Sunday, December 5, 2010

ထို့ကြောင့်....




တိတ်ဆိတ်ငြိမ်သက်သလိုရှိနေခဲ့လေသော ညဥ့်နက်ချိန်တစ်ခုထဲတွင် ကြယ်ကလေးများကတိုးခတ်စွာ လင်းလက်နေခဲ့ကြ၏။ ညသည် နှင်းရည်စက်များဖြင့် စိုလက်နေခဲ့သလိုရှိနေခဲ့ပြန်လေသည်။ ထို့အပြင် မှုန်ဖျ ဖျဖြင့် ကြိတ်ကာတိုက်ခတ်တတ်လေသော ညဥ့်လေပြေအချို့ကြောင့် ရံဖန်ရံခါအချိန်များတွင်မူ ညက ငိုက် မြည်းနေရာမှ ခေါင်းထောင်ကာ ကြည့်တတ်ပြန်သေး၏။

တောင်စောင်းတစ်လျှောက်ကို ပတ်ကာယက်ဖောက်ထားခဲ့သော တောင်တက်မြေနီလမ်းမလေးပေါ်တွင် သူ တစ်ယောက်တည်းဖြည်းညင်းစွာဖြင့် လျှောက်လှမ်းနေခဲ့မိသည်။ ကောင်းကင်မှ မှိန်ပြပြကြယ်က လေးများ၏ ပံ့ပိုးမှုတစ်ခုဖြစ်သော အလင်းရောင်ငယ်လေးများကြောင့် သူ့ရှေ့မှ ကွေ့ကွေ့ကောက်ကောက်နိုင်လွန်းနေခဲ့ သော လမ်းကလေးကိုေ၀၀ါးခြင်းအနည်းငယ်စွက်လျှက်မြင်တွေ့နေခဲ့ရ၏။ သူ၏ဘေးတစ်ဖက်ခြမ်းတောင် နံရံစောင်းတစ်လျှောက်တွင်အလေ့ကျပေါက်ပင်လေးများရှိသည်။ ထို့အတူ ရိုးသားစွာပွင့်လန်းဖျာတတ်သော တောပန်းပင်ကလေးများလည်းရှိသေးသည်။ သူ၏ညာဖက်လမ်းအစွန်ဖက်တွင်မူ ခပ်နက်နက်လျှိုမြောင်များ၊ ချောက်များက အစဉ်အမြဲလိုလို ယှဉ်တွဲကာလိုက်ပါနေခဲ့သလိုရှိခဲ့ကြ၏။

ထို့ကြောင့် တောင်ပတ်မြေနီလမ်းလေးတစ်လျှောက်တွင် သူလျှောက်လှမ်းနေမိခဲ့ရင်း ဘယ်ဖက်တောင်နံရံ ဆီမှတောပန်းကလေးများ၏ အဆင်း၊ ရနံ၊ အလေ့ကျပေါက်ပင်လေးများ၏ မာယာမဲ့သော အသွင်သဏ္ဍာန် စသည်တို့ကို ကြည်နူးနှစ်သက်စွာခံစားမိရသလို၊ တစ်ခါတရံတွင်တော့ တစ်ဖက်ခြမ်းမှချောက်နက်နက်များ ရှိရာ အမှောင်ထုဆီသို့ အမှတ်မထင်ငေးမိရင်း ခပ်ဖွဖွကျောချမ်းမိတတ်ပါသေးသည်။ သို့သော်လည်း နွမ်းလျ ၊ ယိုင်နဲ့ချင်နေပြီဖြစ်သောခြေလှမ်းများကို (ရံဖန်ရံခါတွင်)တရွတ်ဆွဲကာသယ်ဆောင်လျှက် သူဆက်လျှောက် နေမိဆဲဖြစ်ရ၏။

ဒီလမ်းကလေးပေါ်မှာ သူလျှောက်လှမ်းခဲ့တာကြာမြင့်ခဲ့ပြီဖြစ်သည်။ သူ့ခြေ၊ သူ့လက်စသည်တို့သည် အရည် ခမ်းကာ ပိန်လှီခြောက်ကပ်နေသလိုဖြစ်နေခဲ့ရပြီ။ ထို့အတူ သူ၏ခါးသည်လည်း မတ်မတ်မထားနိုင်တော့ပဲ အတန်ငယ်ကိုင်းနေခဲ့သယောင်ရှိခဲ့ရပြီဖြစ်၏။ ကာလအတော်ကြာအောင် ဆီနှင့်ဝေးခဲ့လေသော သူ့ဆံပင် များသည်လည်း သွေ့ခြောက်စွာဖြင့် ဖရိုဖရဲ၊ ဖွာဆန်ကျဲကာ အဖြူတစ်ဝက်ရောယှက်နေခဲ့ရလေပြီ....။

“အဖိုးကြီး”.....

ဒီလမ်းကလေးပေါ်တွင် သူ့ဘေးနားက ဖြတ်သန်းသွားလာခဲ့ကြသူအချို့၏ခေါ်သံကို နားထဲပြန်ကြားယောင် မိလာသည်။ ထိုကဲ့သို့သော ခေါ်သံကြားရတိုင်း၊ အခေါ်ခံရတိုင်း နွမ်းလျနေခဲ့သောမျက်နှာဖြင့် ခပ်သဲ့သဲ့ပင် သူ ပြန်ပြုံးပြမိတတ်၏။ တကယ်တော့ သူသည်အဖိုးကြီးတစ်ယောက်မဟုတ်ခဲ့သေးပါ။ နုနယ်ပျိုမြစ်ခြင်းများ သည် သူ့ရင်ထဲမှ ပျံသန်းမသွားကြသေး။ သို့သော် သူ၏သွင်ပြင်လက္ခဏာကြောင့် “အဖိုးကြီး”ဟု အခေါ်ခံ ရတာကိုလည်း စိတ်ထဲတွင်ဘယ်လိုမှမနေခဲ့ပါ။ လူတိုင်းတွင်(ကိုယ်မဟုတ်သောတစ်ဖက်သားကို) အပေါ်ယံ ရှပ်ကြည့်ပြီးကြိုက်သလိုထင်မြင်ယူဆခွင့်ရှိသည်ဟုသူထင်မိ၏။သဘာဝတရားကပေးအပ်ခဲ့သောလက်ဆောင် တစ်ခုလားတော့ သူမပြောတတ်တော့ပါ....။

~~~~~@@@~~~~~

လေပြေသည် တိုးညင်းစွာပင် တိုက်ခတ်လျှက်ရှိနေခဲ့သေး၏။ ကောင်းကင်တွင် ကြယ်ရောင်တို့စုံခဲ့လေ ပြီ။ အလင်းမဲ့ညတို့ ပျက်သုန်းချိန်တန်ခဲ့ပြီလားကွယ်။ ကျေးဇူးပြုပြီး လိပ်ပြာလှလှလေးတွေအတွက် ချိုမြမြ၀ိုင် တစ်ခွက်ကို ဖျော်စပ်ခွင့်ပေးကြပါ။ ရာသီဆိုးတွေကို ခုတ်ပိုင်းပစ်ဖို့အတွက် အက်ဆစ်ဓားတစ်လက် ဘယ်နေ ရာမှာ ရောက်နေခဲ့ပါသလဲ။ မျက်နှာဖုံးအတုတွေဟာ တစ်ခါတလေမှာ အစစ်နဲ့ခွဲခြားဖို့ ခက်ခဲလွန်းလှချည့်..။ ချိုးငှက် ဖြူဖြူလေးရဲ့အတောင်ပံတစ်စုံကို ငါ့နှလုံးသားထက်မှာ ဆင်မြန်းခွင့်ပေးပါတော့....။

