြီး ညားကာစဇနီးအသစ်ကလေးနဲ့ သူအလုပ်လုပ်တဲ့ မြန်မာပြည်အထက်ပိုင်းကို ဆေးသကြားရည်ဆမ်းခရီးဆိုလား ဟန်းဝေးမွန်းခရီးဆိုလား ထွက်နေတာ မဟုတ်လား”
“အဲ့ဒါတော့ ဟုတ်တယ်။ ဒါပေမယ့် သူ့ခြံထဲမှာ နည်းနည်းပါးပါးတော့ ကျန်မှာပါ မရို့စ်ရယ်။ သြော်... ဒါနဲ့ ဈေးထဲရောက်ရင် ကျွန်တော့်အတွက် ညနေဂဏန်းလေး ထိုးပေးခဲ့ပါဦး”
“ဟယ်... ကိုဏီရယ်။ အစ်မက ဂဏန်းကျင်းတွေ မထိုးရဲပါဘူး။ သူတို့ညှပ်မှာ ကြောက်လို့။ ပြီးတော့ ညနေဂဏန်းဆို စားဖို့ ဘယ်လတ်တော့မလဲ”
“ဟာ... မရို့စ်ကလဲ။ ညနေဂဏန်းဆိုတာ နှစ်လုံးကို ပြောတာဗျ”
“သြော်... ဂလိုလား။ ကဲ ပြော... ဘယ်လောက်ဖိုးလဲ။ ဘယ်သူ့ဆီမှာ ထိုးပေးရမှာလဲ”
“မြတ်မွန်နဲ့ အင်ကြင်းသန့်တို့ ညီအစ်မနှစ်ယောက်ဆီမှာ ထိုးပေးရမှာ။ သူတို့က အခု ဈေးထဲမှာ ဆိုင်တွေဖွင့်ထားကြတယ်လေ။ မြတ်မွန်က ငရုပ်သီးမှုန့်ဆိုင်၊ အင်ကြင်းသန့်က ဂျင်းတွေ၊ ကြက်သွန်ဖြူတွေ ရောင်းတဲ့ဆိုင်”
“ဟုတ်လား... အစ်မတောင် မသိလိုက်ဘူးရယ်”

ကျွန်တော် ခေါင်းငြိမ့်ရင်း...

“ဟုတ်တယ် မရို့စ်။ သူတို့ ဆိုင်ဖွင့်တာတောင် ကြာပြီ။ အင်ကြင်းသန့်ဆို ဂျင်းတွေ လက်မလည်အောင် ရောင်းရ လွန်းလို့ သူ့နာမည်တောင် အင်ဂျင်းသန့်လို့ ပြောင်းပလိုက်ပြီ။ မြတ်မွန်ဆိုလည်း တစ်နေ့တစ်နေ့ ငရုပ်သီးမှုန့်တွေကြားမှာနေရလို့ မျက်စိတွေမွှန်ပြီး မျက်မွှန်လို့တောင် နာမည်ပြောင်းပြီးသွားပြီရယ်။ အခု သူတို့ ညီအစ်မနှစ်ယောက်က အဲ့ဒီလို ဈေးရောင်းစားရတဲ့ ဘ၀က ကျွတ်အောင်ဆိုပြီး စပ်တူ နှစ်လုံးဒိုင်ကိုင်နေကြတာဗျ။ လိုင်းကြေးတွေဘာတွေပေးပြီး တိုးတိုးတိတ်တိတ်ပေါ့”
“သြော်... အစ်မဆို ခုမှသိတယ်။ ဒါဆို ကိုဏီ့ကို ထိုးပေးရင်းနဲ့ အစ်မပါ နှစ်ကျပ်ဖိုးလောက် ကံစမ်းကြည့်လိုက်ဦးမယ်။ ဈေးသုံးလေး ရအောင်လို့ရယ်”
“ဟုတ်ကဲ့ မရို့စ်။ ရော့... ကျွန်တော့်အတွက် ၇၈ကို သုံးကျပ်ဖိုး အာခဲ့ပေးစမ်းပါဗျာ။ ဒီညနေ ညီအစ်ကို ထွက်မယ် ကြားထားတာ”

မရို့စ်က  ကျွန်တော့်ထံမှ ပိုက်ဆံခြောက်ကျပ်ကိုယူကာ ဈေးခြင်းထဲ ပစ်ထည့်ရင်း နှုတ်ဆက်သည်။

“ကဲ...နေပူပေမယ့် သွားလိုက်ဦးမယ် ကိုဏီရယ်။ အိမ်သားတွေအတွက် လျှာရင်းမြက်စေဖို့ ဈေးဝယ်ရဦးမယ်။ မိသားစုအတွက်မို့ နော်ဖော၊ အတော်မောတယ်လို့ ဘယ်တော့မှ မညည်းဘူး။ သြော်... မယ်ဇလီရွက်လေးတွေ ခူးထားပေးဦးနော်”
“စိတ်ချပါဗျာ”

မရို့စ်ထွက်သွားပြီးနောက် ကွပ်ပျစ်ပေါ်မှဆင်းကာ ခြံထောင့်မှ မယ်ဇလီပင်ရှိရာဆီသို့ ကျွန်တော်ထွက်ခဲ့လိုက်၏။ နောက်... အပင်အောက်မှ တံချူဖြင့် မယ်ဇလီအရွက်နုလေးများအား စိတ်ရှည်လက်ရှည် ခူးနေဆဲ...

“ဏီဏီရေ့”

ရင်းနှီးနေသော ခေါ်သံကြောင့် ခြံပေါက်ဝသို့ ကျွန်တော်လှမ်းကြည့်လိုက်သည်။ အီတာလျှံမင်းသမီးများလို မျက်နှာပေါက်ဖြင့် ဂျီးအထပ်ထပ်ပေနေသည့် ရှမ်းဘောင်းဘီရှည်ပွပွ၊ တီရှပ်အင်္ကျီအဟောင်းလေးတို့ဖြင့် နွမ်းဖတ်ဖတ်နိုင်နေသော မမိုးငွေ့ကို တွေ့လိုက်ရ၏။ မျက်နှာမှာ ချွေးတွေသံတွေနှင့်။ နားတွင် ခေါင်ရမ်းပန်းတစ်ပွင့်ညှပ်ပန်ကာ ဆံပင်များကလည်း စုတ်တိ စုတ်ဖွားဖြင့်...။ ခြေထောက်တွင် အမြီးပြတ်နေသော ခုံဖိနပ်တစ်ရံစီးထား၍ လက်ထဲမှာလည်း ပိန်လိမ်နေသော ဒန်ချိုင့်လေး တစ်လုံးဆွဲလို့။ ပြောရမယ်ဆိုလျှင် ဇော်ဝင်းထွဋ်၏ ဂျစ်ပစီမိုးတိမ်ဆန်ဆန် ဒီဇိုင်းမျိုး။

“ဟာ... မမိုး။ လာ...လာ”

ဝမ်းသာအားရကျွန်တော်ခေါ်လိုက်တော့ မမိုးက အနားသို့လျှောက်လာသည်။

“ဘာတွေလုပ်နေတာတုန်း ဏီဏီရဲ့”
“မရို့စ်အတွက် မယ်ဇလီရွက်လေး နည်းနည်းခူးပေးနေတာ။ ခဏနော်”

မမိုးငွေ့က ခေါင်းငြိမ့်ပြသည်။ နောက်... ကျွန်တော် မယ်ဇလီရွက်များ ခူးပြီးသွားတော့ နှစ်ယောက်သား ကွပ်ပျစ်ဆီသို့ ပြန်လျှောက်လာခဲ့၏။ မရို့စ်အတွက် ခူးထားပေးသော မယ်ဇလီရွက်များအား ဇကောတစ်ချပ်ထဲတွင် အသာထည့်ရင်း ကျွန်တော်မေးလိုက်သည်။

“ဘယ်သွားမလို့လဲ မမိုးရဲ့။ ဒီလောက်နေပူနေတဲ့ဟာ။ လက်ထဲကချိုင့်ထဲမှာလည်း ဘာတွေတုန်းဗျ”
“အိန်ဂျယ့်ကို လွမ်းလို့ လိုက်ရှာနေတာ။ ချိုင့်ထဲကတော့ မမိုးရဲ့ ခရေဇီ ကော်ဖီတွေလေ။ အိမ်ဂျယ့်ကိုလွမ်းရင် ကော်ဖီသောက်၊ ကော်ဖီသောက်တော့ အိန်ဂျယ့်ကိုလွမ်းနဲ့ တိုင်ပတ်နေရတာပါပဲဟယ်”

ပြောရင်း မမိုးက ကွပ်ပျစ်ပေါ်တွင် အကျအန ထိုင်နေရာကနေ ဒန်ချိုင့်လေး၏ အဖုံးကို ဖွင့်လိုက်၏။ နောက်... ချိုင့်အဖုံးထဲသို့ ကော်ဖီနည်းနည်း လောင်းထည့်ကာ ကျွန်တော့်ကို လောကွတ်လုပ်သည်။

“သောက်ဦးမလား ဏီဏီ”
“မသောက်တော့ပါဘူးဗျာ”

ကျွန်တော် ငြင်းလိုက်တာနဲ့ ချက်ချင်း မမိုးက ဒန်ချိုင့်အဖုံးထဲမှ သူ့ကော်ဖီများကို ဂွပ်ခနဲပင် ဂေါ်ရင်ဂျီမော့ မော့သောက်လိုက်ပြီး အဖုံးကို မြန်မြန်ပြန်ပိတ်လိုက်၏။ ကြည့်ရတာ ကျွန်တော်စိတ်ပြောင်းပြီး ပြန်တောင်း သောက်မှာ စိုးနေသည့်ပုံ။ သူ့ဘလော့ဂ်ပေါ်တွင် အိန်ဂျယ်ဆိုတာကို ခဏခဏတ,ကာ စာတွေရေးရေးနေသလို ခုလည်း အိန်ဂျယ်ကို လိုက်ရှာနေသည်ဆိုတာမို့ သိချင်စွာဖြင့် ကျွန်တော် မေးလိုက်သည်။

“မမိုးက ဘယ်အိန်ဂျယ်ကို လိုက်ရှာနေတာလဲ။ ညီမ အိန်ဂျယ်လှိုင်ကို ပြောတာလား”
“ဘယ်ကလာဟယ်။ မမိုးရှာတဲ့ အိန်ဂျယ်က ဟော့ဒီရင်ဘတ်ကြီးထဲက အိန်ဂျယ်။ စောစောက ဏီဏီပြောတဲ့ အိန်ဂျယ်လှိုင်က မကြာခင် အဲ့ဒီနာမည်နဲ့ လိုက်အောင် အလုပ်လုပ်ရတော့မှာတဲ့”
“ဘယ်လို”
“ဟုတ်တယ်ဏီဏီရဲ့။ သူက ငွေပေါ်ဖို့ခက်တဲ့ စာအုပ်တွေထုတ်ဝေဖို့ ကြိုးစားနေတာဆိုတော့ မကြာခင် အိမ်မှာထိုင်ပြီး ဂျယ်လီတွေ လှိုင်လှိုင်ရောင်းစားရတော့မယ်လို့ မမိုး ဟိုကဒီက ကြားရလို့ပဲ”

ဖြစ်မှဖြစ်ရလေ ညီမအိန်ဂျယ်လှိုင်ရယ်ဟု ကျွန်တော့်စိတ်ထဲ ညည်းတွားမိ၏။ ဘာပဲဖြစ်ဖြစ် သူထုတ်သော စာအုပ်များ အောင်မြင်ပါစေကြောင်း ဘုရားရှိခိုးလျှင် ထည့်ဆုတောင်းရပေဦးမည်။ သို့သော် နောက်ထပ် အိန်ဂျယ်တစ်ယောက် ရှိသေးတာမို့ ကျွန်တော် မေးလိုက်ပါသေးသည်။

“ဒါဆို အဖြူရောင်နတ်သမီးကို ရှာနေတာလား။ သူရန်ကုန်ပြန်ရောက်နေပြီပြောတာပဲ”
“သူ့ကိုလည်း မဟုတ်ပါဘူးဟယ်။ သူပြန်ရောက်နေတာ သိတယ်။ ရောက်ရောက်ချင်း မမိုးဆီကိုတောင်လာသေးတယ်။ သူ့ကို အဖြူရောင်နတ်သမီးမှန်း တွေ့တွေ့ချင်းမှတ်မိအောင် ကျောကုန်းမှာ စကောနှစ်ချပ်ကို ထုံးသုတ်ပြီး အတောင်ပံသဘောမျိုးနဲ့ ဟိုဘက်ဒီဘက် ပလတ်စတစ် ကျွတ်ကျွတ်ကြိုးတွေသုံးပြီး သိုင်းလာခဲ့သေးတာ။ ခေါင်းပေါ်မှာလည်း ဖရဲသီးအခွံကြီး ဆောင်းလို့ရယ်။ သိတယ်မို့လား၊ ဖြူဖြူသိန်းကျော်ရဲ့ ငါတော့မေ့လို့မရတော့ဘူး သီချင်းဆိုတဲ့ စတိုင်လေ။ အခုတော့ ငပလီကပြန်ရောက်လာပြီး နှပ်သာမီးလို့ ဏီဏီခေါ်နေကျ နာမည်အတိုင်း နှာရည်တရွဲရွဲနဲ့ ပန်းဖျား ဖျားနေလေရဲ့”
“သြော်... စိုးရိမ်ရသေးလား”
“မစိုးရိမ်ရပါဘူးဟယ်။ အလတ်ကြီး ရှိပါသေးတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကလိုရီဆိုတဲ့နာမည်နဲ့ ဒါ့ပုံတွေ တင်နိုင်သေးတာ ကြည့်ပါလား”

ကျွန်တော်ခေါင်းငြိမ့်ပြလိုက်သည်။ မမိုးက ကော်ဖီများအား အဖုံးထဲ နည်းနည်းထပ်ထည့်ကာ သောက်ရင်း...

“ဒါနဲ့ ဏီဏီ့ကို ပြောရဦးမယ်”
“ဟုတ်...မမိုး”
“ဏီဏီက ဘလော့ဂ်ရေးတဲ့ မစန်းထွန်းကို ဘာဖြစ်လို့ ကိုစန်းထွန်းလို့ သွားခေါ်ရတာတုန်း”
“ဟာ... အဲ့ဒါ အမျိုးသမီးလားဗျ။ ဟားဟား... မသိပါဘူး မမိုးရာ။ ကျွန်တော်က သူကျွန်တော့်ဆီမှာ ကွန်မန့်လေးတွေ လာလာရေးသွားတဲ့ အသုံးအနှုန်းကိုကြည့်ပြီး ယောက်ျားလေးထင်လို့ဗျ။ သူ့ဆီသွားလည်တော့ ကော်နက်ရှင်က မကောင်းတစ်ကောင်းနဲ့ဆိုတော့ ကမန်းကတန်း နှုတ်ဆက်လိုက်တာ။ ဟဲ...ဟဲ... မှားတဲ့အခါလည်း မှားပေမပေါ့”
“မစန်းထွန်းလည်း ခွင့်လွှတ်မှာပါ။ သြော်...ဒါနဲ့ ဏီဏီ့ကို ပြောရဦးမယ်”
“ဘာများလဲ မမိုးရဲ့”
“လင်းခေတ်ဒီနိုလေ။ ဏီဏီ့ညီ ဗညားရှိန်လေ”
“ဘာများဖြစ်လို့တုန်း။ ဒီနှစ်လယ်မရောက်ခင်လေးတင် သူအမေကြီးကားကို ပြန်သွားတဲ့ဟာ”
“သူနာမည် ပြောင်းတော့မယ်လို့ မမိုးကြားတယ်”
“ဘာဖြစ်လို့ပြောင်းမှာလဲဗျ။ သူ့နာမည်လေးက ဒီလောက်လှတဲ့ဟာ”
“သိပါဘူးဟယ်။ သူ့သူဌေးက ခဏခဏခရီးထွက်ခိုင်းလို့ လမ်းမှာပဲ အိပ်ယာခင်ခင်းပြီးအိပ်နေရတာတဲ့။ ပြီးတော့ သူ့ခန္ဓာကိုယ်ကြီးကလည်း တဖြည်းဖြည်းနဲ့ ၀,လာတာမို့ “လမ်းခင်းဒိုင်နိုဆော”လို့ ပြောင်းချင်လာပြီလို့ ပြောတာပဲရယ်”
“ဟုတ်မယ်...ဟုတ်မယ်။ သူမြန်မာပြည်ပြန်လာတုန်းက ကျွန်တော်နဲ့ နှစ်ကြိမ်လားမသိတွေ့တော့ ၀,နေတာ သတိထားမိတယ်။ အခု အမေကြီးကား ပြန်ရောက်နေတယ်ဆိုတော့ ပိုဝ,လာမှာပေါ့။ သြော်... ဒါနဲ့ နင့်အသက် ငါ့ပေးဆိုတဲ့ ဆရာကြီးညိမ်းနိုင်ရော။ မမိုးနဲ့တွေ့ဖြစ်သေးလား။ ဖဘပေါ်မှာတော့ သူ့နာမည်က အိကုလေ။ သူလည်း မြန်မာပြည်ပြန်ရောက်နေတယ် ကျွန်တော်ကြားတာ”
“အံမလေး၊ သူလား။ မှော်ဘီမှာ ဂေါ်ဖီစိုက်ပြီး ညနေညနေတိုင်း ထန်းရည်ဆိုင်တွေမှာ တော်ကီပွားနေတယ်ဆိုလားပါပဲ ဏီဏီရယ်။ ဟိုတလောကလည်း မြို့ထဲက စာအုပ်ဆိုင်တစ်ဆိုင်မှာ စာအုပ်တွေခိုးဖို့ ကြံနေတုန်း လူမိသွားလို့ နှင်ထုတ်ခံရတယ် ကြားသေးတယ်။ ပြီးတော့ အခုတလောလည်း ထိန်းမနိုင် သိမ်းမနိုင် ငြိမ်းမနိုင်ဖြစ်နေပြီတဲ့ဟဲ့”
“ဘာဖြစ်လို့”
“သီတင်းကျွတ်တော့မှာ မို့လား။ အဲ့ဒီတော့ သူလည်း အိမ်ထောင်ကျချင်လို့ ဆောက်တည်ရာမရ၊ အိနြေ္ဒမရ ဖြစ်နေရပြီပေါ့။ အဲ့ဒါကို ပြောတာ။ ကဲ... မမိုးသွားမယ်ဟယ်။ အိန်ဂျယ့်ကို လိုက်ရှာရင်း ရွာအလယ်နားက ဘလက်ခ်ရို့စ်(ခေါ်) ပစ်ပစ်ကို သတင်းသွားမေးဦးမလို့”
“ဟာ... ပစ်ပစ် ဘာဖြစ်တာလဲဗျ။ ကျွန်တော်တောင် မသိလိုက်ပါလား”
“ဏီဏီက ဘယ်သိမလဲ။ တစ်နေ့တစ်နေ့ အိမ်ထဲမှာပဲ အောင်းပြီး အိမ်တွင်းပုန်း ဂျပန်မလုပ်နေတာကိုး။ ဒီလို ဒီလို၊ ပစ်ပစ်က သွားအစွပ်တွေ တပ်ထားတယ်မို့လား ဏီဏီရဲ့။ အဲ့ဒါ မနေ့က ထမင်းစားရင်း အဲ့ဒီသွားအစွပ်က ကျွတ်သွားတာ မသိလိုက်ပဲ ထမင်းနဲ့ရောပြီး မျိုချမိလို့တဲ့”
“ဟင်... ဖြစ်မှ ဖြစ်ရလေ။ အခုရော ဘယ်လိုနေသေးတုန်း”
“ဂြိုလ်တု ၀မ်းနှုတ်ဆေး သုံးထုတ်သောက်လိုက်လို့ အောက်လွှတ်တော်ကနေ လျှောလျှောရှူရှူ ပြန်ထွက်သွားပါပြီတဲ့။ ဒါပေမယ့် ဆေးအစွမ်းနဲ့ လူက နည်းနည်းပျော့သွားလို့ သတင်းသွားမေးမှာ။ ကျန်တာ အကုန်ကောင်း”

ပြောပြောဆိုဆိုဖြင့် မမိုးငွေ့က ကွပ်ပျစ်ပေါ်မှ ခုန်ဆင်းလိုက်၏။ ထိုအခါ သူ့နားကြားမှာ ညှပ်ထားသော ခေါင်ရမ်းပန်း နီနီလေးက မြေပေါ်သို့ ဖုတ်ခနဲ ပြုတ်ကျသွား၏။ ဒါကို မမိုးငွေ့က တယုတယကောက်ကာ နားတွင်ပြန်ညှပ်လိုက်ပြီး ခုံဖိနပ်ကြီး တဂွပ်ဂွပ်ဖြင့် ကော်ဖီချိုင့်လေးဆွဲ၍ ကျွန်တော့်ရှေ့မှနေ ထွက်သွားလေတော့၏။

