Thursday, September 9, 2010

မူလအခြေအနေ




နွေနှောင်းလက်ကျန်ရက်များသည် မကြာခင်ရောက်လာတော့မည့်မိုးနေ့စွဲရက်များကြောင့် စိုပြေလာ တော့မယောင်ရှိ၏။ သို့သော် အခုချိန်ထက်ထိတော့ ညှိုးရော်ခြောက်သွေ့နေခဲ့ဆဲပင်ဖြစ်သည်။ နေ့လယ်ခင်း မို့လူရှင်းစွာတိတ်ဆိတ်နေခဲ့သောရွက်ကြွေလမ်းမလေးထက်တွင် သူ့ဘေးမှကပ်လျှောက်နေသော ကြည်ပြာ့ ရဲ့ဖိနပ်ရှပ်တိုက်သံကို ကြားနေရ၏။



“မိုးတွေတောင်ရွာတော့မယ်နော်....ဖိုးကျော်”.....
“အေးဟ”....

ကြည်ပြာ့စကားကို သူခေါင်းငြိမ့်ထောက်ခံလိုက်သည်။ ထို့အတူ လွန်ခဲ့သောသုံးရက်ခန့်က ခဏလောက်ရွာ သွားသောမိုးတို့ကိုပြန်လည်တမ်းတလာမိကာ ပူလောင်လွန်းသည့်နွေနေ့ရက်များကိုအမြန် ကုန်ဆုံးစေချင်မိ သောစိတ်လည်းဖြစ်ရ၏။

“ငါတော့ နွေရာသီလေးကို မကုန်စေချင်သေးဘူး”.....

ကြည်ပြာ့စကားကြောင့် သူလှည့်ကြည့်မိတော့ သူမကပြုံးပြသည်။ နောက် လက်ထဲမှ ဆိုင်းကြိုးတပ်ထားဆဲ ဖြစ်သော ခေါက်သိမ်းထားသည့်စွန်နှင့်ရစ်ဘီးလုံးတွဲရက်သားကိုထောင်ပြရင်း.....

“ဟုတ်တယ်လေဟယ်....၊ နွေရာသီကုန်လို့ မိုးတွေရွာလာရင် ငါတို့စွန်လွှတ်လို့ဘယ်ရတော့မှာလဲဟဲ့”......
“သြော်.....နင်က နင့်ရည်ရွယ်ချက်နဲ့နင် နွေရာသီကိုမကုန်စေချင်တာကိုး”....

ထေ့ငေါ့သော လေသံစွက်စွာသူပြန်ပြောမိတော့ ကြည်ပြာက ပခုံးနှစ်ဖက်ကိုစုံတွန့်ပြကာ ဟက်ဟက်ပက်ပက် ရယ်လေတော့သည်။ ယောက်ျားလေးဖြစ်သောသူနှင့်တန်းတူ မိန်းကလေးတန်မဲ့ စွန်လွှတ်တာကိုကြည်ပြာက ရူးရူးမူးမူးခုံမင်နှစ်သက်တတ်သူတစ်ယောက်ဖြစ်၏။ ‘ကောင်းကင်မှာဝဲနေတဲ့ စွန်လေးတွေကို မြေပြင်ပေါ်က နေပြီး ကြိုးလေးတစ်ချောင်းနဲ့ထိမ်းထားရတာ....၊ ကိုယ်လိုသလို အလျှော့အတင်းလုပ်ပေးနိုင်တာ....၊ မိုးပေါ် မှာလွှတ်တင်ထားတဲ့ စွန်ကလေးနဲ့အတူ ငါ့စိတ်တွေကိုလေဟုန်စီးပြီးပျံသန်းစေနိုင်တာမို့ စွန်လွှတ်ရတာကို ငါ တော့ အရမ်းသဘောကျတာပဲဟယ်’......ဟု ကြည်ပြာက သူ့ကိုမကြာခဏပြောဖူးတာကို စိတ်ထဲပြန်အမှတ် ရမိလိုက်သေးသည်။

“ဒါပေမယ့် နွေရာသီကို မကုန်စေချင်တဲ့ နင့်ဆန္ဒကတော့ ပြည့်နိုင်မယ်မထင်ပါဘူး....၊ ဘာလို့လဲဆိုတော့ သူ့ အချိန်တန်ရင် မိုးရာသီရောက်လာမှာပဲ.....။ ပြီးရင်တော့ ဆောင်းရာသီပေါ့.....။ အဲ့ဒီခါကျမှ နင်စွန်ပြန် လွှတ်ပေါ့ဟာ”......

“အေးနော်......သဘာဝတရားဆိုတာ လွန်ဆန်ချင်လို့ရကောင်းတဲ့အရာတစ်ခုမှမဟုတ်ခဲ့တာ”.....

သူ့စကားကို တွေးတွေးဆဆပုံစံလေးဖြင့် ခေါင်းငြိမ့်ရင်းကြည်ပြာကပြန်ပြောသည်။ သူဘာမှပြန်မပြောမိ....။ နွေနေ့လယ်ခင်းထဲမှ ရွက်ကြွေလမ်းမလေးထက်တွင် ခဏတိတ်ဆိတ်သွားသလိုရှိ၏။ သို့သော် ကြည်ပြာ့ ဖိနပ် ရှပ်တိုက်သံကိုတော့ သူ့နားထဲတွင်အတိုင်းသားကြားနေခဲ့ရသည်။ ခဏတာမှ တော်တော်ကြာသည့် အထိ သူတို့နှစ်ယောက်ဘာစကားမှအပြန်အလှန်မဆိုမိခဲ့ကြပဲ ဆက်လျှောက်နေမိခဲ့၏။ သိပ်မကြာခင်မှာပင် ကြည်ပြာတို့နေသော လမ်းထဲသို့ချိုးကွေ့ဝင်ရမည့်နေရာလေးသို့ရောက်လာသည်။ သူကတော့ သူနေသော လမ်းကို ရောက်ဖို့ရာ နောက်ထပ်နှစ်လမ်းကိုကျော်ရပေဦးမည်......။ ထုံးစံအတိုင်း လမ်းထဲချိုးဝင်ခါနီး လမ်း ထိပ်အုတ်ခုံလေးနားတွင် သူတို့နှစ်ယောက်ခဏရပ်မိကြ၏။

“ငါသွားတော့မယ်”.....

ကြည်ပြာ့စကားကို သူခေါင်းငြိမ့်ပြလိုက်မိသည်။ လက်ပြကာ သူအရင်ကျောခိုင်းရင်း ဆက်လျှောက်ဖို့ခြေ လှမ်းပြင်မိခဲ့တော့.....‘ဖိုးကျော်’.....ဟု ကြည်ပြာကလှမ်းခေါ်၏။ သူလှည့်ကြည့်မိတော့.....

“ညနေ ငါးနာရီလောက်ကျရင်လည်း......သံလမ်းပေါ်မှာ စွန်သွားလွှတ်ဦးမယ်နော်...။ ငါနင့်ကို ဒီအုတ်ခုံနား ကပဲစောင့်နေမယ်.....။ ပြီးတော့ နင့်ကိုငါပြောစရာလည်းရှိတယ်”.....

ခေါင်းငြိမ့်ပြရင်း ကြည်ပြာ့မျက်ဝန်းများထဲကို အဖြေရှာသလို သူခဏစိုက်ကြည့်မိသည်။ သို့သော် လျှို့ဝှက် ချက်များစွာဖြင့် မျက်ဝန်းတစ်စုံရဲ့ပုစ္ဆာကိုသူတွက်ချက်အဖြေရှာမတွေ့နိုင်ခဲ့ရမိ။ ရင်ထဲက စိုးထိတ်သလိုပုံစံမျိုး ဖြင့် သူ့နှလုံးသားတစ်စုံက ထိတ်ခနဲ တစ်ချက်ခုန်လိုက်သလိုလို.....။