~~~~~@@@~~~~~

တောင်တောင်အီအီတွေးတောရင်း............ဟိုဟိုဒီဒီငေးမောရင်း သူဆက်လျှောက်နေမိခဲ့လိုက်၏။ ထိုစဉ် သူနှင့်ဝေးကွာလွန်းနေဆဲဖြစ်သော တောင်ထိပ်ဖျားရပ်ဝန်းရှိ ပွဲတော်ဆီမှဂီတသံခပ်သဲ့သဲ့ကို လေပြေ တစ်ချက်အဝှေ့တွင် နားထဲကြားလိုက်မိရသည်။ ထိုအခါ သူ့ခြေလှမ်းများက တရွတ်ဆွဲသွားနေရာမှ အနည်း ငယ်သွက်လက် မြန်ဆန်သွားသလိုရှိသွား၏။ နေ အစင်းစင်း၊ လ အစင်းစင်း ၀င်ချည်ထွက်ချည်ရှိနေခဲ့သော ကောင်းကင်တစ်ခုအောက်ရှိ ဒီလမ်းကလေးထက်တွင် သူဦးတည်လျှောက်လှမ်းနေခဲ့မိသည်က ထိုပွဲတော် ဆီသို့သာဖြစ်ခဲ့ပါ၏။ ထိုကဲ့သို့လျှောက်လှမ်းနေခဲ့စဉ်တွင် ရံဖန်ရံခါဆိုသလို ဆီးနှင်းပွင့်များက ပြင်းတစ်လှည့်၊ ညှင်းတစ်လှည့်ရိုက် ခတ်တတ်ကြသည်။ မိုးစက်များကလည်း ထိုနည်းတူစွာပင် သူ့ခန္ဓာကိုယ်ပေါ်သို့ ရိုက် ခတ်တတ်ကြသေး၏။ ပူလောင်စူးရှလွန်းသောနေရောင်ခြည်တန်းများကိုတော့ဖြင့် သူအမှုမထားခဲ့ရတော့ပြီ။

“ဟေ့....အဖိုးကြီး”.....

နောက်ကျောဖက်ဆီမှ ခေါ်သံကြောင့်သူလှည့်ကြည့်မိလိုက်၏။ ကြယ်အလင်းရောင်ခပ်လဲ့လဲ့အောက်တွင် သူ့ဆီသွက်လက်စွာလျှောက်လှမ်းလာနေခဲ့သော လူရွယ်တစ်ဦးကို ဝေသီသောမျက်ဝန်းများဖြင့် တွေ့လိုက်ရ သည်။ ထို့ကြောင့် ခြေလှမ်းများကို တုန့်ဆိုင်းလိုက်ကာ ထိုလူရွယ်ကိုရပ်စောင့်နေလိုက်မိ၏။ ခဏတာ အ တွင်းမှာပင် သူအနီးသို့ ထိုလူရွယ်ရောက်လာခဲ့တော့လေသည်။ အေးစက်စွာ သွေ့ခြောက်အက်ကွဲနေခဲ့ သောနှုတ်ခမ်းတို့ကို လျှာဖြင့်တစ်ချက်သိမ်းလိုက်ရင်း နှုတ်ခွန်းဆက်စကားတစ်ခွန်း သူခပ်တိုးတိုးဆိုမိခဲ့၏။

“ကောင်းသော အချိန်အခါပါ.......မိတ်ဆွေ”.....

“ကျုပ်အတွက်ဆိုရင် အဲ့ဒီစကားကို ခင်ဗျားပြောစရာမလိုပါဘူးဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ ကျုပ်အတွက် အချိန်အခါကောင်းဆိုတာဟာ ကျုပ်လက်ထဲမှာ အမြဲရှိနေတာမို့ပဲဗျ....။ ဟဲ....ဟဲ”......

မခိုးမခန့်ရယ်သံစွက်ကာ ပြန်ပြောလိုက်သော လူရွယ်၏စကားကြောင့် သူမှင်တက်မိသလိုဖြစ်သွားရ၏။ တစ် ဦးနဲ့တစ်ယောက်တွေ့ဆုံခိုက် လောက၀တ်တရားအရ နှုတ်ခွန်းဆက်စကားပြောသည်ကိုပင်ထင်ရာပြန်ပြော လိုက်တာမို့ စိတ်ထဲတွင် အနည်းငယ်အံ့သြသွားမိခြင်းတစ်ခုရယ်သာပင်။ ကျန်တာဘာမှမရှိခဲ့။ သို့သော် လူ ရွယ့်ကို သူတစ်ချက်လှမ်းကြည့်မိလိုက်သည်။ လူရွယ်၏မျက်လုံးများသည် ကြယ်ရောင်အောက်တွင် တဖျတ် ဖျတ် လက်ပနေခဲ့လေတာကို တွေ့လိုက်ရ၏။

သူ့အကြည့်ကြောင့်ထင်၏။ လူရွယ်က ပြုံးချိုသောမျက်နှာထားဖြင့် စကားတစ်ခွန်းကို ခပ်သွက်သွက်ဆိုသည်။

“ထားပါတော့ဗျာ....၊ ကျုပ်ကလူတွေအတွေးမှား အမြင်မှားဖြစ်နေကြမှာစိုးလို့...၊ အဲ့သလိုမျိုးတွေကိုလည်း မြင်ရရင် မနေနိုင်တဲ့အကျင့်ရှိလို့ပါ....။ ဘာပဲဖြစ်ဖြစ် ဒီလမ်းမှာခင်ဗျားနဲ့အတူတူခရီးသွားဖော်ဖြစ်ရမှာကို တော့ဝမ်းသာမိပါတယ်...။ နေပါဦး....ခင်ဗျားလည်း ပွဲတော်ဆီကို သွားမှာပဲမဟုတ်လား”.....

“ဟုတ်ပါတယ်”.....