မမိုးထွက်သွားတော့ မရို့စ်ပြန်လာလျှင် အဆင်သင့်ယူသွားနိုင်အောင် မယ်ဇလီရွက်များအား သတင်းစာ စက္ကူအဟောင်းထဲတွင် သေသေချာချာ ထုပ်ပိုးနေမိလိုက်သည်။

“ကိုဏီ”

စိတ်ပါဝင်စားစွာ သေသေချာချာ ထုတ်နေခိုက် အနားကပ်ကာ အခေါ်ခံလိုက်ရတာမို့ ကျွန်တော့်မှာ လန့်တောင် သွားရ၏။ ကြည့်လိုက်တော့ ကျွန်တော့်ကွပ်ပျစ်နားမှာ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော ထန်းပလပ်ပြားသဖွယ် ပိန်ပိန်ညောင်ညောင် ကောင်လေးတစ်ယောက် ရပ်နေတာ တွေ့လိုက်ရ၏။ အပေါ်ပိုင်းတွင် အင်္ကျီမပါတာမို့ လူ့အရိုးစုဖွဲ့စည်းပုံကို ဆေးကျောင်းသားများအတွက် သက်ရှိထင်ရှားလူသားအား အသုံးပြု၍ သင်ကြားလို့တောင်ရ၏။ အကွက်မပေါ်တော့သော ပုဆိုးစုတ်လေးကို ကတောင်းကျိုက်ကာ ခေါင်းတွင် အနားလန်နေသော ၀ါးခမောက်အစုတ်လေး ဆောင်းထားသေး၏။ ၀မ်းသာအားရဖြင့် ကျွန်တော်ခေါ်လိုက်သည်။

“ဟာ... မောင်မျိုး။ လာ... ထိုင်။ ဘယ်ကလာတာလဲ။ ကိုဏီ မင်းကို သတိရနေတာ။ နေကောင်းလား ညီလေး။ အားလုံးအဆင်ပြေတယ်ဟုတ်”

ပျာပျာသလဲ မျက်နှာချိုသွေးကာ ကျွန်တော်နှုတ်ဆက်လိုက်သော်လည်း မောင်မျိုးက ကျွန်တော့်ကို ရှုတည်တည် ကြည့်ကာ နှုတ်ခမ်းကိုမဲ့၏။

“ခင်ဗျားကြီး ကျုပ်ကို ပစ်ထားတယ်”
“မပစ်ထားပါဘူးကွယ်။ ကိုဏီ မအားလို့ပါ။ လာပါဦး ထိုင်ပါဦးကွာ။ ကိုဏီက မင့်ကို သတိရနေတာရယ်”

ပျာပျာသလဲ ကျွန်တော် ချော့ရသည်။ ဟုတ်သည်။ မောင်မျိုးအကျင့်က အဲ့ဒီအတိုင်း။ နေရင်းထိုင်ရင်း ကျွန်တော်တို့မသိလိုက်ပဲ (သူ့ကိုလည်း ဘာမှ မလုပ်ပဲ) ထိုင်ပြီး စိတ်ကောက်ချင် ကောက်နေတတ်သည်။ စိတ်ဆိုးချင် ဆိုးနေတတ်သည်။ နာမည်တောင် မောင်ဆိုးဟု ပြောင်းသင့်သည်။ ထို့ကြောင့် ဒင်းအား တွေ့တွေ့ချင်း ကျွန်တော် ပျာယီးပျာယာ နှုတ်ဆက်လိုက်ခြင်းသာ။

ကျွန်တော်က သူ့လက်ကိုဆွဲကာ ကွပ်ပျစ်ပေါ် အတင်းထိုင်ခိုင်းလိုက်သည်။ ထိုအခါမှ ဒင်းက နည်းနည်း စိတ်ကြည်လာဟန်ဖြင့် ငါးသလဲထိုးပြုံးပြုံးကာ ကွပ်ပျစ်ပေါ်တက်ထိုင်၏။ နောက်... သူ့ဝါးခမောက်အစုတ်လေးကို ချွတ်ကာ ဘေးချရင်း...

“ကိုဏီ့ဆီမှာ ငှားစရာရှိလို့ လာတာ”
“ဘာငှားချင်လို့လဲကွ”
“စက်ဘီးလေထိုးတံလေ။ ရှိတယ်မို့လား”
“ရှိပါ့ဗျာ။ ဒါနဲ့ မင်းက ဘာလုပ်မလို့တုန်း”

ကျွန်တော့်အမေးကြောင့် မောင်မျိုးက သက်ပြင်းတစ်ချက်ချရင်း...

“ကျွန်တော်က ပိန်တယ်လေ။ ဘယ်လောက်စားစား အသားမဖြစ်ဘူး။ ဘယ်ဆေးသောက်သောက်လည်း မ၀ဘူး။ လူနံပိန်၊ ကျွဲချိုလိမ်ဆိုတဲ့စကားလုံးကို ရှေးလူကြီးတွေက ကျွန်တော့်အတွက် တမင်တကာများ ထားခဲ့လေရော့သ လားမှတ်ရတယ်။ အဲ့ဒါကြောင့် ကြံရာမရတဲ့အဆုံး ကိုဏီ့ဆီက လေထိုးပိုက်လာငှားပြီး ၀လာအောင် ကိုယ်ထဲကို လေထိုးသွင်းမလို့”
“ဘုရား...ဘုရား၊ ကြံကြီးစည်ရာ မလုပ်ကောင်းလုပ်ကောင်း မောင်မျိုးရယ်။ အဲ့သလိုလုပ်ရင် သေတတ်တယ်ကွ။ ကိုယ့်ကိုယ်ကို သတ်သေရင် ဖန်ခါးသီးအလုံးငါးရာ စားရတတ်တယ်တဲ့”
“ဟာ... ကိုဏီကလည်း၊ ဖန်ခါးသီးအလုံးငါးရာ ဟုတ်ပါဘူးဗျာ။ အဖန်ငါးရာ ငါးကမ္ဘာပါ”
“ဟုတ်ချင်လည်း ဟုတ်မှာပေါ့ကွာ။ ဒါပေမယ့် မင်းကိုယ့်ကိုယ်ကို လေပြန်မထိုးပါဘူးလို့ ကိုဏီ့ကို ကတိပေးစမ်း။ ၀ချင်ရင် အားဆေးဝယ်သောက်။ အရင်က အော်ရာမင်း ဂျီဆိုတဲ့ အားဆေးပေါ်နေတာ။ ခု... အော်ရာမင်း အက်ဖ် ဆိုတာ ထပ်ပေါ်နေပြီတဲ့။ ဂျီထက် အက်ဖ်က ပိုမြင့်တော့ ပိုအားရှိမယ့် သဘောပဲ။ အဲ့ဆေးဝယ်သောက်”
“အင်း... ဒါဆိုလည်း ကတိပေးတယ်ဗျာ။ ကိုဏီပြောသလို အော်ရာမင်း အက်ဖ်ပဲ ၀ယ်သောက်တော့မယ်။ သြော်... မေ့တော့မလို့ ကိုဏီ့ကို ပြောရဦးမယ်”
“ဘာလဲကွ”
“မလေးအိမ့်ချမ်းမြေ့က ကျွန်တော့်ကို လက်ဆောင်ပေးတဲ့ မိတောစာအုပ်လေးအုပ် ကိုဏီ့ဆီမှာ သိမ်းထားတာ ကျန်သေးတယ်မို့လား”
“အင်း”

ခေါင်းသာ ငြိမ့်လိုက်ရသည်။ တကယ်က ထိုစာအုပ်များ ကျွန်တော့်ဆီမှာ မရှိတော့။ မလေးအိမ့်ချမ်းမြေ့၏ မိတောစာအုပ်များမှာ ဈေးကွက်တွင် ရောင်းရလွန်းတာမို့ အကုန်ရောင်းထွက်သွားပြီးနောက် ရှာမရဖြစ်ကာ ဈေးတွေလည်း အဆမတန် တက်သွားခဲ့၏။ ထို့ကြောင့် လွန်ခဲ့သော အပတ်ကပင် ထိုစာအုပ်များကို တက်ဈေးဖြင့် ရောင်းပြီး ကျွန်တော် ထန်းရည်ဝယ်သောက်ပစ်ခဲ့ပြီးပြီ။ ဖဲကြွေးတွေ ဆပ်ရသည်။ အခုတော့ မောင်မျိုး တစ်ခါတည်းယူသွားဖို့ မတောင်းပါစေနှင့်ဟု ဆုတောင်းရုံမှတစ်ပါး ကျွန်တော့်မှာ အခြားမရှိတော့ပြီ။

“အဲ့ဒါ... အဲ့ဒီစာအုပ်လေးတွေ ကိုဏီ ဆက်သိမ်းပေးထားပါဦးလို့။ ပြီးတော့”
“ပြီးတော့ ဘာဖြစ်သလဲဟင် မောင်မျိုး”

သူယူမသွားတာ သေချာသွားတာမို့ ၀မ်းသာစွာဖြင့် လှိုက်လှိုက်လှဲလှဲ ကျွန်တော် ပြန်မေးလိုက်သည်။ မောင်မျိုးက...

“ကျွန်တော့်ကို မုန့်လင်မယားနဲ့ ၀က်ခေါင်းသုပ် ၀က်ခြေထောက်စွပ်ပြုတ်ဝယ်သောက်ဖို့ ပိုက်ဆံငါးကျပ်ပေး”
“ဟေ”...
“ဘာမှ ဟေမနေနဲ့။ သက်တံ့ဆယ်စင်းစာအုပ်ထဲက ကိုဏီ့ရဲ့ နိဂုံးမဲ့သတ်ပွဲဆိုတဲ့ ၀တ္ထုကို ဖတ်ပြီးကတည်းက အပြင်မှာ ကိုဏီနဲ့တွေ့ရင် ၀ယ်ကျွေးခိုင်းဖို့ စဉ်းစားထားတာ”
“နိဂုံးမဲ့ သတ်ပွဲ မဟုတ်ပါဘူး မောင်မျိုးရာ။ နိဂုံးမဲ့တေးသွားပါ”
“အတူတူပါပဲ။ ကိုဏီက နုရွပြီး တေးသွားလို့ သုံးပေမယ့် လင်မယားရန်ဖြစ်တာ သတ်ပွဲပဲ။ ပေး...ပိုက်ဆံ ငါးကျပ်”

မောင်မျိုးက မိုက်တိမိုက်ကန်းပြောကာ လက်ဖြန့်၏။ ထို့ကြောင့် ကျွန်တော် ပေးလိုက်ရသည်။ မောင်မျိုးက ကျေနပ်သွားသလို ပြုံးရင်း ပုဆိုးခါးပုံစထဲသို့ ပိုက်ဆံငါးကျပ်အား ထည့်သည်။ ပြီးနောက် ၀ါးခမောက်လေး ပြန်ဆောင်းပြီး ကွပ်ပျစ်ပေါ်မှ ၀ုန်းခနဲ ခုန်ချကာ... နှုတ်ဆက်ထွက်သွားလေတော့သည်။

မောင်မျိုးခြံဝသို့အရောက်တွင် ခြံထဲသို့ စည်ပိုင်းကြီးနှင့်တူသော လူတစ်ယောက်ဝင်လာ၏။ ထိုလူဝကြီးက မောင်မျိုးအား လည်ပြန်ငဲ့ကြည့်ကာ ကျွန်တော်ထိုင်နေသော ကွပ်ပျစ်ဆီသို့ အိပဲ့အိပဲ့နိုင်စွာ ဘုတ်ထိုင်း စတိုင်ကြီးဖြင့် လေးတိလေးကန် လျှောက်လာလေ၏။ အပေါ်မှာ သူဝတ်ထားတာက ဖားဥတွေ ဗရပွစွဲကာ ညစ်တစ်တစ်အရောင်အဆင်းဖြစ်နေသော လည်ကတုံးအင်္ကျီအဖြူရောင်၊ အောက်က ချည်စ,တွေ ထွက်နေသော အနားစုတ်နေသည့် ယောပုဆိုးအနက်တို့ဖြင့်။ ဟောင်းနွမ်းလွန်းသောကြောင့် ပုဆိုးမှာ အနက်ရောင်လွင့်၍ ဖြူတူတူပင် ဖြစ်နေခဲ့ပြီ။ ခြေထောက်မှာ ဖိနပ်တောင် မပါ။ သို့သော် ၀မ်းသာစွာဖြင့် ကျွန်တော် နှုတ်ဆက်လိုက်သည်။

“ဟော... ကိုကြီးပါလား။ လာဗျာ...လာ”

ကျွန်တော့်ဖိတ်ခေါ်မှုကြောင့် အနားသို့ရောက်လာသည့် ကိုကြီးက ဆင်နင်းထားသော နံပြားကြီးနှင့်တူသည့် သူမျက်နှာပြဲပြဲကြီးဖြင့် ကျွန်တော့်အား ယမမင်းရယ် ရယ်ပြရင်း... ကွပ်ပျစ်ပေါ်သို့ တက်ဟန်ပြင်လေသည်။ ကျွန်တော် ရင်ထိတ်သွားသည်။ ထို့ကြောင့်.... အထိတ်တလန့် တားမြစ်လိုက်ရ၏။

“ဟိုး..ဟိုးထား ဆရာ”
“ဘာဖြစ်လို့လဲ ဦးဏီရဲ့”
“ကျုပ်ကွပ်ပျစ်အပေါ် ခင်ဗျားတက်လို့မဖြစ်ဘူး။ ခင်ဗျားဝိတ်နဲ့ ကျိုးကျသွားလိမ့်မယ်။ အဲ့ဒီတော့ ဟိုနားမှာရှိတဲ့ မယ်ဇလီပင်အောက်မှာ ကျုပ်တို့ သွားထိုင်စကားပြောကြမယ်လေ”

ပြောရင်း ကွပ်ပျစ်ပေါ်မှ ကျွန်တော် ခုန်ဆင်းလိုက်သည်။ ကိုကြီးက ကျွန်တော့်အား မျက်နှာလေးညှိုးကာ ကြည့်ရင်း...

“ဦးဏီ... ခင်ဗျားဆီမှာ ကျုပ်အလှူခံမှာစိုးလို့ ကွပ်ပျစ်ပေါ် မတက်ခိုင်းတာတော့ မဟုတ်ပါဘူးနော်”

“ဘယ်ကလာဗျာ။ မဟုတ်ရပါဘူး။ ကျုပ်ရဲ့ ကွပ်ပျစ်ကျိုးမှာပဲ စိုးရိမ်လို့ပါ။ ကဲ...လာလာ”

ပြောရင်း သူ့လက်ဆွဲကာ ခေါ်ရသည်။ ကိုကြီးက အရင်တုန်းက စာတွေရေးခဲ့၏။ သူ၏ ကွမ်းတစ်ယာဖိုး လျှော့စပ်ပေးပါဆိုသည့် စာလေးအား ကျွန်တော်သိပ်ကြိုက်ခဲ့ဘူးသည်။ သို့သော် အခုတော့ သူက စာတွေမရေးတော့ပဲ ပရဟိတလုပ်ငန်းများကိုသာ တစိုက်မတ်မတ် လုပ်နေသည့်သူတစ်ယောက် ဖြစ်နေခဲ့ပြီ။

မယ်ဇလီပင်အောက်ရောက်တော့ နှစ်ယောက်သား ထိုင်မိကြသည်။ ကိုကြီးက မေးလာ၏။

“ခုနက ခြံဝမှာ တွေ့လိုက်တာ မောင်မျိုးမို့လား။ ခင်ဗျားဆီ ဘာလာလုပ်တာလဲ”
“လေထိုးတံ လာငှားတာတဲ့ဗျာ။ သူ့ကိုယ်သူ ၀အောင် လေထိုးမလို့တဲ့။ အဲ့ဒါ ကျုပ်က သေတတ်တယ်ပြောပြီး အားဆေးဝယ်သောက်ဖို့ ညွှန်းလိုက်ရသေးတယ်”
“ဘာဆေးလဲဗျ”
“အော်ရာမင်း ဂျီနောက်မှာ ထပ်ထွက်တဲ့ အော်ရာမင်းအက်ဖ်လေ။ ဂျီထက် အက်ဖ်က ပိုအားကောင်းမယ်ဆိုပြီး သူ့ကိုပြောလိုက်ရသေးတာ”
“ဟာ... ဒါဆို မောင်မျိုးတော့ ခက်ပြီ”

ကိုကြီးက အထိတ်တလန့် အော်၏။ သိချင်စွာဖြင့် ကျွန်တော် မေးလိုက်သည်။

“ဘာဖြစ်လို့လဲဗျ”
“အော်ရာမင်း ဂျီရော၊ အက်ဖ်ရောက အားဆေးမှန်တယ်။ ဒါပေမယ့် အော်ရာမင်း အက်ဖ်က အမျိုးသမီးသီးသန့် သောက်တဲ့ဆေးဗျ။ ခင်ဗျား မကြားမိဘူးလား။ မကြီး စိုးမြတ်မူဆာတို့ မိလ္လာကျော်ဇင်တို့ ၀က်မှုံရွှေကြည်တို့ တီဗီမှာ ကြော်ငြာတာ။ ဘာတဲ့၊ နုပျိုလင်းလက် စွမ်းအင်ထက်၊ အမျိုးသမီးတိုင်းအတွက် အော်ရာမင်းအက်ဖ် ဆိုတာ”
“ဟိုက်”...

ကျွန်တော် ဘာမှမပြောနိုင်တော့။ ကျွန်တော့်စကားကိုယုံပြီး မောင်မျိုးသာ အက်ဖ်အမျိုးအစား ၀ယ်သောက်ရင်တော့ ကြာရင် မလိုအပ်တာတွေ ဖွံ့ဖြိုးလာပြီး၊ အမလေး... ဘုရား ဘုရား။ ကျွန်တော် မတွေးရဲတော့ပါ။

ထို့ကြောင့် စိတ်ပြောင်းသည့် အနေဖြင့် ကိုကြီးအား မေးလိုက်သည်။

“မြစ်ကျိုးအင်းတစ်ယောက် ရန်ကုန်ပြန်ရောက်နေတယ်ဆို။ ခင်ဗျားနဲ့ရော တွေ့သေးလား”
“တစ်ခါတော့ တွေ့တယ် ဦးဏီ။ ဘာလဲ ခင်ဗျားနဲ့ မတွေ့ရသေးဘူးလား”
“မတွေ့ရသေးပါဘူးဗျာ။ သူရော အဆင်ပြေတယ်မို့လား”
“ပြေပါတယ်။ သူက အခု စာသိပ်မရေးတော့ပဲ သူ့နာမည်နဲ့လိုက်အောင် မြစ်ကျိုးအင်းတစ်ခုဝယ်ပြီး အင်းသူကြီးလုပ်စားမလားလို့ စဉ်းစားနေတယ် ဆိုပဲဗျ”
“သြော်... ဒါလည်း ကောင်းတာပဲ။ ကိုယ့်သူငယ်ချင်းထဲက အင်းသူကြီးရှိတော့ ငါးတွေဘာတွေ ပေါပေါလောလော စားရတာပေါ့။ ကျုပ်က အသားတွေထက် ငါးကို ပိုကြိုက်တာရယ်။ ဒါနဲ့ အခုတလော သူ့မန်ယူအသင်းက ရှုံးနေတယ် ကြားတယ်။ သူဘယ်လိုနေသလဲ”
“တစ်နေ့တစ်နေ့ မျက်ရည်နဲ့ မျက်ခွက်ပါပဲတဲ့ ဦးဏီရာ။ ပြောရမယ်ဆို စိတ်ထောင်းကိုယ်ကြေပေါ့။ ဆန်ပြုတ်ပျော့ပျော့ပဲ သောက်နိုင်ရှာတော့တယ်။ ကျုပ်လည်း သူနဲ့တွေ့တုန်းက တရားနဲ့ ဖြေဖို့ ပြောပါသေးတယ်။ အဲ့ဒီတုန်းကတောင် မျက်ရည်လေး စမ်းစမ်း စမ်းစမ်းနဲ့ ခမြာ ယဲ့ယဲ့လေးပဲ ခေါင်းငြိမ့်နိုင်ရှာတော့တယ်”
“အင်း... တဖက်သတ်အချစ်က တယ်ဆိုးပါလားနော်။ သြော်... ဒါနဲ့ သော်ဇင်စိုးနဲ့ မသဒ္ဓါလှိုင်းတို့ မောင်နှမနှစ်ယောက်ရော တွေ့မိသေးလား။ သူတို့လည်း ဘလော့ဂ်ပေါ်ကနေ အတော်ပျောက်နေတာ ကြာပြီရယ်”
“သော်ဇင်စိုးက ခုထိ မလေးရှားမှာပဲလေ။ ဟိုတလောက မလေးရှားမှာ အမှန်အကန်နေတဲ့သူ့ကို အော်ပရာဇီတွေ မှားပြီးလိုက်ဖမ်းတယ် ဆိုလားပဲ။ အဲ့ဒါ သူ့အစ်မ မသဒ္ဓါက သိသိချင်း သူနေတဲ့ ယိုးဒယားကနေ မလေးရှားက ရဲစခန်းရှေ့ထိ လမ်းလျှောက် ဆန္ဒပြလိုက်သေးတယ်တဲ့”
“အခုရော”
“အခုတော့ အိုကေသွားပြီ။ မလေးရှားက အော်ပရာဇီတွေက မသဒ္ဓါကိုကြောက်လို့ သူ့မောင်ကို ပြန်လွှတ်ပေးလိုက်ကြပြီတဲ့ရယ်”

တော်သေးတာပေါ့ဟု စိတ်ထဲ တွေးမိသည်။ နောက်မှ... သတိတရဖြင့် ကိုကြီးအား ကျွန်တော်မေးလိုက်၏။

“ဒါနဲ့ နေပါဦး။ ခင်ဗျားက ကျုပ်ဆီ ဘာဖြစ်လို့လာတာတုန်း”
“မကြာခင် သတင်းကျွတ်တော့မယ်လေဗျာ။ အဲ့ဒါ ကျုပ်ကို လူပြိုဂျီး၊ လူပြိုဂျီးနဲ့ နောက်ကြမှာစိုးလို့ စတေးရှောင်တဲ့ အနေနဲ့ ခင်ဗျားအိမ်မှာ ပုန်းနေမလားလို့ ထွက်လာတာဗျ”
“သူများပြောလည်း ပြောစရာပဲ။ ခင်ဗျားက ဂျီးများနေတာကိုးဗျ။ နာမည်တောင် ကိုကြီးကနေ ကိုဂျီးလို့ ပြောင်းသင့်တယ်”

ကျွန်တော့်စကားကြောင့် ကိုကြီးက ၀မ်းနည်းအားငယ်စွာဖြင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရှာသည်။ ပြီးမှ...ညောင်နာနာ အသံဖြင့်...

