Monday, April 7, 2014

ရှေ့တိုး/ နောက်ဆုတ် သင်္ကြန်




နားထဲကြားနေရသော အနောက်တိုင်း ဒီဂျေသံစဉ်များက မြူးကြွလွန်းလှသလို ဆူလည်း ဆူညံလွန်းလှသည်ဟု ကျွန် တော်ထင်မိ၏။ အကယ်၍ တစ်စုံတစ်ယောက်က ဘယ်လောက်တောင် ဆူညံလို့လဲဟု မေးလာခဲ့မည်ဆိုပါစို့။ ကျွန်တော် ဖြေပါမည်။ ကျွန်တော့်ဘေးပတ်ဝန်းကျင်မှလူအားလုံး တစ်ယောက်နှင့်တစ်ယောက် စကားပြောချင်လျှင် အသံကုန်ဟစ်ကာ အော်ပြောကြရသည့်အထိပင်။

ဒါတင်မကသေး၊ ကျွန်တော်တို့ရေကစားမဏ္ဍပ်တွင် တပ်ဆင်ထားသော ဆောင်းဘောက်စ်ကြီးများမှာ ခုနှစ်လုံး၊ ရှစ်လုံးမျှရှိ နေတာမို့ ထိုဆောင်းဘောက်စ်ကြီးများထံမှ ထွက်လာသည့် ဘေ့စ်သံ တဒုန်းဒုန်းတို့ကလည်း ရင်ကို အရှိန်ပြင်းပြင်း တုန်ခါ စေနိုင်နေခဲ့သေး၏။ သို့သော် ကျွန်တော် ပျော်နေမိသည်။

“ဟေ့ကောင် နိုင်မိုး၊ ငါ့ရေပိုက် ခဏကိုင်ထားစမ်းကွာ၊ ဒီမှာ ဖုန်းလာနေလို့”

အလောတကြီးအော်ရင်း နံဘေးမှ ရဲနောင်က သူ့လက်ထဲမှ ရေပိုက်အား ကျွန်တော့်လက်ထဲသို့ အတင်းထိုးပေးလာသည်။ ကျွန်တော်လှမ်းယူလိုက်တော့ ရဲနောင်က သူ့လည်ပင်းမှာ ကြိုးဖြင့်တွဲလောင်းဆွဲထားသည့် ဖုန်းရေမစိုအောင် ထည့်ထား သော ပလတ်စတစ်အိတ်ပျော့ အကြည်လေးအား လက်မှကိုင်မြှောက်ကာ ရေကစားမဏ္ဍပ်နောက်သို့ ဆင်းပြေးသွား၏။

ထို့ကြောင့် ရေပိုက်နှစ်ချောင်းအား ဘယ်ညာ တစ်ဖက်စီ ဆုပ်ကိုင်လိုက်၏။ နောက်... ခန္ဓာကိုယ်အား ဒီဂျေတီးလုံးများနှင့် ဟန်ချက်ညီညီ စည်းချက်လိုက်ရင်း မဏ္ဍပ်ရှေ့ထိုးရပ်လာသော ရေပက်ခံကားပေါ်မှ လူများကို ရေပက်ဟန်ပြင်မိ၏။ ထိုစဉ် စောစောက အချမ်းပြေသောက်ထားသော ဘီယာ၏အရှိန်ဖြင့် ကျွန်တော့်ခန္ဓာကိုယ်က ယိုင်ခနဲ တစ်ချက်ဖြစ်သွားမိသည်။

“အိုး... ဘယ်လိုဖြစ်နေတာလဲ”
“ဆောရီး”

ကျွန်တော့်ဘေးတစ်ဖက်မှ ပေါင်ရင်းနားလောက်ရောက်သည့် အနားဖွာဂျင်းဘောင်းဘီတိုနှင့် စွပ်ကျယ်လိုမျိုး အင်္ကျီတိုတို လေးဝတ်ထားသော ရွယ်တူကောင်မလေးတစ်ယောက်၏ ငြိုငြင်စွာ အော်လိုက်သံကြောင့် ခပ်ကျယ်ကျယ်လေးအော်ကာ တောင်းပန်လိုက်ရသည်။ အခြားကြောင့်တော့ မဟုတ်။ ရှူးဖိနပ်ပျော့ပျော့လေးဝတ်ထားသော သူမ၏ခြေထောက်အား ရေ စိုခံရှူးဖိနပ်ဝတ်ထားသည့် ကျွန်တော့် ခြေတစ်ဖက်ဖြင့် မတော်တဆ တက်နင်းမိသွားတာမို့ပင်တည်း။

ပြောရမယ်ဆို ကျွန်တော်တို့လက်မှတ်ဝယ်ကာ ရေကစားရသောဒီမဏ္ဍပ်က ရန်ကုန်မြို့တွင်းမှ နာမည်ကြီးမဏ္ဍပ်တစ်ခုမို့ လူသိပ်စည်လွန်း၏။ မဏ္ဍပ်မျက်နှာစာတွင် တန်းစီကာ ရေပက်ကြရသူများမှာ တစ်ယောက်နှင့် တစ်ယောက်အသားချင်း ထိလုမတတ် ကျပ်တည်းနေခဲ့၏။ ထို့ကြောင့် အမှတ်တမဲ့ နင်းမိသွားခြင်းသာ။

သို့သော်... ထိုကောင်မလေးက ကျွန်တော့်အား သိပ်ပြီး ကျေအေးချင်ပုံမရ။ တော်တော်နာသွားဟန်ဖြင့် သူတပ်ထားသော မျက်မှန်အမည်းကြီးအားချွတ်ကာ ကျွန်တော့်အား မျက်စောင်းထိုး၏။ နောက်... ရေစိုသဖြင့် အချောင်းလိုက်စီ ကောက် ကောက်ကွေးကွေးဖြစ်နေသော ကျောလည်မရောက်တရောက် ဆံပင်များအား ၀ဲခနဲခါကာ သူမဟိုဘက်ဘေးမှ ကောင် တစ်ကောင်အား တီးတိုး တီးတိုးလုပ်သည်။ ထိုအခါ ကျွန်တော်နှင့် ရွယ်တူလောက်ရှိမည်ထင်ရသော ထိုကောင်က သူတပ် ထားသော မျက်မှန်အမည်းကြီးကိုချွတ်ကာ ကျွန်တော့်အား ဘုရှိုး၊ ရှိုးလာလေတော့သည်။