ခပ်တိုးတိုးပြန်ဖြေရင်း ခြေတစ်လှမ်း သူစတင်လှမ်းလိုက်မိခဲ့တော့သည်။ ထိုအခါ လူရွယ်ကလည်း သူ့နံဘေး နားမှနေ လိုက်ပါယှဉ်တွဲလျှောက်နေခဲ့တော့၏။ လူရွယ့်ကို ငဲ့စောင်းကာတစ်ချက်ကြည့်မိရင်း သူ့စိတ်ထဲ တွေးမိလိုက်သည်။ “အများကို စိတ်ချမ်းသာစေချင်ရင် ကိုယ်ကိုယ်တိုင်စိတ်ချမ်းသာအောင် နေတတ်ရမည်၊ အများကို ကောင်းစေချင်လျှင် ကိုယ်ကိုယ်တိုင်ကောင်းအောင်အရင်နေထိုင်ကျင့်ကြံရမည်”.....ဆိုသော သ ဘောတရားတစ်ခုကိုသာဖြစ်ပါ၏။ ထို့ထက်ပိုစွာ......သူဆက်မတွေးတတ်တော့ပါ။

တိတ်ဆိတ်ခြင်းက သူတို့နှစ်ယောက်ကြားတွင် တခဏမျှကြီးစိုးသွားခဲ့၏။ တစ်ဦးအသက်ရှူသံကိုပင် တစ်ဦး က ပြန်ကြားနေရပါသည်။ အတန်ကြာတော့ လူရွယ်က စကားစဆို၏။

“တစ်ကယ်တော့ ပွဲတော်မှာနွှဲပျော်ရမဲ့အရသာဟာ ဘာလည်းဆိုတာ ကျုပ်သိပ်သိချင်လှတယ်ဗျာ။ ဘာဖြစ် လို့လည်းဆိုတော့ ကျုပ်သူငယ်ချင်းအတော်များများကပြောကြတယ်၊ ကျုပ်သာပွဲတော်ထဲကို ရောက်သွားရင် အရင်ရောက်နှင့်နေတဲ့သူတွေအကုန်လုံး ငုပ်လျှိုးသွားနိုင်တယ်တဲ့လေ။ ပြီးတော့ ကျုပ်ကိုယ်ကျုပ်လည်း ယုံ ကြည်မှုအပြည့်အ၀ရှိတယ်ဗျ။ ဒီမှာကြည့်ပါလား ကျုပ်ဝတ်ထားတဲ့ ၀တ်ရုံကို၊ ဘယ်လောက်များ ခမ်းနား လိုက်သလဲလို့”......

ပြောပြောဆိုဆိုဖြင့် လူရွယ်က သူ့ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြ၏။ ဟုတ်သည်၊ လူရွယ်ပြောသလိုပင်ဝတ် ရုံက ဆန်းပြားလှချေ၏။ အရောင်သွေးစုံ ကျောက်သံပတ္တမြားတို့သည် အောက်ခံဖျင်စပေါ်တွင် သူ့နေရာ နှင့်သူ လှပစွာလက်ဖျာနေခဲ့ကြ၏။ အောက်ခံဖျင်စမှာလည်း မြင်ရုံဖြင့်အမျိုးအစားကောင်းပြီး အဖိုးထိုက် တန်ပုံပေါ် လွင်နေခဲ့သေးပါသည်။ ပုံစံမှာလည်း အများသူငါတို့နှင့်မတူ..။ အတော်ပင် ခပ်ဆန်းဆန်း နိုင်လွန်း လှ၏။

“ဟုတ်ပဗျာ....။ တယ်ဟုတ်တဲ့ ၀တ်ရုံပဲဗျ”.....

အံ့သြစွာဖြင့် သူချီးမွမ်းမိလိုက်သည်။ သူ့စကားကြောင့် လူရွယ်ကကျေနပ်ညွှတ်နူးစွာပြုံးရင်း သူ့ကိုမေးလေ ၏။

“ခင်ဗျားကရော ဘာလုပ်ဖို့ပွဲတော်ကို သွားချင်ရတာလဲဗျ”....

“ကျုပ်ကတော့ ပွဲတော်မှာတီးမှုတ်ကြမယ့်ဂီတသံစဉ်တွေကို သေချာနားထောင်ကြည့်ချင်လို့ရယ်၊ နောက်ပြီး အဲ့ဒီသံစဉ်တွေကိုမှတ်သားခဲ့ပြီး ဒီကအပြန်မှာ ပွဲတော်ကိုရောက်အောင်မလာနိုင်ကြသူတွေကိုပြန်တီးပြချင်မိ လို့ရယ်...စတာတွေအတွက် သက်သက်ပါပဲဗျာ..။ ဂီတဆိုတာ လူတွေရဲ့နှလုံးအိမ်ထဲမှာ သိသိသာသာရော မသိမသာရော စိမ့်ဝင်နစ်မြုပ်နေတတ်တဲ့အရာတစ်ခုမို့ပဲလေဗျာ”......

“အင်း.....ကောင်းပါတယ်၊ ဒါပေမယ့် သူတို့ကိုယ်တိုင်လာဖို့ကြိုးစားသင့်တယ်လို့ ခင်ဗျားမထင်ဘူးလား။ အဲ့ဒါမှ အပြည့်အ၀ခံစားနိုင်ကြရမှာပေါ့”......

နှုတ်ခမ်းကို မခိုးမခန့်ပြုံးလျှက် လူရွယ်ကပြောသည်။ သူခေါင်းငြိမ့်ပြလိုက်ရင်း.....

“ဟုတ်တော့ ဟုတ်ပါတယ်ဗျာ....၊ ဒါပေမယ့် အားလုံးက ပွဲတော်ကိုလာဖို့အဆင်မပြေနိုင်ခဲ့ကြသေးဘူးလေ။ လူတိုင်းဟာ အကြောင်းအမျိုးမျိုးနဲ့ ရှင်သန်နေရတာဆိုတော့”.....

“ဒါလည်း ဟုတ်တာပဲ။ ဒါပေမယ့် ခင်ဗျားပုံစံကလည်း ပွဲတော်ကိုမရောက်သေးခင်တစ်ခုခုဖြစ်သွားနိုင်တဲ့ ပုံစံမျိုးနဲ့....။ ကျုပ်လိုလန်းလန်းဆန်းဆန်းရှိနေသင့်တယ်ထင်တယ်”.....

“ကျုပ်ခြေလှမ်းတွေ ရွေ့လျားနေသရွေ့တော့ ပွဲတော်ဆီကိုရောက်ဖို့ အခွင့်အရေးရှိပါသေးတယ်”...

စကားအဆုံးတွင် သက်ပြင်းတစ်ချက်ကို ခပ်ငွေ့ငွေ့သာ သူချမိလိုက်၏။ ထို့နောက် သူတို့ဆက်လျှောက်ဖြစ်ခဲ့ ကြသည်။ ဝေးကွာလွန်းနေဆဲဖြစ်သောရပ်ဝန်းရှိ ပွဲတော်ဆီမှ ဂီတသံစဉ်များကိုလည်း လေအသင့်တွင် ရံဖန် ရံခါ ကြားနေခဲ့ရပြန်သေး၏။ အတူတူလျှောက်နေရင်းမှပင် ထိုလူရွယ်သည် အတော်စကားပြောနိုင်ကြောင်း သူ သိခဲ့ရလေတော့သည်။ သို့သော် ပျင်းရိညည်းငွေ့ဖွယ်ကောင်းသော ဒီခရီးလမ်းတွင် သူ့ကိုအဖော်လုပ် ကာ စကားပြောပေးနေခဲ့သည့်ထိုလူရွယ်ကို သူ့ဘက်ကနေပြီး ကျေးဇူးပင်ကျိတ်ကာတင်နေမိခဲ့သေး၏။

