Monday, September 22, 2014

ပူစီ၊ ဘရာနီ၊ မုသာဝါဒနှင့် ကျွန်တော်....









ထက်ပါခေါင်းစဉ်လေးအား ဖတ်ရှုပြီးနောက် ကျွန်တော့်မိတ်ဆွေများ အနည်းငယ် စဉ်းစားသွားကြမည် ထင်ပါသည်။ ကိုဏီတစ်ယောက် ဘာတွေထွင်ပြန်ပြီလဲ ဟူ၍။

ရှင်းပြပါမည်။ အခြေခံမှ စပြောရလျှင် ဤသို့ဖြစ်၏။

~~~@~~~

ကျွန်တော့်အိတ်ဆောင်ကွန်ပျူတာလေးသည် လွန်ခဲ့သော သုံး၊ လေးလခန့်မှစ၍ အခြေအနေ သိပ်မကောင်းတော့။ တစ်ခါတစ်ခါ ကောင်းသည်။ တစ်ခါတစ်ခါ သုံးနေရင်း ဗြုန်းဆို သူ့ဘာသာ တစ်ကိုယ်တော် ပိတ်သွားတတ်၏။ သို့သော် သည်းခံခြင်းငါးပါးဖြင့် ကျွန်တော် ဆက်သုံးခဲ့၏။ မှတ်မှတ်ရရ ပြောရမည်ဆိုလျှင် ဒီနှစ်နွေရာသီ သင်္ကြန်အပြီး၊ ကလောမြို့လေးသို့ ကျွန်တော် အလည်မသွားခင်လောက်က စတင်ခဲ့တာ ဖြစ်၏။ ထို့ကြောင့် ကလောတွင် အေးအေးဆေးဆေး အပန်းဖြေနေထိုင်ခဲ့သည့် ကျွန်တော့်နောက်သို့ ကွန်ပျူတာလေးခမြာ လိုက်ပါမလာနိုင်ရှာခဲ့။

ကလောတွင် နှစ်လနီးပါးခန့် ကျွန်တော်ကြာမြင့်ခဲ့သည်။ အမှန်တကယ်တွင် ထို့ထက်ပို၍ကြာအောင်နေဖို့ ကျွန်တော်စဉ်းစားခဲ့သော်လည်း အဖေနှင့်အမေက ပြန်ခေါ်သောကြောင့် ဇွန်လကုန်ခါနီးတွင် ကျွန်တော်ပြန်လာခဲ့ရသည်။ မိဘများက ပြန်ခေါ်တာ အခြားအကြောင်းကြောင့်တော့ မဟုတ်။ မိသားစုကိစ္စတစ်ခုအား ကျွန်တော်နှင့် တိုင်ပင်ချင်လို့သာ ဖြစ်၏။

တိုတိုပြောရလျှင် အဖေသည် ခုလောလောဆယ်နေသောနေရာတွင် မနေချင်တော့။ ထို့အစား ဈေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကားဂိတ် စသည်တို့နှင့် နီးသည့်နေရာတစ်ခုတွင် ကျွန်တော်တို့ သားအမိ သားအဖ သုံးယောက်နေရန် အိမ်ခန်းအသစ်ဝယ်ချင်သည်ဟု ပြောလာတာမို့ဖြစ်၏။ အစ်ကိုဖြစ်သူကလည်း အိမ်ထောင်ဖြင့် အိမ်ခွဲသွားသလို သမီးလေးခွန်းချိုနှင့် အစ်မတို့ဇနီးမောင်နှံကလည်း သမီးလေးကိုနိုင်နိုင်နင်းနင်း ထိမ်းနိုင်ပြီဖြစ်၍ သူတို့အိမ်ပြန်ကြတော့မှာကလည်း တစ်ခုအပါအ၀င်ဖြစ်၏။ လက်ရှိအိမ်နေရာက သိပ်အချက်အချာမကျသလို သူ့သားသမီးတွေလျှော့သွားသော အိမ်မှာ အဖေတို့ မနေချင်တော့တာလား မပြောတတ်တော့ပါ။

ထိုအခါ ပြန်ရောက်ရောက်ချင်း အဖေလိုချင်သည့် နေရာမျိုးများတွင် သင့်တော်သော အိမ်ခန်းများ ကျွန်တော်လိုက်ရှာရ၏။ ပင်ပန်းသည်ဟု သဘောမထားနိုင်။ အကျဉ်းချုပ်ပြောရလျှင် နောက်ဆုံး တွေ့ခဲ့၏။ ၀ယ်ဖြစ်၏။ အိမ်ခန်းကလည်း လူမနေရသေးသော အသစ်စက်စက်၊ တိုက်ကလည်း အသစ်၊ နေရာကလည်း အချက်အချာကျတာမို့ အဖေ့မှာ ပျော်တပြုံးပြုံး။