ဘုရား... ဘုရား၊ မတော်တဆလေး နင်းမိတာကို ဒီကောင်မလေး ဘာတွေများ ချဲ့ကားပြီးပြောလိုက်တာပါလိမ့်။

တွေးရင်း ကျွန်တော့်ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ဖြစ်နိုင်လျှင် သင်္ကြန်အတွင်းမှာ ကျွန်တော်ရန်မဖြစ်ချင်ပါ။ ပြီးတော့ ကျွန်တော်က ဒီမဏ္ဍပ်မှာ သင်္ကြန်ရက်အားလုံးစာ ရေပက်ခွင့်လက်မှတ်ဝယ်ကာ လာကစားသော်လည်း စောစောက ဖုန်း ပြောဖို့ထွက်သွားသော ရဲနောင်မှလွဲ၍ ဘော်ဒါတွေမရှိ။ အသိမိတ်ဆွေမရှိ။ ဒီနေ့မနက် မဏ္ဍပ်ကိုရောက်ရောက်ချင်း ရဲ နောင်က ကျွန်တော်နှင့်မျက်နှာစိမ်းသော  သူ့ဘော်ဒါတစ်ယောက်နှစ်ယောက်နှင့်တော့ ကျွန်တော့်ကို မိတ်ဆက်ပေးခဲ့သေး သည်။ သို့သော် သိပ်ရင်းနှီးမှုမရှိခဲ့သလို သူတို့ကိုလည်း အခု ကျွန်တော်မတွေ့ရတော့။ ဘယ်မှာ သွားမူးနေကြပြီလည်း မသိ။

နောက်ပြီး ဒီနေ့အကျနေ့မနက်မှ စကစားဖြစ်တာ နေ့ဝက်တောင် မကျိုးသေးတာမို့ မဏ္ဍပ်မှလူများနှင့်လည်း ရင်းနှီးဖို့မပြော နှင့် မျက်မှန်းတန်းမိရုံတောင် မရှိခဲ့သေး။

သင်္ကြန်အတွင်းမှာ ရန်ဖြစ်ကြပြီဟေ့ဆို.... ဆွမ်းကြီးဝိုင်းလောင်းတတ်ကြတာ ထုံးစံမဟုတ်ပါလား။ ပြီးတော့ ဒီနေရာမှာဖြစ် ရင် ကျွန်တော့်ဘက်က ကူမယ့်သူတစ်ယောက်မှ ရှိနိုင်မှာ မဟုတ်ဘူးဆိုတော့။

အရမ်းကြောက်တတ်သူ တစ်ယောက်မဟုတ်သော်လည်း ပတ်ဝန်းကျင်စိမ်းမှာမို့ ကျွန်တော့်စိတ်ထဲ စိုးရွံ့လာမိသလိုလို၊ အားငယ်လာသလိုလို ခံစားရ၏။ သို့သော် တော်သေးသည်ဟု ဆိုရမည်။ ထိုကောင်က ကျွန်တော့်ကို ဘုကြည့်ကြည့်ကာ နံ ဘေးမှ သူ့ကောင်မလေးနှင့် နေရာချင်းလဲလိုက်ရုံမှတစ်ပါး ဘာမှထပ်မတုန့်ပြန်လာခဲ့တော့။ ထို့ကြောင့် ကျွန်တော်လည်း လမ်းမဘက်မျက်နှာမူကာ မဏ္ဍပ်ရှေ့ထိုးရပ်လာသော ရေပက်ခံကားများအား ရေပိုက်ဖြင့် လိုက်ထိုးပက်နေမိတော့၏။