ထိုလူရွယ်ပြောသောစကားများထဲတွင် အာကာသအကြောင်းလည်းပါသည်။ လူမျိုးတို့၏ ကိုးကွယ်ယုံကြည်မှု သမိုင်းကြောင်းများလည်းပါ၏။ ထို့အတူ....အဆင့်ဆင့်ပြောင်းလဲလာသော ယဉ်ကျေးမှုရေစီးကြောင်းမှ သည် သိပ္ပံပညာနှင့် အနုပညာဆိုင်ရာဆင့်ကဲတိုးတက်ပြောင်းလဲလာမှုများအထိ အတော်ပင်စုံလင်လွန်းလှ သည်။ အကြောင်းအရာပိုင်းအတော်စုံသလို သူ့အတွက်လည်း ဗဟုသုတဖြစ်စေသောစကားများမို့ အာရုံ စိုက်ကာ သူနားထောင်နေမိခဲ့လိုက်သည်။ ထိုကဲ့သို့ ဗဟုသုတကြွယ်ဝသူတစ်ယောက်နှင့် တစ်ခရီးတည်း သွားရခြင်းမှာ လမ်းခရီးတွင် သူ့အတွက်အထောက်အပံ့ကောင်းဖြစ်စေနိုင်မည်ဟုလည်း ယုံကြည်စိတ်ချမိခဲ့ သေး၏။

~~~~~@@@~~~~~


သည် ပိုမိုနက်ရှိုင်းလာခဲ့လေသောအခါ ကြယ်ရောင်တို့သည် ပိုမိုတောက်ပစွာဖြင့် လင်းလက်လာခဲ့ ကြရလေတော့သည်။ ကြွေခြင်းရဲ့အစက ဝေခြင်းပဲလား....၊ ဒါမှမဟုတ် အတူတူပဲလား။ မြင်မြင်ကရာ ရန် သူတွေမမှတ်လိုက်ပါနဲ့ကွယ်...။ သံခေါင်းစွပ်လူသားတွေမှာ နှလုံးသားတစ်စုံရှိတာသေချာပါရဲ့....။ ခရီးပန်း လာသူများအတွက် နှင်းဆီတစ်ပွင့်လက်ဆောင်ပေးခဲ့ပါရစေ...။ အနီရဲရဲလေးဆိုရင်တော့ ကောင်းမယ်...။ တိမ်စိုင်နဲ့ မိုးသားတွေက အတူတူပဲလား..၊ ဘာပဲဖြစ်ဖြစ် သစ္စာတော်တံဆိပ်ခတ်နှိပ်ထားတဲ့ အပြာရောင် ကျောက်တုံးလေး တစ်ခုကိုတော့ ငါ့မြေပုံမှာထားရစ်ခဲ့မိချင်ပါရဲ့....။

~~~~~@@@~~~~~

သူတို့နှစ်ယောက်ခရီးနှင်နေခဲ့လေသည်မှာ အတော်ခရီးပေါက်ခဲ့လေပြီဖြစ်၏။ တစ်နေရာအရောက်တွင် လမ်းနံဘေးဆီမှ စမ်းချောင်းလေးတစ်ခုကို နှစ်ယောက်သားမြင်တွေ့လိုက်ရသည်။ စမ်းချောင်းကလေးမှာ တောင်စောင်းနံရံဆီမှနေပြီး သွယ်တန်းစီးကျနေခဲ့တာဖြစ်၏။ မောလည်းမော....၊ ဆာလည်း ဆာလောင် နေခဲ့ကြပြီမို့ ထိုနေရာလေးတွင်ခရီးတစ်ထောက်နားကြရန် နှစ်ဦးသားစိတ်တူကိုယ်တူ ဆုံးဖြတ်မိလိုက်ကြ သည်။

ထို့ကြောင့်စမ်းချောင်းကလေးနံဘေးတွင် သူတို့၏အထုပ်အပိုးများကိုချကာ ခဏတာအမောဖြေလိုက်မိကြ၏ ။ နောက် စမ်းချောင်းကလေးရဲ့အစပ်ရေတိမ်တိမ်နေရာလေးဆီကိုသွားကာ တစ်ဦးနှင့်တစ်ဦးမနီးမဝေးအနေ အထားဖြင့် ကိုယ်စီ ကိုယ်လက်သန့်စင်မိကြလေတော့သည်။ စမ်းချောင်းကလေးရဲ့မျက်နှာပြင်က ကြယ်အ လင်းရောင်အောက်တွင် ငွေရောက်လက်နေခဲ့ရသလိုလိုပင်....။

“၀ါးးးး........အခုမှပဲ လန်းဆန်းသွားတော့တယ်”.....

အားရကျေနပ်စွာအော်လိုက်သော လူရွယ့်အသံကြောင့် မျက်နှာသစ်နေရာမှ သူလှမ်းကြည့်မိလိုက်သည်။ လူသူကင်းရှင်းသောနေရာမို့ လူရွယ်ကစိတ်လွတ်ကိုယ်လွတ် ကိုယ်လက်သန့်စင်နေခဲ့သည်ထင်၏။ စောစော က၀တ်ထားသော အဖိုးတန်ဝတ်ရုံကိုပင် ပေါင်လယ်လောက်အထိမတင်ထားကာ အားရပါးရကိုယ်လက်သန့် စင်နေခဲ့တာကို သူတွေ့လိုက်ရတာမို့ဖြစ်သည်။ သူကိုယ်တိုင်လည်း စိတ်တိုင်းကျ ကိုယ်လက်သန့်စင်လိုက်မိ ရတာမို့ စိတ်ကျေနပ်စွာဖြင့် အနီးမှ လူရွယ်ကိုငေးမောကြည့်နေမိခဲ့လိုက်၏။ ကြယ်ရောင်အောက်တွင် လူ ရွယ်ကတော့ အားရပါးရ ကိုယ်လက်သန့်စင်နေခဲ့ဆဲ...။

ကြည့်နေရင်း သူ့ရင်ထဲတွင် ဟင်ခ,နဲ တစ်ချက်မြည်တမ်းသွားရသည်။ အခြားကြောင့်တော့မဟုတ်.....၊ ထို လူရွယ်၏ ညာဖက်ခြေထောက်၊ ဒူးကောက်ခွက်နေရာတွင် ကြီးမားသောအနာအိုင်းကြီးတစ်ခုကို တွေ့လိုက် ရတာမို့ပဲဖြစ်၏။ အနာမှာကြီးမားရုံပင်မကသေးပါ၊ ပိုးလောက်လန်းများပင် တွယ်ကပ်စ,ပြုနေခဲ့ရလေပြီ။ ဒါဆို ပွဲတော်အတွင်းသို့ ထိုလူရွယ်ဝင်ခွင့်မရနိုင်တာသေချာခဲ့လေပြီ။ မသွားသင့်တာ......သေချာနေခဲ့လေပြီ။ ဘာ ရယ်ကြောင့်မှတော့မဟုတ်၊ ပွဲတော်တွင် အနာရောဂါဖြစ်တည်ခံစားနေရသူများအား ၀င်ခွင့်မပြုပါ။ အခြား သော သူများအားကူးစက်စေမှာကို ပွဲတော်စီစဉ်သူများက စိုးရိမ်လို့သာဖြစ်သည်ဟု သူကြားဖူးထားသည်။