“ဒါပေမယ့် ခင်ညားဆီမှာ နေလို့တော့ ရတယ်မို့လားဟင်”
“မရတော့ဘူး ကိုကြီးရ၊ အလာကောင်းပေမယ့် အခါနှောင်းသွားပြီ”
“ဗျာ... ဘာဖြစ်လို့”
“သူ အခုလာနေပြီဗျ။ ဟော... ကြားလား ဟယ်လီကော်ပတာအသံ”

ဟုတ်သည်။ ကျွန်တော်တို့ခေါင်းပေါ်မှ ဟယ်လီကော်ပတာသံကြားရ၏။ ခဏတွင်းချင်းမှာပင် ကျွန်တော့်ခြံဝိုင်းထဲမှာ ဆင်းရပ်၏။ ကျွန်တော် ထိုင်နေရာမှ ထ,ရပ်လိုက်သည်။ ကိုကြီးကတော့ ဘာမှ နားမလည်နိုင်သလို မျက်နှာပေးဖြင့် ငေးကြောင် ကြည့်နေရှာ၏။

ဟယ်လီကော်ပတာတံခါးလေးပွင့်လာသည်။ ထိုအထဲမှ အနောက်တိုင်းသူမ လှလှလေးတစ်ယောက် ဆင်းလာ၏။ အရှိန်မသေသေးသော ပန်ကာ ဒလက်အောက်မှာ သူမ၏ဆံပင်လေးများက လွင့်ခနဲ ၀ဲခနဲ။ သူမက ကျွန်တော့်ဆီ ပြေးလာရင်း အော်သည်။

“ဒါလင်ညို”....
“ဆယ်ဆယ်”....

ရုပ်ရှင်ထဲကလို စလို့မိုးရှင်းမဟုတ်ပဲ ကျွန်တော်တို့နှစ်ယောက် ပြေးဖက်လိုက်ကြသည်။ အာဘွားအပြန်အလှန် ပေးကြသည်။ ပြီးမှ သူမ၏လက်ကို ဆွဲပြီး ကိုကြီးရှိရာဆီလျှောက်သွားလိုက်၏။ ကိုကြီးကတော့ ကျွန်တော်တို့စုံတွဲကို မျက်လုံးလေးပေကလပ် ပေကလပ်ဖြင့် ကြည့်ကာ ထိုင်ရာမှ ထ,ရပ်သည်။ နောက်... ဇဝေဇ၀ါ လေသံဖြင့် ကျွန်တော့်ကောင်မလေးကို လက်ညှိုးထိုးကာ ကျွန်တော့်ကို မေးလာ၏။

“ဦးဏီ... ဒီကောင်မလေး ကျုပ်မြင်ဖူးသလိုပဲ”
“မြင်ဖူးမှာပေါ့ဗျာ။ သူက ဟောလီးဝုဒ်က မင်းသမီးချောလေး ဆယ်လီနာဂိုမက်ဇ်ပဲဟာ”
“ဗျာ... သူက ဘယ်လိုလုပ်ပြီး ခင်ဗျားနဲ့”...
“သူက ရူးရူးမိုက်မိုက် ဆယ်ကျော်သက်အရွယ်မှာ အင်္ဂလိပ် ဘေဘီဘိုက်တာအဆိုတော် ဂျက်စတင်ဘီဘာနဲ့ တွဲခုတ်ခဲ့ပေမယ့် အွန်လိုင်းမှာ ကျွန်တော့်ကို အမှတ်မထင်တွေ့ပြီး တန်းတန်းစွဲဖြစ်သွားတာ။ အဲ့ဒီတော့ ဂျက်စတင်ဘီဘာကို ခေါက်ပြီး ကျုပ်နောက် ကောက်ကောက်ပါအောင် လိုက်လာခဲ့တာပဲ”
“ဘာ... သူက ခင်ဗျားလို မှုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတွေနဲ့ ပိန်ပိန်ညောင်ညောင် စုတ်ချွန်းချွန်း ငကျည်းခြောက်လိုအကောင်ကို ကြိုက်သတဲ့လား”

ကိုကြီးအသံက တအံ့တသြ။ ဆယ်ဆယ်ကတော့ မြန်မာစကား သိပ်နားမလည်တာမို့ ကျွန်တော့်ပခုံးပေါ်ခေါင်းမီရင်း အပြုံးလေးနှင့် ငြိမ်သက်နေခဲ့၏။ ခရီးပန်းလာ၍ ထင်၏။ အောင်နိုင်သူပမာ ၀င့်ကြွားစွာဖြင့် ကျွန်တော်ပြုံးရင်း...

“ဒါကတော့ ဖူးစာပေါ့ဗျာ။ ကဲ... အခုတော့ ဆယ်ဆယ်နဲ့လက်ထပ်ပြီးရင် စီးပွားရေးအနေနဲ့ မုန့်ဟင်းခါးဆိုင်ဖွင့်ရောင်းဖို့ အာဖဂန်နစ္စတန်ကို ခဏသွားပြီး ဈေးကွက်လေ့လာလိုက်ဦးမယ်။ ပြန်လာတဲ့အခါ သီတင်းကျွတ်ပြီ။ အဲ့ဒီခါကျမှ ကမ္ဘာ့လောင်းကစားမြို့တော်ကြီးက ကြယ်သုံးဆယ့်နှစ်ပွင့်အဆင့်ရှိတဲ့ ဟော်တယ်ကြီးမှာ ချိမ့်ချိမ့်သဲသဲ မင်္ဂလာပွဲဆင်နွဲမှာ။ ပြီးတော့ လက်ထပ်ပြီးရင် ကျုပ်လည်း ဆယ့်ဆယ့်လို အင်္ဂလိပ်ဆန်သွားအောင် နာမည်ပြောင်းတော့မှာ၊ ဏီလင်းဘရက်ပစ်ညိုလို့ပဲ”
“သြော်... ခင်ဗျားက နာမည်ပြောင်းဖို့အထိတောင် စဉ်းစားပြီးသွားပြီကိုး။ ဒါနဲ့ ခင်ဗျား မင်္ဂလာဆောင်မှာက ကမ္ဘာ့လောင်းကစားမြို့တော်မှာဆိုတော့ လက်စ်ဗီးဂတ်မှာလား။ ဝေးလိုက်တာ ဦးဏီရာ။ ကျုပ်တို့လာနိုင်မယ် မထင်ဘူး”
“ထပ်တရီး၊ လက်စ်ဗီးဂတ်က အခု ဒုတိယနေရာကို ရောက်သွားပြီဗျ။ လောလောဆယ် ကမ္ဘာ့လောင်းကစားမြို့တော်ကြီးက ရန်ကုန်မြို့ပဲဟာ။ ရန်ကုန်မြို့ထဲက(ထရိတ်ဒါးစ် ဆိုတဲ့ ဟော်တယ်လ်ထက်သာတဲ့)  ကြယ်သုံးဆယ့်နှစ်ပွင့်အဆင့်ရှိတဲ့ ၀ဲစား ဆိုတဲ့ ဟော်တယ်မှာ မင်္ဂလာဆောင်မှာပါ။ ခင်ဗျားတို့အားလုံး လာလို့ရပါတယ်။ အဲ့ဒီတော့...အခု ကျုပ်အိမ်မှာ ခင်ဗျားနေချင်ရင်လည်း နေပေါ့ဗျာ။ ကျုပ်ကတော့ အခု ဆယ်ဆယ်နဲ့ လိုက်သွားတော့မယ်။ အော်... မရို့စ်လာရင် ကွပ်ပျစ်ပေါ်က သတင်းစာ စက္ကူနဲ့ထုတ်ထားတဲ့ မယ်ဇလီရွက်ထုတ်လေး ပေးလိုက်ဦးနော်။ ကဲ... သွားပြီဗျိုး။ လာ... ဆယ်ဆယ်”

ဆယ်ဆယ့်လက်ကလေးကိုဆွဲပြီး ဟယ်လီကော်ပတာဆီသို့ ကျွန်တော်လျှောက်သွားကာ အထဲသို့ ၀င်လိုက်သည်။ ဟယ်လီကော်ပတာက မြေပြင်ပေါ်မှအကြွတွင် ဆယ်ဆယ်က ကျွန်တော့်ပခုံးပေါ်သို့ ခေါင်းမီလာသည်။ ကြည်နူးစွာဖြင့် ဆယ်ဆယ့်ခေါင်းလေးအား ပွတ်သပ်ပေးရင်း... မြေပြင်ကို ငုံ့ကြည့်လိုက်တော့ ကျွန်တော့်ခြံထဲတွင် သစ်ငုတ်တိုကြီးထောင်ထားသလို ရပ်ကျန်နေခဲ့ရှာသော ကိုကြီးအား ခပ်ဝါးဝါး တွေ့လိုက်ရလေတော့၏။           