သို့သော် ကျွန်တော့်ခန္ဓာကိုယ်က ဒီဂျေတီးလုံးများနှင့်အတူ စည်းချက်မလိုက်မိတော့။ စိတ်ထဲတွင်လည်း မလွတ်လပ်တော့ ပဲ တစ်ခုခု ကျဉ်းကျပ်လာခဲ့ရသလိုလို ဘာလိုလို။

~~~@~~~

ကြာဇံကြော်ထည့်ထားသော ဖော့ဘူးလေးအား လက်မှကိုင်ကာ မဏ္ဍပ်နောက်ဘက်သို့ ကျွန်တော်ဆင်းခဲ့၏။ ကျွန်တော် တို့မဏ္ဍပ်၏ ထမင်းစားနားချိန်မို့ သူ့အုပ်စုနှင့်သူ ပျော်ရွှင်စွာ စားသောက်နေကြသူများအား ရေစိုစိုအ၀တ်များဖြင့် တွေ့ရ၏။ အချို့စုံတွဲတွေက လူမြင်ကွင်းမှာပင် တစ်ယောက်နှင့်တစ်ယောက် ဖက်လျှက် အပြန်အလှန် ယုယကြင်နာနေကြသည်။ သို့ သော် ထမင်းစားချိန်မနားခင်ကတည်းက ဖုန်းပြောဖို့ထွက်သွားခဲ့သည့် ရဲနောင်က အခုထိ ပြန်ရောက်မလာသေးပဲ ပျောက် ချက်သား ကောင်းနေခဲ့တာမို့ ကျွန်တော့်မှာတော့ အဖော်မရှိ။

ဖြစ်နိုင်လျှင် ဒီကောင့်ကို ဖုန်းဆက်ကာ “ဘယ်ရောက်နေလဲ”ဟု လှမ်းမေးကြည့်ချင်မိ၏။ သို့သော် ကျွန်တော့်မှာ ဖုန်းမပါ။ “ဖုန်းထည့်တဲ့အိတ်က ရေလုံပေမယ့် ရေငွေ့ရိုက်တတ်တယ်၊ ပျက်သွားရင် အသစ်လုံးဝ ထပ်မ၀ယ်ပေးနိုင်ဘူး။ ယူမသွားနဲ့” ဟု ခပ်ပြတ်ပြတ်ပြောခဲ့သော အမေ့စကားကြောင့် မထားချင်ပဲ အိမ်မှာ ထားခဲ့ရတာမို့ပင်။

အုပ်စုများနှင့် ခပ်လှမ်းလှမ်းမှ မြက်ခင်းပေါ်ထိုင်ချကာ လက်ထဲမှ ကြာဇံကြော်ဘူးလေးအားဖွင့်၏။ အသင့်ပါသော ကော်ဇွန်းဖြူဖြူလေးဖြင့် တစ်ဇွန်းခပ်စားလိုက်သည်။ လျှာပေါ်တွင် ဖွယ်တယ်တယ်နှင့် အရသာကင်းမဲ့မှုတစ်ခုအား အလုံး အရင်းခံစားလိုက်ရ၏။ ကြည့်စမ်း၊ မဏ္ဍပ်က အလကားကျွေးသည်ဆိုသော ကြာဇံကြော်ဟာ ဒါမျိုးလား။ သို့သော် ဗိုက်ဆာနေတာမို့ ၀င်သလောက်စားဖို့ ဆုံးဖြတ်မိသည်။

ထိုစဉ် ကျွန်တော့်နားထဲသို့ ဆူညံစွာ အော်ဟစ်ရယ်မောလိုက်သံတို့က စူးခနဲ ၀င်လာသည်။ အသံလာရာဆီ လှမ်းကြည့်မိ လိုက်တော့ စားရင်းသောက်ရင်း အချင်းချင်း စနောက်ပျော်ရွှင်နေကြသည့် လူတစ်စုအား တွေ့ရသည်။ ထိုအုပ်စုအား ငေးခ နဲ တစ်ချက်ဖြစ်သွားမိစဉ် တခြားအုပ်စုများ၏ တစ်ယောက်နှင့်တစ်ယောက် စနောက်သံများကို ထပ်ကြားရပြန်သည်။

ပတ်ဝန်းကျင်မှ အဖော်စုံသူတွေရဲ့ပျော်ရွှင်ရွှင်မှုက အဖော်မဲ့နေခဲ့သော လူတစ်ယောက်၏စိတ်ခံစားမှုကို သတ်ဖြတ်နိုင်စွမ်းရှိ ပါသလား။ ကျွန်တော် သေချာမသိပါ။ သို့သော် သူတို့၏ပျော်ရွှင်မှုက သင်္ကြန်မဏ္ဍပ်ကြီးတစ်ခုမှာ အဖော်မရှိပဲ တစ်ဦးတည်း ယောင်ချာချာ ဖြစ်နေခဲ့ရသည့် ကျွန်တော့်အတွက် အထီးကျန်သလိုလို ဘာလိုလို ခံစားစေနိုင်စွမ်းရှိတာ အမှန်ပင် ဖြစ်၏။

ဒါဆို.. သူငယ်ချင်းသွားရှာလေ။ သင်္ကြန်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် သိသိ မသိသိ၊ ပျော်ပျော်ရွှင်ရွှင် ခင်ခင်မင်မင်နဲ့ စနောက်နေကြရမယ့် အချိန်...ဟု ရင်တွင်းမှ ကိုယ့်ကိုယ်ကို တိုက်တွန်းစကား ဆိုမိ၏။ သို့သော် ကျွန်တော့်သိစိတ်တို့က လက်မခံပါ။

ဟုတ်သည်၊ သူတို့ပုံစံတွေကြည့်ရတာ ပိုက်ဆံရှိကြပုံတွေ။ ရွယ်တူ လူငယ်အချင်းချင်းမို့ သူတို့ ၀တ်စားထားသော အသုံး အဆောင်ပစ္စည်းများက သာမန်လူတန်းစားဖြစ်သည့် ကျွန်တော့်အ၀တ်အစားတွေထက် ဈေးကြီးမည်ဆိုတာ မြင်ရုံနဲ့ပင် ကျွန်တော်သိသည်။ နှိုင်းယှဉ်ကြည့်စရာ မလိုလောက်အောင် ကျွန်တော်နှင့် ကွာခြားလွန်းနေခဲ့၏။ ထို့ကြောင့် ကိုယ့်ဘက် က သဘောရိုးနဲ့ ခင်မင်ချင်လို့ မိတ်သွားဖွဲ့ရင်တောင် သူတို့တွေက ဘလိုင်းကြီး ဘာလာရောတာလဲ၊ ဘာလာကြောင်တာ လဲ၊ ဘာလုပ်ချင်လို့လဲ... ဟူသော မယုံသင်္ကာမျက်ဝန်းများနှင့် ကြည့်လာကြမှာ။ ထို့ကဲ့သို့ အကြည့်ခံရမည့်အစား တစ် ယောက်တည်းနေရတာက ပိုကောင်းလိမ့်မည်ဟု ကျွန်တော် ထင်ပါသည်။

သက်ပြင်းတစ်ချက်ချရင်း တစ်ဝက်ကျော်ကျော်ကျန်နေသေးသော ကြာဇံကြော်ဘူးအားဆက်မစားချင်တော့တာမို့ ပိတ်ကာ ဘေးချထားလိုက်သည်။ ပြီးနောက် မြက်ခင်းပေါ်မှထကာ ခပ်လှမ်းလှမ်းရှိ ယမကာများရောင်းနေသော ဆိုင်သေးသေးလေး သို့သွား၍ ဘီယာတစ်ဗူးနှင့် စီးကရက်တစ်ဗူးဝယ်ဖြစ်သည်။ တစ်ယောက်တည်း အဖော်မဲ့နေရသူ ကျွန်တော့်အတွက် ဒီနှစ် ခုက လောလောဆယ် အဖော်မွန်ကောင်း ဖြစ်လာနိုင်၏။

စောစောကနေရာလေးသို့ ပြန်လျှောက်လာစဉ် ကျွန်တော်ထိုင်ခဲ့သော နေရာလေးတွင် ရုတ်ရုတ်သည်းသည်း မြင်ကွင်းတစ် ခုကို တွေ့လိုက်ရ၏။ ရင်ထဲ ထိတ်ခနဲဖြစ်သွားမိပြန်သည်။ ကြည့်စမ်း... စောစောက ရယ်မောနေခဲ့သည့် အုပ်စုများထဲမှ အုပ်စုနှစ်စု၏ ရန်ပွဲဖြစ်နေခဲ့ပါလား။ ဘာကိစ္စကြောင့်ဖြစ်တယ်၊ ဘယ်သူတွေလည်း ဆိုတာကိုတော့ ကျွန်တော်မသိ။ ပြောရ မယ်ဆို ကျွန်တော်နှင့်သိသူတွေ တစ်ယောက်မှ မပါ။ တစ်ဖက်နှင့်တစ်ဖက် ဆွဲကြ၊ လွဲကြနှင့် ကြမ်းတမ်းစွာ အော်ဟစ်ဆဲ ဆိုနေခဲ့ကြသေး၏။

ချက်ချင်းဆိုသလို မဏ္ဍပ်ဘက်မှ လူတွေပြေးလာကာ ဖျန်ဖြေတာ တွေ့ရ၏။ သိပ်မကြာလိုက်။ ရန်ပွဲက ငြိမ်းသွားသည်။  နည်းနည်းပါးပါးတော့ ကွဲပြဲသွားကြသည်ထင်၏။ စောစောက ကျွန်တော်ထိုင်ခဲ့သော နေရာလေးသို့ပြန်အရောက်တွင် မြက် ခင်းပေါ်မှာ သွေးစက်တချို့ကို တွေ့လိုက်ရသောကြောင့်ပင် ဖြစ်သည်။ ကျွန်တော် မစားချင်တော့၍ ချထားမိခဲ့သော ကြာဇံ ကျော်ဗူးလေးမှာလည်း ရန်ပွဲကြားတွင် တက်နင်းခံလိုက်ရတာမို့ ကွဲအက်ကြေမွလို့ နေခဲ့လေတာ တွေ့လိုက်ရသေး၏။