သို့သော် ကျွန်တော့်မှာ မပျော်နိုင်အားသေး။ ၀ါကျွတ်လျှင် ပြောင်းရွေ့ကြမှာမို့ ၀ါမကျွတ်ခင် အခန်းပြီးအောင် ပြင်ဖို့ လုံးပန်းရပြန်သည်။ သံပန်း၊ လက်သမား၊ ဆေးသုတ်ဆရာ၊ မီးကြိုးသွယ်ဆရာ၊ ရေပိုက်ဆရာ၊ အခန်းပါတေးရှင်းကန့်သောဆရာ၊ ကြမ်းခင်းခင်းသည့်နေရာ၊ အခန်းအေးစက် တပ်ဆင်သည့်နေရာ၊ ကြွေပြားခင်းသည့် ကပ်သည့် ပန်းရံဆရာ စသည်တို့ကို ရှာရ၏။ ဒါတောင် တချို့က ကျွန်တော့် အစ်ကို၏အဆက်အသွယ်နှင့်မို့ လွယ်ကူခဲ့ရခြင်း ဖြစ်၏။ နို့မို့ ကျွန်တော်တစ်ယောက်တည်းဆို မလွယ်ကြော။ နောက်ပြီး အိမ်ဆောက်ပစ္စည်းဆိုင်များကိုလည်း တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လုပ်ရသေး၏။

ရန်ကုန်ပြန်ရောက်လျှင် ကလောမှာ စဉ်းစားခဲ့သမျှ၊ ဗလာစာအုပ်ထဲ ချရေးဖြစ်ခဲ့သမျှ ခေါင်းစဉ်များ၊ ဇာတ်လမ်းလေးများအား ပြန်ရေးမည်ဟု တွေးခဲ့မိသည့်အတိုင်း မအားသည့်ကြားမှ ကြိုးစားရေးမိသော်လည်း ကွန်ပျူတာလေးက ဖောက်ပြန်စမြဲ။ ထိုအခါ ကျွန်တော့်မှာ စိတ်ပျက်ရ၏။ အေးဆေးပြင်ဖို့အတွက် ကျွန်တော့်မှာလည်း မအား။ ထို့ကြောင့် စာရေးချင်သောစိတ်အား ရန်ကုန်ပြန်ရောက်ရောက်ချင်း ယောက်ဖဆီမှ လက်ဆောင်အဖြစ် အလကားရသော ပွတ်သဘင်ဖုန်းသစ်လေးထဲမှာ တို့ထိရေးရင်း စိတ်ဖြေရ၏။

~~~@~~~

နှစ်လနီးပါးခန့်အကြာတွင် အိမ်ခန်းပြင်တာ အားလုံးပြီးစီးသွားခဲ့၏။ ထိုအခါကျမှ စာသေချာရေးပြန်ရေးဖို့ အားယူရ၏။ တစ်ယောက်တည်း နားအေးပါးအေးရေးမည်ဟု အားခဲကာ အကုန်ပြီးစီးသွားသော အခန်းသို့ ကျွန်တော်တစ်ယောက်တည်း အရင်ရွေ့သည်။ အိပ်ယာနှင့် စာအုပ်များ၊ အ၀တ်အနည်းငယ်နှင့် ပန်းကန်အချို့ကို တစ်ခါတည်း ယူခဲ့၏။ အမေနှင့်အဖေက သိပ်သဘောမတူ။ အခြားကြောင့်တော့ မဟုတ်။ ကျွန်တော့်ကျန်းမာရေးအခြေအနေအရ နားနားနေနေမနေပဲ စာရေးခြင်းအား မနှစ်သက်တာမို့ပင် ဖြစ်၏။ သို့သော် ကျွန်တော့်အား အလိုလိုက်နေကျမို့ ကန့်တော့ မကန့်ကွက်ကြ။

အိမ်သစ်တွင် တစ်ယောက်တည်း စာရေးဖို့ ကြိုးစားသော်လည်း နဂိုကတည်းက အမောဖောက်နေခဲ့သော ကျွန်တော့်ကွန်ပျူတာလေးမှာ ဘယ်လိုခေါ်ခေါ် မနိုးထတော့။ ထိုအခါ အသစ်ဝယ်ဖို့ပြင်ရတော့၏။ အဖေနှင့်အမေက အသပြာများ ထုတ်ပေးသည်။ ကျွန်တော်က ရှက်ရှက်နှင့်ယူရသည်။