(ပြီးပါပြီ။)

~~~@~~~~

မှတ်ချက်။     ။ {ဒီစာလေးကို ရေးရင်း နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို စုတ်စုတ်ပြတ်ပြတ်နဲ့ပဲ ဇာတ်သိမ်းမယ်လို့ အားတင်းထားပေမယ့် ဇာတ်လမ်းထဲမှာ ပါသူအားလုံး တစ်ယောက်မှမကောင်းထားတာမို့ (ဇာတ်အရမ်းနာနေမှာ စိုးရိမ်စွာဖြင့်) ကျွန်တော့်ကိုယ်ကျွန်တော် ဆယ်လီနာဂိုမက်ဇ်လေးနှင့် ပေးစားလိုက်ပြီး ဟယ်လီကော်ပတာစီးကာ ဇာတ်သိမ်းလိုက်ရခြင်း ဖြစ်ပါသည်။}
{ ပုံ/ ဏီလင်းဘရက်ပစ်ညို - လောလောဆယ် ဆယ်လီနာဂိုမက်ဇ်၏ ခင်ပွန်းလောင်း}


----------------------------------------------------------------------------------------------------------------
ခွင့်မတောင်းပဲ နာမည်များ ယူသုံးမိခြင်းကြောင့် မောင်နှမများ နားလည် ခွင့်လွှတ်ပေးကြပါဦးဗျာ။ မောင်နှမတွေကို ချစ်တဲ့စိတ်နဲ့ ပျော်စေချင်လို့ ရေးလိုက်တဲ့ ပို့စ်လေးပါ။ ထိခိုက် နစ်နာစေလိုခြင်း အလျှင်းမရှိပါကြောင်း။
အမှန်အတိုင်း ၀န်ခံရရင် ဒီပို့စ်တွေထဲမှာ ပါဝင်ကြတဲ့ ဘလော့ဂါမိတ်ဆွေများအကြောင်းကို ရေးဖွဲ့တဲ့နေရာမှာ ဖေ့ဘွတ်ခ်ပေါ်က Image တွေကို အခြေခံပြီး ရေးမိတာ ဖြစ်ပါတယ်။ တချို့တွေကျန်ခဲ့မယ်ဆိုရင်လည်း ကျွန်တော် သိပ်မသိလို့ ထည့်မရေးဖြစ်ခဲ့တာ နားလည်ခွင့်လွှတ်ပေးစေချင်ပါကြောင်း....။
ဘလော့ဂါ တော်တော်များများအတွက် အမှတ်တရဖြစ်စေမယ်ဆိုရင် ဒီပို့စ်လေးကို ရေးရကြိုးနပ်ပြီဟု ကျွန်တော် ယူဆမိပါကြောင်း......။
စာဖတ်သူတွေရော၊ ရေးဖော်ရေးဖက်မောင်နှမတွေရော အားလုံး ချမ်းမြေ့ ပျော်ရွှင်ကြပါစေခင်ဗျာ။
---------------------------------------------------------------------------------------------------------------------
ချစ်ခြင်းအားဖြင့်....
ဏီလင်းညို
၀၄၊ အောက်တိုဘာ၊ ၂၀၁၃။
(၀၃း ၅၅) နာရီ။
သောကြာနေ့။
ရန်ကုန် - မြန်မာပြည်။
(အမည်များနှင့် ကျွန်တော် - ဇာတ်သိမ်း)

Wednesday, October 2, 2013

အမည်များနှင့် ကျွန်တော်(၂)



ထိုစဉ်... ရွာလမ်းမဆီမှ ညာသံပေးကာ အော်ဟစ်သံများနှင့် ပြေးလွှားသံများကို ကျွန်တော် ကြားလိုက်ရ၏။

“လိုက်ဟေ့... လိုက်ဟ”
“ဟေလူ...မပြေးနဲ့။ အခုရပ်စမ်း”
“လုပ်တုန်းက လုပ်ပြီး ဘာအခုမှ ကြောက်ပါပြီလဲကွ”

ဘာများဖြစ်ပါလိမ့်ဟူသော အတွေးဖြင့် ကွပ်ပျစ်ပေါ်မှနေ လည်ဆန့်ကာ ကျွန်တော် လှမ်းမျှော်ကြည့်လိုက်သည်။ ကြည့်နေတုန်း ကျွန်တော့်ခြံဝိုင်းထဲသို့ ပုဆိုးမနိုင် ပုဝါမနိုင် ပိုသီဖတ်သီ စတိုင်မလိုင်နှင့် လူတစ်ယောက် ကသုတ်ကရက် ပြေးဝင်လာတာကို မြင်လိုက်ရ၏။

အနားရောက်လာတော့ ဖုန်တွေချွေးတွေဖြင့် ပေလူးနေသော ကိုညီလင်းသစ်ကို တွေ့လိုက်ရသည်။ အံ့သြခြင်း ကြီးစွာဖြင့် ကျွန်တော်မေးလိုက်သည်။

“ဟာ...ကိုညီ... ဘာဖြစ်လာတာလဲ”
“ပြီးမှ ကျွန်တော်ပြောပြမယ် ကိုဏီ၊ ခုတော့ ကျွန်တော့်ကို ပုန်းစရာနေရာတစ်ခုလောက် ပြောပြပါဦးဗျာ”

ကိုညီလင်းသစ်က ဟောဟဲဆိုက်လျှက် လျှာကိုအလျှားလိုက်ထုတ်ကာ စိုင်းစိုင်းခမ်းလှိုင်စတိုင် အသက်ကို ဖုတ်လှိုက်ဖုတ်လှိုက် လုရှူရင်း ပြောသည်။ ထို့ကြောင့်....

“ဒါဆို... ကျွန်တော့်အိမ်ဘေးက ကြက်ခြံထဲမှာ ခဏ၀င်ပုန်းနေလိုက် ကိုညီ”

ကျွန်တော့်စကားအဆုံးတွင် ကိုညီလင်းသစ်က ကိုယ်ဖော့ပညာသုံးကာ လှစ်ခနဲ ပြေးသွားလေတော့၏။ ငယ်ငယ်က ကြည့်ခဲ့ဖူးသော ပါဝါရိန်းဂျားဇာတ်လိုက်များထက်ပင် မြန်သေးသည်။ သိပ်မကြာလိုက် ကျွန်တော့်ခြံထဲသို့ တုတ်တွေ၊ ဓားတွေ ကိုယ်စီကိုင်ထားကြသော လူတစ်စု ၀င်လာတာ တွေ့ရ၏။ သူတို့ထဲမှ တစ်ယောက်က ကျွန်တော့်အား မျက်နှာထိ မျက်နှာထားဖြင့် မေးလေ၏။

“ဟေ့လူ။ ခင်ဗျားခြံထဲကို လူတစ်ယောက် ၀င်သွားတာ ကျုပ်တို့တွေ့လိုက်တယ်။ ခုဘယ်မှာလဲ”
“တောက်တီးတောက်တဲ့၊ ကြံကြီးစည်ရာဗျာ။ ဘယ့်နှယ် ကျုပ်အိမ်ထဲကို လူဝင်ရမှာတုန်း။ ဘယ်သူမှ ၀င်မလာဘူးဗျ”

ခပ်တည်တည်ဖြင့် ကျွန်တော်ပြန်ပြောလိုက်သည်။ သိပ်မလိမ်တတ်တာမို့ မျက်နှာကို မင်သေနေစေရန် မနည်း အားထုတ်ထားရ၏။ သို့သော် ကိုယ့်မိတ်ဆွေအတွက် ဒီလောက်တော့ ကျွန်တော် စွန့်စားသင့်သည် ထင်၏။ ဟုတ်သည်လေ၊ ရှိပါတယ်လို့ ကျွန်တော်ပြောလိုက်ရင် ဒီလူတွေလက်ထဲမှာ ကိုညီလင်းသစ်တစ်ယောက် အေးချမ်းမေဖြစ်သွားမှာ မို့လား။ (အေးချမ်းမေ = တစ်စစီကျိုးပဲနေတယ်။    ။ ဤကား စကားချပ်တည်း)

ထိုစဉ် ကြက်ခြံထဲမှ ကြက်မများ၏ ကတော်သံများကို ကြားလိုက်ရ၏။ ကျွန်တော်ရင်ထိတ်သွားသည်။ ဧကန္တ ခြံထဲမှ ဥစားကြက်မတစ်သိုက်နှင့် ကိုညီတို့ ဘီလူးတွေ့၊ ဒူးတွေ့ တွေ့နေကြပြီထင်၏။

လူအုပ်စုထဲမှ တစ်ယောက်က မသင်္ကာသလို ၀င်မေးသည်။

“ခင်ဗျားခြံထဲက ကြက်တွေက ဆူလှချည်လား”
“ဟုတ်တယ်။ ခြံထဲမှာက ကြက်ထီးတစ်ကောင်တည်း ရှိတာလေ။ အဲ့ဒါ ကြက်မတွေက ၀ိုင်းပြီး လင်လုနေကြတာ၊ အဲ့... ကြက်ထီးလုနေကြတာ နေမှာပေါ့။ အဲ့ဒါကြောင့် ဆူနေကြတာ”

မင်သေသေဖြင့် ပြန်ဖြေရင်း ကိုညီ့အား စိတ်ထဲအားနာသွားရသည်။ တကယ်က ခြံထဲမှာ ကြက်ထီးတစ်ကောင်မှ မရှိ။ အထီးဆိုလို့ ရှိတာက ကိုညီတစ်ကောင်တည်း၊ အဲ့လေ တစ်ယောက်တည်း။ ယုတ္တိရှိအောင် ဖြေလိုက်ရခြင်းသာပင်။

ကျွန်တော့်စကားကို သူတို့ယုံသွားကြပုံရသည်။ တက်တစ်ခေါက်ခေါက်ဖြင့် လှည့်ထွက်သွားကြသည်။ သူတို့နောက်ကျောကို ကြည့်ရင်း ကျွန်တော်တွေးမိ၏။ လူတွေဟာ ပိပိရိရိဖြင့် လှည့်ဖျားခံရလျှင် ယုံသွားတတ်ကြပါသလားဟူ၍။

ကျွန်တော့်ခြံထဲမှ သူတို့အားလုံးထွက်သွားပြီး တစ်အောင့်လောက်ကြာတော့မှ လေသံသဲ့သဲ့ဖြင့် ကိုညီ့အား လှမ်းခေါ်လိုက်သည်။

“ကိုညီ... လာတော့၊ ရပြီ။ အဲ့ဒီမှာ ကြက်မတစ်သိုက်နဲ့ အားနာလို့”

ကျွန်တော့်အသံအဆုံးတွင် ကြက်ခြံထဲမှ ကိုညီက ကုပ်ချောင်းချောင်းဖြင့် ထွက်လာ၏။ သူ့ကိုကြည့်ရင်း ကျွန်တော့်မှာ သနားတောင် သွားရမိသည်။ ကြည့်လေ။ သူ့တစ်ကိုယ်လုံး ကြက်ချေးတွေ၊ ကြက်မွှေးတွေနဲ့ ပေပွနေခဲ့လေတာ။ ခြံထဲက ကျွန်တော့်ကြက်မတွေ သူ့ကို ဘယ်လောက်တောင် ၀ိုင်းသမထားကြသလဲ မသိ။

ကိုညီက ကျွန်တော့်ရှေ့မှ ကွပ်ပျစ်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။ ထိုအခိုက် လေကလေးတစ်ချက်အဝှေ့တွင် သူ့ထံမှ ကြက်ချေးနံ့က ကျွန်တော့်ဆီသို့ သင်းခနဲ လွင့်ပျံ့လာခဲ့၏။

ကိုညီက ကျွန်တော့်ကို အားနာသလိုကြည့်ရင်း ပြောသည်။

“ကျေးဇူးပဲ ကိုဏီရာ”
“ရပါတယ် ကိုညီရာ၊ ဒါနဲ့ ဘာဖြစ်ကြတာတုန်း”
“ဒီလိုဗျာ။ ပြီးခဲ့တဲ့ အပတ်လောက်တုန်းက အွန်လိုင်းပေါ်မှာ ငါးပိရည်ကျိုနဲ့ပတ်သတ်တဲ့ စာတစ်ပုဒ် ကျွန်တော်ရေးမိတာ ကိုဏီမှတ်မိတယ်မို့လား”
“မှတ်မိတာပေါ့ဗျာ။ ယူရီးယား(သို့မဟုတ်) ရင်းနှီးနေသော သူစိမ်း ဆိုတဲ့ ခေါင်းစဉ်လေးနဲ့မှတ်လား။ သိပ်ကောင်းလို့ ကျွန်တော်တောင် သဘောကျသေးတာ။ ဒါပေမယ့် ကိုညီ့ဆီမှာ ကော်မန့်ရေးဖို့ ကော်နက်ရှင်က မျက်နှာသာမပေးလို့ ဒီအတိုင်းဖတ်ရုံဖတ်ပြီး လှည့်ပြန်လာခဲ့ရတာ”
“ပြဿနာက အဲ့ဒီက စ,တာပါပဲ ကိုဏီရယ်”
“ဘယ်လို”
“ဟုတ်တယ်ဗျ။ ကျွန်တော်က အဲ့ဒီပို့စ်ရေးလိုက်တော့ ငါးပိသည်တွေ၊ ငါးပိဒိုင်တွေမှာ ရောင်းအားတွေက ဝေါခနဲ ထိုးကျသွားတယ်ဆိုပဲ။ အဲ့ဒါကို သူတို့တွေက မကျေနပ်လို့ ခြေရာခံလိုက်တော့ လက်သည်က ကျွန်တော်ဖြစ်နေ တယ်ဆိုတာကို သိသွားကြတယ်တဲ့။ အဲ့ဒါနဲ့ သူတို့ ငါးပိရောင်းဝယ်သူတစ်စုက ညီလင်းသစ်ဆန့်ကျင်ရေးဆိုတဲ့ ပါတီထောင်ပြီး ကျွန်တော့်ကို ၀ိုင်းဆန္ဒပြကြတာရယ်ဗျ။ ပထမတော့ ကျွန်တော်လည်း လွှတ်တော်ရဲ့အကူအညီနဲ့ ပြေလည်အောင် ဖြေရှင်းဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့် ဘယ်လိုမှ မရတော့ဘူး။ အခု ကျွန်တော့်ကို ၀ိုင်းဘေလို့ ကြွက်ပြေးနွားပြေး ပြေးလာရတော့တာပါပဲဗျာ။ ပြောရမယ်ဆိုရင် ညီလင်းသစ်ဘ၀ကနေ ညီလင်းလစ် ဖြစ်ခဲ့ရတော့တာပါပဲ”
“ဖြစ်မှ ဖြစ်ရလေ ကိုညီရယ်။ ခင်ဗျားရေးတဲ့စာထဲမှာ သူတို့ထိခိုက်နစ်နာစေတာ ဘာမှ မပါပဲနဲ့ဗျာ။ အင်း လူတွေကလည်း ခက်ပါတယ်။ ဒီခေတ်မှာ တစ်ခုခုဆို ထစ်ခနဲရှိ ဆန္ဒပြမယ်ဆိုတာချည်းပဲ”

မချိတင်ကဲဖြင့် ရင်ဘတ်ကိုထုကာ နတ်သံနှော၍ ကျွန်တော် ညည်းမိ၏။ ကိုညီက ခေါင်းခါရင်း...

“ရပါတယ် ကိုဏီရာ။ ကဲ... အခုတော့ ရန်တွေ ရှင်းသွားပြီ။ ကျွန်တော်တို့နှစ်ယောက် တွေ့တုန်း ဂစ်တာတီးပြီး သီချင်းဆိုရအောင်”
“ဘာသီချင်းဆိုကြမလဲ”
“ဟိုလေဗျာ... ဇော်ပိုင် ဒိတ်ဒိတ်ကြဲပေါက်ခဲ့တဲ့ မြို့အ၀င်ညထဲက ‘စွန်သွားသော နေခြည်’ ဆိုတဲ့ သီချင်းလေးဆိုကြမယ်။ ခင်ဗျားက တီးဗျာ။ ကျွန်တော်က ဆိုမယ်”

ကိုညီ့စကားကြောင့် တဲအတွင်းမှ ကျွန်တော့်အချစ်တော် ဂစ်တာအစုတ်လေးကို သွားယူလိုက်ရ၏။ နောက် ကြိုးကို ညှိမနေတော့ပဲ အင်ထရို ၀င်လိုက်သည်။ ဂစ်တာသံကား ကြွက်စုတ်သံနှင့် နင်လားငါလား ထွက်ပေါ်လာလေတော့၏။ ကိုညီက ထည်ဝါခန့်ညားသော အသံဖြင့် သီချင်းစ,ဆိုလေတော့သည်။

“ရွှေပြည်သာမှာ ပျော်ပါ နေခြည် xxx လှိုင်သာယာကို ကိုယ်တစ်ယောက်တည်း သွားမည် xxxx အိမ်က ကလေးတွေကို လူကုန်ကူးပလိုက်တော့ xxxx နေခြည်”...

တီးနေရင်း အရေးထဲမှာ ကော့ဒ်က မေ့သွားရပြန်လေ၏။ ဒါကို ကိုညီသတိမထားမိအောင် ၀ါးချလိုက်ရသည်။ ထိုစဉ် ကျွန်တော့်ခြံဝိုင်းထဲသို့ မိန်းကလေးတစ်ယောက် ၀င်ရောက်လာသည်။ ခေါင်းပေါ်မှာ ပုဆိုးစုတ်လေးဖြင့် ထုတ်ထားသော အထုတ်တစ်ထုတ်ကို ရွက်ကာ လက်တစ်ဖက်က ဓားရှည်တစ်ချောင်းဖြင့်။ ၀တ်စားထားတာကလည်း တကယ့်အမိုက်စား။ အပေါ်မှာက ဇာအင်္ကျီလက်စက ရင်ဖုံး ပန်းနုရောင်၊ အောက်က သရီးကွာတားဘောင်းဘီခပ်ပွပွနှင့် ခြေထောက်မှာတော့ မြိုင်ရာဇာ တွတ်ပီစီးသည့် လည်ရှည် ကြက်ပေါင်ဖိနပ်အမည်းကြီးစီးထား၏။

ကျွန်တော် ဂစ်တာတီးရာမှ ဂွိခနဲ ရပ်လိုက်သည်။ ကိုညီကလည်း သီချင်းဆက်မဆိုနိုင်တော့ပဲ နေရာမှ ဆတ်ခနဲထ,ဟန်ပြင်သည်။

“ကိုဏီ... ဒါ... စောစောက အဖွဲ့ထဲက တစ်ယောက်လားမသိဘူး။ လက်ထဲမှာလည်း ဓားကြီးနဲ့”

သူ့အသံက ခပ်တုန်တုန်။ ကျွန်တော်က အားပေးသည့် အနေဖြင့်...

“ဟုတ်ချင်မှ ဟုတ်မှာပါ ကိုညီရာ။ အသာ နေစမ်းပါဦး။ ကျွန်တော် သေချာကြည့်ပါရစေ။ ဟား... အသင်နားမလည်နိုင်သော မိန်းမတစ်ယောက်အကြောင်းရေးတဲ့ မယ့်ကိုးပါလားဗျ။ ကိုညီ... ဒါ စောစောက အုပ်စုထဲက မဟုတ်ဘူး။ ကျွန်တော်တို့ညီမ မယ့်ကိုးမှ မယ့်ကိုး အစစ်ရယ်”
“ဟင်...ဟုတ်လား”
ထိုအခါမှ ကိုညီက အိနြေ္ဒရရ ပြန်ထိုင်၏။ မယ့်ကိုးက အနားသို့ရောက်လာသည်။ ကျွန်တော်က...

“ထိုင်လေ မယ်၊ ဘယ်သွားမလို့တုန်း။ အထုတ်တွေ အပိုးတွေနဲ့။ လက်ကလည်း ဓားတစ်ချောင်းဆွဲလို့”
“မယ့်အဖြစ်တော့ မပြောချင်တော့ပါဘူး ကိုဏီရယ်”
“မပြောချင်လည်း မပြောပါနဲ့တော့ကွယ်”
“ဟာ... ကိုဏီကလည်း အဲ့သဟာ ပြောချင်လွန်းလို့ စကားပလ္လင်ခံတာရှင့်။ ဘာမှလည်း ၀ါးတားဖော်လို ဖစ်ဖော်လို မလိုက်တတ်ဘူး”

မယ့်ကိုးက ကျွန်တော့်ကို မျက်စောင်းထိုးရင်း ဂျစ်တစ်တစ်လေသံဖြင့် ပြောကာ ခေါင်းပေါ်မှ သူ့အထုတ်လေးအား ကွပ်ပစ်ပေါ်သို့ ဖုတ်ခနဲ ပစ်ချလိုက်၏။ နောက်... သူ့ဓားကြီးကို ရင်မှာပိုက်ပြီး ကြက်ပေါင်ဖိနပ်ကြီးကို ချွတ်ကာ ကွပ်ပစ်ပေါ်သို့ တက်ထိုင်၏။ ကိုညီက မယ့်ကိုးလက်ထဲမှ ဓားကြီးကိုကြည့်ကာ ကျောချမ်းဟန်ဖြင့် ကျွန်တော့်နားတိုးလာသည်။ သူ့ကြည့်ရတာ စောစောက လူအုပ်အလိုက်ခံထားရတာမို့ သွေးလန့်နေပုံရပါသည်။ ထို့ကြောင့် စိတ်ပြေလက်ပျောက်ဖြစ်သွားစေ ရန် မယ့်ကိုးအား ကျွန်တော် မေးလိုက်သည်။

“ကဲ...ဒါဆို ပြောစမ်းပါဦး။ ဘာဖြစ်လာတာလဲ”
“ညီမ အိမ်ကနေ ထွက်ပြေးလာတာ”
“ဘာ... ဘယ်လို”
 ကိုညီက တအံ့တသြ ၀င်မေး၏။ ကျွန်တော်လည်း စိုးရိမ်သွားသည်။ မယ့်ကိုးက ဆက်ပြော၏။

“ဟုတ်တယ်၊ ကိုညီနဲ့ ကိုဏီ။ ညီမက အင်္ဂပူ အဲ့လေ၊ စင်ခါဘူကနေ ပြန်လာတာ သုံးလလောက်ရှိပြီ။ အဲ့ဒါ ရောက်ကာစကတော့ အိမ်က ဘာမှ မပြောဘူး။ ခုတော့ ဘာဆက်လုပ်မလဲ၊ ဘာညာနဲ့ မေးလာကြလို့။ ပြီးတော့ ညီမ ပတ်ဝန်းကျင်က လူတွေကလည်း ဘယ်တော့ ပြန်သွားမလဲနဲ့ တစ်မေးတည်း မေးနေကြတာ။ ကြည့်ရတာ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားမှာ ခဏသွားအလုပ်လုပ်တဲ့လူတွေကို တစ်သက်လုံး သူများနိုင်ငံမှာပဲ နေသွားမယ်များ ထင်နေလားမသိဘူး။ သူတို့တင်ကျွေးထားရတာလည်း မဟုတ်ပဲနဲ့များ။ အဲ့ဒါ အခု
စိတ်ပေါက်ပေါက်နဲ့ အိမ်ကနေ ထွက်လာတာ။ မယ့်ကိုးဆိုတဲ့ နာမည်ကနေ မယ့်ဆိုးလို့တောင် ပြောင်းချင်လာပြီ”
“ခုဘယ်သွားမယ် စိတ်ကူးလဲ”

ကျွန်တော့်အမေးအား မယ့်ကိုးက သက်ပြင်းချရင်း...

“ပြီးခဲ့တဲ့လက မြန်မာနဲ့ အမေကြီးကန်နိုင်ငံနှစ်နိုင်ငံ ချစ်ကြည်အေး၊ အဲ့လေ မှားလို့ ချစ်ကြည်ရေး တက်ခဲ့ကြတဲ့ ဂလန်ရာဇီတောင်ပေါ်သွားနေမလားလို့ ကိုဏီရယ်။ အဲ့ဒီမှာဆို အေးဆေးပဲ။ ညီမကို နားပူမယ့်လူ ဘယ်သူမှ ရှိတာမဟုတ်ဘူးရယ်။ စာလည်း အေးဆေး ရေးလို့ရမယ်။ စားစရာလိုရင် အမဲလိုက်ရုံပဲ။ အိမ်မှာကတော့ ဘယ်လိုမှ နေလို့ရမယ် မထင်တော့ပါဘူး။ ဟင်းးး”

ပြောရင်း မယ့်ကိုးက စိတ်ထွက်လာဟန်တူ၏။ သူ့ရင်ခွင်ထဲမှ ဓားကြီးကို ၀ါးကြမ်းခင်းပေါ်သို့ ဂွပ်ခနဲ ဆောင့်ချလိုက်လေသည်။

ကိုညီ့က ၀င်မေး၏။

“ဒါနဲ့ ဓားကြီးက ဘာလုပ်ဖို့ ယူလာရတာတုန်း မယ်ရဲ့”
“အကာအကွယ်ပေါ့ ကိုညီရယ်။ သိတယ်မဟုတ်လား။ ဒီခေတ်မှာ မိန်းကလေးအရွယ်စုံ အကြမ်းဖက်ခံနေရတာ။ တစ်ယောက်တည်း ခရီးသွားတဲ့အခါ ညီမအတွက် အဆောင်ပေါ့”
“ဓားသိုင်းရော ချတတ်လို့လားမယ်ရဲ့”

ကျွန်တော်က ၀င်မေးလိုက်တော့ မယ့်ကိုးက တောက်ပ၀င့်ကြွားစွာ ပြုံးရင်း...

“သိပ်ချတတ်တာပေါ့ ကိုဏီရာ။ အခု မြန်မာပြည်က စီးပွားရေးတံခါးတွေ ဒလဟောဖွင့်ထားပြီဆိုတော့ နိုင်ငံခြားက သင်တန်းတွေ ဟောတစ်ခု ဟောတစ်ခုနဲ့ လာဖွင့်နေတာ ကိုဏီလည်း ကြားမှာပေါ့။ အဲ့ဒီလို လာဖွင့်တဲ့သင်တန်းတွေထဲက တရုတ်သိုင်းအကျော်အမော်သုံးယောက်ဖြစ်တဲ့ ကျန်ကျောင်းဆီမှာ ဓားသိုင်းက သုံးလပြတ်၊ ဂျက်ကီချန်းနဲ့ဂျက်လီတို့ ပေါင်းပြီးဖွင့်ထားတဲ့ မရှောင်ရင်ထိပ်ဖူးသင်တန်းက သုံးလပြတ် သွားတက်ထားတာ။ ဘာလဲ ကိုဏီက မယုံလို့လား။ ခဏလေး၊ ညီမရဲ့ သင်တန်းဆင်းလက်မှတ်တွေ ပြရဦးမယ်”

ပြောပြောဆိုဆိုဖြင့် မယ့်ကိုးက ပုဆိုးစုတ်ဖြင့် ထုတ်ထားသော သူ့အထုတ်လေးကို ဖြည်ဟန်ပြင်၏။ ထို့ကြောင့် ကျွန်တော် တားမြစ်လိုက်ရသည်။