~~~@~~~

က္ကစီကားနောက်ခန်းပြတင်းဝမှ တိုးဝင်လာသော တန်ခူးလေအေးတို့က ကျွန်တော့်မျက်နှာပေါ်သို့ တိုးဝေ့လာကြ၏။ သ င်္ကြန်အကျနေ့ ညနေခင်း၏စည်ကားနေဆဲ ရေစိုစိုမြင်ကွင်းများက ကားဘေးနှစ်ဖက်မှာ ရိပ်ခနဲ၊ ရိပ်ခနဲ ကျန်ရစ်ခဲ့ကြသလိုရှိ သည်။

“ပြတင်းပေါက် ပိတ်လိုက်ပါလား ငါ့ညီ။ တော်ကြာ ကူရှင်တွေ ရေစိုကုန်ဦးမယ်”
“ဟုတ်ကဲ့ အစ်ကို”

တက္ကစီမောင်းသူအစ်ကိုကြီး၏ သတိပေးစကားကြောင့် ကားပြတင်းမှန်ကို မတင်ချင်သော်တင်လိုက်ရ၏။ နောက်.. ထိုင်နေ သော ကားနောက်ခန်းမှ ကူရှင်ပေါ်တွင် ကျောမှီကာ ဖြေလျှော့ချလိုက်သည်။

မျက်လုံးများအား ခဏမှိတ်ထားလိုက်သည်။ ထိုစဉ် နေ့ခင်းတုန်းက အဖြစ်အပျက်များက ကျွန်တော့်အာရုံမှာ ထင်ဟပ်လာ ကြသလိုလို။

နေ့ခင်းတုန်းက ထမင်းစားချိန်နားပြီးနောက် ရေပြန်ပက်ချိန်တွင် ရဲနောင်က မဏ္ဍပ်သို့ပြန်ရောက်လာခဲ့၏။ သူ့ကို မြင်မြင် ချင်း အားတက်သရောဖြင့် အပြစ်တင်စကားပြောဖို့ ကျွန်တော်ကြိုးစားမိဆဲ...

“ဆောရီး နိုင်မိုးရာ၊ မနက်က ဖုန်းဆက်တဲ့ငါ့ဘော်ဒါတွေက သူတို့ကား ငါတို့မဏ္ဍပ်နားရောက်တော့ ငါ့ကိုဖုန်းဆက်လို့ ခဏ သွားတွေ့ရင်း သူတို့က ကားနဲ့လည်ဖို့အတင်းဆွဲခေါ်သွားလို့ ပါသွားတာကွ။ ထမင်းစားနားပြီးတော့ ငါက ဒီကိုပြန်လာမယ် လည်းလုပ်ရော သူတို့က ဒီတစ်နေ့လုံး သူတို့နဲ့လည်ရမယ်ဆိုပြီး ငါ့ကို ၀ိုင်းရစ်နေကြတာနဲ့ ငါလည်း ကတိပေးလိုက်ရတယ်။ ဒါပေမယ့် မင်းတစ်ယောက်တည်း ကျန်ရစ်ခဲ့တာ သတိရလို့ မင်းကို အခုပြန်လာပြီး ၀င်ခေါ်တာ။ လာကွာ... ငါနဲ့ ဒီညနေ ကားလိုက်လည်။ ငါ့ဘော်ဒါတွေက အေးဆေးပဲ။ မဏ္ဍပ်ကတော့ နက်ဖြန်မနက်မှ အတူတူ ပြန်ထိုင်ကြတာပေါ့”