ထို့အတွက် ပွဲတော်အ၀င်အ၀တွင် ကိုယ်တိုင်အနာရောဂါမရှိပါဟု ရိုးသားစွာဝန်ခံပြီးမှ ပွဲတော်အတွင်းသို့ လူ တိုင်းဝင်ကြရသည်။ လှန်လှောမစစ်ဆေးကြပါ။ သို့သော် ရိုးသားစွာ၊ ထို့ထက်ပိုပြီး အလွန်ရိုးဖြောင့်စွာ ၀န်ခံ ကြရမည်ဖြစ်၏။ ဒါဆိုရင် ဒီလူရွယ်ဟာ အနာကြီးရှိရဲ့သားနဲ့ ဘာ့ကြောင့်များပွဲတော်ကိုလာခဲ့ရပါသလဲဟု သူ ဇဝေဇ၀ါနိုင်စွာတွေးမိရင်း ငေးငိုင်စွာကြည့်နေမိဆဲ.....။

ထိုစဉ် ရုတ်တရက်ဆိုသလို သူ့ဘက်သို့ လူရွယ့်မျက်နှာက လှည့်လာသည်။ တွေဝေကာမှင်တက်မိသလို ရှိနေသောသူ့ကိုကြည့်ရင်း လူရွယ်က.........ဘာသာပြန်သတိထားမိသွားသလို သူ့ဝတ်ရုံကိုဆွဲချလိုက်၏။ ထို့ နောက် သူ့အနီးဆီသို့ စိမ်းခက်သောမျက်ဝန်းများဖြင့်ကြည့်ရင်း တိုးကပ်လာသည်။ လူရွယ်၏ခြေအရွေ့ ကြောင့် စမ်းရေများဘောင်ဘင်ခတ်သွားသံကိုပင် နားထဲကြားလိုက်ရ၏။ လူရွယ်သူ့ကိုဘာများ လုပ်မလို့လဲ ဟု အလျှင်အမြန်တွေးတောမိလိုက်သည်။ လူရွယ်၏မျက်ဝန်းများထဲတွင် ရုတ်ချည်းဆိုသလိုပြောင်းလဲယှက် သန်းလာနေခဲ့သောအရိပ်အငွေ့များက မြေခွေးတစ်ကောင်ရဲ့လက်သည်းများလိုပင်။ ရင်တွင်းမှ သူတီးတိုး ဆိုမိလိုက်ပြန်၏။ “မင်းမရိုးသားတဲ့နည်းနဲ့ ပွဲတော်ကို မသွားသင့်ဘူး” ဟု။ သို့သော် သူ့နှုတ်ဖျားမှနေပြီး အသံ တို့က ထွက်ကျမလာခဲ့။ စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် သူနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိခဲ့၏။

သို့သော် ခြေကျင်းဝတ်သာသာမြုပ်နေခဲ့လေသော စမ်းရေအတွင်းမှသူ့ခြေဖ၀ါးများက ရေညှိများဖြင့် ချော မွတ်နေခဲ့သောကျောက်ခဲတစ်လုံးကို သတိမပြုမိစွာဖြင့် မိမိရရတက်နင်းမိသွားသည်။ သူဟန်ချက် ပျက်သွား ရ၏။ ထို့အပြင် ရေထဲတွင် လဲပြိုကျသွားတော့မလိုဖြစ်သွားသည်။ ထို့ကြောင့် အယောင်ယောင် အမှားမှား နိုင်လှစွာဖြင့် ရှေ့သို့ငိုက်စွာလဲပြိုခါနီးတွင် အနီးကိုရောက်လာနေပြီဖြစ်သော လူရွယ်၏အင်္ကျီစကို အမှတ်မ ထင်လှမ်းကာဖမ်းဆုပ်မိလိုက်၏။

အချိန်တိုအတွင်းမှာပင် သူ့ဟန်ချက်ကိုထိန်းချုပ်သွားနိုင်ခဲ့ရသည်။ သူလဲကျမသွားခဲ့။ သို့သော် ဗြိခနဲနေသည့် အ၀တ်စပြဲရှသံတစ်ခုနှင့်အတူ သူ့လက်ထဲတွင် တစ်စုံတရာကိုဖမ်းဆုပ် ကပ်ပါလာစေခဲ့၏။ သူတို့နှစ်ယောက် ပတ်ဝန်းကျင်တွင် စမ်းရေများ၏ ဘောင်ဘင်ခတ်သံက ခပ်အုပ်အုပ်ထွက်ပေါ်သွားခဲ့ရသေးသည်။

“လာ.....လာ....။ ခင်ဗျားကိုကြည့်ရတာ အားနည်းနေသလိုပဲ။ ကုန်းပေါ်တက်ပြီး အနားယူလိုက်ပါဦး”....

ချိုသာစွာပြောလိုက်သော လူရွယ့်လေသံကြောင့် သူ့စိတ်ထဲတွင် အံ့သြသွားမိခဲ့၏။ အယောင်ယောင် အမှားမှားဖြင့် လူရွယ့်ကို သူမော့ကြည့်မိလိုက်တော့ လူရွယ့်မျက်နှာက ပြုံးချိုမြလျှက်၊ ဂရုဏာရိပ်ပင် ယှက်သန်းနေခဲ့သေးသလိုလို။ ဒါဆို စောစောက သူအမြင်မှားခြင်းပဲလား..။ ဘာပဲဖြစ်ဖြစ် သူ့စိတ်တွေ ဇဝေ ဇ၀ါနိုင်သွားခဲ့ရသည်။

လူရွယ်ပြောသလို ရေစပ်ရှိကုန်းပေါ်သို့ သူတက်ခဲ့လိုက်သည်။ လူရွယ်က ဘေးမှနေပြီး ဖေးမချင်ဟန်ပင်ပြုခဲ့ သေး၏။ သို့သော် သူလက်ကာပြလိုက်မိသည်။ ထို့နောက် မြေပေါ်တွင် အသာထိုင်ချရင်း တောင်းပန်စကား တစ်ခွန်းကို သူခပ်တိုးတိုးပြောလိုက်၏။

“ကျုပ်ကြောင့် ခင်ဗျားရဲ့ဝတ်ရုံအနား စုတ်ပြဲသွားရပြီ...၊ အများကြီးဝမ်းနည်းစွာ တောင်းပန်ပါတယ် ခင်ဗျာ”...

“ရပါတယ်.....မတော်တဆပဲဟာကိုဗျာ”......