“တော်ပါပြီမယ်ရယ်။ ယုံပါတယ်။ ဒါပေမယ့် ဂလန်ရာဇီတောင်တော့ မတက်ပါနဲ့။ ရာသီဥတု ကြမ်းတယ်။ မယ်တစ်ယောက်တည်းသွားမှာ ကိုဏီတို့ စိတ်မချပါဘူး။ ဒီလိုလုပ်၊ ဂလန်ရာဇီတောင်မတက်ရပေမယ့် ရသေ့စိတ်ဖြေအနေနဲ့ ရွှေမန်းတောင် ချွေးထုတ်ငန်းဆေး တစ်ထုတ်လောက် ၀ယ်ပြီး ဆောင်ထားလိုက်လေ”
“ကိုဏီ့အကြံက မဆိုးဘူး။ ကောင်းသားပဲ။ ရွှေမန်းတောင်တစ်ထုပ် ၀ယ်ထားလိုက်မယ်။ ဒါပေမယ့် ညီမက အိမ်ကနေ ထွက်ပြေးလာတာ။ ဂလန်ရာဇီတောင်ကို မသွားရရင် ဘယ်သွားရမလဲ”
“ကိုညီနဲ့ ဆွစ်ဇာလန်ကို လိုက်သွားပါလား”
“ဟယ်... မလိုက်ချင်ပါဘူး။ ညီမက ဇာအက်ႌေတြအ၀တ္မ်ားတာ။ လိုက်လှန်နေရင် ဘယ့်နှယ့်လုပ်မတုန်း”

ဓားသာ ဆောင်ထား၏။ မယ့်ကိုးက ကျောချမ်းဟန်ဖြင့် ပြောသည်။ ကိုညီလင်းသစ်က ကမန်းကတန်း ၀င်ပြော၏။

“မဟုတ်ဘူးကိုဏီရဲ့။ ကျွန်တော် အခု ဆွစ်ဇာလန်မှာ မနေတော့ဘူး။ နေရတာ ရိုးလာလို့။ အခု အင်္ဂလန်ဆိုတဲ့ တိုင်းပြည်က ဖင်လန်ကို ဘင်သံနဲ့ ပြောင်းဖို့ စီစဉ်ပြီးသွားပြီဗျ”
“အဲ့တိုင်းပြည်က ဟာတွေတော့ အောက်ပိုင်းတွေ လေဖြတ်ကုန်တော့မှာပဲ”

မယ့်ကိုးက စိတ်ပူသံနှော၍ ခပ်ပြတ်ပြတ်ဝင်ပြော၏။ ကျွန်တော်လည်း ခေါင်းငြိမ့်ထောက်ခံရင်း...

“မယ်ပြောတာ ဟုတ်တယ် ကိုညီရဲ့။ အဲ့ဒီမြို့က အအေးပိုင်းဒေသဆိုလား ကျွန်တော်ကြားဖူးတာ။ အမြဲတမ်း ဟိုဒင်း လှန်နေကြတာဆိုတော့ အောက်ပိုင်းအအေးပတ်ပြီး မိသားစုတွေ နာဖျားကုန်မှာ စိုးလို့ရယ်”
“ဟာ... ကိုဏီကလည်း။ ဟိုဒင်းကို တကယ်လှန်တာ မဟုတ်ပါဘူးဗျ။ သူ့မြို့နာမည်ပဲ လှန်တာ... အဲ့လေ လန်တာပါ။ မြန်မာလို ဖင်လှန်လို့ အသံထွက်ကြပေမယ့် သူတို့အခေါ်ဆိုတော့ ဖန်လန်ဆိုလားရယ်။ ကဲ... ညီမ မယ့်ကိုး၊ ကိုညီနဲ့လိုက်မယ်ဆိုရင် လိုက်ခဲ့တော့။ အဲ့ဒီမှာ နေဖို့စားဖို့ ဒုက္ခသည်စခန်းနဲ့ ကိုညီဆက်သွယ်ပေးမယ်။ နောက်ပြီး အဲ့ဒီမှာ ခုလို ဓားကြီး ဆောင်ထားစရာ မလိုဘူး။ သေနတ်ဝယ်ကိုင်လို့ရတယ်။ ပစ္စတို၊ ခြောက်လုံးပြူး၊ စတင်းဂန်း၊ အမ်၁၆ ကြိုက်တာ ရွေးဝယ်၊ အေးဆေးပဲ။ လာ...သွားစို့”

ပြောပြောဆိုဆိုဖြင့် သူတို့နှစ်ယောက်လုံး ကျွန်တော့်အား နှုတ်ဆက်ကာ ကွပ်ပျစ်လေးပေါ်မှ ဆင်းသွားကြလေတော့၏။ သူတို့မောင်နှမနှစ်ယောက်ကို လိုက်ငေးရင်း အဆင်ပြေကြပါစေကြောင်း ဆုတောင်းမိ၏။

ရေနွေးကြမ်းအိုးကို မကာ ရေနွေးတစ်ခွက်ငှဲ့သောက်ရင်း ဗိုက်ထဲ နည်းနည်း ဟာလာသလို ရှိ၏။ နေ့လယ်နေ့ခင်း တစ်ခုခုတော့ စားချင်စိတ်ပေါက်လာသည်။ သို့သော် အပြင်သို့ ကျွန်တော် မထွက်ချင်မိ။ နေပူလွန်းသည်။ ထိုစဉ်..

“ဟောဒီဘက်က ကန်းစွန်းဥပြုတ်၊ ကလောဥပြုတ်၊ အာတာလွတ်ပြုတ်၊ မြေပဲပြုတ်တွေ ရမယ်”
“လာပါဦးဗျို့”

ကျွန်တော်လှမ်းခေါ်လိုက်တော့ ကန်စွန်းဥပြုတ်သည် မရွှေစင်ဦးက ကျွန်တော့်ခြံဝိုင်းထဲသို့ စစ်စီးသုတ် အညာခံတောင်းကလေးရွက်ကာ ယိုင်တိယိုင်ထိုးဖြင့် ၀င်လာ၏။ ကျွန်တော့် ကွပ်ပျစ်နားသို့အရောက်တွင် ခေါင်းပေါ်မှ တောင်းကလေးကို ကွပ်ပျစ်ပေါ်သို့ချပြီး ခေါင်းခုလုပ်ထားသော ပုဆိုးစုတ်လေးကို ဖြည်ကာ ယပ်ခပ်ရင်း...

“ဘာစားမလဲ ကိုဏီ”
“အာတာလွတ်နဲ့၊ ပီလောပီနံဥပြုတ် နှစ်ဆယ်ဖိုးစီပေးဗျာ”
“ဆီတွေဆားတွေရော ထည့်ပေးရဦးမလား”
“တစ်ခါတည်း ထည့်ပေး။ နေဦး ထည့်ဖို့ ပန်းကန် သွားယူလိုက်ဦးမယ်”

အိမ်ထဲဝင်ကာ အနားတွင် ကြွေရည်များကွာနေသော သံပန်းကန်ပြားလေးကို ယူရသေး၏။ မရွှေစင်ဦးက စေတနာပါပါဖြင့် အာတာလွတ်များ၊ ပီလောပီနံဥများကို အခွံသေသေချာချာခွာကာ အလယ်မှ ထက်ခြမ်းခြမ်းလိုက်၊ ဆီလေးဆမ်းပြီး ဆားလေးဖြူးပေးလိုက်၊ ပန်းကန်ထဲသို့ စီစီရီရီထည့်ပေးလိုက်နှင့် အလုပ်ရှုပ်နေလေတော့သည်။ သိချင်စွာဖြင့် ကျွန်တော် မေးလိုက်သည်။

“မကြီးရွှေစင်၊ စာမရေးတော့ဘူးလား”

သူက ခေါင်းကို လေးတွဲ့စွာယမ်းရင်း...

“အရင်ကလောက် သိပ်မရေးဖြစ်တော့ပါဘူး ကိုဏီရယ်။ သိတယ်မို့လား အစ်မက စာလုံးပေါင်း ခဏခဏ မှားတတ်တယ်လေ။ အွန်လိုင်းမှာ ခဏခဏအပြောခံရတယ်။ အခုကျောင်းပြန်တက်နေတာ၊ မူကြို ဒုတိယနှစ်ရောက်ပြီ။ ကျောင်းပြီးမှပဲ လှိုင်လှိုင်ကြီး ပြန်ရေးတော့မယ် စိတ်ကူးတာပါပဲဟယ်။ အဲ့ဒါကြောင့်  အဲ့ဒါကြောင့်ပါ”
“အခုလို ဈေးလိုက်ရောင်းနေတာရော ဘယ်လောက်ကြာပြီလဲ။ အရင်တုန်းက ကွန်ပျူတာ ဆိုင်လား၊ မိတ္တူဆိုင်လား ဖွင့်တယ်ဆို”
“မီးက ခဏခဏပျက်နေတော့ ဘယ်မှာ အလုပ်ဖြစ်တော့လို့လည်းကွယ်။ အဲ့ဒါကြောင့် အစ်မရဲ့ ချစ်ချစ်ကြီးက လက်သမားလိုက်လုပ်၊ အစ်မက တစ်ဖက်တစ်လမ်းက ၀င်ငွေရအောင် အခုလို ဥပြုတ်တွေ လိုက်ရောင်းနေရတော့တာပါပဲ။ နာမည်တောင် ရွှေစင်ဦးကနေ ရွှေစင်ဥလို့ ပြောင်းရမယ့်ကိန်း ဆိုက်နေပြီ။ စကားမစပ်ပြောရမယ်ဆို ကိုဏီ ကဗျာရေးတဲ့ ညလင်းအိမ်ကို သိတယ်မို့လား”
“သိတယ်လေ...အစ်မရဲ့။  သူက စင်ခါဘူကနေ ပြန်ရောက်နေတာ မို့လား။ ဘာဖြစ်လို့တုန်း”
“သူက အခု မြန်မာပြည်မှာ မီးခဏခဏပျက်တော့ ကဗျာမရေးတော့ပဲ ညလင်းအိမ်ဆိုတဲ့ နာမည်နဲ့ ရေနံဆီမီးခွက် တွေ၊ မီးအိမ်တွေ၊ ဖယောင်းတိုင်တွေ ထုတ်လုပ်ဖြန့်ချီတော့မယ် ဆိုလားပဲ”
“ကောင်းသားပဲဗျ။ ဈေးကွက် စီးပွားရေးပေါ့။ လာဘ်မြင်ပါ့။ ဒင်းနဲ့တွေ့မှ ထန်းရည်တိုက်ခိုင်းရဦးမယ်။ ဒါနဲ့ အစ်မတို့မြို့ကပဲ စာရေးတဲ့ ခပ်ချောချော ကောင်လေးတစ်ယောက်လေ။ ကိုကိုးအိမ်ဆိုတာ သိတယ်မို့လား”
“သိပါ့ကွယ်။ ဟိုတစ်လောက ဆံပင်တွေကို ထမင်းရည်တွေနဲ့စိမ်၊ အခြောက်ခံပြီး လက်နဲ့ခြေထားတဲ့ ပန့်ကေစတိုင်လိုမျိုးတောင် သူလုပ်သေးတယ်မို့လား”
“ဟုတ်တယ် မကြီးရွှေစင်။ အဲ့ဒါ ခုခေတ် ပန့်ကေလို့ မခေါ်တော့ဘူးဗျ။ ကိုရီးယား ဘုတ်သိုက်ကေတဲ့ရယ်။ ဒါနဲ့ သူရော နေကောင်းရဲ့လား။ ကိုဏီ မေးတယ်လို့ ပြောလိုက်ပါဦးဗျာ”
“ပြောလိုက်ပါ့မယ်ကွယ်။ ဒါနဲ့ သူ့အကြောင်းကို ကိုဏီ သိပြီးသွားပြီလား”
“ဘာလဲ မကြီးရွှေစင်ရဲ့”
“ကိုကိုးအိမ်ကလည်း နာမည်ပြောင်းတော့မယ်တဲ့”
“ဟင်... ဘာဖြစ်လို့လဲ”
“သူက စာအုပ်ထုတ်မယ်၊ သီချင်းဆိုမယ်ဆိုလားပဲလေ။ အဲ့ဒီတော့ ရှေ့နေရော၊ နောက်နေရော၊ အရပ်မျက်နှာအစုံနေပြီး ရလာတဲ့ ရှိသမျှငွေတွေ ကုန်ရုံမက နေတဲ့အိမ်ပါ ပြုတ်တော့မှာစိုးရလို့ ဇရပ်မှာ သွားနေရတော့မလားမသိဘူးတဲ့။ အဲ့ဒါကြောင့် ကိုကိုးဇရပ်ဆိုလား ဘာလားပဲ။ ပြောင်းမယ်ပြောသံ သဲ့သဲ့ကြားရတယ်”

သူပြောင်းမယ့်နာမည်က သံဖြူဇရပ်မြို့နှင့် ဆင်သားဟု ကျွန်တော် တွေးမိသည်။ သို့သော် ကြားရတာ နားဝမှာ မသက်သာ။ အနုပညာလုပ်ငန်းသည် တစ်ခါတစ်ရံ ငွေကုန်သံပြာဖြစ်တတ်သည်ဟု ကျွန်တော်ကြားဖူး၏။ အဆင်ပြေပါစေဟုသာ ဆုတောင်းမိရသည်။ ထိုစဉ်... ကျွန်တော့်ခြံထဲသို့ အသားဖြူဖြူ မျက်မှန်လေးတ၀င့်ဝင့်ဖြင့် အစ်မကြီးတစ်ယောက် ၀င်လာသည်။ ဘယ်သူများလဲဟုတွေးကာ သေချာကြည့်လိုက်တော့ မသက်ဝေ။

မသက်ဝေက ကွပ်ပျစ်နားရောက်ရောက်ချင်း မရွှေစင်ဦးကို ပြော၏။

“စောစောက မရွှေစင် အသံကြားတော့ ၀ယ်ဖို့စောင့်နေတာ။ ကိုဏီ့အိမ်ကနေ တော်တော်နဲ့ ပြန်မထွက်လာလို့ ဒီကိုလိုက်လာတာ တော်ရေ့”
“ဘာယူမလဲ၊ အသက်ရယ်”...
“အိမ်ကလူကြီးက မြေပဲပြုတ်လေးစားချင်တယ်ဆိုလို့ ဆယ့်ငါးကျပ်ဖိုးလောက် ထည့်စမ်းပါ မရွှေစင်ရယ်”

ပြောပြောဆိုဆိုဖြင့် မသက်ဝေက ဒန်ပန်းကန်ပြားလေးကို ကွပ်ပျစ်ပေါ်ချပြီး မရွှေစင်ဦး၏တောင်းထဲမှ မြေပဲပြုတ်များအား လက်တစ်ဆုပ်လောက်နှိုက်ကာ အမြည်းအနေဖြင့် ယူစားလိုက်သည်။ ဒါကို မရွှေစင်ဦးက ကုန်ပါပြီဆိုသည့် နှမြောတသ သုံးကြိမ်ရွတ်ဟန်အမူအယာဖြင့် တစ်ချက်စွေကြည့်သည်။ ဘာမှတော့ မပြောရှာ။

ကျွန်တော်လည်း မသက်ဝေကို သေချာကြည့်လိုက်သည်။ မသက်ဝေက မြေပဲတောင့်လေးများအား အခွံခွာကာ မြိန်ရည်ယှက်ရည် မြည်းစမ်းနေလေ၏။ သေသေချာချာ ကြည့်တော့မှ မသက်ဝေ၏ ထူးခြားမှုတစ်ခုကို မြင်ရ၏။ ထူးခြားမှုက အခြားနေရာများမှာတော့ မဟုတ်။ သူဝတ်ထားသော အင်္ကျီတွင် ကြယ်သီးဟူ၍ တစ်လုံးမှမရှိပဲ ကြယ်သီးပေါက်နေရာများတွင် ဟောင်းလောင်း ဖြစ်နေခဲ့ခြင်းပင်တည်။ ကြယ်သီးများမရှိတာမို့ သူ့ခမြာ တွယ်ချိတ်လေးများဖြင့် အစီအရီ ထိုးသီထားရရှာလေသည်။ သိချင်စွာဖြင့် ကျွန်တော် မေးလိုက်၏။

“ဘယ်လိုဖြစ်တာလဲ အစ်မသက်ဝေရာ”
“ဘာဖြစ်လို့လဲ ကိုဏီရဲ့”
“အင်္ကျီမှာ ကြယ်သီးတစ်လုံးမှ မရှိလို့ပါဗျာ”
“သြော်... ဒါလား။ ပြောရမယ်ဆိုရင်တော့ အိမ်က လူကြီး လက်ချက်ပေါ့ကွယ်။ မိုင်တိုင်နှစ်ဆယ်ထဲက ထာစဉ်ဆိုတဲ့ ၀တ္ထုလေးကို ကိုဏီမှတ်မိတယ်မို့လား”
“ဟာ... သိပ်မှတ်မိတာပေါ့။ တစ်အုပ်လုံးမှာ ကျွန်တော်မှတ်မှတ်ရရ နှစ်သက်မိတဲ့ ၀တ္ထုလေးတွေအထဲက တစ်ပုဒ်ပဲဟာ။ ကောင်မလေးရဲ့ တီရှပ်အင်္ကျီလည်ပင်းနားက ကြယ်သီးလေးက ကောင်လေးရဲ့ လတ်ပတ်နာရီမှာ မတော်တဆငြိပြီး ပြုတ်သွားတာကို ကောင်လေးက အမှတ်တရ သိမ်းထားလိုက်တဲ့ ဇာတ်လမ်းလေးလေ။ သူတို့မဆုံခဲ့ကြရတာ တွေးမိတိုင်း ကျွန်တော်ဖြင့် သနားမိတာပဲရယ်”
“အင်း... ဇာတ်လမ်းက အဲ့ဒီကနေ စ,တာပါပဲကွယ်။ အစ်မရဲ့အဲ့ဒီဝတ္ထုလေးကို ဖတ်ပြီး အိမ်က လူကြီးက ပြောတယ်။ ၀တ္ထုထဲက ဇာတ်ကောင်က ကြယ်သီးလေးတစ်လုံးကိုပဲ တန်ဖိုးထားပေမယ့် သူကတော့ အစ်မရဲ့ ကြယ်သီးမှန်သမျှ တန်းဖိုးထားပြီး သိမ်းထားပါမယ်လို့ ကြွေးကြော်ပြီး ရှိသမျှ အင်္ကျီတွေက ကြယ်သီးတွေအကုန်ဖြုတ်၊ နို့မှုန့်ဘူးထဲကို ထည့်ပြီး သော့ခတ်သိမ်းထားတော့တာပဲ။ အသစ်ထပ်ချုပ်လည်း မရဘူး။ အစ်မရဲ့အင်္ကျီမှာ ကြယ်သီးမတွေ့လိုက်နဲ့၊ တွေ့လိုက်တာနဲ့ ဖြုတ်ပြီး သိမ်းတော့တာပဲလေ။ အဲ့ဒါကြောင့် အစ်မလည်း အခု ကိုဏီမြင်တဲ့ဒီဇိုင်းအတိုင်း တွယ်ချိတ်တွေနဲ့ ခပ်လန်းလန်းလေး ဖြစ်နေရတော့တာပါပဲကွယ်။ စာလေးတစ်ပုဒ်ကြောင့် သက်ဝေဆိုတဲ့ နာမည်ကနေ ‘ရတက်ပွေ’...ရပြီကွဲ့။ အဟင့်”

ပြောရင်း မသက်ဝေက မျက်ရည်သီသီ ဝေ့ကာ ငိုချင်ပြင်းပြ ဖြစ်လာဟန်တူသည်။ သို့သော် လက်ကတော့ မရွှေစင်ဦး၏ မြေပဲပြုတ်များအား နှိုက်စားမပျက်။ ရောက်ကတည်းက ပြောလိုက်၊ နှိုက်စားလိုက် လုပ်နေခဲ့တာ ကြာပြီ။ ဒါကို ကြာလာတော့ မရွှေစင်ဦးက အရင်းပြုတ်မှာ စိုးရိမ်သလိုပုံစံဖြင့် ရင်ဘတ်ကိုဖိကာ ခပ်လေးလေးကြီး ပြောလိုက်လေ၏။

“အသက်ရယ်...။ ညည်းနှယ်အေ၊ ကိုဏီ့ကို ရင်ဖွင့်တာလည်း ရင်ဖွင့်တာပေါ့။ ဒါပေမယ့် ညည်းလက်ကတော့ တစ်ဆိတ်ငြိမ်ငြိမ်နေစမ်းပါ။ ကြာရင် ကျုပ်အရင်းပြုတ်ရလိမ့်မယ် အေရဲ့”
“ဟယ်... ဟုတ်ပါ့ မရွှေစင်ရယ်။ မီအားနဲရို့ပါရှင်”
“မီးအားနဲတာနဲ့ အသက်မြေပဲပြုတ်ကို အလကားနှိုက်စားတာနဲ့ ဘာဆိုင်လို့တုန်းဟယ်”
“မီးအားနည်းတာ မဟုတ်ပါဘူး မရွှေစင်ရယ်။ မီအားနဲရို့ဆိုတာ ကိုရီးယားလို တောင်းပန်တာရှင့်။ မြန်မာပြည်မှာ လိုင်းပေါင်းစုံကနေ ကိုရီးယားကားတွေကို ဒီလောက် ထောင်းလမောင်းထ,နေအောင် လွင့်နေတာကို ဒီအသုံးလေးတောင် မရွှေစင် မရင်းနှီးဘူးလားရယ်။ ကဲပါလေ... ဒါဆို ကျွန်မစားတာနဲ့ပါပေါင်းပြီး ဆယ့်ခုနှစ်ကျပ်ပေးလိုက်မယ်နော်”

မသက်ဝေက အပြုံးလေးဖြင့် တောင်းပန်ရင်း မျက်မှန်လေးအား လက်တစ်ဖက်ဖြင့် ကနွဲ့ကလျ ပင့်တင်သည်။ ပြီးနောက် ခါးကြားမှာလိမ်ထားသော ပိုက်ဆံအလိပ်လေးထဲမှ ငါးကျပ်တန်တစ်ရွက်၊ ဆယ်တန်တစ်ရွက်၊ ကျပ်တန်နှစ်ရွက် တို့ကို ထုတ်ပေးလိုက်၏။ အားလုံး အနွမ်းလေးတွေချည်း။ မရွှေစင်ဦး ကျေနပ်သွားတာ ကျွန်တော်တွေ့လိုက်ရသည်။

“ကဲ... ကိုဏီနဲ့ အသက်ရေ။ အစ်မ ဈေးဆက်ရောင်းလိုက်ဦးမယ်။ သွားပြီနော်”

မရွှေစင်ဦးက ခံတောင်းလေးကို ခေါင်းခုဖြင့်ရွက်ကာ ကျွန်တော်တို့ကို နှုတ်ဆက်ပြီး ယိုင်တိယိုင်ထိုးဖြင့် ထွက်သွားလေတော့၏။ ကျွန်တော့်ခြံအပြင်ဘက်ရောက်တော့ မရွှေစင်ဦး၏ ဈေးခေါ်ဟစ်လိုက်သံကို ကြားရပြန်သည်။

ဝယ်ထားသော အာတာလွတ်များ၊ ပီလောပီနံများဖြင့် မသက်ဝေအား ကျွန်တော် ဧည့်ခံမိသည်။

“စားပါဦး အစ်မသက်ဝေ”
“စားတော့ပါဘူးဟယ်။ ကိုဏီသာ များများစားပါ။ ဒါနဲ့ ကိုဏီ့ကို မေးရဦးမယ်”
“ဘာလဲဗျ”
“ကိုဏီတို့ညီမ ရွှေပြည်သူတစ်ယောက်လည်း အတော်ပျောက်နေတာပဲနော်”
“ပျောက်ဆို... သူက စာသိပ်မရေးနိုင်တော့ဘူးအစ်မရဲ့။ အခု သိရိမင်္ဂလာဈေးက ကုန်စိမ်းတွေယူပြီး လှိုင်သာယာဘက်က မီးခွက်ဈေးမှာ ကုန်စိမ်းရောင်းရင်း၊ ငွေတိုးချေးစားရင်း အလုပ်ရှုပ်နေတယ်လို့ ကြားတာပဲဗျ”
“သြော်... သြော်။ သူ့လိုပဲ ခဏခဏပျောက်ပျောက်နေတတ်တဲ့ ပုံရိပ်ကတော့ အခုတလော စာပြန်ရေးနေတာ အစ်မတွေ့နေရတယ်ရယ်။ ဒါပေမယ့် သူကလည်း အသက်ကြီးပြီ အသက်ကြီးပြီလို့ ညည်းညည်းနေပြီး ခြံရှေ့က ပုဏ္ဍရိပ်ပင်တွေကိုပဲ ရသေ့စိတ်ဖြေ လိုက်ဖြတ်နေရလို့ ပုဏ္ဍရိပ်လို့ နာမည်ပြောင်းရင် ကောင်းမလားတဲ့ရယ်”
“လှသားပဲ အစ်မသက်ဝေရဲ့။ ဒါနဲ့ မပန်တစ်ယောက်ရော”
“ပန်ဒိုရာကို ပြောတာလား”
“ဟုတ်တယ်။ မပန်လည်း တစ်ခါတစ်ခါမှ ဖေ့စ်ဘွတ်ခ်မှာ တွေ့ရတယ်ရယ်”

ကျွန်တော့်ထံမှ တံတွေးစင်မှာစိုးစွာ မသက်ဝေက ပိုးမင်းသားသိုင်းကွက်ဖြင့် ကျင်လည်စွာ ရှောင်လိုက်ပြီး...

“ပန်ပန်တစ်ယောက်လည်း မအားရှာဘူး”
“ဘာဖြစ်လို့လဲဗျ”
“သူက ကဗျာဖတ်ပွဲ၊ စာပေပွဲတွေသွားရင် မိုက်ကိုင်ရတော့ အသံပိုကောင်းလာအောင်လို့ ဦးစောနုဆီမှာ အဆိုသင်တန်း သွားတက်နေရတယ်တဲ့။ သိတယ်မို့လား၊ တင်ဇာမော်တို့ စည်သူလွင်တို့ တက်ခဲ့တဲ့ သင်တန်းလေ”

ကျွန်တော် ခေါင်းငြိမ့်ပြလိုက်သည်။ မသက်ဝေက ဆက်ပြော၏။

“အဲ့ဒီမှာ အဆိုသင်တန်းတက်ပြီး အိမ်ပြန်ရောက်ရင် အသံကျင့်ရသေးတယ်တဲ့။ ရာဝင်အိုးထဲ ခေါင်းစိုက်ပြီး ငယ်သံပါအောင် အော်ရတယ်ဆိုပဲရယ်။ ပြီးတော့ ကဗျာစာအုပ်တွေလည်း ထုတ်နေတယ်တဲ့”
“တစ်အုပ်ထွက်တာတော့ ကျွန်တော် ကြားလိုက်တယ်။ ကြိုးညှိခြင်း...ဆိုလားပဲဗျ။ အခု နောက်ထပ်ထွက်လာမယ့် စာအုပ်တွေ ရှိသေးတယ်ပေါ့၊ ဟုတ်လား”
“အဲ့ဒါတော့ သေချာမသိဘူး။ အစ်မပြောတဲ့ သူကဗျာစာအုပ်တွေ ထုတ်တယ်ဆိုတာက သူ့အိမ်မှာ ရှိတဲ့ ကဗျာစာအုပ်တွေကို ကြွက်ကိုက်မှာစိုးလို့ သေချာထုပ်ပိုးပြီး သိမ်းနေတာကို ပြောတာ။ ကဲ... သွားမယ် ကိုဏီရယ်။ အိမ်ကလူကြီး မြေပဲပြုတ်မျှော်နေရော့မယ်”
“ဟုတ်ကဲ့ အစ်မ သက်ဝေ”

အပြုံးလေးဖြင့် မျက်မှန်လေးကို ကနွဲ့ကလျပင့်တင်ကာ မြေပဲပြုတ်ထည့်ထားသော ဒန်ပန်းကန်လေးကိုကိုင်၍ မသက်ဝေတစ်ယောက် ထွက်ခွာသွားတာကို ကျွန်တော် လိုက်ငေးနေမိသည်။ ပြီးမှ အာတာလွတ်တစ်ခြမ်းကို ကျွန်တော် စားလိုက်သည်။ အာတာလွတ်ထဲမှ အမျှင်များက သွားကြားညှပ်သွားတာမို့ ကွပ်ပျစ်အမိုးပေါ်ရှိ ဓနိပျစ် ထဲမှ သီတံတစ်ချောင်းကို ချိုးကာ... စိန်ပြေနပြေ သွားကြားထိုးနေဆဲ...။

“ကိုဏီ”

ခေါ်သံကြောင့် ကျွန်တော်နောက်လှည့်ကြည့်လိုက်တော့ ရုတ်တရက် လန့်တောင် သွားရသည်။       