အိမ်ခန်းအသစ်သို့ ကျွန်တော်ရွေ့အပြီး သုံးရက်မြောက်တွင် ကွန်ပျူတာ ၀ယ်ဖြစ်၏။ ကွန်ပျူတာဝယ်ရာတွင် ကျွန်တော်က သိပ်နားမလည်၍ ငယ်သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းရသည်။ သူကလည်း နည်းပညာနှင့်ပတ်သတ်၍ တော်တော်နားလည်တာမို့ ကျွန်တော့်အား လိုလိုချင်ချင် ကူညီပေးသည်။ ကျွန်တော်တတ်နိုင်သည့် ဘတ်ဂျက်ထဲဝင်အောင် သေချာတွက်ချက် ၀ယ်ပေး၏။ စက်ဆင်တာ၊ ဆော့ဖ၀ဲလ်တွေထည့်တာကို စိတ်ရှည်လက်ရှည်စောင့်ကာ သူ့အချိန်များအား ကျွန်တော့်အတွက် သုံးပေး၏။ ပြီးနောက်… သူ့ကားနှင့် အိမ်ခန်းအသစ်ထိ လိုက်ပို့၏။ ကျွန်တော် အဆင်သင့် ထိုင်သုံးလို့ရအောင် သေချာတပ်ဆင်ပေး၏။ အားလုံးပြီးနောက်… သူငယ်ချင်းက…

“ဒီအိမ်မှာ အခုလောလောဆယ် မင်းတစ်ယောက်တည်းပေါ့ ဟုတ်လား”….

ဟု အိမ်ခန်းအား တစ်ခန်းဝင် တစ်ခန်းထွက်ကြည့်ကာ မေးလာ၏။ ကျွန်တော်က…

“ဟုတ်တယ်၊ သီတင်းကျွတ်မှ ငါ့အဖေနဲ့အမေ လိုက်လာမှာ။ ဒါပေမယ့် မင်းတို့ ငါ့အိမ်မှာ အခု ငါတစ်ယောက်တည်း နေတာဆိုပြီး ဘာမှလာသောင်းကျန်းဖို့ စဉ်းစားမနေနဲ့”… ဟု လောလောလတ်လတ် သူကူညီထားခဲ့သော မျက်နှာကိုမှ မထောက်။ အရင် ရာဇသံပေးလိုက်မိ၏။ ဧည့်နှင်စကား ပြောမိ၏။ သို့သော် သူငယ်ချင်းက ကျွန်တော့်အား စိတ်မဆိုးရှာပါ။ ထို့အစား… သူနှင့် နှစ်တန်း၊ သုံးတန်းလောက်ကတည်းက ပေါင်းလာခဲ့သော အေးဆေးနေချင်သည့် ကျွန်တော့်အကြောင်းကို သိသူပီပီ ခပ်ပြုံးပြုံးမျက်နှာဖြင့် နှုတ်ဆက်ပြန်သွားခဲ့၏။

~~~@~~~

ဝယ်သောနေ့၏ နောက်တစ်ရက်တွင် အိမ်ခန်းသစ်မှာ တစ်ယောက်တည်းနေသော ကျွန်တော့်သည် မနက်စောစောတွင် နိုးလာလေသည်။ နိုးတာနှင့် ကွန်ပျူတာအသစ်ကိုဖွင့်သည်။ အင်တာနက် ချိတ်သည်။ နောက် ကော်ဖီတစ်ခွက်ဖျော်ကာ ဖေ့စ်ဘွတ်ခ်ပေါ်တက်၍ လမ်းသလားသည်။

ပြီးလျှင် အရင်ကွန်ပျူတာဟောင်းထဲတွင် ကျွန်တော်ရေးထားသမျှစာလေးများကူးထည့်ထားသော ဖလက်ရှ်ဒရိုက်ဗ်ထဲမှ စာများအား စက်အသစ်ထဲသို့ အကုန်ကူးထည့်ကာ ရေးလက်စများ၊ ရေးပြီးသားများ၊ ရေးရန်များအား လိုက်ဖွင့်ကြည့်၏။ ဖုန်းထဲတွင် ရိုက်ထားသော စာများအားလည်း ကွန်ပျူတာထဲသို့ ပြန်ရိုက်ထည့်ရ၏။ သို့နှင့် နေ့လယ် နှစ်နာရီခွဲသွားသည်။ ဗိုက်က ဆာလာသည်။ မနက်ကတည်းက တမော့မော့ဖြင့် ကွန်ပျူတာနေသော ကျွန်တော်၊ ကော်ဖီတစ်ခွက်မှလွဲ၍ ဗိုက်ထဲတွင် ဘာမှမရှိ။