ကြည်ပြာ့ကိုခေါင်းငြိမ့်ပြခဲ့ရင်း သူဆက်လျှောက်လာခဲ့၏။ နွေနေ့လယ်ခင်းမှရွက်ကြွေလမ်းမလေးထက်တွင် စောစောကလို သူ့နံဘေးနားတွင်ကြည်ပြာရှိမနေခဲ့တော့......။ လေပြေကမူ တစ်ချက်တစ်ချက် ခပ်တိုးတိုးပင် တိုက်ခတ်နေခဲ့လေသည်။ ထိုအခါ ရွက်ကြွေလေးများက လမ်းမတစ်လျှောက် လျှပ်တိုက်မျောလွင့်သွားခဲ့ကြ ရ၏။

~~~~~@@@~~~~~

နေခင်းရဲ့မိုးကောင်းကင်ထက်တွင် တိမ်မျှင်ဖြူဖြူလေးများက ခပ်ကျဲကျဲနေရာယူထားတာတွေ့ရ၏။ ထို့အတူ ရောင်စုံစွန်ကလေးများကလည်း လေဟုန်စီးရင်းယိမ်းနွဲ့စွာ ၀ဲပျံနေခဲ့ကြတာတွေ့ရသည်။ ရထားသံ လမ်းနံဘေးမှအလေ့ကျခြုံပင်များက လေယူရာဖက်သို့လိုက်ပါယိမ်းနွဲ့နေခဲ့ကြတာကို သူလိုက်ငေးနေမိ၏။ သူထိုင်နေခဲ့သော ရထားသံလမ်းသည်ညနေစောင်းနေရောင်သိပ်မရှိတော့သော်လည်း တစ်နေ့လုံးပူထား သည့်နေပူရှိန်ကြောင့် နွေးနေခဲ့သည်။



“နောက်....တစ်ကောင်ထပ်တင်ဦးလေ.....ဖိုးကျော်”......

သူနှင့်ခပ်လှမ်းလှမ်းတွင် စွန်လွှတ်နေဆဲဖြစ်သော ကြည်ပြာ့အသံကြောင့် လှမ်းကြည့်ပြီးခေါင်းခါပြလိုက်မိ၏။ တစ်ကယ်လည်း ဒီညနေအဖို့သူထပ်ပြီးစွန်မလွှတ်ချင်တော့ပါ.....။ စောစောကဖြတ်တောက်ခံလိုက်ရသော သူ့စွန်ဖြူဖြူလေးကို မျက်စိထဲပြန်မြင်ယောင်သလိုဖြစ်လာသည်။ သူ့စွန်ဖြူဖြူလေးကို ဖြတ်တောက်သွားလေ ခဲ့သော အစိမ်းရင့်ရောင်စွန်ကလေးကတော့ ကောင်းကင်ထက်တွင်လေဟုန်စီးရင်း အခုချိန်တိုင်အောင်ဝဲပျံ ကာ အောင်လံထူနေခဲ့ဆဲဖြစ်တာကို သူတွေ့နေရ၏။ စွန်လွှတ်တိုင်း သူများစွန်ကိုဖြတ်ဖို့ ဘယ်တော့မှမကြိုး စားမိခဲ့သော်လည်း ခုလိုမျိုးတစ်ခါတလေတွင်တော့ သူ့စွန်လေးများဖြတ်တောက်ခြင်းကိုခံရစမြဲဖြစ်ပါသည်။ ထိုကဲ့သို့ ဖြတ်တောက်ခံလိုက်ရတိုင်း နောက်ထပ်စွန်အသစ်တစ်ကောင်ကို ထပ်မတင်ချင်သောစိတ် သူ့ရင်မှာ အမြဲဖြစ်တည်မိရ၏။

ကောင်းကင်တွင်ဝဲပျံနေလေသောစွန်များကို သူငေးကြည့်နေခဲ့မိသည်။ ကလေးတစ်အုပ်က သူ့ရှေ့မှနေအော် ဟစ်ပြေးလွှားသွားကြ၏။ လက်ထဲတွင်လည်း ၀ါးလုံးရှည်ရှည်များနှင့်.....။ ၀ါးလုံးရှည်များထိပ်တွင်လည်း သစ် ကိုင်းခြောက်များကို ကြိုးနှင့်ပူးချည်ထားကြသေး၏။ ကြိုးပြတ်စွာလေထဲလွင့်မျောသွားလေကြသော စွန်ရောင် စုံလေးများကို အမိဖမ်းယူရန်အတွက်ပင်ဖြစ်သည်။ လေထဲတွင်လွင့်မျောသွားသော စွန်ကလေးများသည် က လေးများအတွက် တပ်မက်ဖွယ်ကောင်းနေခဲ့မှာအမှန်ပင်....။

“ဟဲ့”......

ဘေးနားတွင် ၀င်ထိုင်ရင်းခေါ်လိုက်သောကြည်ပြာ့အသံကြောင့် သူလှည့်ကြည့်မိလိုက်သည်။

“နင့်စွန်ပြတ်သွားပြီလား”......

သူ့မေးခွန်းကို ကြည်ပြာက ရယ်ရင်းခေါင်းငြိမ့်ပြ၏။

“ထပ်လွှတ်လေ.....စောပါသေးတယ်.....။ ငါစောင့်ပေးနေမှာပါ”....

ထပ်ပြောလိုက်သော သူ့စကားကို ကြည်ပြာက ခေါင်းခါပြရင်း.....

“မလွှတ်ချင်တော့ပါဘူးဟာ”......
“ဘာဖြစ်လို့လဲ”......

နွေနှောင်းရက်များမို့ ညနေခင်းလေပြေက ခပ်အေးအေးတိုက်ခတ်နေခဲ့လေသည်။ သူ့အမေးကို ကြည်ပြာက ချက်ခြင်းမဖြေခဲ့.....။ တိမ်မျှင်များ ယှက်သန်းနေလေသော ဆည်းဆာကောင်းကင်ကို တစ်ခါမှမမြင်ဖူးသလို ငေးမောနေတာတွေ့ရ၏။ သူ့နားထဲတွင် အဝေးမှကလေးတစ်သိုက်ရဲ့ ဆူညံစွာအော်ဟစ်လိုက်သံများကို သဲ့ သဲ့ကြားလိုက်ရသည်။ ကလေးတွေစွန်လုရင်း ငြင်းခုန်နေကြတာဖြစ်မည်ဟု တွေးရင်းနှုတ်ဆိတ်စွာပြုံးလိုက်မိ ဆဲ ခဏ.....

“ဖိုးကျော်”.....
“ဟေ”.....

ရုတ်တရက်မို့ယောင်ယမ်းစွာဖြင့် သူပြန်ထူးရင်းလှည့်ကြည့်မိတော့ ကြည်ပြာက ခပ်ဖွဖွရယ်နေလေတာ တွေ့ရ၏။ ကြည်ပြာ့မျက်ဝန်းများထဲကို အဖြေရှာသလိုကြည့်ရင်း နှုတ်မှတိုးတိုးမေးမိသည်။

“ဘာလဲဟ”......
“ငါနင့်ကို ပြောစရာရှိတယ်လို့ပြောထားတယ်လေ”.....

သူခေါင်းငြိမ့်ပြလိုက်မိသည်။ နေ့ခင်းတုန်းက ကြည်ပြာပြောထားတာကို သူမမေ့သေးပါ။ ကြည်ပြာများမေ့နေ ခဲ့လေမလားဟု......သူတွေးထားမိသေးသည်။ အခုတော့ပြောစရာရှိသည်ဟုဆိုထားတာကို ကြည်ပြာကမေ့ပုံ မရခဲ့.....။

“ပြောလေဟာ”.....

မေးဆတ်ရင်း သူပြောတော့ ကြည်ပြာကခေါင်းငြိမ့်ပြသည်။ နောက်....သက်ပြင်းတစ်ချက်ချလိုက်သေးသည် ဟု သူထင်လိုက်မိ၏။ ကြည်ပြာက.....

“ဘာမှတော့မဟုတ်ပါဘူးဟာ....၊ နင်နဲ့ငါရဲ့ အနေအထားနဲ့ပတ်သတ်ပြီးတော့ ငါနည်းနည်းပြောစရာရှိလို့”...

ကြည်ပြာ့စကားကြောင့် အံသြစွာဖြင့်သူမော့ကြည့်လိုက်မိ၏။ တည်ငြိမ်သောအသံဖြင့် ပြောလိုက်သော စ ကားသံလိုပင် ကြည်ပြာ့မျက်နှာက တည်ကြည်နေခဲ့လေတာကိုတွေ့ရသည်။ သို့သော် နှုတ်ခမ်းအစုံကတော့ ခပ်လွန့်လွန့်လေးပြုံးနေခဲ့၏။

ခေါင်းငြိမ့်ပြရင်း ဆက်ပြောဖို့ သူမေးဆတ်ပြလိုက်တော့ ကြည်ပြာက.....

“နင်နဲ့ငါက ဘာတွေလဲ ဖိုးကျော်....။ သူငယ်ချင်းတွေလား....၊ ချစ်သူတွေလား”....

ထင်မှတ်မထားသော မေးခွန်းမို့ သူ့တစ်ကိုယ်လုံးထူပူသွားသလို ခံစားလိုက်မိရ၏။ ထို့အတွက် ကြည်ပြာ့မေး ခွန်းကို ရုတ်တရက်ပြန်ဖြေနိုင်စွမ်းမဲ့သွားရသည်။ ပြောရမည်ဆိုလျှင် နဝေတိမ်တောင်ဖြစ်သွားရသ လိုလိုပင်..။ ထို့ကြောင့် အလုပ်မရှိအလုပ်ရှာကာ ‘ဟက်’ခနဲတစ်ချက်ရယ်လိုက်ရင်း ဆံပင်များကြားထဲလက် နှစ်ဖက်ထိုးသွင်းကာ ဟိုဖွဒီဖွလုပ်နေလိုက်မိသည်။ သို့သော် ကြည်ပြာ့အမေးအတွက် ဖြေစရာအဖြေက သူ့ထံတွင် အ ဆင်သင့်ရှိနေခဲ့၏။

“ရယ်မနေနဲ့ ဖိုးကျော်....၊ ငါနင့်ကို အကောင်းမေးနေတာ”.....

ရူးချင်ယောင်ဆောင်နေသော သူ့အမူအယာကြောင့် ခပ်ဆတ်ဆတ်လေသံဖြင့် ကြည်ပြာကပြောသည်။ ထို့ ကြောင့် ကြည်ပြာ့ထံမှ မျက်နှာလွှဲကာ ကောင်းကင်ကိုမော့ကြည့်ရင်း သူခပ်တိုးတိုးဖြေလိုက်မိ၏။

“ချစ်သူတွေလေဟာ”.......

သူ့ဖြေသံအဆုံးတွင် သူတို့နှစ်ယောက်အကြား ခဏတာမျှတိတ်ဆိတ်သွားရသည်။ ကောင်းကင်ကိုမော့ကြည့် နေခဲ့မိသော သူ့မြင်ကွင်းထဲတွင်တော့ စွန်ကလေးများက ၀ဲပျံနေဆဲပင်ဖြစ်၏။ သို့သော် အရေအတွက်သိပ်ပြီး မများတော့....။ မကြာခင် နေညိုချိန်သည် နှောင်းတော့မည်။

ကြည်ပြာ့ထံမှ သက်ပြင်းချသံ ခပ်သဲ့သဲ့ကိုကြားရ၏။ ထို့ကြောင့် သူလှည့်ကြည့်မိသောအခါ ကြည်ပြာက သူ့ မျက်နှာကို စေ့စေ့စပ်စပ်ကြည့်ရင်း ထပ်မေးပြန်သည်။

“ဒါဆို....နင်ငါ့ကို တစ်ကယ်ချစ်ရဲ့လား ဖိုးကျော်”.....

ထိုအမေးကြောင့် သူ့ရင်ထဲတွင် ထိတ်ခ,နဲဖြစ်သွားရ၏။ စိတ်ထဲတွင်လည်း ကြည်ပြာဘာကိုရည်ရွယ်စွာ မေး တာလဲ....ဟုမရှင်းလင်းစွာတွေးမိပြန်သည်။ သို့သော် အမေးရှိက အဖြေရှိရမည်။ ထို့ကြောင့် ပြန်ဖြေဖို့ အားယူကာ နှုတ်ခမ်းပြင်မိဆဲခဏ....

“နင်......ငါ့ကို မလိမ်နဲ့နော် ဖိုးကျော်...။ ငါအမှန်အတိုင်းပဲ သိချင်တယ်”......

ကြည်ပြာ့လေသံထဲတွင် သတိပေးသည့်အရိပ်အယောင်များ တွဲလွဲခိုနေတာကို သူခံစားနားလည်မိလိုက်၏။ ထို့ကြောင့် ကောင်းကင်ကိုပြန်မော့ကြည့်ရင်း သူဖြေမိသည်။

“ချစ်ပါတယ်ဟ”.....

သူ့ဖြေသံအဆုံးတွင် ကြည်ပြာက သူ့လက်မောင်းကို ဖျန်းခ,နဲလှမ်းရိုက်သည်။ ရုတ်တရက်မို့ မရှောင်နိုင်ခဲ့ပဲ စပ်ဖျဉ်းဖျဉ်းဖြစ်သွားသော သူ့လက်မောင်းကို လက်ဖြင့်အသာပွတ်ရင်း ဇဝေဇ၀ါနိုင်လှစွာဖြင့် ကြည်ပြာ့ကို သူ ကြည့်မိ၏။ ထိုအခါ ကြည်ပြာက သူ့ကို ထွင်းဖောက်သွားမတတ် စေ့စေ့ကြည့်လျှက်.....

“နင်ငါ့ကို လိမ်နေတယ်..ဖိုးကျော်...။ လိမ်တာမှ ပေါ်တင်ကြီးကိုလိမ်နေတာ....။ ငါ...အဲ့ဒါကိုသိနေတယ်”....

သူခေါင်းယမ်းရင် နှုတ်မှနေ “မဟုတ်ပါဘူး”....ဟု ခပ်တိုးတိုးငြင်းမိ၏။ သူ့စကားသံတို့သည် သိပ်မသဲကွဲမှန်း ဘာသာပြန်သတိထားမိလိုက်သေးသည်။ ပြောရင်းဖြင့် ကြည်ပြာ့ကို သူမျက်နှာထပ်လွှဲမိလိုက်ပြန်သေး၏။

“တော်စမ်းပါဟယ်.....။ ဒီမှာ....ဖိုးကျော်....၊ နင် ဘာဖြစ်လို့ ငါ့မျက်နှာကိုကြည့်ပြီး ငါ့မေးခွန်းတွေကို ပြန်မဖြေ တာလဲ....။ အဲ့ဒါကြောင့်မို့လို့ နင်လိမ်နေတယ်လို့ ငါပြောရဲတာပေါ့ဟဲ့...။ တစ်ကယ်လို့ နင်ငါ့ကိုမလိမ်ခဲ့ဘူးဆို ရင်...နင်ငါ့မျက်နှာကို စေ့စေ့ကြည့်ပြီး ပြန်ဖြေရဲရမှာပေါ့.....။

အေးပါ.... ထားလိုက်ပါတော့....။ ယောကျာ်းလေးဖြစ်ပြီး နင်က လိမ်ပေမယ့် ငါကတော့ ဒီနေ့နင့်ကို ပွင့်ပွင့် လင်းလင်းပဲပြောမယ်”.....