ဘာမှအရေးမကြီးသောဟန်၊ သဘောထားကြီးသံစွက်လျှက် လူရွယ်ကပြောသည်။ ပြောပြီး လူရွယ်က သူနှင့် ခပ်လှမ်းလှမ်းရှိရသို့သွားကာ သူ့စားသောက်စရာများကို ထုတ်ယူနေခဲ့လေတော့သည်။ သူစိတ်သက်သာရာ ရသွားမိ၏။ ထို့ကြောင့် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ရင်း လက်ထဲမှ အ၀တ်ပြဲစကို ဖြန့်ကြည့်မိလိုက် သည်။ သူထပ်မံအံ့သြသွားမိပြန်၏။ စောစောက သူထင်နေခဲ့သလို လူရွယ်၏၀တ်ရုံမှဖျင်စမှာ အကောင်းစား ၊ အဖိုးထိုက်တန်သည့် အမျိုးအစားမဟုတ်တာမို့ပင်ဖြစ်သည်။ အညံ့စား၊ ဆေးဆိုးပန်းရိုက်ဖျင် ထည်တစ်ခုမျှ ပင်။ ထို့အတူ ဖျင်စပေါ်မှကျောက်သံပတ္တမြားတို့သည်လည်း...သူထင်ထားခဲ့သလိုအဖိုးထိုက် တွင်းထွက်ရတ နာအစစ်များမဟုတ်ခဲ့လေကြ။ ပုလင်းကွဲများကိုသွေးကာ...အရောင်ဆိုးထားခဲ့သော ကျောက်မျက်ရွဲအတု များပင် ဖြစ်နေခဲ့တာကို သူသေသေချာချာသိလိုက်ရပြန်သည်။ ဒါဆို ဒီလူရွယ်ဟာ မရှိတာကို ရှိဟန်ဆောင် နေခဲ့သူ တစ်ယောက်ပေါ့...ဟု စိတ်မသက်သာစွာတွေးလိုက်မိ၏။ လောကမှာ ဟန်ဆောင်သူတွေဟာ ကြာ ရှည်မခံတတ်တာ၊ အဲ့ဒီလိုလူတွေအတွက် နေရာများများစားစား မရှိခဲ့တာကို......... မင်းသိစေချင်လှပါတယ် ကွယ်...။

အတွေးများကို သူရပ်တန့်ပစ်လိုက်မိသည်။ နောက် အိတ်ထဲမှ စားစရာများကိုဖွင့်မိတော့ လူရွယ်က သူ့အ နားဆီသို့ လျှောက်လာကာ...

“အဖိုးကြီး...ပေါင်မုန့်ရှိရင် နည်းနည်းမျှပါဦးလားခင်ဗျာ...၊ ကျုပ်ယူလာတာနဲ့ မလောက်ငလို့ဗျ”......

“ရပါတယ်...။ ဒီမှာ လာယူပါ မိတ်ဆွေ”....

အိတ်အဟောင်းလေးထဲမှ ပေါင်မုန့်ကြမ်းတစ်လုံးကိုထုတ်ယူကာ သူကမ်းပေးလိုက်တော့ လူရွယ်က လှမ်းယူ ရင်း....

“ခင်ဗျားဟာကလည်း ပေါင်မုန့်အကြမ်းကြီးပါလားဗျ....၊ အေးပေါ့လေ... ကျုပ်က ပေါင်မုန့်အကြမ်းဆို မစား ခဲ့ပေမယ့်လည်း အခုတော့ ရှိတာနဲ့မတင်းတိမ်နိုင်လို့ ဒါကိုပဲ လွေးရတော့မှာပါပဲ”....

သူခေါင်းငြိမ့်ပြလိုက်မိသည်။ ထို့နောက် စားစရာများကို ခပ်သုတ်သုတ်စားရင်း ခရီးဆက်ရန်ပြင်ဆင်မိခဲ့ကြ လေတော့၏။

~~~~~@@@~~~~~

အာရုံဦးဆီသို့ ချဉ်းကပ်လာသောအခါ....... မြူနှင်းတို့သည်ပိုမိုထူထပ်စွာ ကျဆင်းလာခဲ့လေတော့သည်။ ကြယ်ရောင်တို့သည်လည်း ပိုမိုရင့်ကျက်စွာလင်းဖျာလာခဲ့ကြလေတော့သည်။ ပေးခြင်းယူခြင်း သီအိုရီတွေ ကိုပို့ချမဲ့သင်တန်းတစ်ခု ဘယ်နေ့ရက်ချိန်ခါမှာ ဖွင့်လာမှာလဲ....။ လက်တစ်စုံအေးစက်နေရခြင်းဟာ သွေး ကြောမွှာလေးတွေရဲ့ အလုပ်မလုပ်ခြင်းကြောင့်လား ပြင်ပရာသီဥတုကြောင့်လား.။ ဘာပဲဖြစ်ဖြစ် ထီးဆောင်း တတ်ဖို့ ငါအားထုတ်ရဦးမယ်....။ ဖိနပ်ပေါက်တယ်ဆိုပြီး ငိုနေမယ့်အစား....အဲ့ဒီဖိနပ်ကို အရင်ချွတ်ပစ်လိုက် တာက ပိုသက်သာရာရစေလိမ့်မလားကွယ်...။ လေပြေတွေနမ်းမှာစိုးရွံ့ရင်တော့ မင်းအိမ်ထဲကနေ အပြင်မ ထွက်လိုက်ပါနဲ့တော့.....။

~~~~~@@@~~~~~

သူတို့ဆက်လျှောက်နေခဲ့မိကြသည်။ လမ်းက တဖြည်းဖြည်းမတ်စောက်လာခဲ့ချေပြီ။ ထို့အတူ ပိုမိုစွာပင် ကျဉ်းမြောင်းလာခဲ့သလိုလို။ လေတွေကတော့.......တဟူးဟူးတိုက်ခတ်နေခဲ့ကြလေ၏။ ထို့အတူ လူရွယ်က လည်း စောစောကလိုပင် စကားတွေရွှန်းရွှန်းဝေအောင်ဆိုနေဆဲ။ သို့သော် သူ့စိတ်ထဲတွင်တော့ လူရွယ်၏ ၀တ်ရုံမှ ဖျင်စ၊ ကျောက်မျက်ရွဲအတုများနှင့်အတူ ဒူးကောက်ခွက်နေရာမှ အနာအိုင်းကြီးအကြောင်းတို့ကို ခ ဏခဏ တွေးနေမိခဲ့သည်။ တွေးရင်း စောစောကအမှုမဲ့အမှတ်မဲ့စွာ နားထောင်နေခဲ့မိသော လူရွယ်၏စ ကားများကိုလည်း ပိုမိုဂရုစိုက်စွာ နားထောင်မိလာလေတော့၏။ ထိုအခါတွင် သူရေးတေးတေးသိလိုက်ရ တာကတော့ လူရွယ်၏ပြောစကားများသည် အဆီအငေါ်မတည့်စွာဖြင့် ရှေ့နောက်မညီဖြစ်နေခဲ့ကြမှန်းပင်။

“ကိုယ့်အလုပ် ကိုယ်လုပ်”....

သူ့ကိုယ်တွင်းမှ သတိပေးသံကို ပြန်ကြားရတော့ ရှက်ပြုံးပြုံးမိလိုက်သည်။ ထို့ကြောင့် လူရွယ့်ဘေးမှ တိတ်တ ဆိတ်လိုက်ပါလျှောက်လှမ်းနေခဲ့လိုက်၏။ တောင်စောင်းတစ်ခုအကွေ့ လမ်းကျဉ်းလေးအရောက်တွင် ရုတ် တရက်ဆိုသလို လူရွယ်ကရပ်တန့်လိုက်ပြီး သူ့ကိုခေါ်သည်။

“အဖိုးကြီး”....