~~~@~~~

(ဆက်ပါဦးမည်။ မျှော်...)

----------------------------------------------------------------------------------------------------------------
ခွင့်မတောင်းပဲ နာမည်များ ယူသုံးမိခြင်းကြောင့် မောင်နှမများ နားလည် ခွင့်လွှတ်ပေးကြပါဦးဗျာ။ မောင်နှမတွေကို ချစ်တဲ့စိတ်နဲ့ ပျော်စေချင်လို့ ရေးလိုက်တဲ့ ပို့စ်လေးပါ။ ထိခိုက် နစ်နာစေလိုခြင်း အလျှင်းမရှိပါကြောင်း......။
---------------------------------------------------------------------------------------------------------------------
ချစ်ခြင်းအားဖြင့်....
ဏီလင်းညို
၀၃၊ အောက်တိုဘာ၊ ၂၀၁၃။
(၀၂း ၀၇) နာရီ။
ကြာသာပတေးနေ့။
ရန်ကုန် - မြန်မာပြည်။
(အမည်များနှင့် ကျွန်တော်(၂) )

Tuesday, October 1, 2013

အမည်များနှင့် ကျွန်တော်



ရင်တုန်းကတော့ ဒီရွာကလေးက အတော်စည်ကားခဲ့သည်။ အခုတော့ တော်တော်များများက နေရာပြောင်းရွေ့ သွားခဲ့ကြတာမို့ အနည်းငယ်ခြောက်ကပ်ကပ် ဖြစ်နေခဲ့ရလေပြီ။ ပြောင်းရွေ့သူ အချို့၏ နေရာသစ်တွင် အောင်မြင်နေသော သတင်းများကို ရံဖန်ရံခါ ကြားရ၏။ အချို့ကိုတော့ လုံးဝသတင်းမရတော့။ တစ်ခါတစ်ခါတော့ တစ်ယောက်စ နှစ်ယောက်စဆိုသလို ရွာသို့ သတိတရ ပြန်လာလည်တတ်ကြသည်။  ရွာထဲမှာ စွဲစွဲမြဲမြဲနေကျန်ခဲ့သူဦးရေက သိပ်မများလှတော့ပါ။

ထိုကဲ့သို့ ရွာမှာ ကျန်ရစ်ခဲ့သူများထဲတွင် ကျွန်တော်လည်း အပါအ၀င်ဖြစ်သည်။ ကျွန်တော့်အိမ်လေးမှာ ရွာအ၀င်အထွက် လမ်းမနံဘေးတွင် တည်ရှိ၏။ အိမ်ဟုဆိုရသော်လည်း အိမ်ဟူသော အသုံးအနှုန်းထက် တဲဟူသော အသုံးအနှုန်းက ပိုသင့်တော်မည်ထင်ပါသည်။ ဟုတ်သည်။ ကျွန်တော့်အိမ်လေးက ဓနိမိုး၊ ၀ါးထရံကာ၊ ၀ါးကြမ်းခင်းဖြင့် ခနော်နီခနော်နဲ့နိုင်လှသော တဲသေးသေး ကျဉ်းကျဉ်းလေးမို့ပင် ဖြစ်၏။

သို့သော် ကျွန်တော့်က မိတ်ဆွေများကို ခင်တတ်သည်။ ထို့ကြောင့် ကျွန်တော့်တဲရှေ့မှ ဓနိမိုးထားသော ၀ါးကြမ်းခင်း ကွပ်ပျစ်ကလေးပေါ်တွင် လာလည်ကြသော ဧည့်သည်များ ရံဖန်ရံခါ ရှိတတ်ပါသည်။ ကျွန်တော်ကလည်း ဧည့်သည်များ၊ ဖြတ်သွားဖြတ်လာများကို အတိုင်းသားမြင်နေနိုင်သော ထိုကွပ်ပျစ်လေးတွင် နေ့တိုင်းလိုလိုထိုင်ကာ ဧည့်မျှော်တတ်၏။ သူတို့လာမှ အပျင်းပြေ စကားပြောရမှာမို့ပင်။

ဒီနေ့လည်း ပျင်းပျင်းရှိတာမို့ အိမ်ရှေ့ကွပ်ပျစ်လေးသို့ထွက်ထိုင်ကာ ရေနွေးကြမ်းတစ်အိုးဖြင့် ကျွန်တော်ဧည့်မျှော် နေခဲ့မိသည်။ အပြင်မှာ နေပူလွန်းနေခဲ့သော်လည်း ကျွန်တော့်တဲပတ်ဝန်းကျင်မှ သစ်ရိပ်ဝါးရိပ်များကြောင့် ကွပ်ပျစ်ကလေးပေါ်တွင် အေးချမ်းနေခဲ့လေ၏။

စကားမစပ် ပြောရမည်ဆိုလျှင် ကျွန်တော်နေသော ရွာလေး၏ နာမည်မှာ “ဘလော့ဂ်(Blog)” ဖြစ်ပါသည်။

ဆေးလိပ်ခွက်ထဲမှ ဆေးပေါ့လိပ်ကြီး တစ်လိပ်ကို ကျွန်တော်ယူလိုက်သည်။ မီးညှိပြီး အငွေ့တွေ အူထ,နေအောင် မက်မက်စက်စက် ဖွာရှိုက်နေစဉ်ခဏ တရုတ်မင်းသမီးချောချောသည့် မိန်းမရွယ်လေးတစ်ယောက် ကျွန်တော့် ကွပ်ပျစ်ရိပ်သို့ လှမ်းဝင်လာသည်။ ကျွန်တော် ၀မ်းသာအားရ နှုတ်ဆက်လိုက်၏။

“ဟာ... ညီမ မဒမ်ကိုးပါလား၊ လာထိုင်”
“ဟုတ်ပရှင်၊ ဟုတ်ပ။ ကိုဏီတို့ကလည်း နော်”

မဒမ်ကိုးက ကွပ်ပျစ်တွင် တင်ပါးလွှဲဝင်ထိုင်ပြီး ကျွန်တော့်အား နှုတ်ခမ်းထော်ကာ ပြောလိုက်တာမို့...

“ဘာတုန်း ညီမရ။ စကားကလည်း အဆက်အစပ် မရှိနဲ့”
“ဘာဖြစ်ရမတုန်း ကိုဏီရဲ့။ သများက ဒီလောက်တောင် ဘလော့ဂ်ပေါ်မှာ ကင်ဆာကင်းဝေးရေးပို့စ်တွေရေး၊ အပေါင်းအသင်းတွေကိုလည်း ရေးဖို့တိုက်တွန်းနဲ့ ဒီလောက်လှုပ်ရှားနေတာ။ ကိုဏီ့ကိုတောင်မှ သများရေးခိုင်း သေးတယ်မှတ်လား”

သူခိုးလူမိသွားသလို ဒီဇိုင်းမျိုးဖြင့် ကျွန်တော် ခေါင်းငြိမ့်ပြလိုက်ရသည်။ ဟုတ်သည်။ ကင်ဆာနှင့်ပတ်သတ်လို့ သူရေးခိုင်းသူများထဲတွင် ကျွန်တော်လည်း ပါသည်။ သို့သော် ကျွန်တော်က အဲ့ဒါမျိုးတွေကို ခြေခြေမြစ်မြစ် ဂဃနဏ သိပ်မသိတာမို့ (မရေးတတ်တာမို့) ခုထိ မရေးရသေး။

“အဲ့ဒီလိုပို့စ်မျိုး ရေးခိုင်ပါတယ်ဆိုမှ ကိုဏီက ကင်ဆာဖြစ်နိုင်တဲ့ ဆေးလိပ်ကို သောက်နေလို့ ပြောတာ။ မောင်နှမအချင်းချင်း စိတ်ပူလို့ ပြောတာ။ သိဘီလား။ ဖြစ်နိုင်ရင် ဆေးလိပ် လျှော့သောက်ပါဦး ကိုဏီရယ်”

“အေးပါကွယ်၊ အေးပါ။ ကိုဏီ သိပါပြီကွယ်”

ညောင်နာနာဖြင့် ကျွန်တော်ပြန်ဖြေလိုက်တော့ မဒမ်ကိုးက ထိုင်ရာမှ ထ,သည်။ နောက်... ကျွန်တော့်ကို နှုတ်ဆက်သည်။

“ကဲ... သွားဦးမယ် ကိုဏီ။ အလုပ်ရောက်ရင် အလုပ်ရှင်နဲ့ သူသေကိုယ်သေ သတ်ရဦးမလား မသိဘူး။ ဘာပဲဖြစ်ဖြစ် ဖေ့စ်ဘွတ်ခ်တော့ ခိုးသုံးရမယ်။ လူလည်း မဒမ်ကိုးကနေပြီး မဒမ်ခိုးလို့ ပြောင်းရမလိုဖြစ်နေပြီ”

“အေးအေး... မဒမ်ခိုး၊ အဲ့လေ... မဒမ်ကိုး။ သူဌေးနဲ့ သူသေကိုယ်သေသတ်ဖို့ ကိုဏီ့ဆီက ဓားယူသွားဦးမလား”

“ရတယ်ကိုဏီ၊ သများက သိုင်းတတ်တယ်။ ထမီကွင်းသိုင်း။ အဲ့လေ ယောင်လို့၊ သများက သိုင်းပြောင်းပြန်တတ် တယ်။ အဲ့ဒီသူဌေးလောက်များတော့ အေးဆေးပါ။ နှစ်ချက်လောက် ကိုင်ဆောင့်လိုက်ရင် ပွဲသိမ်းပဲ။ သများအ တွက် အသေးအဖွဲပါ ကိုဏီရာ”

ထီမထင်ဟန်ဖြင့် မဒမ်ကိုးက ပြောကာ ကျွန်တော့်ရှေ့မှနေ တောက်တောက် တောက်တောက်ဖြင့် ထွက်သွားလေတော့၏။ ဆေးလိပ်ကို ဘေးချ၊ ရေနွေးကြမ်းတစ်ခွက်ငှဲ့သောက်ရင်း ဟိုတစ်လောက သူနှင့် မဲရစ်ပွဲ (မင်္ဂလာပွဲ) ဆင်နွှဲခဲ့လေသော ကိုရင်တစ်ယောက် မဒမ်းကိုးလက်ချက်မှ ဘေးကင်းပါစေကြောင်း ဆုတောင်းမိရသေး၏။

ထိုစဉ် ကျွန်တော့်တဲရှေ့မှ အမျိုးသမီးတစ်ယောက် ဖြတ်လျှောက်သွား၏။ ခေါင်းတွင် ခရေပန်းတွေ ဝေနေအောင် ပန်ထားလိုက်တာ ရစရာမရှိ။ ဟာဝေယံကျွန်း၊ ဘာလီကျွန်းသူများပင် မျက်ရည်အတောင့်လိုက် ကျသွားနိုင်သည်။ ပခုံးတွင်လည်း ဆာလာအိတ်ကြီးတစ်လုံး လွယ်ထားသေး၏။ ထိုအိတ်ကြီးထဲတွင် စာအုပ်များ၊ သစ်ရွက်ခြောက်များက အပြည့်။ ၀မ်းသာအားရဖြင့် ကျွန်တော် လှမ်းအော်ခေါ်လိုက်သည်။

“ဗျိုး... မလေးအိမ်ချမ်းမြေ့၊ ခဏ၀င်နားပြီး ရေနွေးကြမ်းသောက်သွားပါဦးလာဗျ။ နေက ပူပါသနဲ့ရယ်”

ကျွန်တော့်ဖိတ်ခေါ်သံကြောင့် မလေးအိမ့်ချမ်းမြေ့က ဆာလာအိတ်ကြီး မခို့တရို့လွယ်ကာ ကနွဲ့ကလျ ခြေလှမ်းများဖြင့် ကွပ်ပျစ်အမိုးအောက်သို့ ၀င်လာ၏။ နောက် ကွပ်ပျစ်တွင် အိနြေ္ဒရရ ၀င်ထိုင်ကာ ပခုံးပေါ်မှ ဆာလာအိတ်ကြီးအား ယုယုယယ ဘေးသို့ အသာချလိုက်သည်။ မလေးအတွက် ကျွန်တော် ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးလိုက်သည်။

မလေးက သူ့လက်လေးတစ်ဖက်ဖြင့် မျက်နှာနားကပ်ကာ နွဲ့နှောင်းစွာ ယပ်ခပ်ရင်း ရေနွေးကြမ်းပန်းကန်လုံးကို ယူကာ တစ်ငုံမှုတ်သောက်၏။ ကျွန်တော် မေးလိုက်သည်။

“နေပူကြီးထဲ ဘယ်သွားမလို့လဲ မလေးရဲ့။ မပူဘူးလား”
“မပူပါဘူးဟယ်။ မလေးက နေရောင်တွေကို ချစ်တယ်ဟဲ့။ အခု သစ်ရွက်ခြောက်တွေ လိုက်ကောက်နေတာ”
“ဘာလုပ်ဖို့ လိုက်ကောက်တာတုန်းဗျ”
“သစ်ရွက်ခြောက်တွေကို မလေးက ချစ်လို့ဟဲ့။ သိမ်းထားချင်လို့ပေါ့။ အဟွန်း”

ပြောရင်း မလေးက မခို့တရို့ ရယ်၏။ နောက်... ရေနွေးကြမ်းကို ကုန်စင်အောင် မော့သောက်ပြီး...

“ကဲ...သွားမယ် ကိုဏီရယ်။ ဟိုဘက်နားမှာရှိတဲ့ စတော်ဘယ်ရီပင်အောက်မှာ ခဏနားရင်း ကောက်လာတဲ့ ခွေးသေးပန်းခြောက်လေးတွေထုတ်ကြည့်ပြီး ကဗျာရေးဖို့ စဉ်းစားလိုက်ဦးမယ်”
“ဟုတ်ကဲ့ မလေး။ ကဗျာကောင်းလေးတွေရပါစေ”

မလေးအိမ့်ချမ်းမြေ့က သူ့ဆာလာအိတ်ကြီးကို တယုတယပြန်လွယ်ပြီး အိနြေ္ဒရရပင် ကွပ်ပျစ်ပေါ်မှ ခုန်ဆင်းလိုက်၏။ နောက်... ကွပ်ပျစ်အပြင်ဘက်သို့လျှောက်သွားကာ ရုတ်တရက် နောက်ပြန်လှည့်လာပြီး ပြောသည်။

“သြော်... ကိုဏီ့ကို ပြောဖို့ မေ့နေတာ”
“ဘာလဲ မလေးရဲ့”
“မလေးစာရေးတဲ့ အိမ့်ချမ်းမြေ့ဆိုတဲ့ ကလောင်နာမည်ကို ပြောင်းတော့မယ်”
“ဟာ... ဘာဖြစ်လို့တုန်းဗျ။ ဒီလောက်ကောင်းတဲ့နာမည်ကို။ လူတွေလည်း သိနေပြီပဲဟာ”
“မဖြစ်တော့ဘူးဟဲ့ ကိုဏီရဲ့။ မလေးက တစ်ခါတစ်ခါ ထ,ထဖောက်ပြီး တွေးရမယ့်စာတွေ အွန်လိုင်းပေါ်မှာ ရေးတတ်တော့ အတိုက်အခိုက်များတယ်။ အဲ့ဒီတော့ မလေးတွက်နေကျ ဗေဒင်ဆရာ ကိုရန်အောင်ဆီမှာ နာမည်ပြောင်းဖို့ သွားမေးတော့ သူက ပြောင်းသင့်တယ်တဲ့”
“နာမည်အသစ်က ဘာတုန်း”
“အိမ့်စမ်းကွေ့ တဲ့”
“ဟင်... တရုတ်နာမည်နဲ့ ဆင်သလိုကြီး”
“ဟုတ်တယ်၊ မလေးလည်း စဉ်းစားမိတာပဲ။ ဒါပေမယ့် ကိုရန်အောင်က ဗေဒင်ဟောတဲ့နေရာမှာ ချွေးထွက်အောင်မှန်တာမို့လား။ သူ့ဆိုင်းဘုတ်ကိုပဲကြည့် ‘ရှေ့ဖြစ်၊ နောက်ဖြစ်၊ ဘေးဖြစ်၊ အောက်ဖြစ်၊ ဖြစ်ချင်တာဖြစ် အကုန်ဟောသည့် ဆြာရန်အောင်’ လို့ ခေါင်းစဉ်တပ်ထားတာပဲ ကြည့်လေ။ သူက တရုတ်ရှောင်လင်သိုင်းတွေလို ရန်ရှောင်နိုင်အောင်လို့ တရုတ်ဆန်ဆန် နာမည်ပေးတာလို့ မလေးကိုပြောတယ်ရယ်”
“သြော်... ကိုရန်အောင်က အခုစာမရေးတော့ပဲ ဗေဒင်ဟောနေတယ်ပေါ့ ဟုတ်လား”
“ဟုတ်တယ်။ ကိုရန်အောင့်အပြောအရဆိုရင် သူ့ကိုယ်ထဲက အဖိုးတန်ကျောက်တွေထွက်လာပြီးကတည်းက သူ့ ကိုယ်သူ သတိထားမိလာတယ်တဲ့။ ငါဟာ သာမာန်လူတစ်ယောက်တော့ မဟုတ်လေဘူး၊ ထူးတယ်ဆိုပြီး ဗေဒင်ဟောခန်း ထ,ဖွင့်လိုက်တာတဲ့ရယ်။ အခုလည်း ဂန္ဓာရီကျင့်စဉ်စခန်းအတွက်ဆိုလား ဘာဆိုလားမသိဘူး။ ခရီးလှည့်နေတယ်။ ဖေ့စ်ဘွတ်မှာ ကားလမ်းဘေးမှာ ထိုင်ထိုင်နေတဲ့ ပုံတွေတင်တာ မတွေ့ဘူးလား။ အဲ့သဟာ ဘေးထိုင်ဘုပြော ကျင့်စဉ်ဆိုလားပဲရယ်”
“ဒါဆို... ရေခဲငှက် ဆိုတဲ့ နာမည်နဲ့ရော၊ စာမရေးတော့ဘူးလား”
“မသိပါဘူးဟယ်။ ရေခဲညှပ်ဆိုင်တော့ ဗေဒင်ဟောခန်းနဲ့ တွဲဖွင့်မလားလို့ ပြောသံသဲ့သဲ့ကြားတယ်။ ကဲ... မလေးသွားတော့မယ်”