ကြည်ပြာ့လေသံထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက်၏အရိပ်အငွေ့တွေယှက်သန်းလာနေတာကို သူသတိထား မိလိုက်ပြန်သည်။

“ငါကတော့ နင့်ကို မချစ်ခဲ့ဘူး”.....

သူ့ရင်ထဲတွင် အမြင့်မှပြုတ်ကျသွားသူတစ်ယောက်လို ဟာ,ခနဲဖြစ်ကာ အေး,ခနဲဖြစ်သွားရ၏။ ကမန်းကတန်းဖြင့် ကြည်ပြာ့ကိုကြည့်မိတော့ သူ့ကိုခပ်တည်တည်စိုက်ကြည့်နေတာ တွေ့ရသည်။ နောက်ပြောင်သည့်အရိပ် အယောင် လုံးဝမတွေ့ရ..။

တစ်ချိန်လုံးတင်းထားမိသောခန္ဓာကိုယ်ကို သူဖြေလျှော့ချလိုက်မိ၏။ ထိုစဉ် ရထားသံလမ်းတစ်လျှောက်တွင် လေပြေတချို့က ဖြတ်သန်းတိုက်ခတ်လာခဲ့သည်။ နေညိုချိန်နှောင်းမို့ အေးမြနေခဲ့သောလေပြေများက ချွေး စတွေမသိမသာစို့နေခဲ့သော သူ့ခန္ဓာကိုယ်ကို အနည်းငယ်အေးမြသွားစေခဲ့သည်။ သူ့ဟန်ပန်ကို ကြည်ပြာက သတိထားမိသလိုကြည့်ရင်းဆက်ပြော၏။

“ဟုတ်တယ်....ဖိုးကျော်....။ ငါနင့်ကို မချစ်ခဲ့ဘူး...။ နင်ငါ့ကို ရည်းစားစကားပြောတုန်းက ငါ့ဘ၀မှာပထမဦး ဆုံးအကြိမ်ပြောခံရတာရယ်....၊ နောက်ပြီးပြောသူကလည်း....နင်ဖြစ်နေတာရယ်...၊ စိတ်လှုပ်ရှားခဲ့တာတွေ ရယ် အားလုံးစုပြုံပြီး နင့်ကိုငါ ချစ်တယ်လို့ အဖြေပြန်ပေးခဲ့မိတာ...။ အဲ့ဒါတွေကို နောက်ပိုင်းမှာ ငါပြန်စဉ်းစား မိခဲ့ပေမယ့် နင့်ကို တစ်ဖြေးဖြေးနဲ့ ချစ်လာမှာပဲလို့ ထင်ခဲ့မိတာ.....။

ဒါပေမယ့် .......ငါ့တွက်ကိန်းမှားသွားတယ်....။ နင်နဲ့ ငါရဲ့ ကြားမှာရှိတဲ့ ငယ်သံယောဇဉ်က အချစ်တစ်ခုဖြစ်ဖို့ လုံလောက်တဲ့ အခြေခံမဟုတ်ခဲ့ဘူးလေ”....

တွေးတွေးဆဆပြောနေသော ကြည်ပြာ့ကိုကြည့်ရင်း..သူ့နှုတ်ခမ်းတွေပြုံးလာမိရ၏။ ဒါကို ကြည်ပြာကကြည့် ကာ “ဘာပြုံးတာလဲ”....ဟု ခပ်ဆတ်ဆတ်မေးသည်။ သူခေါင်းယမ်းပြလိုက်ရင်း ဆက်ပြောဖို့ မေးဆတ်ပြကာ အချက်ပေးမိပြန်တော့......

“အဲ့ဒါပဲလေ......။ အဲ့ဒါတွေကြောင့်မို့လို့ ငါနဲ့နင် ချစ်သူဘ၀ရောက်တာ တစ်နှစ်ကျော်ကျော်ကြာတဲ့ အခုအလို အချိန်အထိ ငါ့ရင်ထဲမှာ နင့်ကို ချစ်သူတစ်ယောက်လို ခံစားလို့မရနိုင်ခဲ့ဘူးဟ....၊ နောက်ပြီး ငါတို့နှစ်ယောက် ကလည်း ချစ်သူဘ၀ရောက်သွားတယ်ဆိုပေမယ့် သူငယ်ချင်းထက်ပိုတဲ့ဆက်ဆံရေးကိုနင့်ဘက်ကလည်းမ,စ ခဲ့သလို ငါလည်းမေ့နေခဲ့တာ....။ ပြီးတော့ ငါအကဲခတ်မိသလောက်ပြောရရင် နင်လည်းငါ့လိုပဲမဟုတ်လား ဖိုးကျော်။ အဲ့ဒါကြောင့် ငါနင့်ကို ဒီနေ့ဖွင့်ပြောရင်း မေးဖြစ်တာ....။ ဒီအခြေအနေကြီးကို ငါသည်းမခံနိုင် တော့တာလည်းပါတယ်”....

ပွင့်လင်းစွာ၊ ပြတ်သားစွာပြောနေသောကြည်ပြာ့ကိုကြည့်ရင်း သူ့နှုတ်ခမ်းတွေပိုပြုံးလာမိရသည်။ ထိုအခါ ကြည်ပြာက မျက်စောင်းထိုးကာကြည့်ရင်း သူ့လက်မောင်းကို ဖျန်းခနဲတစ်ချက်ထပ်ရိုက်ပြန်လေ၏။

“နာတယ်ဟ....၊ နင့်လက်သံကလည်း ပြောင်ပါ့ဟာ”.......
“ပြောင်ပြောင်ပဲ....၊ ကဲပါ....ငါမေးတာကိုသာဖြေစမ်းပါ...။ နင်လည်း ငါ့လိုပဲမဟုတ်လားလို့”.....

ကြည်ပြာ့အမေးကို ဒီတစ်ခါတော့ သူအောင့်မနေနိုင်တော့။ ထို့ကြောင့် ခေါင်းငြိမ့်ပြလိုက်ရင်း မထိန်းနိုင်တော့ပဲ သူအော်ရယ်မိလေတော့သည်။ သူ့ရယ်သံကျယ်ကျယ်နှင့် မျက်နှာပေးကြောင့် ကြည်ပြာက ‘ကောင်စုတ်’ ဟုခပ်ကျယ်ကျယ်အော်ခေါ်ရင်း သူ့ကိုထပ်ရိုက်ပြန်၏။ သို့သော် ဒီတစ်ခါတွင်တော့ သူ့ကိုယ်ကိုရို့ကာတစ် ဖက်ခြမ်းကို လျှင်မြန်စွာရှောင်လိုက်နိုင်တာမို့ ကြည်ပြာ့ရိုက်ချက်မှ အောင်မြင်စွာလွတ်မြောက်သွားရတော့ သည်။ နောက်တော့ နှစ်ယောက်သား အားရပါးရပြိုင်တူရယ်မိကြ၏။

ရယ်ရင်းနှင့် သူကြည်ပြာ့ကို သွေးတိုးစမ်းသလိုမေးမိသည်။

“နေစမ်းပါဦး....။ နင်ငါ့ကို ခုလိုပြောနေတာ ဘာ့ကြောင့်လဲ.....။ ဘာလဲ နင်တစ်ကယ်ချစ်ရမယ့်သူတွေ့နေလို့ လား”......

“ဟုတ်ပါဘူးဟယ်......။ တစ်ယောက်ကို တစ်ယောက် သူငယ်ချင်းအချစ်ထက်ပိုချစ်လို့မရတာ သေချာနေမှ တော့ ငါတို့ ချစ်သူဘ၀ကိုရုပ်သိမ်းပြီး.....အရင်လို သူငယ်ချင်းအဖြစ်နဲ့ပြန်နေရရင် နင်ရောငါရော သိပ်ပေါ့ပါး သွားမှာမို့လို့ပါ။ နောက်ပြီး အချိန်တွေ ဒီထက်ပိုကြာလာရင် တဖြည်းဖြည်းနဲ့ နောက်ဆုတ်ဖို့ခက် လာမှာစိုးလို့ပါဟာ....။ ငါတစ်ကယ်ချစ်ရမယ့်သူတော့ ခုထိမတွေ့သေးပါဘူးဟယ်...။ နောက်ကျရင်တော့ မသိသေးဘူး အဟိ”......

ပြောရင်းနှင့်ကြည်ပြာက ပခုံးအစုံကိုတွန့်ကာ ရယ်၏။

ကြည်ပြာသည် လှသည်ဆိုတာထက် ချစ်စရာကောင်းသော မိန်းကလေးဖြစ်သည်။ ကြည်ပြာပြောခဲ့သလိုပင် သူလည်း ကြည်ပြာ့လို တစ်ချိန်လုံးခံစားနေခဲ့ရတာဖြစ်၏။ သူနှင့်ကြည်ပြာ သူငယ်ချင်းဘ၀မှ ချစ်သူဘ၀သို့ စရောက်တော့ ဘော်ဒါများမြှောက်ပေးသောကြောင့် ပထမဦးဆုံးအကြိမ်အဖြစ် ကမ္ဘာအေးဘုရားလမ်းပေါ်မှ မြ ကျွန်းသာ ပန်းခြံထဲတွင် နှစ်ယောက်သားချိန်းတွေ့မိကြသောနေ့ကို မှတ်မိနေသေးသည်။

ထိုနေ့က ကြည်ပြာနှင့်သူ အတွဲများထိုင်လေ့ရှိသော ဆိတ်ငြိမ်ကျွန်းထဲသို့ အရင်သွားမိခဲ့ကြ၏။ လူရှင်းတိတ် ဆိတ်နေသော ထိုကျွန်းထဲရောက်တော့ နှစ်ယောက်သား မတ်တပ်...၊ မတ်တပ်ဖြင့် ဟိုဟိုဒီဒီ ငါးမိနစ်စာခန့် လျှောက်ကြည့်မိကြသေးသည်။ နောက်တော့ နှစ်ယောက်လုံးမတိုင်ပင်ထားကြမိပဲ.....ပျင်းစရာကြီးဟု ပြောမိ ကြရင်း ထိုကျွန်းထဲမှပြန်ထွက်ကာ ကစားကွင်းဘက်သို့ ခြေဦးတည့်မိခဲ့ကြသည်။ Game City ထဲတွင် နှစ်ဦးသား မီးကုန်ယမ်းကုန်သောင်းကျန်းရင်း ပါသမျှပိုက်ဆံတစ်ဝက်ကျော်ကျော်စီ နီးပါးကိုဖြုန်းပစ်ခဲ့ကြ သေးသည်။ အပြန် ရန်ကင်းကြေးအိုးဝင်သောက်ရင်း အရင်ကုန်သူက နောက်မှကုန်သူကို နှဖူးတောက်ကြေး လောင်းကာ ပြိုင်စားမိကြသေးတာ မှတ်မိချင်စရာ...။ ချစ်သူနှစ်ယောက် ပထမဦးဆုံးအကြိမ်အဖြစ် ချိန်းတွေ့ ကြရသော ရင်ခုန်စိတ်လှုပ်ရှားမှုမျိုး သူမခံစားမိခဲ့ရတာအမှန်။ တူလည်း.....မတူခဲ့....။

နောက်ပိုင်းတွင်လည်း ထို့အတူ....။ သူကလည်း ကြည်ပြာ့ကို ချစ်သလားလို့ မမေးခဲ့တော့သလို ကြည်ပြာ ကလည်း မမေးခဲ့ဘူး...။ ချစ်စကားများလည်းမပြောဖြစ်ကြ။ ဟိုတုန်းကလိုပင် စွန်အတူလွှတ်၊ ဇယ်ခုံအတူ တောက်၊ လက်ဖက်ရည်ဆိုင်အတူထိုင်၊ သူ့အိမ်ကိုယ်သွား ကိုယ့်အိမ်သူလာဖြင့် အရင်က သူငယ်ချင်းဆက် ဆံရေးအတိုင်း သူတို့နှစ်ယောက်နေခဲ့မိကြ၏။ သူငယ်ချင်းများမြှောက်ပေး၍ သူကြည်ပြာ့ကို ရည်းစားစကား ပြောဖြစ်ခဲ့၊ ကြည်ပြာက အဖြေပြန်ပေးခဲ့တာမှန်ပေမယ့် သူ့ရင်ထဲတွင် တဖြည်းဖြည်းခံစားမိလာရတာက ကြည်ပြာ့ကို သူငယ်ချင်းတစ်ယောက်ထက် ပိုမရသော ချစ်ခြင်းမျိုးနှင့်....။ အခုတော့ အဆင်ပြေသည်ဟု ဆိုရမည်....။ သူပြောချင်သောစကားများ၊ ဖြစ်ချင်သော ဆန္ဒများကို ကြည်ပြာက အရင်ပြောခဲ့လေပြီမို့ ပင်.....။

ရထားသံလမ်းပေါ်မှ ခဲလုံးတစ်လုံးကိုကောက်ပြီး အနားမှကျောက်ခဲတစ်လုံးကို ထိအောင်ပစ်ရင်းကြည်ပြာက ဆို၏။

“ငါလေ....ပြောသာပြောရတယ်....။ နင့်ငါ့ကို တစ်ကယ်ကြွေနေခဲ့ရင် ဘယ်လိုလုပ်ရမလဲလို့ လန့်နေတာ”....

ရယ်ကျဲကျဲနှင့် ကြည်ပြာ့မျက်နှာကို နှာခေါင်းရှုံ့ကာ သူကြည့်ရင်း.....

“အောင်မာ....သူ့ကိုများ ကြွေစရာကျနေတာပဲ”......

သူ့အပြောကြောင့် ကြည်ပြာက ထပ်ရယ်ပြန်သည်။ သူပါလိုက်ရယ်မိတော့ ကြည်ပြာက မျက်စောင်းပျော့ ပျော့ထိုးရင်း....

“သွားပါ.....အလကားကောင်စုတ်ရဲ့....၊ ခုမှလာပြီး ဟီလာထ,မနေနဲ့...။ ဒီကိစ္စကို မိန်းကလေးဖြစ်တဲ့ ငါကပဲ စပြောရတယ်....။ သူကတော့ ဒီအတိုင်းမှိန်းနေတယ်....။ ငါသာမပြောခဲ့ရင် မျောနေဦးမှာ ဇာတ်လမ်းကြီးက”

“အဲ့ဒီလိုမဟုတ်ပါဘူးဟာ....။ မိန်းကလေးဖြစ်တဲ့ နင်ကစပြောရင် ပိုကောင်းမယ်ထင်လို့ပါ...။ ယောက်ျား လေးတစ်ယောက်က စပြောဖို့မသင့်တော်ဘူးလို့ ငါထင်ထားလို့ပါဟာ၊ ဘာပဲဖြစ်ဖြစ်ပါ....၊ ဘယ်သူစ,ပြော ပြော ငါတို့နှစ်ယောက် မူလအခြေအနေဖြစ်တဲ့ သူငယ်ချင်းတွေဘ၀ကို ပြန်ရောက်သွားဖို့ပဲ အရေးကြီးတာ မှတ်လား”

သူ့အမေးကို ကြည်ပြာက ခေါင်းငြိမ့်ပြ၏။ နောက်....ချမ်းမြေ့စွာပြုံးရင်းတစ်ယောက်တည်း အကျယ်ကြီး အော်လေတော့သည်။

ဟေးး.......စိတ်ချမ်းသာစရာကောင်းလိုက်တာ”........

ကြည်ပြာ့ပုံစံကိုကြည့်ကာ သူဟက်ဟက်ပက်ပက်အော်ရယ်မိတော့သည်။ သူ့ရင်ထဲတွင်လည်း ကြည်ပြာနှင့် ထပ်တူထပ်မျှ စိတ်ချမ်းသာမှုတစ်ခုကို ခံစားနေရတာအမှန်ပင်.....။