ယောင်တိယောင်တောင်ဖြင့် မီးဖိုချောင်သို့ သွားကြည့်မိသေး၏။ သို့သော် အိမ်သစ်မှာမို့ ခါတိုင်းလို အမေချက်ထားသော ဘာဟင်း၊ ဘာထမင်းမှလည်း မရှိ။ သို့သော် ကိစ္စမရှိ။ လွန်ခဲ့သောရက်တွေကလည်း ထမင်းဖြူဝယ်၍ ကျွန်တော်ကြိုက်သော အသုပ်တစ်မျိုးမျိုးဝယ်ကာ မနက်စာ ညစာကို ကျွန်တော်စားခဲ့သေးတာ။ အသုပ်များကိုသာ ၀ယ်စားတာက အခြားကြောင့်မဟုတ်။ ကိုယ်တိုင်ချက်သောဟင်းနှင့် အမေချက်သော ဟင်းများမှလွဲ၍ တော်ရုံဟင်းကို ကျွန်တော် မစားတတ်တာမို့သာ ဖြစ်၏။

ထို့ကြောင့် စားစရာဝယ်ရန် ပိုက်ဆံအိတ်လေးနှင့် ဖုန်းကိုယူကာ ဆံပင်စုတ်ဖွား၊ ဘောင်းဘီတို၊ အင်္ကျီ ကပိုကရိုတို့ဖြင့် ထီးကောက်ရှည်ကြီးဆွဲ၍ တံခါးသော့ပိတ် အိမ်အောက်ဆင်းရ၏။

လမ်းထိပ်မှ ၀ယ်နေကျ ထမင်းဆိုင်လေးတွင် ထမင်းဖြူ တစ်ရာဖိုးဝယ်သည်။ တစ်ရာဖိုးဝယ်တာမို့ ကပ်စေးနဲသည်ဟု ကျွန်တော့်ကို မထင်စေလိုပါ။ အရင်ရက်တွေက ကျွန်တော် နှစ်ရာဖိုးဝယ်ပါသည်။ သို့သော် တစ်ယောက်တည်း စားလို့မကုန်။ ထို့ကြောင့် နောက်တစ်ကြိမ် နှစ်ရာဖိုးဝယ်ခိုက် ထမင်းထည့်ပေးသော ကောင်လေးအား…

“ထမင်းဖြူနှစ်ရာဖိုး၊ နည်းနည်းလောက်… လျှော့ထည့်ပေးပါဗျာ”…

ဟု ခပ်တိုးတိုး ပြောမိခဲ့၏။ ထိုအခါ ထမင်းထည့်နေသော ကောင်လေးက ကျွန်တော့်ကို အထူးအဆန်းလို လှည့်ကြည့်လာခဲ့သေး၏။ နောက်… ထမင်းကို ကျွတ်ကျွတ်အိတ်ထဲ ဆက်ထည့်၏။ နောက်… ထမင်းအိတ်လေးအား ကျွန်တော့်ကို ကမ်းပေး၏။ ကျွန်တော်က ထမင်းထုပ်ကို ကြည့်ရင်း…၊ ပိုက်ဆံနှစ်ရာတန်ကို ထိုးပေးရင်း…

“တစ်ဇွန်းလောက် ထပ်လျှော့ပေးပါဦးဗျာ၊ ကျွန်တော်က တစ်ယောက်တည်းစားရတော့ မကုန်ပဲ သွန်ပစ်ရတာ နှမြောလို့ပါ” ဟု တောင်းပန်သံဖြင့် ထပ်ပြောမိ၏။ ထိုအခါ ဆိုင်ရှင်ကောင်လေးက…ပြုံး၍…

“ဒါဆို တစ်ရာဖိုးပဲ ယူပါလားအစ်ကိုရာ”… ဟု ပြောလာခဲ့၏။ ကျွန်တော်က “တစ်ရာဖိုးဝယ်ရမှာ ကျွန်တော် အားနာလို့ပါ” ဟုပြောသော်လည်း ကောင်လေးက ပြုံးရင်း ခေါင်းခါ၏။ နောက်… ထမင်းပြန်လျှော့ပြီး ကျွန်တော့်ကို တစ်ရာပြန်အမ်း၏။ ထိုအချိန်မှစ၍ သူ့ဆိုင်မှာ ကျွန်တော်ထမင်းဝယ်တိုင်း သူက တစ်ရာဖိုးပဲ ရောင်းတော့တာမို့ပင် ဖြစ်သည်။