သူလည်း ခြေစုံရပ်တန့်လိုက်ပြီး လူရွယ့်ကို မျက်လုံးဖြင့်ပြန်ထူးရင်း ကြည့်လိုက်မိ၏။

“ခင်ဗျားကို တစ်ခုပြောချင်တယ်....၊ ကျုပ်မှာ အနာအိုင်းကြီးရှိတဲ့ကိစ္စကို ပွဲတော်ရောက်ရင် ဘယ်သူ့ကိုမှ ပြောမပြဖို့ပါပဲ”.....

သူခေါင်းငြိမ့်ပြလိုက်မိ၏။ စိတ်ထဲမှနေလည်း မင်းရဲ့ဝတ်ရုံဟာ တန်ဖိုးမရှိတဲ့အပေါစားတွေနဲ့ ဖွဲ့စည်းထား တယ်ဆိုတာကိုလည်း ငါဘယ်သူ့ကိုမှ ပြောဖြစ်မှာမဟုတ်ပါဘူး...ဟု ဆက်ပြောမိလိုက်သည်။ လူရွယ်က စိတ်ကျေနပ်သွားသလိုဖြင့် သူ့ကို တစ်ချက်ကြည့်ရင်း ပြုံးပြသည်။ သူလည်းပြန်ပြုံးပြလိုက်မိ၏။ ထို့နောက် သူတို့ဆက် လျှောက်မိခဲ့ကြ၏။

လမ်းများသည် တဖြည်းဖြည်းဖြင့် ပိုမိုစွာကျဉ်းမြောင်းလာသည်ထင်ရ၏။ တောင်ထိပ်ဖျားရှိ ပွဲတော်ဆီမှ ဂီတ သံစဉ်များကိုလည်း ပိုမိုပီပြင်စွာကြားလာရသလိုပင်....။ သူတို့နှစ်ယောက်ခြေလှမ်းတွေအနည်းငယ်ပိုမို သွက်လက်လာသလိုဖြစ်လာသည်။

ထိုစဉ် မြူနှင်းများရိပ်ခနဲ ပြိုဆင်းလာချိန်တခဏတွင် သူ့နောက်ကျောဖက်ဆီမှ ဆစ်ခနဲနာကျင်သွား၏။ အံ့သြ စွာဖြင့် သူလှည့်ကြည့်မိတော့ လူရွယ်၏လက်ထဲတွင် သွေးစွန်းနေခဲ့လေသော ဓားမြောင်တစ်ချောင်း က သူ့ကို အေးစက်စွာပြုံးပြနေခဲ့လေသည်။ သူ့အမြင်တွေပိုမိုေ၀၀ါးသွားသည်။ ဒူးခေါင်းများခွေညွှတ်စွာ ပြိုကျလုဆဲဆဲ လူရွယ်၏ မခိုးမခန့်ရယ်သံကို ခပ်သဲ့သဲ့ကြားလိုက်ရပြန်သည်။

“ခင်ဗျားကို ကျုပ်မယုံဘူး....။ ပွဲတော်မှာကျုပ်ကို အချိန်မရွေးဒုက္ခပေးနိုင်တဲ့ခင်ဗျားကို ဒီလိုနည်းနဲ့မှ နောက် ကျောကို ဓားနဲ့ထိုးမသတ်ရင်မဖြစ်ဘူး....၊ ခင်ဗျားက ကျုပ်အကြောင်းတွေ”.....

သူဆက်နားထောင်နိုင်စွမ်းမရှိတော့....။ တစ်ကယ်ဆို မင်းအကြောင်းတွေဟာ..လူတွေကို စိတ်ညစ်ညူး သွားစေနိုင်တာမို့ ငါဘယ်သူ့ကိုမှ မပြောပြဖို့ ဆုံးဖြတ်ထားသူပါကွယ်...။ သူ့မျက်လုံးတွေပိုမိုပြာဝေလာ သည်။ မြေကြီးပေါ်သို့ သူလဲကျမသွားခင် လူရွယ်၏ ရယ်သံသဲ့သဲ့ကို ကြားလိုက်ရသေးသည်။ ထို့အတူ သူနှင့် ဝေးရာဆီသို့ လှမ်းသွားသော လူရွယ်၏ ခြေသံခပ်သဲ့သဲ့...။