~~~~~@@@~~~~~

ထားသံလမ်းပေါ်မှ သူတို့နှစ်ယောက်ဆင်းခဲ့ကြသည်။ ဆည်းဆာနှောင်းချိန် ကောင်းကင်တစ်ခုတွင် တိမ် ရောင်စုံများက လင်းလက်လှပစွာ ဖွဲ့တည်နေခဲ့ကြ၏။ ခပ်အေးအေးတိုက်ခတ်နေခဲ့သော လေပြေထဲတွင် သူ နှင့်ကြည်ပြာတို့ရဲ့ လွဲမှားခဲ့ခြင်းများမျောပါသွားခဲ့သလိုပင်.....။

နောင်လာမည့် မိုးမရွာသော နေ့ရက်များတွင် သူနှင့်ကြည်ပြာတို့သည် မူလအခြေအနေဖြစ်သော သူငယ် ချင်းဘ၀ဖြင့် ပျော်ရွှင်စွာ စွန်လွှတ်နေခဲ့ကြဦးမှာ သေချာနေဆဲ......။       ။

                              ~~~~~@@@~~~~~@@@~~~~~@@@~~~~~


(ပုံလေးတွေကို ဒီနေရာ နဲ့ ဒီနေရာ လေးတွေကနေ ယူသုံးခဲ့ပါတယ်ခင်ဗျာ......။)
==========================================
လွန်ခဲ့တဲ့ ရက်အပတ်က ခုနှစ်စဉ်ကြယ် မှာတင်ဖြစ်ခဲ့တဲ့ ၀တ္တုတိုလေးပါ....။
ကျွန်တော့်နေရာလေးမှာ ပြန်သိမ်းထားချင်လို့ပါခင်ဗျာ......။
==========================================

ချစ်ခြင်းအားဖြင့်......
ဏီလင်းညို
(မူလအခြေအနေ)

Friday, September 3, 2010

တောသုံးထောင်



ထိုနေ့မနက်က သူနေသောမလက္ကာမြို့လေးတွင် မိုးတွေရွာသွန်းနေခဲ့၏။ ရွာတာမှ ကောင်းကင်တစ်ခုလုံး မည်းမှောင်ရီဆိုင်းကာဖြင့် သည်းသည်းမည်းမည်းပင်ဖြစ်သည်။ ရှားရှားပါးပါး နားရက်တစ်ရက်ရသော်လည်း မနက်ခင်းအလုပ်ဆင်းဖို့ ပြင်ဆင်နေကြသော အိမ်မှအတူနေသူငယ်ချင်းများနှင့်အတူ သူနိုးနေမိခဲ့သည်။

“အောင်မလေးဗျာ.....၊ ကောင်းလိုက်တဲ့မိုး..။ အလုပ်တောင် မသွားချင်တော့ဘူး”....

“ဟုတ်တယ်ကွ...၊ အိပ်ယာထဲမှာ ပြန်နှပ်လိုက်ရရင်တော့ ဇိမ်ပဲဗျို့”....

“ဟော......ကြည့်စမ်း....၊ ပြောရင်းဆိုရင်း ပိုတောင်သည်းလာလိုက်သေးတယ်....။ တော်တော့်ကို အကျင့်ဆိုးတဲ့မိုး”.....

“အစ်ကိုကြီးတို့များ......ကံကောင်းချင်တော့ အလုပ်နားရတဲ့ရက်မှာ မိုးသည်းသည်းရွာတာနဲ့ ပက်ပင်းကို တိုး တော့တာပဲဗျာ”.....

“အေးလေ......၊ ငါတို့ နားရက်ဆို ပူလိုက်တာများ.....လန်ထွက်၊ လျှံထွက်နေတာပဲ”....

တစ်ယောက်တစ်ပေါက်ပြောရင်း ထီးရှာသူရှာ၊ ဘောင်းဘီကို တိုအောင်ခေါက်တင်သူတင်ဖြင့် မိုးရွာထဲအလုပ် သွားရန်ပြင်နေကြသော အိမ်မှအတူနေ သူငယ်ချင်းညီအစ်ကိုများကိုကြည့်ရင်း သူပြုံးမိသည်။ သူတို့ပြောမယ် ဆိုလည်း ပြောချင်စရာ.....။ ညည်းမယ်ဆိုလည်း ညည်းချင်စရာ အခြေအနေမို့ပင်....။ ရာသီဥတုက သူ့ဘက် ပါလွန်းလှစွာဖြင့်......။

သို့သော်...နောက်ဆုံးတော့ နာရီစက်သံတစ်ချက်ချက်ရဲ့လှုံဆော်မှုအောက်တွင် သူတို့မလွန်ဆန်ဝံ့စွာဖြင့် အ လျှိုအလျှို လုပ်ငန်းခွင်သို့ဝင်ကြရန် အိမ်ပေါ်မှတစ်ယောက်ပြီးတစ်ယောက် ဆင်းသွားကြရ လေတော့သည်။