ဟု ရဲနောင်က ဆိုလာခဲ့၏။ ထို့ကြောင့် မဏ္ဍပ်တွင် တစ်ယောက်တည်းငေါင်နေရမည့်အတူတူ ရဲနောင်ဘော်ဒါများကားဖြင့် ကျွန်တော်လိုက်ခဲ့မိ၏။ သူ့ဘော်ဒါတွေကလည်း ကျွန်တော်လိုက်လာတာကို မကန့်ကွက်တာမို့ စိတ်ထဲ ပေါ့ပါးပျော်ရွှင်သွား ခဲ့ရသေးသည်။

ပြည်လမ်းပေါ်အရောက်၊ လေးဖြူ၊ အငဲ၊ မျိုးကြီးတို့ပါသော အိုင်စီရှိုးပွဲရှိသည့် မဏ္ဍပ်ရှေ့ရောက်ခါနီးတွင် ကားတွေပိတ်နေ တာမို့ ကားပေါ်မှ အားလုံးလိုလို ဆင်းကြ၏။ ထို့ကြောင့် ကျွန်တော်လည်း လိုက်ဆင်းမိသည်။ နောက်... အဆိုတော် များသီချင်းဆိုရာ စတိတ်စင်ရှေ့သို့ကြိုသွားကာ ခုန်ပေါက်ပျော်ရွှင်စွာဖြင့် ကြိုတင်ရေပက်ခံကြ၏။

မဏ္ဍပ်တွင် တစ်မနက်လုံး မပျော်ခဲ့ရသော အရှိန်နှင့် အခုကားပေါ်တွင်သောက်ထားခဲ့သောအရှိန်၊ နှစ်ခုတို့ပေါင်းကာ ရေမှုန် ရေမွှားများကြားထဲခုန်ပေါက်၍ သင်္ကြန်အကျနေ့ညနေခင်းထဲ အတော်ကြာကြာ ကျွန်တော်စီးမျောပျော်ရွှင်သွားမိခဲ့သည်။ ကိုယ့်အရှိန်နှင့်ကိုယ် ခေါင်းမော့မကြည့်နိုင်လောက်သော ရေမှုန်ရေမွှားများကြားမှာမို့ ရဲနောင်အပါအ၀င် ကားပေါ်မှ တခြားလူများနှင့် လူစုကွဲသွားကြတာကို ကျွန်တော်သတိမထားမိလိုက်။

ထို့ကြောင့် ကားရပ်ထားရာနေရာဆီသို့ ပြန်ရောက်သောအခါ ကျွန်တော်စီးခဲ့သော ကားကိုလည်း မတွေ့ရတော့။ အနီးတစ် ၀ိုက်တွင် ကျွန်တော်အထပ်ထပ် လိုက်ရှာခဲ့သေးသည်။ သို့သော် လုံးဝမတွေ့ရတော့ပါ။ ကားထွက်ခါနီးတွင် ကျွန်တော့်ကို မတွေ့ရတာတာမို့ စောင့်မနေကြတော့ပဲ ချန်ထားရစ်ကာ ထွက်သွားနှင့်ခဲ့ကြလေပြီ။

ဘာရယ်မဟုတ်ပဲ ကျွန်တော့်စိတ်ထဲ ၀မ်းနည်းသွားမိ၏။ အားလည်း ငယ်မိသွားရသလိုလို။ မနက်တုန်းက ရေကစားခဲ့သော မဏ္ဍပ်သို့လည်း မပြန်ချင်တော့တာမို့ ပြည့်ကျပ်နေသော ကားတန်းကြီးထဲမှ ကျွန်တော်တစ်ယောက်တည်း လမ်းလျှောက် ထွက်လာခဲ့တာ။ နောက်... စည်ကားနေဆဲ သင်္ကြန်အကျနေ့ညနေခင်းအား ကျောခိုင်းခဲ့ကာ သင်္ကြန်အတွင်း ပုံမှန်ဈေး ထက်ပိုကြီးသော တက္ကစီတစ်စီးငှားစီး၍ အောင်မြင်စွာ အိမ်ပြန်ခဲ့ရတော့တာ။

ငြိမ့်ခနဲရပ်သွားသော တက္ကစီကားလေးကြောင့် ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်သည်။ တက္ကစီဆရာက နောက်လှည့်၍ ရောက်ပြီ၊ မင်းပြောခဲ့တာ ဒီနေရာမဟုတ်လားဟူသော အကြည့်ဖြင့် ကျွန်တော့်အား ကြည့်လာသည်။ မြောက်ဒဂုံမှ ကျွန်တော်တို့နေသော ရပ်ကွက်ထိပ်ရှိ လမ်းမကြီးပေါ် ရောက်နေခဲ့တာမို့ ခေါင်းငြိမ့်ပြကာ ကားအတွင်းမှ ကျွန်တော်ဆင်းလိုက်၏။ နောက်..တက္ကစီခရှင်းပေးရန် ဘောင်းဘီနောက်အိတ်ထဲမှ ပိုက်ဆံအိတ်အား ထုတ်လိုက်သည်။ သို့သော် ကျွန်တော့်အိတ်ကပ်ထဲတွင် ပိုက်ဆံအိတ်က မရှိတော့။ ဒါ... ဒါဆို ဘယ်နေရာမှာ ကျပျောက်ခဲ့ပြီလဲ။ မဏ္ဍပ်က မထွက်ခင်ကတော့ ရှိသေး၏။ ဒါဆိုရင် ပြည်လမ်းပေါ်က မဏ္ဍပ်ရှေ့မှာ ဂီတသံစဉ်တွေနဲ့အတူ ရေမှုန်ရေမွှားတွေကြား ရီဝေေ၀ဖြင့် ခုန်ပေါက်ပျော်ရွှင်နေမိတုန်း တစ်စုံတစ်ယောက်ယောက်ကများ ကျွန်တော့် ဘောင်းဘီအိတ်ထဲက နှိုက်ယူထားလိုက်တာလား။ ကျွန်တော် မတွေးတတ်တော့။ ပိုက်ဆံအိတ်မရှိတော့တာကတော့ သေချာလွန်းလှစွာ။