ထမင်းတစ်ရာဖိုးဝယ်ပြီးနောက်… ဘာနဲ့စားရရင် ကောင်းမလဲဟု အနီးအနား မျက်လုံးဝေ့ကြည့်သည်။ ကျွန်တော့်ပတ်ဝန်းကျင်ကတော့ နေ့ခင်း နှစ်နာရီခွဲလောက်ကြီးတွင်ပင် စည်ကားသိုက်မြိုက်နေခဲ့သည်။ ထိုအထဲတွင် ၀က်ခေါင်းသုပ်သည်ကို သွားတွေ့၏။ တစ်ပွဲဝယ်ကာ အိမ်ပြန်ခဲ့သည်။

အိမ်ပေါ်အရောက်တွင် ကွန်ပျူတာရှေ့ပြန်ထိုင်ကာ စာရိုက်လိုက်၊ ထမင်းဖြူ၊ ၀က်ခေါင်းသုပ်တို့ကို တစ်ဇွန်းစီခပ်စားလိုက်၊ ရေတစ်ကျိုက်သောက်လိုက်ဖြင့် အကျအန ပွဲတော်တည်နေဆဲ တံခါးဖွင့်သံနှင့်အတူ ဗြုန်းဆို အဖေက ရောက်လာသည်။ အမှန်အတိုင်းပြောရမယ်ဆို အဖေရောက်လာ၍ ကျွန်တော်လန့်သွားသည်။ အခြားကြောင့်တော့ မဟုတ်။ ၀က်ခေါင်းသုပ်၊ ထမင်းဖြူ၊ ရေတစ်ခွက်တို့နှင့် ကျွန်တော်ထမင်းစားနေပုံအား အဖေမြင်သွားတာမို့ပင်တည်း။

ထင်သည့်အတိုင်းပင် အဖေသည် ကျွန်တော့်ထမင်းပွဲအား တစ်ချက်စွေကြည့်၏။  နောက်… အလိုမကျသလိုမျက်နှာဖြင့် သူ့လက်မှ နာရီကိုကြည့်သည်။ အဖေသည် အိမ်မှာဆို ကျွန်တော့်အား ထမင်းစားချိန်တန်၍ မစားသေးလျှင် ခဏခဏ သတိပေးတတ်၏။ ထို့ပြင် ထမင်းစားလျှင် ဘာမှလိုက်ရှာမနေပဲ မျက်စိရှေ့တွေ့သည့်ဟင်းဖြင့်သာ စားတတ်သော ကျွန်တော့်အား၊ ဘယ်အိုးထဲမှာ ဘာဟင်းချက်ထားတယ်၊ ဘယ်ဘူးထဲမှာ ဘာကြော်လေးတွေရှိတယ် စသဖြင့် လာလာ ပြောနေကျ။ ကျွန်တော်မကြိုက်သည့် ဟင်းများချက်ထား၍ မစားလျှင်လည်း ကောင်းပါတယ်ကွ… ဟု ဆွယ်တရားဟောကာ ဖွယ်ဖွယ်ရာရာ စားစေချင်သူ။ အမေလည်း ထိုနည်းလည်းကောင်း။ ထို့ကြောင့် အဖေဘာမှ မပြောသေးခင် ကျွန်တော် ပြာပြာသလဲ ညာရ၏။

“သားက ခုမှ ဒီမှာ ထိုင်တာအဖေ။ မနက်တုန်းက ဆယ်နာရီလောက်မှ အိပ်ယာထပြီး ခေါက်ဆွဲပြုတ်တွေသောက်ထားတာနဲ့ ဗိုက်မဆာလို့ ထမင်းက ခုမှစားတာ။ ဒီလမ်းထိပ်က ၀က်ခေါင်းသုပ်က ကောင်းတယ် အဖေရ။ မြည်းကြည့်ပါလား”…

“မစားတော့ပါဘူးကွာ။ ရော့… ဒီမှာ လျှပ်စစ်နဲ့ဟင်းချက်တဲ့ ဒယ်အိုးအသစ်တဲ့။ မင်းအမေ ပို့ခိုင်းလိုက်တာ”…

ဟု အဖေကပြောကာ… သူ့လက်ထဲမှ စက္ကူဘူးကြီးထည့်ထားသော အိတ်အား လှမ်းပေး၏။