အားလုံးအပြင်ထွက်သွားကြပြီးတော့ တံခါးကိုသူသော့ခတ်လိုက်သည်။ နောက် မီးဖိုချောင်ထဲဝင်လိုက်ရင်း ရေခဲသေတ္တာကိုဖွင့်ကြည့်မိ၏။ ညဆိုင်းမှ သူငယ်ချင်းညီအစ်ကိုများ မကြာခင်ပြန်လာတော့မှာမို့ အဆင်သင့် စားလို့ရအောင် ဟင်းချက်ပေးထားဖို့ဖြစ်သည်။ ရေခဲသေတ္တာထဲတွင် ချဉ်ပေါင်ရွက်များနှင့် ပုစွန်အနည်းငယ်မှ လွဲပြီး ဘာမှမရှိ။ တစ်ပတ်စာ ၀ယ်ထားသော ဟင်းသီးဟင်းရွက်များနှင့် သားငါးများသည် ငါးရက်ကျော်ခဲ့ပြီမို့ ကုန်ပြီဖြစ်၏။ ထို့ကြောင့် ချဉ်ပေါင်နှင့် ပုစွန်ကိုပဲရောချက်ဖို့ စိတ်ကူးလိုက်မိသည်။ မိုးအေးအေးနှင့် ချဉ်ပေါင်ပုစွန် ဟင်းစားကြပြီး....“ပန်းမောင်မောင်”တွေဖြစ် ကုန်ကြမလားဟု တစ်ယောက်တည်းတွေးရင်း ရယ်မိလိုက်သေးသည်။

~~~~~@@@~~~~~

သိပ်မကြာလိုက်.....။
ညဆိုင်းမှ သူငယ်ချင်းညီအစ်ကိုနှစ်ယောက်ပြန်လာကြတော့ ပုစွန်နှင့်ချဉ်ပေါင်ဟင်းအိုးကို သူဖိုပေါ်တင်ပြီး ကာစ ပင်ရှိသေးသည်။

“၀ါး..............ဒို့အစ်ကိုကြီး ဒီနေ့နားတယ်ဟေးးးးးး”..........

“အဲ့ဒါကြောင့် မိုးရွာတာနေမှာ........အဟီး”..............

ရှားရှားပါးပါး သူနားရတာမြင်တာမို့ သူငယ်ချင်းညီလေးနှစ်ယောက်က သူ့ကို နောက်သလို အော်ကြလေ၏။ အပြင်ဘက်တွင်တော့ မိုးစက်များက သည်းသည်းမည်းမည်းရွာသွန်းနေခဲ့ကြဆဲ....။

မိုးရေစိုစိုအ၀တ်အစားများကို မလဲနိုင်ကြသေးပဲ သူ့အနားကိုကပ်လာကြ၏။ တစ်ယောက်ကမေးသည်။

“အား.....ဘာဟင်းချက်နေတာလဲ...အစ်ကိုကြီး”......

“ဘာမှ မရှိလို့ ချဉ်ပေါင်နဲ့ ပုစွန်ပဲ ရောချက်ထားလိုက်တယ်ဗျ....၊ ပြီးရင် အစ်ကို ကြက်ဥထပ်ကြော်ပေးဦးမှာ ပါကွာ”.....

“ဟေးးးးး........ချဉ်ပေါင်ဟင်းနဲ့ ဆွဲရတော့မယ်ကွ”.....

ကလေးများလို အော်ရင်း ရေစိုအ၀တ်များကို သူတို့တွေလဲရန်ပြင်ကြသည်။ မီးဖိုချောင်မှ သူထွက်ခဲ့တော့ အ၀တ်မလဲသေးပဲ အခန်းအပြင်ပြန်ထွက်လာသောတစ်ယောက်က သူ့အနားကို မချိုမချဉ်မျက်နှာပေးလေး ဖြင့်ကပ်လာရင်း.....

“အစ်ကိုကြီး....အရက်သောက်ကြမယ်ဗျာနော်”......

“ဟေ....၊ မင်းတို့ ညကျရင် အလုပ်ဆင်းရဦးမှာ မဟုတ်လားဗျ”.....

“ဆင်းတော့ဆင်းရမှာ....။ သောက်ပြီးလည်းသွားဆင်းမှာပါ....။ အစ်ကိုကြီးနဲ့က တစ်အိမ်တည်းနေပေမယ့် အဆိုင်းမတူတာကများပြီး....အတူတူမသောက်ရတာကြာနေလို့...။ ပြီးတော့ မိုးလည်းအေးလို့”......

သူ့မျက်နှာတွင် ရယ်ချင်ဟန်ကို ထိမ်းရင်း....

“အေး.....အေး....အဲ့ဒါဆို သောက်ကြတာပေါ့ကွာ.....၊ နေဦး အစ်ကို ပိုက်ဆံသွားယူလိုက်ဦးမယ်....၊ အ ခန်းထဲမှာ”....

“ဟင့်အင်း......ကျွန်တော်တို့တိုက်မှာ.....၊ ပြီးတော့ ကျွန်တော်တို့ချည်းပဲဆိုပျင်းစရာနေမှာ...။ ဟိုဖက်ခန်း ကကောင်တွေကိုပါ ခေါ်မှာမို့လို့”.......

သူခေါင်းငြိမ့်ပြလိုက်မိသည်။ ဘာပဲဖြစ်ဖြစ် သူနှင့်တွေ့လျှင် ကလေးများလိုဖြစ်ဖြစ်နေကြသော သူတို့အားလုံး ကို အလိုလိုက်ရမြဲ....။ အလိုလိုက်ရအောင်လည်း လိမ္မာနာခံတတ်ကြသော လူငယ်လေးများမို့ပင်။

ခွင့်ပြုချက်ရပြီမို့ သူတို့နှစ်ယောက် တိုက်အောက်ပြန်ဆင်းသွားကြတော့ ချဉ်ပေါင်ဟင်းအိုးကို ရေနည်းနည်းထပ်ဖြည့်ကာ သူရေ၀င်ချိုးမိသည်။ အိပ်ယာထလျှင် ရေချိုးတတ်သောအကျင့်ကြောင့်ပင် ဖြစ်ပါသည်။ အနည်းငယ်ရှည်နေသော ဆံပင်ကိုပါလျှော်မိလိုက်သည်။ သူရေချိုးခန်းထဲမှ ပြန်ထွက်ခဲ့တော့ အောက်ဆင်းသွားသူနှစ်ယောက်ပြန်ရောက်နေကြပြီ....။ သူတို့နှစ်ယောက်နှင့်အတူ အခြားခန်းမှ သူငယ်ချင်းညီလေးနှစ်ယောက်လည်းပါလာသည်။

“ဒီနေ့အဲ့ဒါကြောင့် မိုးသည်းနေတာ”.....

တစ်ယောက်က ပြုံးစိစိမျက်နှာပေးဖြင့် သူ့ကိုနောက်သည်။ သူပြုံးရင်း ‘မင်းတို့သောက်ပြီးရင် ဒီမှာထမင်းစားပြီးမှ ပြန်ကြ...။ ဟုတ်ပြီလား’......ဟု ခပ်ကျယ်ကျယ်လေးပြောမိသည်။ သောက်ပြီးလျှင် အစားမစားချင်ပဲ ထိုးအိပ်တတ်သောသူတို့ အကျင့်ကို ကြားဖူးထားသောကြောင့်ဖြစ်၏။ သူ့စကားကို အကုန် ခေါင်းငြိမ့်ကြသည်။ သိပ်မကြာခင်မှာပဲ သူတို့ အသောက်ဝိုင်းက စတင်လေတော့သည်။

~~~~~@@@~~~~~

နေ့လယ် ဆယ့်နှစ်နာရီမထိုးခင် သူတို့အားလုံးဝိုင်းသိမ်းကာ ထမင်းစားကြသည်။ အခြားခန်းမှ နှစ်ယောက်ပြန်သွားတော့ အိမ်မှနှစ်ယောက်လည်းဝင်အိပ်ကြတော့၏။ သူလည်း အနည်းငယ်ရစ်သီသီဖြင့် အိပ်ခန်းထဲဝင်ခဲ့သည်။ စက်ကိုဖွင့်ကာ ရေးလက်စ,စာကိုဆက်ရေးဖို့ပြင်တော့ လုံးဝရေးလို့မရ....။ ရေးထားသောအကြောင်းအရာနှင့် လိုက်လျောညီထွေးသော အတွေးနှင့် စာကြောင်းများက ထွက်မလာ...။ ရီဝေေ၀ဦးနှောက်ဖြင့် သူစဉ်းစားမိလိုက်သေးသည်။ တချို့တွေများ အရက်သောက်ပြီးစာရေးတယ်ကြားဖူး တယ်...။ ငါတော့ ဘယ်လိုမှ ရေးမရပါလား....ဟူ၍ပင်...။ ထို့ကြောင့် လက်လျှော့ကာ စက်ကို အဝေးသို့ပို့လိုက်ပြီး အိပ်ယာထက်လှဲရင်း မျက်လုံးမှေးနေမိလိုက်သည်။ နားရက်တစ်ရက်ရတာ အလကားဖြစ် သွားပြီ...။ ဘာစာမှ မရေးနိုင်....၊ မဖတ်နိုင်ဖြစ်ရပြီ....ဟု နောင်တရသလိုလိုခံစားမိရ၏။ ထိုစဉ်အပြင်မှ မိုးချိန်းသံနှင့် တစ်ဝေါ၀ါမြည်နေသော မိုးရေစက်များပြိုဆင်းနေသံကို ကြားလိုက်ရပြန်သည်။

သူ့မျက်လုံးများ မှေးစင်းလာသည်။ စောင်ကိုဆွဲခြုံရင်း အိပ်ယာထက်တွင် သူအိပ်ပျော်သွားသည်ထင်၏။ အခန်းအတွင်းတပ်ဆင်ထားသော လေအေးပေးစက်ကတော့ သူ့တာဝန်ကို သူကျေပွန်စွာထမ်းဆောင်ရင်း လည်ပတ်နေခဲ့လေသည်။ သူ အအေးလျှော့ဖို့...၊ ပိတ်လိုက်ဖို့ မေ့သွားသည်။

~~~~~@@@~~~~~
သူအိပ်မက်မက်နေသည်....။ အိပ်မက်ထဲတွင် နှင်းတွေကျကာ အရမ်းအေးနေသည်။ လေတွေတိုက် နေသံကို လည်းကြားနေရသလိုရှိ၏။ လွင့်မျောစွာသူလမ်းလျှောက်နေမိဆဲ......ခပ်လှမ်းလှမ်းတွင် သဏ္ဍာန်တစ်ခုကို တွေ့ရ၏။ တလွင့်လွင့်မျောနေသော ဆံပင်ရှည်ရှည်ရှိရာသို့ သူပြေးလိုက်သွားရင်း လှမ်းခေါ်မိသည်။ သို့သော် သူ့ကို လှည့်မကြည့်.....။ သူထပ်ခေါ်သည်။ ဝေး၍..ဝေး၍သာသွားသည်။ ထို့ကြောင့် အသံအမြင့်ဆုံးသူထုတ် ကာခေါ်လိုက်မိ၏။


“........................”

သူ့အသံသည် အိပ်မက်အပြင်ဘက်ထိရောက်သွားသည်။ နောက်တော့ သူလန့်နိုးသွား၏။ သူ့အခန်းအတွင်း မှာ မည်းမှောင်လျှက်ရှိသည်။ မီးခလုတ်ဖွင့်ဖို့ အိပ်ယာမှထလိုက်မိတော့ သူ့ခန္ဓာကိုယ်တစ်ချက်ယိုင် သွားရသည်။ စောစောက အိပ်မက်ကိုပြန်သတိရစွာဖြင့်ရယ်ချင်စိတ်နှင့်အတူ သူပြန်ထိုင်ချလိုက်ရင်း တစ်ယောက်တည်းရယ်မိလိုက်သည်။ မနက်တုန်းက သောက်ခဲ့သော နှစ်ခွက်သုံးခွက် စာမျှအရှိန်သည် ခုထိမူးနေဆဲပဲလားဟု တွေးမိသွားသေးသောကြောင့်ပင်ဖြစ်၏။

သို့သော် သူ့ခေါင်းထဲတွင် တိုး၍သာပိုမူးလာလေတော့သည်။ ပုံမှန်မဟုတ်သော အခြေအနေတစ်ခုကို သူ့ခန္ဓာ ကိုယ်က ပြသကာ သစ္စာဖောက်စ,ပြုနေခဲ့လေပြီ....။

သူ သိလိုက်၏။ သူတစ်ခုခုဖြစ်နေတာ သေချာနေခဲ့လေပြီ.....။

~~~~~@@@~~~~~

CT-SCAN – BRAIN

Pre and post contract scans were obtained.
There is no cerebellopontine angle tumour.
Brainstem is not compressed.
No infarct or bleed is seen.
Ventricles are normal.
No mastoidities is seen.