ဘာပဲဖြစ်ဖြစ်၊ လောလောဆယ် အရေးကြီးနေတာက တက္ကစီကားခရှင်းပေးရန်ကိစ္စ။

တက္ကစီဆရာကလည်း အခြေအနေကို ရိပ်မိသလိုပုံစံမျိုးဖြင့် ကျွန်တော့်အား စိုက်ကြည့်လာသည်။ သူ့ထံမှ အကြည့်တို့ကို ရှောင်လွှဲကာ ကျွန်တော်နှင့် လေးငါးဆယ်လှမ်းအကွာရှိ ရပ်ကွက်ထိပ်မှ အုန်းလက်မဏ္ဍပ်သေးသေးလေးဆီသို့ အားကိုး တကြီး လှမ်းကြည့်ဖြစ်သည်။ တွေ့ပါပြီ။ ဘာခမ်းနားမှုမှမရှိတဲ့ လမ်းဘေးမှ ယိုင်နဲ့နဲ့ အုန်းလက်မဏ္ဍပ်သေးသေးလေးထဲမှာ ရေတိုင်ကီလေးနှစ် လုံးအားရှေ့ချ၊ ရေဖလားများ၊ ရေပုံသေးလေးများဖြင့် ဖြတ်သွားသမျှကားများအား လက်ပြတားရပ်ခိုင်း ကာ ညာသံပေး၍ ရေလိုက်ပက်နေသော ကျွန်တော်တို့ရပ်ကွက်ထဲမှသူငယ်ချင်းတွေ။ ရေကစားရင်း ဆောင်းဘောက်စ် သေးသေးလေးနှစ်လုံးမှ ထွက်ပေါ်လာသော အနောက်တိုင်းသံစဉ်များအတိုင်း စည်းချက်လိုက်ရင်း ပျော်ရွှင်စွာ ကခုန်လို့။

“ခဏလေးနော်... အစ်ကို”
တက္ကစီဆရာအား ခွင့်ပန်ရင်း မဏ္ဍပ်ဘက်သို့လှည့်ကာ အားရပါးရ ကျွန်တော်အော်ခေါ်လိုက်သည်။

“ကျော်ဖြိုး၊ အောင်ဇော်၊ ချမ်းမြေ့... ဟေ့ကောင်တွေ”

ဆတ်ခနဲဆိုသလို သူတို့မျက်နှာများက ကျွန်တော့်ဘက်လှည့်လာကြ၏။ နောက်... ရေပုံးသေးသေးလေးများအား ဆွဲကာ ကျွန်တော့်ထံသို့ ပြေးလာကြ၏။ အနားအရောက်တွင် ညာသံပေး၍ ကျွန်တော့်အား ခေါင်းပေါ်မှနေ အားရပါးရ ၀ိုင်းလောင်း ကြလေတော့သည်။ ကျွန်တော့်တစ်ကိုယ်လုံး အေးခနဲ။ တစ်နေ့လုံး ညစ်နေမိသော စိတ်တို့လည်း အဝေးသို့ လွင့်စင်သွား ကြသလိုလို။

“ခဏ.. ခဏ နေကြဦးကွာ။ ဒီမှာ ငါတက္ကစီခရှင်းပေးဖို့ ပိုက်ဆံမရှိလို့ မင်းတို့ကို လှမ်းခေါ်လိုက်တာ။ ငါ့ပိုက်ဆံအိတ် ပျောက်ခဲ့လို့ကွ။ မင်းတို့မှာ ရှိသမျှ ငါ့ကို ခဏချေးထားစမ်းကွာ”

ကျွန်တော့်စကားအဆုံးတွင် သူတို့က ရေပုံးများအား အသံစုံမြည်သွားအောင် ခြေရင်းပစ်ချကြ၏။ နောက်... သူတို့အိတ် ကပ်ထဲမှ ရှိသမျှ ရေစိုစိုပိုက်ဆံလေးများအား ကမန်းကတမ်းရှာကာ ကိုယ်စီထုတ်ပေးလာကြသည်။

ပိုက်ဆံများအား စုပေါင်းကာ ကျသင့်ငွေအား တက္ကစီဆရာလက်ထဲ ကျွန်တော်ထည့်ပေးလိုက်၏။ ပိုသောပိုက်ဆံများအား သူတို့လက်ထဲ ပြန်ပေးသောအခါ...

“ဒီပိုက်ဆံတွေ မင်းခဏယူထား နိုင်မိုး။ ပြီးရင် နည်းနည်းထပ်ဝယ်ဖို့။ အခု လက်ကျန်လေးတွေ ကုန်တော့မယ်ကွ”
“ဟုတ်တယ်၊ အခု မင်းပြန်လာပြီဆိုတော့ ငါတို့သူငယ်ချင်းတွေစုံစုံညီညီ ပျော်ရတော့မယ့်အတွက် ထပ်ဝယ်ပြီး အတူတူ ကစ်ရမယ်”
“အဲ့ဒီပိုက်ဆံတွေ အကုန်လုံးသာ ၀ယ်ပစ်ကွာ”