ကျွန်တော် ခေါင်းငြိမ့်ပြလိုက်သည်။ မလေးက ဆာလာအိတ်ကြီးကို နွဲ့နွဲ့နှောင်းနှောင်းလွယ်ရင်း ကျွန်တော့်မျက်စိအောက်မှ ထွက်ခွာသွားလေတော့၏။

မလေးထွက်သွားပြီး သိပ်မကြာလိုက်...၊ တဲရှေ့မှ ကျွန်တော့်ကို နှုတ်ဆက်သံများအား ကြားလိုက်ရ၏။

“ဏီဏီရေ့”
“ကိုဏီရေ့”

ဝမ်းသာအားရဖြင့် ကွပ်ပျစ်အပြင်ဘက်ကို ကြည့်လိုက်တော့ ပုသိမ်ထီးတစ်ချောင်ကို အတူဆောင်းထားကြသော မမြသွေးနီနှင့် ရွှေအိမ်စည်တို့ကို တွေ့လိုက်ရလေသည်။

“ဟာ... လာကြ၊ လာကြ”

သူတို့နှစ်ယောက်က ကွပ်ပျစ်တွင် ၀င်ထိုင်ကြသည်။ ချွေးတွေသံတွေနှင့်မို့ ကျွန်တော်မေးလိုက်သည်။

“ဘယ်သွားကြမလို့တုန်း”

မမြသွေးနီက ဖြေသည်။

“ဒီတစ်ပတ် တနင်္ဂနွေနေ့ကျရင် ထုံးစံအတိုင်း စာဖတ်ပွဲရှိတယ်လေ။ ဒီအပတ် အဲ့ဒီမှာ လာတဲ့အပေါင်းအသင်းတွေကို လက်ဖက်ရည်တိုက်ချင်ပေမယ့် ပိုက်ဆံမရှိလို့ အစိမ်းရောင်လွင်ပြင်က မချောဆီသွားပြီး ပိုက်ဆံချေးတာ”
“ရခဲ့ရဲ့လားဗျ”
“မရပါဘူး ကိုဏီရယ်။ သမီးနဲ့ အစ်မမြသွေးတို့သွားတော့ မချောက သူတောင် စားစရာမရှိလို့ အိမ်မှာရှိတဲ့ ပုန်းရည်ကြီးကို ထမင်းနဲ့နယ်ပြီး စားနေရတယ်လို့ပြောတယ်။ ဒါပေမယ့် သူ ဓာတ်ပုံရိုက်တဲ့ ကင်မရာကြီးကိုတော့ ညီမတို့ကို ပေးလိုက်တယ်။ အဲ့ဒါကို သွားပေါင်ပြီး စရိတ်လုပ်လိုက်ပါတဲ့လေ၊ ဟိဟိ”

အသားတော် ညိုပြာညက်ဖြင့် ရွှေအိမ်စည်က မမြသွေးနီလက်ထဲမှ ကင်မရာထည့်ထားသော အိတ်မည်းမည်းကြီး အား လက်ညှိုးထိုးကာ ရယ်ကျဲကျဲ ပြော၏။ ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဓာတ်ပုံရိုက်ကာ ခဏခဏ လက်စွမ်းထက်နေခဲ့ သော မချောက သူ့ကင်မရာကြီးကို ပေါင်ပြီးသုံးဖို့ ပေးလိုက်တယ် ဆိုပါလား။ တော်တော်ရက်ရော၏။ ဒါဟာ ညီအစ်မရင်းချာတွေလို ခင်မင်ကြသော သူတို့သံယောဇဉ်တရားကြောင့်သာ ဖြစ်နိုင်သည်။ နို့မို့ဆို ဘယ်သူက ကိုယ်အမြတ်တနိုးထားသည့် ပစ္စည်းကို သွားပေါင်ဖို့ သူများကိုပေးလိုက်မလဲ။

ရွှေအိမ်စည်က...

“ကိုဏီ့အိမ်လေးက သာယာတယ်နော်၊ ညီမ ခဏလျှောက်ကြည့်လိုက်ဦးမယ်”
“အေးအေး”

 မမြသွေးနီက... ရွှေအိမ်စည်ထွက်သွားရာဘက် တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ...

“ဏီဏီ... ဒီတစ်ခေါက် စာဖတ်ပွဲကို လာခဲ့ပါလားဟယ်။ အစ်မဖိတ်ပါတယ်”
“ဟုတ်ကဲ့ အစ်မ၊ ကျွန်တော်လာခဲ့မယ်”
“တကယ်လား၊ ဏီဏီပြောလို့သာကြားရတယ်။ လာမယ်မထင်ပါဘူးဟယ်။ ဒါနဲ့ ဒီတစ်ပတ် မချစ်လည်း စာဖတ်ပွဲကို လာမယ်ပြောတယ်”
“အစ်မချစ်ကြည်အေးလား”
“ဟုတ်တယ်။ သူမြန်မာပြည်ကို ခဏပြန်ရောက်နေတာ။ ဒါပေမယ့် သူ့ကိုလည်း ချစ်ကြည်အေးကနေ ချစ်ကြည်ပြေးလို့ နာမည်ပြောင်းပေးရမလို ဖြစ်နေပြီ”
“ဘာဖြစ်လို့လဲ အစ်မမြသွေးရဲ့”
“သူက ခရီးတွေ ဆက်တိုက်ထွက်တာကိုး ဏီဏီရဲ့။ တွေ့ရဖို့က မလွယ်။ အခုပဲကြည့်လေ။ သူ့အိမ်ရှေ့မှာ ဆိုင်းဘုတ်တောင် တပ်ထားသေးတယ်။ “ချစ်ကြည်အေး ခရီးများ ကဒီးကဒီး သွားနေသည်” တဲ့ရယ်။ ခုလည်း ဗိဿနိုးမြို့ဟောင်းကို ရောက်နေပြန်တယ်ဆိုလား”
“ကောင်းတာပေါ့ အစ်မရာ။ ဗဟုသုတ ရ”...

ပြောရင်း ကျွန်တော့်စကားများ ရပ်တန့်သွားရသည်။ အခြားကြောင့်တော့မဟုတ်၊ ကျွန်တော့်ခြံထဲမှာ စိုက်ထားသော မြင်းခွာရွက်များအား အဆုပ်လိုက်၊ အဆုပ်လိုက်နှုတ်ပြီး ရေပင်မဆေးပဲ ဒီအတိုင်းအစိမ်းလိုက်ဝါးစားကာ ကွပ်ပျစ်နားသို့ ပြန်လာသော ရွှေအိမ်စည်ကြောင့်ပင်တည်း။

“ဟဲ့... ဒါက ဘယ်လိုဖြစ်တာတုန်း”
“သမီးက မြင်းခွာရွက်သိပ်ကြိုက်တာ။ ဟိုတစ်ခါ မလေးအိမ့်ချမ်းမြေ့တို့နဲ့တွေ့တုန်းက သူ့ကို မြင်းခွာရွက်သုပ် မကျွေးမိတာ အွန်လိုင်းပေါ်က လူတွေသိသွားပါရောလား။ အခုလည်း ကိုဏီ့ခြံထဲမှာတွေ့တော့ စိတ်မထိန်းနိုင်တော့ပဲ အမုန်းဆွဲပစ်လိုက်တာ”
“ရေတွေ ဘာတွေဆေးပြီးမှ စားရောပေါ့ကွယ်။ ဒီနေ့မနက်ပဲ ခေါင်းရင်းခြံက အောက်နက်က အဲ့ဒီမြင်းခွာရွက်အခင်းပေါ်မှာ သေးပန်းသွားတာ ကိုဏီ မြင်လိုက်ရသေးတယ်ကွဲ့”

ကျွန်တော့်စကားကြောင့် ရွှေအိမ်စည်က ပါးစပ်ထဲမှမြင်းခွာရွက်များအား ထွီခနဲ ထွေးထုတ်သည်။

“ကိုဏီက ပြောပြောက မစောဘူး” ဟုဆိုကာ ရေနွေးကြမ်းတစ်ခွက် ငှဲ့ပြီး ပလုပ်ကျင်း၏။ နောက်... ကျွန်တော့်အား ကြည့်ကာ...

“ကိုဏီ သိပြီးသွားပြီလား”
“ဘာလဲ”
“သြော်... ညီမတို့အစ်ကို ကိုသတိုးလေ။ သူ့ကလောင်နာမည်နဲ့ ချွတ်စွပ်တူတဲ့လူတစ်ယောက်က သတင်းစာတစ်စောင်မှာ ဆောင်းပါးရေးလို့ဆိုလား”

ကျွန်တော် ခေါင်းငြိမ့်ပြလိုက်သည်။ မမြသွေးနီကလည်း စိတ်ဝင်တစား နားထောင်နေတာ တွေ့ရသည်။ ရွှေအိမ်စည်က ဆက်ပြော၏။

“အဲ့ဒါ ကိုသတိုးက သူ့ကလောင်နာမည် ပြောင်းမလားလို့ စဉ်းစားနေရတယ်တဲ့”
“ဘယ်လို ပြောင်းမှာတုန်း။ သူ့နာမည်လေးက ရာဇ၀င်ထဲက မင်းသားလေးတစ်ပါးအတိုင်း ခန့်ခန့်ငြားငြား ဒီလောက် ရှိတဲ့ဟာ။ ပြီးတော့ မဂ္ဂဇင်းတွေမှာ သူ့စာတွေက ဒီလောက် ခဏခဏ ပါနေပြီးတဲ့ဟာ”
“ညီမလည်း ပြောတာပဲ။ အဲ့ဒါကို သူက ညည်းလည်း ညည်းနဲ့နာမည်တူ ရွှေအိမ်စည်ပေါ်တုန်းက အွန်လိုင်း ပေါ်မှာ အောင်သာရွှေအိမ်စည်ဆိုပြီး ပြောင်းသေးတာပဲတဲ့။ ငါလည်း သတိုးကနေ ကျပ်ခိုးဖြစ်ဖြစ်၊ ကတိုး ဖြစ်ဖြစ် ပြောင်းရင် ကောင်းမလားလို့ စဉ်းစားနေရတယ်တဲ့လေ”

ကျွန်တော် ဘာမှ ပြန်မပြောနိုင်။ ခဏတော့ ငိုင်သွားသည်။ ကိုယ်ချင်းစာမိသောကြောင့်ပင် ဖြစ်၏။ ကိုယ်တပင်တပန်း ဖောက်ကာ လျှောက်လာခဲ့သော စာပေလမ်းမှာ နာမည်တူခြင်းကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတာ ဘယ်လောက်ဆိုးတဲ့ ခံစားမှုမျိုးတစ်ခုပါလဲ။ သို့သော် တစ်ဖက်က လှည့်တွေးကြည့်လျှင် ထိုစားရေးသူက မသိ၍ ဖြစ်နိုင်သလို၊ သူရေးတာ ကိုယ့်ထက်စောပြီး ကိုယ်က မသိတာလည်း ဖြစ်နိုင်၏။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အဆင်ပြေစေချင်လှသည်။

ခဏအကြာတွင် သူတို့နှစ်ယောက်က ကျွန်တော့်ကို နှုတ်ဆက်ကာ ပြန်သွားကြ၏။ ရွှေအိမ်စည်က ကင်မရာအိတ်ကြီးကိုလွယ်၍၊ မမြသွေးနီက ရွှေအိမ်စည်အား နေပူမှာစိုးကာ ယုယုယယဖြင့် ပုသိမ်ထီးလေး မိုးပေး၍...။

ထိုစဉ်...

(ဆက်ပါဦးမည်။ မျှော်...)

----------------------------------------------------------------------------------------------------------------
ခွင့်မတောင်းပဲ နာမည်များ ယူသုံးမိခြင်းကြောင့် မောင်နှမများ နားလည် ခွင့်လွှတ်ပေးကြပါဦးဗျာ။ မောင်နှမတွေကို ချစ်တဲ့စိတ်နဲ့ ပျော်စေချင်လို့ ရေးလိုက်တဲ့ ပို့စ်လေးပါ။ ထိခိုက် နစ်နာစေလိုခြင်း အလျှင်းမရှိပါကြောင်း......။
---------------------------------------------------------------------------------------------------------------------
ချစ်ခြင်းအားဖြင့်....
ဏီလင်းညို
၀၁၊ အောက်တိုဘာ၊ ၂၀၁၃။
(၁၄း ၀၇) နာရီ။
အင်္ဂါနေ့။
ရန်ကုန် - မြန်မာပြည်။
 (အမည်များနှင့် ကျွန်တော်)














Sunday, September 1, 2013

ပြေးလမ်းပေါ်က လေးနှစ်သား ကျွန်တော်...



ကယ်တမ်းပြောရမယ်ဆိုရင် အွန်လိုင်းပေါ်မှာရေးတဲ့ မြန်မာစာလုံးတွေနဲ့ ကျွန်တော် စတင်ထိတွေ့မိခဲ့တာက ၂၀၀၈ခုနှစ် နှောင်းပိုင်းလောက်ကမှပါပဲ။ ကျွန်တော် ဘယ်လိုပုံနဲ့ စတင်ထိတွေ့ခဲ့ရတယ်ဆိုတာ နည်းနည်းလေး ပြောပြချင်ပါတယ်။

ဘ၀ပေးအခြေအနေအရ အရှေ့တောင်အာရှနယ်နိမိတ်အတွင်းမှာရှိတဲ့ ပြည်ပ နိုင်ငံငယ်လေးတစ်ခုမှာ ၀မ်းရေးအတွက် အလုပ်လုပ်နေရင်း နှစ်တွေကြာလာတဲ့ တစ်နေ့မှာ ကိုမျိုးကျော့မြိုင်တို့၊ ကိုညီထွဋ်(ဇော်ဝင်းထွဋ်)၊ ဆရာငှက် (ကိုထူးအိမ်သင်) တို့ရဲ့ သီချင်းဟောင်းလေးတွေကို ပြန်နားထောင်ချင်စိတ် ပြင်းပြလာမိတယ်။

အဲ့ဒါနဲ့ နီးစပ်ရာမေးကြည့်တော့ အဲ့ဒီလို အခွေဟောင်းတွေက ပြန်ရှာဖို့ မလွယ်တော့ဘူး။ အွန်လိုင်းမှာတော့ ဒေါင်းလုပ်ခ်လုပ်ယူလို့ရတယ်ဆိုပြီး သိခဲ့ရတယ်။ ပြောပြသူကို ခေါင်းငြိမ့်ပြခဲ့မိပေမယ့် သီချင်းတွေကို ဘယ်လိုမျိုး လိုက်ရှာရတယ်၊ ဘယ်လို ဒေါင်းလုပ်ခ် လုပ်ရတယ်ဆိုတာကို ကျွန်တော် တကယ်မသိခဲ့ပါဘူး။

အဲ့ဒါနဲ့ အလုပ်ထဲမှာရှိတဲ့ ကွန်ပျူတာလေးကို အလုပ်အားချိန်၊ ပါးချိန်တွေမှာ ခိုးကြောင်ခိုးဝှက်နဲ့သုံးပြီး အွန်လိုင်း ပေါ်ကို မလယ်မ၀ယ်နဲ့ ကျွန်တော်ရောက်ခဲ့ရတယ်။ အဲ့ဒီမှာ သီချင်းတွေတင်ထားတဲ့ ဆိုဒ်တွေလိုက်ကြည့်ရင်း ညကဗျာ၊ သံယောဇဉ် စတဲ့ မြန်မာဆိုဒ်လေးတွေကို သွားတွေ့တယ်။ အွန်လိုင်းပေါ်မှာ ပထမဦးဆုံး မြန်မာစာလုံး တွေကို မြင်ရခြင်းပါပဲ။ အဲ့ဒီနေရာလေးတွေကနေတစ်ဆင့် “အိပ်မက်” www.ainmat.com ဆိုတဲ့ ဆိုဒ်လေးကို ရောက်သွားရတယ်။ အဲ့ဒီမှာ အွန်လိုင်းပေါ်က မြန်မာစာတွေနဲ့ကျွန်တော် တစ်လုံးတစ်ခဲကြီး စ,တွေ့တော့တာပါပဲ။

အိပ်မက်က စာလေးတွေဖတ်ကြည့်မိတော့ ကျွန်တော်လည်း စာရေးချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်။ ကျောင်းသားဘ၀ တစ်လျှောက်လုံး စာစီစာကုံးမှာ ဘယ်တော့မှ အမှတ်ကောင်းကောင်းမရခဲ့ပေမယ့်၊ ပြိုင်ပွဲဝင်ဖို့ ဆရာမတွေ မျက်နှာသာပေးမခံရတဲ့ ကျွန်တော်က စာရေးရတာကိုမှ ၀ါသနာ ပါနေမိခဲ့တာကိုး။ အဲ့ဒါနဲ့ စာရေးလို့ရဖို့အတွက် အိပ်မက်မှာ အသင်းဝင်ဖြစ်အောင် နားမလည်ပါးမလည်နဲ့ တစ်ယောက်တည်း ကြိုးစားလုပ်ခဲ့ရတယ်။ နည်းပညာပိုင်းနဲ့ပတ်သတ်လို့ သိပ်မခက်ခဲတဲ့ အလုပ်လေးဖြစ်ပေ မယ့် ဘာမှမသိတဲ့ ဇီးရိုးကျွန်တော့်အတွက်ကတော့ တော်တော်လေး ခက်ခဲခဲ့တာ အမှတ်တရပါပဲ။ မေးရမြန်းရမယ့် အသိမိတ်ဆွေတွေက အနီးအနားမှာရော၊ အွန်လိုင်းမှာပါ မရှိလွန်းလို့ပါ။ တိုတိုပြောရရင် နောက်ဆုံးမှာတော့ အိပ်မက်မှာ ကျွန်တော် စာလေးတွေ တင်လို့ရသွားတယ်။ အဲ့ဒါနဲ့ မတောက်တခေါက်လေးတွေ စ,ပြီး ရေးတင်ဖြစ်ခဲ့တယ်။ စကားမစပ်ပြောရရင် ကျွန်တော်တို့အခေါ် မလေး (အိမ့်ချမ်းမြေ့)နဲ့ အိပ်မက်မှာ စာလေးတွေ စတင်ဖြစ်ကတည်းက ခင်မင်ခဲ့ရတာ၊ယနေ့ထက်ထိတိုင်ပါပဲ။

အိပ်မက်ကနေတစ်ဆင့် အဲ့ဒီဆိုဒ်လေးရဲ့ အခြားဘလော့ဂ်များဆိုတဲ့ စာမျက်နှာလေးကိုရောက်သွားတော့ အိပ်မက်မှာ စာရေးနေသူတချို့ရဲ့ ကိုယ်ပိုင် ဘလော့ဂ်လိပ်စာလေးတွေကို တွေ့လိုက်ရတယ်။ အဲ့ဒီအခါကျမှ ဘလော့ဂ်ဆိုတာကို ကျွန်တော် စတင်ထိတွေ့မိရတာပါ။ အဲ့ဒီဘလော့ဂ်လေးတွေလိုက်ဖတ်ရင်း တိတ်တဆိတ် ဘလော့ဂ်ဖတ်သူတစ်ယောက်အဖြစ် ကျွန်တော် အချိန်တော်တော်ကြာခဲ့ပါတယ်။

လူကြောက်တတ်တဲ့ ကျွန်တော့်အကျင့်အတိုင်း ဘလော့ဂ်ပိုင်ရှင်တွေကို နှုတ်မဆက်ဖြစ်ခဲ့သလို၊ နှုတ်ဆက်ရ ကောင်းမှန်းလည်း မသိခဲ့ဘူး။ နောက်ပိုင်းကျတော့မှ လက်ပ်တော့လေးတစ်လုံးကို စာရေးဖို့သက်သက်ဝယ်ပြီး ကျွန်တော် ဘလော့ဂ်တစ်ခုကို ခက်ခက်ခဲခဲ ဆောက်မိတော့တယ်။ တကယ်ကို ကျွန်တော့်အတွက် ခက်ခဲခဲ့တာပါ။ (အခုဆို ပြန်မဆောက်တတ်တော့ပါဘူး။ အကုန်မေ့သွားပါပြီ။ အသက်ကြီးလာသလို ဥာဏ်လည်း ပိုထိုင်းလာလို့ပါ။) အဲ့ဒီတုန်းက “စေတန်ဂေါ့”ရဲ့ ဘလော့ဂ်လုပ်နည်း အီးဘွတ်ခ်လေးက ကျွန်တော့်အပေါ်မှာ တော်တော်လေး ကျေးဇူးကြီးမားခဲ့ပါတယ်။ (အဲ့ဒီစာအုပ်ထဲမှာ ကိုရန်အောင်ရေးတဲ့ နည်းပညာပိုင်းလေးတွေပါတာလည်း ကျွန်တော်မှတ်မိနေပါသေးတယ်။) နည်းပညာနဲ့ပတ်သတ်လို့ ကျွန်တော်ကျွမ်းလား မကျွမ်းဘူးလားဆိုတာ ကျွန်တော့်ဘလော့ဂ်လေးရဲ့ ခေါင်းစည်းစာတန်းလေးကိုကြည့်ရင် မောင်နှမတွေ သိနိုင်မှာပါ။