Impression – Normal CT brain.

လက်ထဲမှ စီတီစကင်အဖြေစာရွက်လေးကို သူကြည့်နေမိသည်။ တချို့စာလုံးတွေသိပ်နားမလည်သော် လည်း အောက်ဆုံးမှ စာကြောင်းလေးကိုတော့ နားလည်သလိုလိုရှိ၏။ လူက ရပ်နေပေမယ့် စိတ်ထဲတွင် ရွေ့လျားနေ ၊ လွင့်မျောနေရသလို....၊ တစ်ခါတရံပြင်းပြင်းထန်ထန်ဆွဲလှည့်ခံရသလို မူးဝေနေခဲ့တာကြာ ပြီ...။ သွားလိုက် ရသောဆေးခန်း၊ သောက်လိုက်ရသောဆေးတွေလည်း စုံခဲ့ပြီ....။ အခုထက်ထိ အကြောင်းမထူးသေး..။ သူခံစားနေရသော မူးဝေခြင်းဝေဒနာက လျှော့ပါးမသွားသေး....။ ဆေးရုံတွင် အီးစီဂျီရိုက်၊ သွေးစစ်၊ မျက်စိစစ် သူလုပ်ခဲ့သေးသည်။ သို့သော် အားလုံးပုံမှန်အခြေအနေ.....။ အခု ရီဝေနေဆဲဖြစ်သော ခေါင်းကို စကင်ရိုက်ကြည့်ပြန်တော့လည်း ပုံမှန်...။ ဆရာဝန်တွေက အစတော့ သူခံစားနေရသောဝေဒနာကို သွေးကြောင့်၊ အနေအထိုင်ကြောင့်၊ အားနည်းတာကြောင့်၊ အလုပ်ထဲမှာရှိ တတ်သော စိတ်ဖိစီးမှုကြောင့် ဟုထင်ကာ သူ့အစားအသောက် အနေအထိုင် အားလုံးကိုမေးကြသည်။ သူကလည်း ပြန်ဖြေခဲ့သည်။ အလုပ်ထဲတွင်လည်း ဘာဖိစီးမှုမှမရှိ....။ အနေအထိုင်က နောက်ဆုံးသူလုပ်ခဲ့ တာကို ပြောပြသည်။ ထိုနေ့က မိုးရွာသည်.....၊ သောက်သည်....၊ အိပ်သည်...၊ အဲကွန်းမပိတ်မိ.....စသဖြင့်.....။ ထိုအခါ ဆေးတွေပေးကြသည်။ သူ မငြင်းပဲသောက်သည်။ သို့သော် မသက်သာ....။ တစ်ခါ တလေ...စိတ်ကောင်းဝင်က ၁နာရီစာလောက် မမူးပဲနေသည်။ ၀မ်းသာမည်ရှိသေး ပြန်မူးလာပြန်သည်။ အဆိုးဆုံးက မနက်အိပ်ယာထပြီးကာစ, ၁၅မိနစ်အတွင်းစမူးလာကာ ညမအိပ်ခင်အချိန်အထိ တောက် လျှောက်လို မူးနေတာမို့ပင်ဖြစ်သည်။

စားဝင်ပေမယ့် စားချင်စိတ်မရှိတာကြောင့် နဂိုက မ၀သောသူ့ခန္ဓာကိုယ်မှာ ပိုပိန်သွားသည်။ လမ်းလျှောက်လျှင် တစ်ခုခုကိုကိုင်ပြီးလျှောက်မှ စိတ်ရဲသည်။ လဲကျမှာစိုးလို့ဖြစ်၏။ လူငယ်ယောကျာ်းလေး တစ်ယောက်ဖြစ်ပြီး နေ့ခြင်းညခြင်း အဖိုးကြီးတစ်ယောက်လို နံရံကို လက်ဖြင့်ကိုင်ကာသွားရသောအခြေအ နေဖြစ်သွားတာကြောင့် ကိုယ့်ကိုယ်ကို အံ့သြစွာ ဒေါသထွက်မိရသည်။ သို့သော် သူ ဘာမှ မတတ်နိုင်ခဲ့....။ အကောင်းဆုံးနည်းလမ်းတစ်ခုသူထပ်ရှာမိပြန်သည်။ လွယ်လွယ်နဲ့ အလျှော့ပေးဖို့ သူဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးပါ.....။

~~~~~@@@~~~~~

နောက်တော့ အထူးကုဆေးခန်းတစ်ခုသို့ သူထပ်ရောက်သည်။ ထိုဆေးခန်းတွင် ဖြစ် ကြောင်းအကုန်ကို သူပြောပြ၏။ ထိုအခါ ဒေါက်တာမလေးက သူ့ကို နည်းတစ်မျိုးဖြင့်ထပ်စမ်းသည်။ (ဒေါက်တာမလေးသည် သူနှင့်အရွယ်တူလောက်ဖြစ်မည်ထင်ရ၏။ ခေါင်းမြီးခြုံကလေးနှင့်ဖြစ်သည်။)


မျက်နှာခြင်းဆိုင်ကာ သူ့ရှေ့မှာထိုင်ရင်း ဒေါက်တာမလေးက သူ့ကိုတည့်တည့်ကြည့်စေသည်။ နောက် စောင်းကြည့်ခိုင်းသည်။ ဟိုဘက်စောင်းကြည့်ခိုင်း.....၊ ဒီဘက်စောင်းကြည့်ခိုင်းဖြင့် နှစ်ခါသုံးခါကြည့်ခိုင်း သည်။ မူးသလားဟု မေးသည်။ သူက ခေါင်းငြိမ့်ပြမိသည်။ နောက်တစ်ခါ သူ့ကိုလက်ညှိုးထောင်ခိုင်းသည်။ သူကလေးတစ်ယောက်လိုလက်ညှိုးထောင်တော့ ထိုဆရာဝန်မလေးကလည်း သူ့လက်ညှိုးကို ထောင်ထား ရင်း ပြောသည်။

“မင်းနှာခေါင်းကို မင်းလက်ညှိုးနဲ့ အရင်ထိ၊ ပြီးရင် အဲ့ဒီလက်ညှိုးနဲ့ ငါ့ လက်ညှိုးကို လာထိ”.....ဟုဆိုကာ သူမရဲ့လက်ညှိုးကို ခပ်လှမ်းလှမ်းတွင် ထောင်ပြထားလေသည်။ သူကြိုးစားလုပ်မိပြန်သည်။ ဘယ်ဖက်ပြီး တော့ ညာဖက်....စသဖြင့်....။ သာမန်အချိန်များတွင် အလွယ်လုပ်နိုင်မည်ဖြစ်သော်လည်း သူကြိုးစားပြီး ထိုကဲ့သို့လုပ်ခဲ့ရသေး၏။

နောက်ထပ် သူ့ကိုထပ်စမ်းပြန်သည်။ စတီးဂေါက်တံသေးသေးလေးကို သူမယူလာသည်။ နောက် ထို ဂေါက်တံလေးဖြင့် သူမတံတောင်ဆစ်ကို အသာခေါက်ပြီး သူ့နားဝနားတွင် လာထားသည်။ ဘာသံကြား ရသလဲ....ဟုပြီးတော့မေးသည်။ တုန်ခါသံ တ၀ီဝီကို သဲ့သဲ့ကြားရတာမို့ သူပြန်ဖြေတော့ ဒေါက်တာမလေး က good ဟုဆို၏။ နောက် ဟိုဘက်...၊ ဒီဘက် နားဝနှစ်ဖက်စလုံးကိုထိုသို့ လုပ်ကာ စမ်းသပ်သည်။ ထို့ပြင် နားရွက်အနောက်ဖက်တွင် ထိုဂေါက်တံလေးကိုထားကာ ကြားမကြားကိုစမ်းပြန်လေ၏။ ပြီးနောက် ထိုဂေါက်တံလေးကိုသူမတံတောင်ဆစ်ဖြင့် ပြန်ခေါက်ရင်း သူ့နဖူးနားတွင်ထားပြန်သည်။ ကြားရသလားဟု မေးပြန်လေသောအခါ သူခေါင်းငြိမ့်ပြလိုက်မိပြန်သည်။ ထိုအခါ ဒေါက်တာမလေးက ထိုဂေါက်တံလေးကို သူ့တံတောင်ဆစ်ဖြင့် ထပ်မံခေါက်ပြန်လေသည်။ ဒီတစ်ခါတော့ လက်ဆပြင်းသွား၍ သူမတံတောင်ဆစ် ကိုပြင်းပြင်းပြန်ခေါက်မိသွားသည်နှင့် တူ၏။ သူမဘာသာ ကျွတ်ထိုးစုပ်သပ်ရင်း သူ့ကို ရှုံ့မဲ့စွာဖြင့် ရယ်ပြ သည်။ နောက် ထိုဂေါက်တံထိပ်လေးဖြင့် စေ့ထားခိုင်းသော သူ့သွားပေါ်သို့ ထောက်ကာ ပဲ့တင်သံကို ကြား ရသလားမေးပြန်၏။ သူခေါင်းငြိမ့်ပြလိုက်ပြန်သည်။ ထိုနောက် သူ့ကို ခုတင်ပေါ်တွင် ဇောက်ထိုး ခြေဆင်းကာထိုင်စေ၏။ ခြေဆင်းထိုင်နေသော သူ့ကို လက်မောင်းနှစ်ဖက်မှနေတင်းတင်းကိုင်ရင်း တစ်၊ နှစ်၊ သုံး....ဟု ရေရွတ်ကာ ဆတ်ခနဲ လှဲချလေသည်။ ခုတင်နောက်ဖက်တွင် သူ့ခေါင်းမှာ ခုတင်နှင့်လွတ် နေခဲ့ရသည်။ ထိုခေါင်းကို တန်းတန်းထားစေပြီး ဒေါက်တာမလေးက သူ့မျက်နှာကို လည်ပင်းလိမ်ကာ စောင်းပြီးကြည့်စေသည်။ သူကြည့်ရပြန်သည်။ စိတ်ထဲမှနေပြီးတော့လည်း ဒီဒေါက်တာမလေးဟာ.....သူ့ကိုသိပ်ကြည့်ခိုင်းတာပဲ....ဟု ဟာသစိတ်ဖြင့်တွေးမိ၏။ သို့သော် သူ့ခေါင်းက ပိုမူးလာသလိုရှိ၏။

ထိုအခန်းတွင်း စမ်းပြီးပြီးခြင်း ဒေါက်တာမလေးက ခဏထိုင်နေစေသည်။ ချက်ခြင်းမဆင်းနဲ့ဦး....၊ မူးနေမှာ စိုးလို့ဟု ဆိုသည်။ ထို့နောက် သူထိုအခန်းမှ ထွက်လာသောအခါ နောက်အခန်းတစ်ခုထဲ ၀င်ရပြန်လေ သည်။ ထိုအခန်းမှာ အသံလုံခန်းဖြစ်၏။ သူ့နားနှစ်ဖက်ကို နားကျပ်အုပ်ကာတပ်သည်။ နောက် လက်ထဲတွင် ဘောပင်ကဲ့သို့အတံလေးတစ်ခုပေးသည်။ တစ်ကယ်လို့ နားထဲအသံကြားရရင် ထိပ်ပိုင်းလေးကို နှိပ်ဟု ပြောတာကြောင့်.....အသံကြားတိုင်း ထိုကိရိယာလေးကိုနှိပ်မိသည်။ နောက်တခါ သူ့နားထဲကို နားကျပ်လေးထိုးထည့်ပြီး ကွန်ပျူတာဖြင့် ဖတ်ပြန်သည်။ ထိုအခါ ဂရပ်စာရွက်လို ခြစ်ရာတွန့်တွန့်ကွေးကွေး ချွန်ချွန်လေးများ ထွက်လာ၏။ သို့သော် သူဘာမှ နားမလည်ခဲ့ပါ....။

နောက်တော့ ဒေါက်တာမလေးက သူ့ကိုဆေးပေးသည်။ ရောဂါမှတ်တမ်းတွင် meniere's diseasesဟုရေး ပေးသည်။ အောက်ကဆေးကို သောက်သုံးစေသည်။ နှစ်လ သောက်ရမည်ဆိုသေးသည်။ နှစ်လပြည့်လျှင် လာပြန်ပြရန် ရက်ချိန်းပေးသေး၏။


သူထိုနေရာမှ ပြန်လာခဲ့ပြီး ဆေးသောက်သည်။ မှာတဲ့အတိုင်းသောက်သည်။ ပထမအပတ်ထဲတွင် မသက်သာ....၊ နဂိုအတိုင်းမူးဆဲ..မူးမြဲ......။ သို့သော်....ဒုတိယအပတ်တွင် နည်းနည်းလျှော့လာသည်ဟု ခံစားရသည်။ ချက်ခြင်းတော့ ရှင်းရှင်းကြီးပျောက်မသွားသေး....။ အရင်ကထက် အများကြီးပိုမိုတိုးတက် လာတာမို့ သူ့ရင်မှာ အားတက်ရသည်။ အခုဆိုလျှင် ၈၅% တော့ကောင်းလာသည်ဟု သူ့ကိုယ်သူထင်မိလာ သည်။