ထို့နောက် သူ့လောကတစ်ခုလုံးအမှောင်ကျသွားသလိုရှိ၏။

~~~~~@@@~~~~~

ညင်သာသော လေပြေများတစ်ရှိုက်နမ်းလိုက်သောခဏတာတွင် သူပြန်နိုးထလာခဲ့ရ၏။ ထို့နောက် ကိုယ့်ကိုကိုယ် နားမလည်နိုင်စွာဖြင့် မေးမိလိုက်သည်။ ငါမသေသွားဘူးလားဟူ၍ပင်။ ဟုတ်သည်။ သူမသေ ခဲ့ပါ။ ကျောကုန်းကိုပြန်စမ်းကြည့်လိုက်မိတော့ စုတ်ပြဲရာတစ်ခုကိုစမ်းမိသည်။ ထိုစုတ်ပြဲရာကိုဖြစ်စေခဲ့သော နောက်ကျောကိုဓားနှင့်ထိုးသည့် ဓားချက်သည် သူ့အသက်ကိုမသေစေနိုင်ခဲ့ပဲ တစ်လျှောက်လုံး လူရွယ့်အ ပေါ်တွင် သူထားမိခဲ့သည့် ယုံကြည်ခြင်းအလွှာတစ်ခုကိုသာ စုတ်ပြဲသွားစေခဲ့တာမို့ပင်ဖြစ်၏။ သူ့နှလုံးသားဝိ ညာဉ်တစ်စုံကိုတော့ဖြင့် သတ်ပစ်နိုင်စွမ်းမရှိခဲ့ပါ...။

လဲကျနေရာမှ သူထရပ်လိုက်မိသည်။ ထို့နောက် အသက်ကို ခပ်ပြင်းပြင်းတစ်ချက်ရှိုက်ရင်း သူဆက် လျှောက်ဖို့ပြင်မိသည်။ လေပြေတို့သည် သူ့ကို နမ်းရှိုက်ကြဆဲ...။ ရောင်နီဦးသည် ချစ်စဖွယ်ကောင်းလွန်း လှစွာဖြင့် သူ့ကို မခို့တရို့ပြုံးပြနေခဲ့ကြ၏။ ပတ်ဝန်းကျင်တစ်ခိုသည် နေ့အလင်းရောင်တို့ဖြင့် လင်းမြစပြုနေ ခဲ့ချေပြီ။

သူဆက်လျှောက်လာမိခဲ့သည်။ ရံဖန်ရံခါတွင် ပွဲတော်ဆီမှ ဂီတသံကိုတော့ ကြားနေရဆဲဖြစ်၏။ တစ်နေရာ အရောက်တွင် လေတိုးသောကြောင့် လှုပ်ခတ်နေသောအရာတစ်ခုကို သူတွေ့လိုက်ရ၏။ အနီးသို့ တိုးကပ် ကာကြည့်မိတော့ စောစောက သူ့နောက်ကျောကိုဓားဖြင့်ထိုးကာ ပြေးထွက်သွားသော လူရွယ်၏ ၀တ်ရုံအစ ပင်ဖြစ်နေခဲ့တာကို တွေ့လိုက်ရသည်။ ဒါဆို လူရွယ်ရော......ဟု စိတ်ထဲမှတစ်ကိုယ်ရည်မေးခွန်း ထုတ်မိ လိုက်ဆဲ မျက်လုံးများက အနီးမှမြေပြင်ပေါ်သို့ရောက်သွားသည်။ မြေကြီးများသည် ချောက်ကမ်းပါး ဆီသို့ပဲ့ ကြွေကာပြို ဆင်းနေခဲ့တာတွေလိုက်ရသည်။ သူ့မျက်ဝန်းများသည် နက်ရှိုင်းလှသောချောက်ထဲသို့ မျှော်ငေး မိ၏။ ထိုအခါ လေထဲတွင် ၀ဲပျံနေခဲ့လေသော လင်းတငှက်များကို အမှတ်မထင်စွာ တွေ့လိုက်မိတော့သည်။

ထိုစဉ် အဝေးရှိပွဲတော်ဆီမှ ဂီတသံခပ်သဲ့သဲ့ကို သူ့နားထဲကြားလိုက်ရပြန်၏။          ။

                                   ~~~~~@@@~~~~~@@@~~~~~@@@~~~~~

=======================================
ပုံလေးကို ဒီနေရာလေးကနေ ယူသုံးပါတယ်ခင်ဗျာ....။
=======================================
ချစ်ခြင်းအားဖြင့်......
ဏီလင်းညို

11 comments:

မောင်လေး said...

အင်း....နောက်ကျောကို ထိုးတဲ့ဓားတွေက တခါတရံတော့ ယုံကြည်ခြင်းအလွာ
ကိုသာမကဘူး....၊နှလုံးသားကိုပါစုတ်ပြဲသွားစေပါတယ်အကိုရာ...။

အိမ့်ချမ်းမြေ့ said...

အဖွဲ့အနွဲ့တွေကို အရမ်းကြိုက်ပါတယ်..
ဆိုးဝါးလှတဲ့ လူ့စိတ်တွေအကြောင်းတွေထဲကမှ အဝေးကပွဲတော်ဆီက ဂီတသံတွေနဲ့ ညလေပြေညှင်းတွေကို ခံစားဖြစ်အောင် ခံစားမိသွားလိုက်သေးပါတယ်..

နှင်းနဲ့မာယာ said...

ကိုဏီရေ
လူတွေရဲ့ သဘာဝက ကြောက်စရာပဲနော်...
အမှန်တရားကို လူမသိစေချင်တဲ့သူတွေ....
ဟန်ဆောင်တတ်သူတွေ....
တော်တော်ဆိုးတာပဲ။

နှင်းနဲ့မာယာ

မေပယ်လ် said...

တာရာမင်းဝေရဲ့ ၀တ္ထုတိုလေးတစ်ခုကို
သွားသတိရမိတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

အဲ
မေပယ်လ်လေးနဲ့ ကျုပ်နဲ့ အတွေးတူတယ်
မိညို ရှင့်ရေးဟန်က တကယ်ဘဲ တာရာမင်းဝေကို သတိရသွားမိစေတယ်..
အရေးအဖွဲ့တွေ ကောင်းလွန်းတယ်နော်..
ပေးချင်တဲ့မက်ဆေ့လေးလည်း ကောင်းတယ် ..
အဝေးက ဂီတသံကိုနားဆင်ဖို့ ပေးလိုက်ရတဲ့ အရင်းအနှီးက များလွန်းနေတယ်
မိတ်ဆွေကောင်းဆိုတဲ့ အရာတွေ ဆုံးရှုံးသွားသူကတော့ ကိုယ့်အတ္တနဲ့ကိုယ်ပေါ့လေ...ပေးလိုက်ရတာနဲ့ သူပြန်ရတာ ထိုက်တန်ရဲ့လား ပြန်စဉ်းစားစရာပါဘဲ...

ညီမလေး said...

အတ္တဟာ ကြောက်စရာသိပ်ကောင်းတယ် ကိုလင်းညို..လူတွေဟာ ကိုယ့်အတ္တအတွက် ဘယ်သူ့ကို မဆို စတေးပစ်ဖို့ ဝန်မလေးကြဘူးဘဲနော် ....ဒါပေမဲ့ လောကကြီးက တူညီတဲ့ တန်ပြန်မှုနဲ့ သူတို့ကို စောင့်နေတယ်ဆိုတာ သူတို့မေ့နေကြတယ်...

မြစ်ကျိုးအင်း said...

ပြီးပြည့်စုံတဲ့ ပို့စ်လေးပါပဲ။
ဆိုလိုရင်းရော တင်ပြပုံရော ထိမိတယ်။
အကြောင်းသိနေတော့ ဖတ်ရင်း ခေါင်းတညိတ်ညိတ်ဖြစ်နေ ရတယ်။ လောကမှာ ကိုယ့်အမှားကိုယ် မမြင်နိင်သ၍ မပြင်နိင်သ၍ ဘယ်နေရာ ရောက်ရောက် အမှားတွေထပ်ပြီး ထပ်နေမှာပါပဲ။ နောက်ထပ် ခရီးသွားဖော်တွေနဲ့လည်း ဒီလိုပဲ
ဖြစ်နေမှာပါပဲ။

မြသွေးနီ said...

ဒီပို့စ်လေးမှာ ယုံကြည်မှုလွန်ကဲခြင်း၊ ဟန်ဆောင်ခြင်း၊ အတ္တကြီးခြင်း၊ မနာလိုစိတ်ရှိခြင်း၊ မုဒိတာမပွားနိုင်ခြင်း၊
အမှန်တရားကိုစိုးထိတ်ခြင်းရဲ့ နောက်ဆုံးရလာဒ်ကို ပညာသားပါပါ ဖော်ပြသွားတာ ထိမိလွန်းလှပါတယ်။
လူအချင်းချင်း လှည့်ဖျားခြင်း ကင်းရှင်းကြပါစေရှင်..။

~ဏီလင်းညို~ said...

ကိုမောင်လေး၊ မလေး၊ မနှင်း၊ ညီလေးမေပယ်လ်၊ မချော၊ ညီမလေး၊ မျှစ်၊ အစ်မမြသွေး.......စာလေးလာဖတ်ပေးလို့ ကျေးဇူး.....။

ကြိုးစားသွားပါဦးမယ်ခင်ဗျာ........း)

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

Anonymous said...

လူ့လောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောကို နှိုင်းယှဉ်ဖွဲ့နွဲ့ထားပုံလေးက ထိထိမိမိရှိလှတယ်။
ခင်တဲ့
မေ

Khinmarlaraung said...

ဖတ်သွားမိတာ တွေးရင်းနဲ့ ကို တမေ့တမော..
ယုံကြည်ခြင်းအလွှာတစ်ခုကို စုတ်ပြဲသွားစေခဲ့တဲ့
ဓါးချက်မျိုးတဲ့လား...ဆားတောင်ထပ်ခပ်ချင်သူတွေ မြင်ဖူးတယ်။
ရေးထားတာလေး တော်တော် ထိတယ် စာရေးသူရှင်...:)
..ခင်မင်လေးစားလျှက်..ခင်မာလာအောင်..:)