သူတို့က တစ်ယောက်တစ်ပေါက်။ သို့သော် ကျွန်တော် ဘာဖြစ်လာသလဲ၊ ဘာဖြစ်လို့ အစောကြီးပြန်လာခဲ့သလဲ သူတို့က မမေးကြ။ ကျွန်တော့်ပခုံးအား တစ်ဖက်တစ်ချက်စီမှ အလုအယက်ဖက်ကာ မဏ္ဍပ်လေးဆီသို့ ဆွဲခေါ်သွားကြ၏။ အလိုက် သင့်ခြေလှမ်းများဖြင့် သူတို့ခေါ်ရာနောက်လိုက်ရင်း၊ သူတို့စကားများအား နားထောင်ရင်း ကျွန်တော့်စိတ်ထဲ ၀မ်းနည်းသွား မိသည်။ တစ်နေ့လုံး တင်းထားသမျှစိတ်တို့က ပြိုလဲချင်လာမိသလိုလို။ ထို့ပြင် သူတို့အပေါ်မှာလည်း အားနာမိလာရသလို လို။

ဟုတ်သည်။ သင်္ကြန်မတိုင်ခင်က “သင်္ကြန်မှာ ပိုက်ဆံတွေ သိပ်မသုံးနိုင်ပါဘူးကွာ” ဟုဆို၍ ရပ်ကွက်ထိပ်မှာပင် အုန်းလက် မဏ္ဍပ်လေးဆောက်ကာ ရေအတူပက်ကြဖို့  ကျွန်တော့်အား ဒီကောင်တွေ တိုင်ပင်ခဲ့သည်။ သို့သော် ကျွန်တော်က ငယ်သူ ငယ်ချင်းဖြစ်သော ဒီကောင်တွေကို ငြင်းပယ်ကာ ကြီးမှ တက္ကသိုလ်မှာခင်ရသည့် ရဲနောင်အားကိုးဖြင့် ကိုယ်နဲ့အလွှာမတူ သည့် နာမည်မဏ္ဍပ်ကြီးတစ်ခုမှာထိုင်ဖို့ စိတ်ကူးမိခဲ့တာ။ မရှိမဲ့ ရှိမဲ့ ပိုက်ဆံလေးများအားစု၊ နောက်... အမေ့ထံမှ အငြိုငြင် ခံတောင်းကာ မဏ္ဍပ်ဖိုးအတွက် ပိုက်ဆံတွေအများကြီး သုံးခဲ့မိတာ။ ရှိတဲ့အထဲက အကောင်းဆုံးဖြစ်မယ်ထင်သော အ၀တ် အစားလေးတွေကိုဝတ်ပြီး ခမ်းနားတဲ့မဏ္ဍပ်ကြီးထဲက အလွှာမတူတဲ့ လူတွေကြားမှာ ပထမဦးဆုံးအကြိမ်အဖြစ် ပျော်ဖို့ ကြိုး စားမိခဲ့တာ။

သို့သော် ကျွန်တော်ရရှိခဲ့တာကတော့.... အေးစက် စိမ်းကားမှု၊ သိမ်ငယ်မှု၊ စိုးရိမ်ထိတ်လန့်မှု၊ နောက်... အစွန့်ပစ်ခံတစ် ယောက်လို။ ပြီတော့... ဆုံးရှုံးမှု။ ဒါတင်မကသေး... ရဲနောင်။ ငယ်သူငယ်ချင်းနဲ့ ဘော်ဒါဆိုတာ ဒီလိုပုံစံမျိုးတွေ ကွဲပြား တတ်ကြသေးသလား။

မဏ္ဍပ်လေးအောက်သို့ရောက်လာသည်။ ဆောင်းဘောက်စ်သေးသေးလေးများမှတစ်ဆင့် ကျွန်တော့်နားစည်ကို လာရိုက် ခတ်ကြသော အနောက်တိုင်းသံစဉ်တို့က ကျွန်တော့်နားထဲ မဏ္ဍပ်ကြီးမှဖွင့်သော ဒီဂျေတီးလုံးများထက် ပိုမိုတက်ကြွ၍ ရင် ခုန်ချင်စရာ ကောင်းနေခဲ့သလိုလို။ ရေစိုစို သင်္ကြန်အကျနေ့ညနေခင်းကတော့ နေညိုလုလု။ သို့သော် လမ်းမပေါ်မှာတော့ ရေပက်ခံ ကားငယ်လေးများက ဖြတ်သန်းသွားနေကြဆဲ။ မဏ္ဍပ်ထဲမှ ကျွန်တော့်သူငယ်ချင်းများကလည်း လာသမျှကား လေးများအား ခုန်ပေါက်ကရင်း လက်ပြတားကာ တ၀ုန်းဝုန်းဖြင့် ပျော်ရွှင်စွာ ရေပက်ကစားနေကြဆဲ။

တစ်ယောက်က ကျွန်တော့်လက်ထဲသို့ တစ်ပိုင်းပြတ် ပလတ်စတစ်ပုံးလေးတစ်ပုံး လာပေး၏။ ပလတ်စတစ်ပုံးလေးအား ငုံ့ကြည့်ကာ ရေတိုင်ကီထဲနှစ်ခပ်ရင်း ကျွန်တော်နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိသည်။ စိတ်တို့ ရွှင်လန်းလာမိသည်။

မနက်ဖြန် အကြတ်နေ့နှင့် သဘက်ခါ အတက်နေ့များတွင်...။           

---------------------------------------------------------------------------------------------------------------------------------
မကြာခင်ရက်ပိုင်းအတွင်း ရောက်ရှိလာတော့မယ် ၂၀၁၄ခုနှစ် သင်္ကြန်အတွက် အမှတ်တရရေးမိတဲ့ ၀တ္ထုလေးနဲ့အတူ ခင်မင်လေးစားရတဲ့ စာဖတ်သူများအားလုံးနဲ့ စာရေးဖော်မောင်နှမများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုတောင်းပေးပါရစေ ခင်ဗျာ။ အားလုံး ပျော်ရွှင်အောင်မြင်သော နှစ်သစ်ဖြစ်ကြပါစေ။     

-----------------------
ချစ်ခြင်းအားဖြင့်....
ဏီလင်းညို
၀၅၊ ဧပြီ၊ ၂၀၁၄။
စနေနေ့။
(၂၀း ၁၀) နာရီ
ရန်ကုန် - မြန်မာပြည်။
(ရှေ့တိုး/ နောက်ဆုတ် သင်္ကြန်)

**** ပုံလေးကို အင်တာနက်မှ ယူသုံးပါတယ်ခင်ဗျာ။ မူရင်းရိုက်ခဲ့သူကို ခရက်ဒစ်ပေးပါတယ်။

11 comments:

Hay Ko said...