~~~~~@@@~~~~~

နည်းနည်းသက်သာလာသည်နှင့် သူအလုပ်ကိုပြေးမိသည်။ သူမရှိတုန်းပင်ပန်းခဲ့သူများကို အားနာလွန်းစွာဖြင့်......။ နောက်ပြီး လေထုထဲက နားခိုရာရပ်ဝန်းလေးကို မရဲတရဲစိတ်ဖြင့်ကြည့်မိပြန် သည်။ ကြည့်မိတော့ စာရေးချင်၊ ဖတ်ချင်လာသည်။ သို့သော် စိတ်သွားတိုင်း ကိုယ်မပါနိုင်သေး...။ မနေနိုင်သော လက်ကရေးမိသည်။ ထိုအခါ ပြောမဆုံးပေါင် “တောသုံးထောင်”......ဟုသာဆိုလိုက်ချင် သော သူ့အဖြစ်အပျက်သည် စာတစ်ပုဒ်အဖြစ် ဘလော့ဂ်ပေါ်ကို ရောက်ရှိခဲ့ရတော့၏။   ။

                                       ~~~~~@@@~~~@@@~~~@@@~~~~~

=============================================================
နေမကောင်းဖြစ်တဲ့အတွင်း လာလည်သူ၊ အားပေးသူ၊ ဆုတောင်းပေးသူ၊ မေးလ်နဲ့ မေးသူ မောင်နှမ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်လျှက်ပါခင်ဗျာ.......။
=============================================================
ချစ်ခြင်းအားဖြင့်.....
ဏီလင်းညို

Friday, August 20, 2010

နောက်ဆုံးမှာ....

ကြည့်စမ်းပါဦး
ထက်ကောင်းကင်တစ်ခိုမှာ...
မျက်ရည်စ,တွေဟာ... စို့လို့.....။
မကြာခင်ဆို သူငိုတော့မယ်.....
ကျွန်တော်ရှင်သန်ရာ ၀န်းကျင်ငယ်တစ်ခုမှာ...
မိုးစက်များအဖြစ်နဲ့သာ.....။



ဟော.....
မိုးသက်လေတစ်ချက်အဝှေ့...
သစ်ရွက်တွေ လှုပ်ခတ်စွာနဲ့....
အချင်းချင်းတိုးဝှေ့နေခဲ့ကြပြန်ရဲ့....။
သူတို့တွေ ပျော်နေမလား...၊ ငိုနေသလား.....
ကျွန်တော် ဝေခွဲမရဖြစ်နေခဲ့ရင်းနဲ့ပဲ......။

“ကြည့်တတ်သောသူသည် မြင်၏”...တဲ့...။
ဒါဆို.....
အိပ်တန်းပြန်ငှက်ကလေးတွေရဲ့ခြေကျင်းမှာ.....
လင်းချင်းနေခဲ့တဲ့ မျှော်လင့်၊ ယုံကြည်ခြင်းတွေကို.....
ကျွန်တော်....မြင်တွေ့လိုက်ရမိသလိုလို......။

ကဲကွယ်...။
အနားမှာ ဘယ်သူများရှိဦးမလဲ.....?
ရှာဖွေဆဲ ကိုယ့်မျက်လုံးတွေ ကန်းသွားတုန်း
မဆုံးတဲ့ တေးတစ်ပုဒ်ကို ညည်းညူမိပြန်တယ်.....။