နောက်… မီးဖိုချောင်ထဲသို့ ၀င်ကြည့်ကာ “အဆာပြေစားဖို့ ဘာမှလည်း ၀ယ်မထားပါလား။ အခု လာပို့တဲ့ အိုးအသစ်နဲ့ မင်းစားချင်တာလေးတွေ ချက်စားလို့ မင်းအမေက မှာလိုက်သေးတယ်”… ဟု ညည်းညူသံတစ်ဝက်ဖြင့်ပြောသည်။ နောက်… အသစ်ဝယ်ထားသော ကျွန်တော့်စက်ကို ထိုင်ကြည့်၍ ခဏသာနေကာ ပြန်သွား၏။ ကျွန်တော်ကလည်း စာဆက်ရိုက်ရင်း ထမင်းဆက်စားသည်။ ထမင်းစားပြီးတော့လည်း စာဆက်ရိုက်နေမိပြန်၏။ စိတ်ထဲမှာတော့ အဖေ့ကို ညာလိုက်မိတာ စိတ်မကောင်း။

သို့နှင့် ညနေစောင်းအရောက်တွင် ကွန်ပျူတာရှေ့မှာ ကျွန်တော် အိပ်ပျော်သွားခဲ့၏။ ခြောက်နာရီလောက်တွင် အိပ်ယာက ပြန်နိုးသည်။ အိမ်တစ်ခုလုံး တိတ်ဆိတ်နေသည်။ ကွန်ပျူတာက ပွင့်လျှက်သား။ ထို့ကြောင့် ကွန်ပျူတာရှေ့တွင် ပြန်ထိုင်သည်။ ပြန်ထိုင်ရင်း ဆေးပေါ့လိပ်တိုကိုကောက်၍ မီးညှိဖွာကာ ဘာမှ မလုပ်ရသေးခင် တစ်ခု သွားစဉ်းစားမိသည်။ နေ့ခင်းတုန်းက အဖေလာသွားသော ကိစ္စကိုပင်တည်း။

အဖေသည် နေ့ခင်းတုန်းက ကျွန်တော် အချိန်မမှန်ထမင်းအား ဖြစ်သလိုစားနေပုံကို၊ မီးဖိုထဲတွင် ဘာစားစရာအခြောက်အခြမ်းမှ အသင့်ဝယ်မထားခြင်းတို့ကို အမေ့အား အချိန်မရွေး ပြန်ဖောက်သည်ချမည်မှာမလွဲ။ ထိုအခါ အဖေ့ထက် ပိုဆိုးသော အမေသည် တက္ကစီစီး၍ ခဏတွင်းချင်း ကျွန်တော့်အိမ်သို့ ရောက်လာနိုင်သည်။ ဒီည မရောက်လျှင်တောင် နက်ဖြန် ရောက်လာနိုင်သည်။ ထိုအခါ  အိမ်အသစ်တွင် ကွန်ပျူတာအသစ်ဖြင့် ဇောင်းထဲမှ လွှတ်လိုက်သော မြင်းကဲ့သို့ တစ်ယောက်တည်း ဖြစ်ချင်တိုင်းဖြစ်နေသော ကျွန်တော့်အား….

“မင်းကို ဆူရတာလည်း လူကြားမကောင်းဘူး၊ သူများလို အရက်သောက်၊ ဖဲရိုက်၊ အပျော်လိုက်လို့ ရုံးရောက်ဂတ်ရောက်ဖြစ်နေရင် လူသိရှင်ကြားဆူရတာ တော်သေးတယ်။ ခုတော့ ဒီအသက်အရွယ်ကြီးနဲ့ စားချိန်မှန်မစား၊ အိပ်ချိန်မှန် မအိပ်ပဲ စာတွေ တချောက်ချောက်ရေးနေလို့ ပြောနေရတာ လူကြားမကောင်းပါဘူးဟယ်”…. ဟု ညည်းရင်း စိတ်ဆိုးတော့မှာ…။ စိတ်မကောင်း ဖြစ်နေတော့မှာ။

ထို့ကြောင့် မနက်ကတည်းက ကွန်ပျူတာနေ၍ ရေမချိုး၊ မျက်နှာပင်မသစ်ရသေးသော ကျွန်တော်သည် ရေချိုးခန်းထဲပြေးဝင်ကာ ရေးချိုးမိ၏။ နောက် အ၀တ်လဲကာ အောက်ဆင်း၏။

စားစရာရှာသည်။ မိဘများစိတ်ချမ်းသာအောင် အာဟာရပြည့်စရာ ဘာစားရင်ကောင်းမလဲဟု ကျွန်တော်စဉ်းစားသည်။ ဟင်းလည်း မချက်ချင်၊ ဆိုင်ဟင်းတွေလည်း ၀ယ်မစားချင်။ ထို့ပြင် အကယ်၍ ညကျ အမေဖုန်းဆက်လာလျှင် ထပ်မလိမ်ချင်။ စားသည့်အစားအစာ အမှန်ကို ပြောချင်သည်။ စဉ်းစားရင်း လျှောက်ရင်း မလေးရှားတွင် ဘရာနီဟု ခေါ်ကြသည့် ဒံပေါက်ဆိုင် သွားတွေ့၏။ ဒါအာဟာရဖြစ်တာပဲဟု တွေးကာ တစ်ပွဲဝယ်၏။ အမှန်အတိုင်းပြောရလျှင် ထိုဒံပေါက်တစ်ပွဲသည် ကျွန်တော့်ဘ၀တွင် ကိုယ့်ဆန္ဒနှင့်ကိုယ် ပထမဦးဆုံးဝယ်စားဖြစ်သော ဒံပေါက်တစ်ပွဲသာ ဖြစ်၏။