ကိုဏီ ပြီးတဲ.အထိ ဆွဲခေါ်သွားတာ ကောင်းလိုက်တာ

ဖြစ်တတ်ပါတယ်ကိုဏီ

သင်္ကြန်မှမဟုတ်ပါဘူး နေရာတိုင်းမှာ အသစ်ကိုမြင်ပြီး အသစ်ကိုသုံးမှ ခောတ်နဲ.ညီမယ်လို.ထင်နေကြတဲ.သူတွေရဲ. ဖြစ်ရပ်လေးတွေပါ
နောက်ဆုံးမှာတော. နေရာဟောင်းလေးက အကောင်းဆုံးပါဘဲ :)

Zin Lay said...

ငယ်ပေါင်းသူငယ်ချင်းဆိုတာ ဘယ်တော့မှ မဟောင်းတဲ့ အကောင်းဆုံးသူငယ်ချင်းပါ ... ကိုဏီ ....
ကိုဏီဘလော့ထဲ အလည်လာသွားပါတယ် ..
(Zin Lay)

ayesnake said...

ကောင်းတယ် ကဏီ
စာရေးသူက ဆွဲခေါ်သွားလိုက်တာ
ဝမ်းနည်းမှုပေါင်းစုံကို ခံစားလိုက်ရတယ်။

Ma Tint said...

မောင်ဏီ့ဆီကနေ စာအရေးအသားလေးတွေ အတုယူချင်ပေမယ့် ပါရမီက အဲ့ဒီလောက်မပါဘူးကွယ်။
အားကျလို့ သင်္ကြန်ပို့စ်တစ်ပုဒ်တော့ တင်လိုက်ပြီ။

မေတ္တာဖြင့်
တီတင့်

ဆွေလေးမွန် said...

ဆွေလေးမွန်လဲတူတူပဲ..တစ်ကယ့် ကိုယ့်ရဲ့ ငယ်သူငယ်ချင်းတွေနဲ့ ဆော့ရတဲ့ သင်္ကြန်ကိုပဲ မြတ်နိုးတယ်..
အဲလိုခံစားချက်မျိုး တစ်နှစ်ဖြစ်ဘူးတယ်..
သူငယ်ချင်းတွေကခရီးထွက် ဆွေလေးမွန် ကငေါင်တောင်တောင်ကျန်ခဲ့တဲ့ နှစ်..

မြသွေးနီ said...

ကိုဏီပို့စ်ဖတ်ပြီး သင်္ကြန်ပို့စ်တစ်ပုဒ်တောင် ရေးချင်လာမိတယ်။ နားထဲမှာ တူးပို့သံတွေတောင် ညံလာရဲ့။

အိမ့်ချမ်းမြေ့ said...

သင်္ကြန်ရိုးရိုးလေး..... :)

ထရီဆာ said...

ဒါလေးက ကိုယ်တွေ့ကို အခြေခံရေးထားတာနဲ့ တူတယ်၊ ကိုဏီလင်း မနှစ်ကလားတော့ သေချာမမှတ် မိတော့ဘူး၊ သင်္ကြန်မှာ ကားနဲ့လည်ရင်း အပြန် ပိုက်ဆံအိတ် နှိုက်ခံထိတယ်လို့ ရေးဖူးတာလေးကို အခု ဒီပို့စ်ဖတ်ရင်း တွေ့လိုက်ရလို့၊ ဟုတ်တယ်၊ ထရီဆာလဲအရင်က ကားနဲ့လည်တယ်၊ နောက်တော့လဲ လမ်းထိပ်က အုန်းလက်မဏ္ဍပ်မှာပဲ ကလေးတွေရေကစားတာကို ထိုင် ထိုင်ကြည့်ဖြစ်တော့တယ်၊
(ဒီနှစ် စွယ်တော်ဘက်ရောက်ရင် လာခဲ့လေ...ရေပက်ရမယ်...:P)

~ဏီလင်းညို~ said...

ထရီဆာ >>> ကိုယ်တွေ့မဟုတ်ပေမယ့် ကြုံဖူး ကြားဖူးတဲ့ အဖြစ်လေးတွေကို စုစည်းရေးလိုက်တာပါ။ ရေးရင်းနဲ့ မနှစ်တုန်းက ကိုဏီတို့ကားလည်ရင်း ပြည်လမ်းပေါ်က လေးဖြူမဏ္ဍပ်ရှေ့မှာ ပိုက်ဆံအိတ်ပျောက်သွားတဲ့ ညီလေးနှစ်ယောက်အကြောင်း သတိရလာလို့ ထည့်ရေးလိုက်တာပါဗျာ..... :)

နှင်းနုလွင် said...

သင်္ကြန်ရဲ့ ဆွတ်ပျံ့ဖွယ် အငွေ့အသက်တွေနဲ့အတူ သူငယ်ချင်းတွေရဲ့ ရင်းနှီးကျွမ်းဝင်မှုတွေကို ဖော်ကျူးထားတဲ့ ပို့စ်ကောင်းလေးတစ်ပုဒ်ကို လာဖတ်သွားပါတယ် ကိုဏီ။

Anonymous said...

ဆယ်စုနှစ်မက ကျန်ခဲ့တဲ့ သင်္ကြန်ကာလ တွေ ဆီ တောင် စိတ်ရောက်သွားတော့တယ်။

လာရောက်ဖတ်ရှု အားပေးသွားပါတယ် ကိုဏီလင်းညို