ဘာပဲဖြစ်ဖြစ်.....
နောက်ဆုံးမှာ ကျွန်တော်သူ့ကိုလွမ်းတယ်.....။         ။

~~~~~@@@~~~~~


ပုံလေးကိုဒီနေရာကယူသုံးပါတယ်ဗျာ....။
=================================================
စာတွေမရေးနိုင်သေးလို့ ကဗျာလေးရေးမိပါတယ်....။
သာမန်ကဗျာလေးတစ်ပုဒ်အဖြစ်နဲ့ ခံစားဖတ်ရှုပေးပါလို့ ခွင့်ပန်ပါရစေခင်ဗျာ.....။
=================================================
ချစ်ခြင်းအားဖြင့်......
ဏီလင်းညို

Saturday, August 14, 2010

ဝန်ခံခြင်း

နက်ရှိုင်းစွာပြာမှိုင်းနေခဲ့တဲ့ ညကောင်းကင်တစ်ခုမှာ
ကြယ်ကလေးတချို့က မှေးမှိန်စွာနဲ့ လင်းလက်နေခဲ့ကြတယ်....
အဲ့ဒါဟာ ညဥ့်နက်ချိန်တစ်ခုပဲပေါ့ .....။
ကောင်းကင်ပြင်ကြီးကို ငေးမောရင်းနဲ့
ဂစ်တာအိုလေးတစ်လုံးကို....
ခပ်ဖွဖွလေး ငါ .... သိုင်းဖက်ထားခဲ့မိတယ်...။
တေးသွားလေးတွေမညည်း ....၊ သံစဉ်တွေ မတီးခတ်ဖြစ်ခဲ့ပေမယ့်....
ဂစ်တာအိုလေးက ငါ့ကို နွေးထွေးစေခဲ့ပြန်တယ်....။
တကယ်လို့များ ဒီအချိန်မှာ
မင်း... သာ ငါနဲ့ အတူရှိနေခဲ့မယ်ဆိုရင်လို့.... တွေးလိုက်တဲ့ခဏမှာပဲ
ကြေကွဲခြင်းတွေက...
ဒီရေလှိုင်းတွေလို လျှံတက်လာခဲ့တာကို...
ငါ... ဘယ်လိုမှ ငြင်းဆန်လို့ မရနိုင်ခဲ့ဘူး....။
ဒါပေမယ့်လည်း...
အလွမ်း ... အဆွေး... ဆိုတဲ့ အရာတွေက
ငါ့ ၀ိညာဉ်ထဲမှာ ကိန်းအောင်းနေတာ ကြာခဲ့ပြီပဲလေ....။



ငါ့ကို မင်း စိုက်ကြည့်လိုက်တိုင်း.....
မင်းရှေ့မှာ ဘာမှ မဖြစ်သလို ငါ ... ဟန်ဆောင်နေနိုင်ခဲ့ပေမယ့်
အဲ့ဒီအပြစ်တွေဟာ....
မင်းမမြင်နိုင်တဲ့ မင်းရဲ့နောက်ကွယ်မှာတော့....
တစ်ငွေ့ငွေ့နဲ့ ... ငါ့ကို တိတ်တဆိတ်ကျွမ်းလောင်စေခဲ့ပြီ....။
အဲ့ဒီလိုမျိုးနဲ့....
တွေဝေခြင်းတွေ ရင်မှာပွင့်ဝေနေတဲ့ အခိုက်အတန့်လေးများမှာပဲ....
အဝေးကြီးကို မင်းထွက်သွားလေခဲ့တာ......
ငါ့မြင်ကွင်းထဲက ပျောက်ကွယ်သွားလုမတတ်ပါပဲလေ....။
ဟိုး... မိုးကုတ်စက်ဝိုင်းနားထိတိုင်အောင်....
ငါလှမ်းမြင်နေခဲ့ရတဲ့ မြက်ခင်းတစ်ခုဟာ
အားလုံး.... စိမ်းလန်းနေလိမ့်မယ်လို့ထင်ခဲ့မိတဲ့အတွက်
အခုတော့ အမှားတွေရဲ့ မြှားအသွင်နဲ့ ပစ်ခွင်းတဲ့ ဒဏ်ကို
ငါဟာ... ရက်စက်စွာ ခံစားနေရခဲ့ပြီ....။

ညင်သာလွန်းတဲ့ လေစီးကြောင်းလေးတစ်ခုဟာ...
ညအခါမှာ ခိုးကြောင်ခိုးဝှက်နဲ့ တိုက်ခတ်လာရင်း
တိတ်တစ်ဆိတ်ဆန်စွာနဲ့...
လျှို့ဝှက်တဲ့ ညမွှေးပန်းရနံ့တွေကို ငါ့ဆီ ယူဆောင်လာခဲ့ကြပြန်တယ်...
ညဟာ... ပိုမိုစွာ အိုမင်းရင့်ရော်လာခဲ့ပေါ့....။
ဆိတ်ငြိမ်လွန်းတဲ့ညဟာ....
အထီးကျန်ရှုံးနိမ့်မှုတွေထဲက ငါ့ကို...
ရုန်းထွက်ဖို့ မဖြစ်နိုင်လောက်အောင် ငြိတွယ်နေခဲ့စေပြန်တယ်....။
မင်းနဲ့ ငါ့ရဲ့ကြားမှာ...
ဘာတွေများ ကွာခြားနေခဲ့သလဲဆိုတာတွေကို...
အခုအချိန်မှတော့ ..... ငါပြန်မတွေးချင်တော့ပါဘူးကွယ်...။
မင်းနဲ့အတူရှိခဲ့တဲ့ ဟိုး...အရင်အချိန်တွေတုန်းက...
ရင်ထဲမှာရှိတဲ့စကားလုံးတွေကို ပြောမထွက်နိုင်ခဲ့တာဟာ
အငိုလွယ်တတ်ချင်တဲ့ မျက်ဝန်းတစ်စုံကို ငါပိုင်ဆိုင်ထားလို့ပါ....။
မျှော်လင့်ချက်တွေ မင်းပေးခဲ့လည်း...
အလောတစ်ကြီးနဲ့ ငါ.... မနင်းဖြတ်ရဲခဲ့ပါဘူး....။
တစ်ကယ်တမ်း မဝေးသေးခင်အချိန်တုန်းကတော့
အပြစ်ကင်းတဲ့ မင်းမျက်နှာလေးရယ်...
နောက်ပြီ... မင်းစကားသံလေးတွေရယ်တို့နဲ့ အတူ...
အဝေးကနေ နှစ်သိမ့်နေနိုင်မယ်လို့ ငါထင်မိခဲ့ပါတယ်....။

သစ်ရွက်ကြွေလေး တစ်ရွက်လို ပျက်စီးဆုံးရှုံးခြင်းများစွာနဲ့....
မင်းနဲ့ ဝေးရာကို ငါတိမ်းရှောင်ခဲ့ပေမယ့်လည်းလေ...
အဲ့ဒီလုပ်ရပ်ဟာ... အများအတွက်တော့မသိခဲ့ပါဘူး...။
ငါ့.. အတွက်တော့ အမည်ခံရုံ သက်သက်မျှသာပါပဲ...
ဘာ့ကြောင့်လည်းဆိုတော့
အခုချိန်ထိတိုင်အောင်ပဲ...
မင်းမျက်ဝန်းလေးတွေကို ငါလွမ်းတတ်နေခဲ့သေးလို့ပါ...။
ငါဟာ... ငါ့နှလုံးသားကို ပြန်မမြင်နိုင်ခဲ့တာကြောင့်
တမ်းတခြင်းများရဲ့အောက်မှာ ကျရှုံးစွာ နစ်မြုပ်သွားရတော့မလားကွယ်...။
တကယ်လို့များ....
ငါသာ.... မင်းပခုံးလေးရဲ့အထက်
တစ်မှေးလောက် မှေးစက်ခွင့်လေးပဲ ရနိုင်ခဲ့ရင်လေ...
အထီးကျန်လမ်းမထက်မှာ ငါတစ်ယောက်ထဲဆိုလည်း...
ဆက်လျှောက်သွားနိုင်မယ် ထင်ပါရဲ့....။
ဒါပေမယ့်လည်း...
မင်းနဲ့ပတ်သတ်တဲ့ ငါ့ရဲ့စိတ်ကူးဆိုတာ
ထင်ယောင်ထင်မှားနိုင်လွန်းလှတဲ့ အိပ်မက်မြစ်ကမ်းပါးပေါ်မှာ
ခပ်ရေးရေးပေါ်လာလေ့ရှိတဲ့ ပုံရိပ်ယောင်တစ်ခုလို
ငါ့အတွက် လက်တွေ့အကောင်အထည်ပေါ်ဖို့ ခဲယဉ်းလွန်းတာလည်း သိမိပါရဲ့....။
အဲ့ဒါကြောင့်လည်း ငါ့ဘ၀ရဲ့ အချိန်တွေဟာ...
သက်ပြင်းချသံတွေနဲ့ ပြည့်နှက်ခဲ့ရပေါ့....။

သေသပ်လှပခြင်းတွေ ကင်းမဲ့ခဲ့ရတဲ့ ဘ၀တစ်ခုဟာ...
အရာရာကို မ၀ံ့မရဲဖြစ်စေဖို့ ပြုပြင်ထိန်းကျောင်းခဲ့လေသလား...?
မင်း...ဟာ ငါအဖြူစင်ဆုံး တန်ဖိုးထားရာ တစ်ခုပါ...။
ငါ့ကြောင့် မင်း တစ်စုံတရာ နာကျင်အောင်မလုပ်ခဲ့မိပေမယ့်....
မင်းခွင့်မလွှတ်နိုင်ခဲ့ဘူး ဆိုရင်တောင်မှ ငါ... ကျေအေးနေပါတယ်ကွယ်...။
မျှော်လင့်မထားတဲ့ တုန့်ပြန်ခြင်းနဲ့ ၀မ်းနည်းစရာတွေ မင်းပေးခဲ့ရင်တောင်မှ...
လူတွေမမြင်နိုင်အောင် ငါမျိုသိပ်ရင်းနဲ့ ကျိတ်မှိတ်ခံစား နေလိုက်ပါ့မယ်...။
ဒါပေမယ့်လည်း...
မင်းဘ၀လမ်း တစ်လျှောက်မှာ မင်းလဲကျခဲ့မယ်ဆိုရင်တော့...
ငါလက်ကမ်းလို့ ကူညီခွင့် ရချင်မိပါသေးတယ်...။
မင်းရဲ့ အနောက်ဘက်က အမှောင်ထုထဲမှာ
ငါဟာ ဘယ်တုန်းကမှ နစ်မြုပ်စွာမနေခဲ့ချင်တာ အတိအကျပါ....။
တကယ်လို့များ မင်းသာ ငါ့ကို နားလည်ပေးနိုင်ခဲ့မယ်ဆိုရင်တော့....
အဲ့ဒီ အမှောင်တွေထဲမှာ ထာဝရဆိုလည်း... ငါနေခဲ့ပါ့မယ်....။

ချို့တွေ လက်ခံထားမိကြမှာဖြစ်တဲ့ နောက်ဆုံးဆိုတာ....
ပြီးဆုံးခြင်းဖြစ်ခဲ့နိုင်ပေမယ့်....
ငါ့...အတွက်ကတော့ အခုမှ စတင်ရုံပဲ ရှိပါသေးတယ်လေ...။
မင်းကို.... ငါ...ဟာ...
မင်းမသိနိုင်ခဲ့တဲ့ အချိန်တွေမှာ....မြတ်နိုးခြင်းများစွာနဲ့...
ဟိုး... အရင့်... အရင်ကတည်းက ချစ်ခဲ့မိတယ်ဆိုတာ တစ်ခုကတော့....
မင်းရှေ့ မှာ “၀န်ခံ” ချင်မိဆုံး...
ငါ့ ဆန္ဒ အကျိုးအပျက် တစ်ခုပါပဲ......။      ။

~~~~~@@@~~~~~


ပုံလေးကိုဒီကယူသုံးခဲ့တာပါခင်ဗျာ......။
============================================================
Player မှာတင်ထားမိတဲ့ ကိုမျိုးကျော့ရဲ့ သီချင်းလေးကိုပြန်နားထောင်မိရင်း၊ ဟိုးတုန်းက ရေးခဲ့ဖူးတဲ့စာလေးတွေကိုပြန်ဖတ်ကြည့်ရင်း......ဒီကဗျာလေးကိုတွေ့လို့........ပြန်တင်ထားတာပါ......။
အားလုံးကို သတိရနေပါတယ်ဗျာ......။
============================================================

ချစ်ခြင်းအားဖြင့်.......
ဏီလင်းညို

Monday, August 9, 2010

ခုနှစ်စဉ်ကြယ်


ညီလေးဗညား(လင်းခေတ်ဒီနို)ရဲ့ စိတ်ကူးလေးပါ.....။
ခုနှစ်စဉ်ကြယ်  လို့အမည်ရပါတယ်.....။
စုစုပေါင်း သူငယ်ချင်းမောင်နှမ ခုနှစ်ယောက်ပါဝင်ရေးသားကြမယ့် ဆိုဒ်အသစ်လေးပါ.....။
ရေးဖော်ရေးဖက် အခြားမောင်နှမတွေနဲ့ လင့်ခ်ချိတ်ပေးချင်တဲ့ သူငယ်ချင်းတွေအားလုံးကို အသိပေးပါတယ်......။
စာရေးနှေးတတ်တဲ့ ကျွန်တော့်ကို ခင်မင်စွာနဲ့ ၀င်ရေးဖို့ဖိတ်ခေါ်ခဲ့တဲ့ ညီလေးဗညားနဲ့ နေ၀သန်ကို ကျေးဇူးပါ......။
ခုနှစ်စဉ်ကြယ်ဆိုတဲ့ ကြယ်စုတန်းထဲမှာ ကြယ်တစ်ပွင့်အဖြစ် လင်းလက်ခွင့်ပေးခဲ့တဲ့ အားလုံး......အားလုံးကို ကျေးဇူးပါ....။ ကူညီခဲ့သူ အားလုံးကိုလည်း.....ကျေးဇူးအထူးပါ.....။
မကြာခင် အစွမ်းကုန်လင်းလက်ဖို့ အရှိန်ယူနေပြီဖြစ်ကြောင်း သူငယ်ချင်းမောင်နှမတွေနဲ့ စာဖတ်ပေးတဲ့ သူငယ်ချင်းတွေအားလုံးကို အသိပေးကြေငြာလိုက်ပါတယ်........။
(ကျွန်တော်ကတော့ လောလောဆယ် ဖြည်းဖြည်းပဲရေးဖြစ်နေမှာပါ......။ ဆရာဝန်တွေက စက်သိပ်မသုံးခိုင်းထားလို့ပါ......။ ရက်ရှည်၊ လရှည်ဆေးသောက်နေရဦးမှာဖြစ်ကြောင်းလည်း စိတ်ပူနေမယ့် မောင်နှမတွေ၊ သူငယ်ချင်းတွေအားလုံးကို အသိပေးပါတယ်.....။ မကြာခင် ကျန်းမာလာတော့မှာပါ......။ အားလုံးကိုလည်း သတိရနေပါတယ်........း))

~~~~~@@@~~~~~

==============================
ပုံကလေးကို ဒီက ယူသုံးခဲ့ပါတယ်......။
==============================

ချစ်ခြင်းအားဖြင့်.....
ဏီလင်းညို