နောက်… အဆာပြေစားဖို့ တွေ့ကရာ မုန့်ကျွပ်တစ်ထုပ်ဝယ်သည်။ ၀ယ်ပြီးမှ တံဆိပ်ကို ကြည့်မိသည်။ နာမည်က ပူစီ။ ကျွန်တော် ရယ်ချင်သွားသည်။ စိတ်ထဲမှလည်း ပေးစရာနာမည်ရှားလို့ မုန့်ကျွပ်နာမည်များ ပူစီတဲ့။ ပူစီဆိုတာ ငါတို့နိုင်ငံမှာသာ ကြောင်လေးတွေကို ချစ်စနိုးနဲ့ ခေါ်တာ။ ငါရောက်ဖူးတဲ့ နိုင်ငံနဲ့ သူများနိုင်ငံတွေမှာဆို ပူစီဆိုတာ…. ဘာညာ စသဖြင့် တွေးရင်း ဘယ်သူမှမသိပဲ ကိုယ့်ဘာသာကိုယ် ရှက်လာမိသေး၏။ ဒါပေမယ့် ပူစီဆိုတာ… ကျွန်တော်မသိသော တခြားအဓိပ္ပါယ်လည်း ရှိချင်ရှိနေမှာ။

ကော်ဖီကတော့ ရှိနေသေးတာမို့ မ၀ယ်တော့။ အိမ်ပြန်ခဲ့လိုက်သည်။

~~~@~~~

ကယ်၍ ခုည အမေဖုန်းဆက်လာပါက ညစာကောင်းကောင်းစား၍ အဆာပြေစားစရာ အခြောက်အခြမ်းဝယ်ထားသည်ဟု ကျွန်တော်ပြောနိုင်လေပြီ။ နက်ဖြန်ကျလျှင်လည်း နေ့လယ်စာ၊ ညစာတို့အား သေချာ စားမည်။ မိဘများအား မုသားသုံးစရာ မလိုတော့။

နောင်လည်း ခုလို မညာဖြစ်အောင် ကျွန်တော် အတတ်နိုင်ဆုံးကြိုးစားရမည်။

အခြားကြောင့်တော့ မဟုတ်။
မိဘက မသိလျှင်တောင်မှ မိဘစိတ်မချမ်းသာစရာ ကိစ္စမျိုးများအား ရှေ့တွင်ဖြစ်စေ၊ နောက်ကွယ်တွင်ဖြစ်စေ၊ ဖြစ်နိုင်လျှင် တတ်နိုင်သလောက် ကျွန်တော်ရှောင်ကျဉ်ချင်မိတာကြောင့်သာ ဖြစ်၏။         

~~~@~~~

စာကြွင်း…
-------------
ထိုအကြောင်းများလေးများအား စာရေးချင်စိတ်ပေါက်လာပြီးနောက် အထက်ပါခေါင်းစဉ်ကို ကျွန်တော်ပေးမိခြင်းသာ ဖြစ်ပါသည်။

---------------------------------------------------------
=:::= အဖေနဲ့ အမေ့အတွက် အမှတ်တရ =:::=
-----------------------------------------------------------
ချစ်ခြင်းအားဖြင့်……
ဏီလင်းညို
၂၂၊ စက်တင်ဘာ၊ ၂၀၁၄။
တနင်္လာနေ့။
(၂၂း ၃၈)နာရီ
ရန်ကုန် - မြန်မာပြည်။











11 comments:

Anonymous said...

လိမ္မာလိုက်တဲ့သားလေး
အကိုအတွေးထဲအမြဲအဖေအမေကိုတွေးနေတယ်ဆိုတာ.ပေါ်လွင်နေတယ်။
@Areal Thu

Ma Tint said...