နောက်ဆုံးတော့ ကျွန်တော်ဘလော့ဂ်မှာ စာလေးတွေ စ,တင်ဖြစ်လာတယ်။ အစပိုင်း ဘယ်သူမှ မသိကြပေမယ့် နောက်ပိုင်း သူများဘလော့ဂ်တွေမှာ စာသွားဖတ်ရင်း ခြေရာလေးတွေချန်ဖြစ်ခဲ့တာမို့ ကျွန်တော့်ဘလော့ဂ်လေး ကို တစ်ယောက်စ,နှစ်ယောက်စ ဆိုသလို ပြန်လာလည်ပေးခဲ့ကြတယ်။ ရေးတဲ့စာလေးတွေကို မှတ်ချက်လေးတွေ ရေးပေးသွားကြတယ်။ ကျွန်တော့်ဘလော့ဂ်ရဲ့ လင့်ခ်လေးတွေကို သူတို့ဘလော့ဂ်လေးတွေ မှာ ချိတ်ပေးခဲ့ကြတယ်။ ပြောရမယ်ဆို ဘလော့ဂ်ရပ်ဝန်းမှာ တဖြည်းဖြည်းနဲ့ အပေါင်းအသင်းတွေ များလာခဲ့တယ်။ အသစ်ဝင်လာတဲ့ ကျွန်တော့်ကို နွေးနွေးထွေးထွေး ဆက်ဆံခဲ့ကြတယ်။ ကြိုဆိုခဲ့ကြတယ်။ အဲ့ဒါလေးတွေကြောင့် ကျွန်တော် အားပိုတက်လာခဲ့ရတယ်။ စာတွေ ရေးဖြစ်လာတယ်။ ခင်မင်စရာကောင်းတဲ့ စာရေးဖော်ရေးဖက် ညီအစ်ကို မောင်နှမတွေ၊ စာဖတ်သူတွေနဲ့လည်း အွန်လိုင်းမှာ ဆုံဆည်းခဲ့ရတယ်။ ခင်မင်ခွင့် ရခဲ့တယ်။ ခုတော့ တချို့တွေလည်း ခြေရာဖျောက်၊ ရေလည်းနောက်သွားကြပေမယ့် တချို့တွေနဲ့ကတော့ ခုထိ ခင်မင်မှုရင်းမြစ်တွေ ခိုင်မြဲနေတုန်းရယ်။ ဘာပဲဖြစ်ဖြစ် အဲ့ဒီအဖြစ်က ကျွန်တော့်ဘ၀မှာ အမှတ်တရပါပဲ။

အဲ့ဒီနောက်မှာတော့ ကိုယ်ပိုင်ဘလော့ဂ်ရေးရင်း တစ်ဖက်ကနေ အိပ်မက်၊ လောကအလှ အွန်လိုင်းမဂ္ဂဇင်း၊ အဝေးဆီက မလေးရောက်ခရီးသည်၊ ကိုရင်ညိန်းရဲ့ မာတာပီတု၊ ညီလေးဗညားရှိန်(လင်းခေတ်ဒီနို)၊ ညလင်းအိမ်၊ နေ၀ဿန်တို့နဲ့ ခုနှစ်စဉ်ကြယ် စတဲ့ နေရာလေးတွေမှာ စာလေးတွေ တစ်ပုဒ်စ,နှစ်ပုဒ်စ ရေးဖြစ်လိုက်ပါသေးတယ်။ နောက်ပိုင်းကျတော့ ကိုယ်တိုင်လည်း မအားတာများလာတာမို့ အဲ့ဒီနေရာတွေမှာ မရေးဖြစ်တော့ပဲ ကျွန်တော့်ရဲ့ ဏီလင်းညိုဆိုဒ်လေးမှာပဲ စာတင်ဖြစ်ခဲ့တော့တာ။ နောက်ဆုံး တိုတိုပြောရရင်တော့ အဲ့ဒီကနေ စ,ပြီး ဘလော့ဂ်လောကမှာ ကျင်လည်ဖြစ်ခဲ့တာ ယနေ့ထက်ထိတိုင်ပါပဲ။

ဒါပေမယ့် ကျွန်တော်ဘလော့ဂ်ရေးလို့ အရှိန်ရမယ်ကြံရုံရှိသေးတယ်။ ကံကြမ္မာက ကျွန်တော့်ကို မျက်နှာသာမပေးပဲ ဘလော့ဂ်လောကနဲ့ အဝေးကိုနှင်ဖို့ကြိုးစားခဲ့တယ်။ ၂၀၀၉ သြဂုတ်လ ၃၁ နေ့မှာ ပို့စ်တစ်ခု စတင်ခဲ့တဲ့ ကျွန်တော်ဟာ... ၂၀၁၀ ဇွန်လပိုင်းလောက်မှာ အကြီးအကျယ် နေမကောင်းဖြစ်ခဲ့ရတယ်။ (တကယ်တော့ သြဂုတ် ၃၁ ရက်နေ့ဟာ ဘလော့ဂ်ဒေးမှန်း အဲ့ဒီတုန်းက ကျွန်တော် မသိရိုးအမှန်ပါ။) နားတွင်းအာရုံကြောနဲ့ သက်ဆိုင်တဲ့ ရောဂါတစ်မျိုးပါပဲ။ အဲ့ဒါနဲ့ အလုပ်ဆက်လုပ်ဖို့ လုံးဝမဖြစ်နိုင်တော့တာမို့ ကျွန်တော့်စာချုပ်သက်တမ်းပြည့်ဖို့ ၂နှစ်ခွဲလောက် လိုသေးပေမယ့် သူဌေးကိုခွင့်တောင်းပြီး
မြန်မာပြည်ကို အပြီးပြန်ခဲ့ရတယ်။

မြန်မာပြည်ပြန်ရောက်တော့ အင်တာနက်နဲ့ ကျွန်တော်ဝေးသွားသလို၊ ဘလော့ဂ်နဲ့လည်း အဆက်ပြတ်လုလု ဖြစ်သွားတယ်။ ဖဘကတော့ ၂၀၀၉ ထဲကဖွင့်ထားခဲ့ပေမယ့် သိပ်မသုံးဖြစ်ခဲ့သလို ခုလောက်လည်း ခေတ်မစား သေးတော့ သိပ်စိတ်မ၀င်စားခဲ့တာ အမှန်ပါပဲ။

၂၀၁၁၊ ၂၀၁၂ ခုနှစ်တွေမှာ ဘလော့ဂ်ပေါ်ကို စာဆယ်ပုဒ်လောက်တောင် တင်ဖြစ်တယ် မထင်ပါဘူး။ မြန်မာပြည်မှာ ကွန်မကောင်းလို့ပါပဲ။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း ခုလို ဖုန်းနဲ့အင်တာနက်မသုံးဖြစ်သေးတော့ လူများတဲ့ အင်တာနက်ဆိုင်တွေကို သွားချင်စိတ် ကျဲပါးလွန်းလို့ပါပဲ။ ပြောရရင် ဘလော့ဂ်လောကနဲ့ ကျွန်တော် နည်းနည်း သွေးအေးသွားသ လိုမျိုးပါ။ ဒါပေမယ့် လုံးလုံး ပြတ်တောက် သွားတာမျိုးတော့ မဟုတ်ပါဘူး။

၂၀၁၂ စက်တင်ဘာလောက်မှာ ကိုရန်အောင်စီစဉ်တဲ့ သက်တံ့ဆယ်စင်း စာအုပ်လေးထဲမှာ ပါဝင်ခွင့်ပေးခဲ့လို့ စာရေးဖို့ အားတွေပြန်တက်လာပြီး ဘလော့ဂ်ပို့စ်လေးတွေ ကြိုးစားတင်ဖြစ်တယ်။ အဲ့ဒီစာအုပ်လေးကို ရီဗျူးလေးတွေ ရေးပေးခဲ့ကြတဲ့ ညီမ ရွှေအိမ်စည်တို့ မောင်မျိုးတို့ကိုလည်း ကျေးဇူးတင်တယ်။ စာအုပ်စီစဉ်ချိန်မှာ ကိုရန်အောင်ကနေတစ်ဆင့် ကျွန်တော့်ကို ဆက်သွယ်ဖို့ခက်လို့ ကိုယ်စား ကျွန်တော့်ကို ဆက်သွယ်ပေးခဲ့တဲ့ အစ်မ မြသွေးနီကိုလည်း ကျေးဇူးတင်တယ်။ အဲ့ဒီစာအုပ်လေးကနေတစ်ဆင့် ကိုသတိုး၊ ကိုညီလင်းသစ်၊ စတဲ့ ညီအစ်ကိုတွေနဲ့လည်း ရင်းနှီးခွင့်ရခဲ့တယ်။ နောက်ပြီးတော့ တွေ့ တိုင်း ကိုဏီ...စာရေးပါဆိုပြီး သူကတော့ ဓာတ်ပုံတွေချည်းရိုက်နေတဲ့ အစိမ်းရောင်လွင်ပြင်သူ မချောကိုလည်း ကျေးဇူးတင်တယ်။ ကိုဏီလေး နေကောင်းလားဆိုပြီး မေးတတ်တဲ့ အစ်မချစ်ကြည်အေးကိုလည်း ကျေးဇူးတင်တယ်။ နောက်ပြီး... ဏီဏီ နေကောင်း လား၊ ၀တ္ထုလေးတွေဖတ်ချင်လို့ လုပ်ပါဦးဆိုပြီး... ဂျီတော့ခ်မှာတွေ့တိုင်း ပြောတတ်တဲ့ မမိုး (မိုးငွေ့) ကိုလည်း ကျေးဇူးတင်တယ်။ သူတို့တွေပြောတဲ့စကားတွေက ကျွန်တော်စာရေးဖို့အတွက် တကယ့် ခွန်အားတွေ ဖြစ်စေပါတယ်။ နောက်ပြီး မေးလ်ကနေတစ် ဆင့်၊ မက်ဆေ့ခ်ျကနေတစ်ဆင့် တိုက်တွန်းအားပေးခဲ့ကြတဲ့ စာဖတ်သူမောင်နှမတွေရောပါပဲ။ ဆိုင်းလန့်ရီဒါ(တိတ်တဆိတ်စာဖတ်သူ) တွေကိုလည်း ကျေးဇူးတင်ဖို့ ကျွန်တော်မမေ့ပါဘူးဆိုတာ သိစေချင်လှပါသေးတယ်။

ခုနောက်ပိုင်း ဖုန်းနဲ့အင်တာနက်သုံးဖြစ်တဲ့အခါ ဖဘကို ကျွန်တော်ဝင်ဖြစ်လာတယ်။ အဲ့ဒီမှာ စာရေးတဲ့သူငယ်ချင်းတွေ၊ စာဖတ်သူ မောင်နှမတွေနဲ့ ထပ်ပြီး မိတ်ဆွေတွေဖြစ်ကြရတယ်။ သူငယ်ချင်းအဟောင်းတွေရော၊ အသစ်တွေကပါ ကျွန်တော့်ကို စာတွေရေးဖို့ တိုက်တွန်းကြတယ်။ အားပေးခဲ့ကြတယ်။ နွေးနွေးထွေးထွေး ဆက်ဆံပေးခဲ့ကြတယ်။ ပရိုဖိုင်ဓာတ်ပုံမရှိ၊ ကိုယ်ပိုင်ဓာတ်ပုံမတင်တတ်တဲ့ ကျွန်တော့်ကို ယုံကြည်မှုပေးခဲ့ကြတယ်။ နားလည်ပေးခဲ့ကြတယ်။ လာအက်ဒ်ပေးကြတယ်။ ကျွန်တော်ရေးသမျှ မတောက်တခေါက်စာလေးတွေကို ကောင်းသည်ဆိုးသည်မရွေး ဖတ်ရှုပေးခဲ့ကြတယ်။ မှတ်ချက်လေးတွေ ရေးပေးခဲ့ကြတယ်။ နောက်တော့ ကျွန်တော်ရေးတဲ့ စာလေးတွေ မဂ္ဂဇင်းစာမျက်နှာပေါ်မှာ တစ်ခုတစ်လေ ပါလာတယ်။ တချို့မောင်နှမတွေ စာအုပ်လေးတွေ စီစဉ်ကြတဲ့အခါ ကျွန်တော့်ကိုမေ့မနေပဲ စာမူလေးတွေတောင်းကြတယ်။ အဲ့ဒီအတွက် ကျွန်တော်ပျော်မိတယ်၊ ကျေးဇူးလည်း တင်မိတယ်။ မဂ္ဂဇင်းတွေမှာရေးဖို့ တိုက်တွန်းကြတဲ့ မောင်နှမတွေ၊ ကူညီခဲ့သူတွေကိုလည်း ကျေးဇူးတင်မိတယ်။

အခုနောက်ပိုင်း ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းမှာလည်း စ,ရေးဖြစ်လာတယ်။ ကျွန်တော့်စာမူလေးတွေကို သုံးပေးခဲ့တဲ့ ကိုကမ္မာနီလာကိုလည်း ကျေးဇူတင်ရတယ်။ (စာအုပ်လေးတွေ လက်ဆောင်ပို့ပေးလို့လည်း ကျေးဇူးတင်တာပါပဲ။)

ဘလော့ဂ်ရေးခဲ့တဲ့ ကျွန်တော့်ကို အကြာကြီးပျောက်နေခဲ့ပေမယ့်လည်း မေ့မနေခဲ့ကြတဲ့ ရင်းနှီးရာ မောင်နှမတွေကိုလည်း အံ့သြစိတ်နဲ့ ကျေးဇူးတင်မိတယ်။ နောက်ပြီး ကျွန်တော့်ကို ပရင့်ဘက်မှာ ပရိတ်သတ်ရထားပြီးဖြစ်ကြတဲ့ စာရေးဆရာ၊ ဆရာမတွေကလည်း အွန်လိုင်းကလူဆိုပြီး မခွဲခြားပဲ ရင်းနှီးခင်မင်စွာ ဆက်ဆံပေးခဲ့ကြသေးတယ်။ အဲ့ဒီအတွက်လည်း သူတို့ကို ကျွန်တော်ကျေးဇူးတင်တယ်။

ပြောရမယ်ဆိုရင် ကျွန်တော်ကံကောင်းတယ်ထင်မိတယ်။ ဘလော့ဂ်လောကထဲဝင်ချိန်ကနေ ခုထိ ကျွန်တော့်ကို နှိမ်တဲ့လူ၊ ကျော သွားတဲ့လူ၊ အသုံးချသွားတဲ့လူဆိုပြီး သိပ်မကြုံခဲ့ရဘူး။ လက်ချိုးရေတွက်ကြည့်လို့ရလောက် အောင်ကိုပဲ ရှားပါးလွန်းပါတယ်...။ တချို့မောင်နှမတွေကဆို ကျွန်တော့်ကို ပြောကြတယ်။ ကိုဏီ့ကို အားကျတယ်။ လူချစ်လူခင်ပေါလို့တဲ့။ အဲ့ဒီလိုပြောခံရတိုင်း ကျွန်တော့်ကို ယုံကြည်နားလည်မှုများနဲ့ ခင်မင်ပေးကြတဲ့ သူငယ်ချင်း မောင်နှမတွေကို ကျေးဇူးတင်တာပါပဲ။

၂၀၁၃ သြဂုတ်လ ၃၁ရက်နေ့ “ဘလော့ဂ်ဒေး”အထိမ်းအမှတ်အဖြစ် အမှတ်တရ ရေးဖြစ်သွားတဲ့ ဒီပို့စ်လေးထဲမှာ ကျွန်တော် ဘလော့ဂ်စ,ရေးဖြစ်ပုံနဲ့၊ ကျေးဇူးတင်ရတဲ့အကြောင်းတွေကိုပဲ ရေးဖြစ်ခဲ့ပါတယ်။ ရေးဖို့သတိပေးသူ ကိုရန်အောင်နဲ့ မလေး(အိမ့်ချမ်းမြေ့)တို့ကို ကျေးဇူးတင်ပါတယ်။ စကားမစပ်ပြောရရင် ဒီနှစ်မှာ တိုက်တိုက် ဆိုင်ဆိုင် ကျွန်တော့်ဘလော့ဂ်လေး လေးနှစ်ပြည့်သွားပါပြီ။ ဒီလိုပို့စ်လေးတွေကို အားလုံးဝိုင်းပြီး ညီညီညွတ်ညွတ်နဲ့ ရေးခဲ့ကြတဲ့ ဘလော့ဂါမောင်နှမများအားလုံးကိုတွေ့ရတော့ ၀မ်းလည်းသာမိတာပါပဲ။

အခုနောက်ပိုင်းမှ ရေးကြတဲ့ (ကျွန်တော်သိသော၊ မသိသော) ဘလော့ဂါအသစ်တွေ၊ ရှေးရှေးကတည်းက ရှိခဲ့ပေမယ့် ကျွန်တော်မနှံစပ်လို့ မသိခဲ့ရတဲ့ ဘလော့ဂါတွေကိုလည်း လေးစားနေဆဲပါ။ မရောက်ဖြစ်လို့ မသိ၊ သိပေမယ့်လည်း မရောက်ဖြစ်ခဲ့ရင် စီနီယာ၊ ဂျူနီယာခွဲတယ်လို့ အမြင်မလွဲစေချင်တာ အမှန်ပါပဲဗျာ။ အခွင့်ရရင် ခင်မင်ချင်ပါတယ်။

မှန်တာပြောရရင် တစ်ခါတစ်ခါကျတော့ ကျွန်တော့်ဘလော့ဂ်က စာအဟောင်းလေးတွေကိုပြန်ဖတ်ရင်း စိတ်ထဲမှာ ရှက်ကိုးရှက်ကန်းဖြစ်ရသလို၊ လိုအပ်ချက်လေးတွေလည်း ပြန်တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် ဘ၀ဆိုတဲ့ ပြေးလမ်းပေါ်က ကျွန်တော်ဟာ ကိုယ်ပိုင်ဘလော့ဂ်လေးကို လည်ပြန်လှည့်ကြည့်မိတဲ့ခဏငယ်တိုင်း စိတ်ထဲမှာ ကြည်နူးမိတာပါပဲ။ စာပေနဲ့ပတ်သတ်တဲ့ အရေးအသားတွေ၊ စာလုံးပေါင်းတွေ၊ လိုအပ်ချက်တွေကို ပြင်ဆင်ဖို့ကြိုးစားရင်းနဲ့ ဘလော့ဂ်လေးကို အခွင့်ရှိနေသရွေ့ အသက်ဆက်သွင်းနေမိဦးမှာပါ။ အဲ့... ဘလော့ဂ်မှာ စာရေးတာ ပိုက်ဆံဘယ်လောက်ရသလဲလို့ မေးတတ်တဲ့ လူတွေနဲ့တွေ့ရင်တော့ ကျွန်တော်ထွက်ပြေးမှာ၊ အနေခက်နေမှာကို မြင်ယောင်ကြည့်ပေးကြပါ။

တစ်ခါတစ်လေလည်း အွန်လိုင်းပေါ်မှာ ကျွန်တော် ဆက်တိုက်ရှိချင် ရှိနေပါလိမ့်မယ်။ တစ်ခါတစ်လေကျတော့လည်း ပျောက်ချင် ပျောက်နေမှာပါ။ ဒါပေမယ့် စာလေးတွေတော့ ရေးဖြစ်၊ (ကော်ကောင်းရင်) ဘလော့ဂ်ပေါ် တင်ဖြစ်နေဦးမှာပါ။

သူငယ်ချင်း မောင်နှမတွေ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိနိုင်ကြပါစေ...

--------------------------------------------------------------------------------------------------------------
ဝတ္ထုတိုလေးတွေအရေးကောင်းပြီး၊ FB မှာရော၊ ဘလော့ဂ်ရပ်ဝန်းကပါ ခဏခဏပျောက်နေတတ်တဲ့ ညီမ ရွှေပြည်သူကို ဘလော့ဂ်ဒေးနဲ့ပတ်သတ်ပြီး တစ်ခုခုရေးဖို့ ကိုဏီ တိုက်တွန်းချင်ပါသေးတယ်။ ဟုတ်တယ်နော်...ကိုရန်... J
---------------------------------------------------------------------------------------------------------------
ချစ်ခြင်းအားဖြင့်...
ဏီလင်းညို
၀၁၊ စက်တင်ဘာ၊ ၂၀၁၃။
(၁၉း ၀၀) နာရီ
တနင်္ဂနွေနေ့။
(ရန်ကုန် - မြန်မာပြည်)
ပြေးလမ်းပေါ်က လေးနှစ်သားလေး ကျွန်တော်....