ကလောမှာ အကြာကြီးနားခဲ့တယ်ဆိုလို့ အားကျပါ့ …
မိသားစု သုံးဦးထဲဆိုပေမယ့် နွေးထွေးတဲ့အရိပ်အယောင်လေးတွေမို့ ကြည်နူးမိတယ်။ ကျန်းမာရေးတော့ ဂရုစိုက်ပါ။
စိန်ခေါ်ပွဲတွေ အကြားမှာ မောင်ဏီရဲ့ ဗလာစာအုပ်ထဲ ချရေးဖြစ်ခဲ့သမျှ ခေါင်းစဉ်တွေ အကောင်အထည်ဖေါ်ရတော့မယ် … :P

မြသွေးနီ said...

မိဘတွေ ဒီလောက် ကိုယ့်အပေါ် ချစ်တာ သေချာပြန်ဂရုစိုက်ပါ၊ အခြောက်အခြမ်းတွေ အမြဲဖြည့်ထားပါ ဏီဏီ..။
(ကြုံတုန်း ၀င်ကြိမ်းသွား.. ) :)

Anonymous said...

ပူစီ… ဘရာနီ
ဒါ့ကြောင့် လင်းတို့များတွေးကြည့် ပြေးကြည့် တာထက်
မှန်နေတာကိုး … :P
ဘာပဲပြောပြော ကိုဏီ စာရေးဖို့ အခွင့်အရေးတွေ ရနေတာ
ဝမ်းသာပါကြောင်း …

လင်း

ဆွေလေးမွန် said...

အိမ်သစ်မှာ ကွန်ပျူ တာသစ် နဲ့ အဆင်ပြေသွားပြီဆိုလို့ နောင်လာမယ့် ပို့(စ်) အသစ်လေးများကို မျှော် လင့်နေပါကြောင်း အစ်ကိုတော်.. :) :)

မဒမ်ကိုး said...

ကိုဏီရေ ဖဘမှာ ဘလော့ဂါတွေအပြင်တခြားခင်မင်ရသူတွေကိုပါ ကွန်းမန့်အမှီပေးရ ဘာလုပ်ရနဲ့ အဲဒါနဲ့ လိုက်မမှီတော့လို့ ဖဘကိုခနနားတော့ ကိုဏီကဖဘပေါ်ပြန်ပေါ်လာတယ် .အန်းနီးဝေးပေါ့ ကိုဏီ အိမ်အသစ်မှာကျန်းမာရွှင်လန်းစွာနဲ့စာတွေဆက်ရေးဖြစ်ပါစေ

ညီမ
စိန်စိန်တင်

MgMyo said...

သူ အားနာတတ်ပုံကလည်း ရာဇ၀င်နဲ့ ဗဲ့ာီျုွ့ဗဲ့ာဃှုြူးြာဏားဏာျးွု့န်ျွှ်ျွှာဗျွျှွှျာွှူံဝ်း)

စံပယ်ချို said...

လင့်အသစ်ပြန်လုပ်တာ အဟောင်းကသူငယ်ချင်းတွေပျက်ကုန်တယ် အဲတာနဲ့ခုသူများဆီလည်ရင်းတွေ့လို့တခါပြန်ချိပ်ရတာ မောထှာနော်
http://jasminesweet.blogspot.com/
အသစ်ဆိုပေမဲ့ အရင်ဒိုမိန်းမသုံးခင်ကအဟောင်းပေါ့
ရှိမရှိ မသိလို့ထားခဲ့တယ်နော်

ကလောကနေလို့ကောင်းတယ် မဟုတ်လား
ကိုဏီမိဘတွေကလဲ ချစ်တတ်ကြတယ်ကိုဏီကလဲသိတတ်တယ် ပျော်စရာကောင်းတဲ့မိသားစုလေးပဲ မေမေကိုတောင်လွမ်းမိသေးတယ်
် နောင်ဆိုရင်တော့ အဆက်မပြတ်ရေးပေါ့နော် အမလဲအားတိုင်းလာဖတ်မယ်

zin may said...

ကိုဏီရေ စာဝင်ဖတ်ရင်းပြုံးသွားတယ် ... ကိုဏီ ပူစီတံဆိပ်ကို တွေးသလို ညီမလည်း တွေးမိခဲ့ဖူးလို့ပါ ...


ခင်တဲ့
ဇင်လေး (ခ) ကဗျာလင်း

မိုးဇက် said...

ဟာ
ကိုဏီက လူပျိုကြီးပဲ
:D

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

လူပျိုကြီးရေ နေကောင်းလားခင်ဗျား