Saturday, August 14, 2010

ဝန်ခံခြင်း

နက်ရှိုင်းစွာပြာမှိုင်းနေခဲ့တဲ့ ညကောင်းကင်တစ်ခုမှာ
ကြယ်ကလေးတချို့က မှေးမှိန်စွာနဲ့ လင်းလက်နေခဲ့ကြတယ်....
အဲ့ဒါဟာ ညဥ့်နက်ချိန်တစ်ခုပဲပေါ့ .....။
ကောင်းကင်ပြင်ကြီးကို ငေးမောရင်းနဲ့
ဂစ်တာအိုလေးတစ်လုံးကို....
ခပ်ဖွဖွလေး ငါ .... သိုင်းဖက်ထားခဲ့မိတယ်...။
တေးသွားလေးတွေမညည်း ....၊ သံစဉ်တွေ မတီးခတ်ဖြစ်ခဲ့ပေမယ့်....
ဂစ်တာအိုလေးက ငါ့ကို နွေးထွေးစေခဲ့ပြန်တယ်....။
တကယ်လို့များ ဒီအချိန်မှာ
မင်း... သာ ငါနဲ့ အတူရှိနေခဲ့မယ်ဆိုရင်လို့.... တွေးလိုက်တဲ့ခဏမှာပဲ
ကြေကွဲခြင်းတွေက...
ဒီရေလှိုင်းတွေလို လျှံတက်လာခဲ့တာကို...
ငါ... ဘယ်လိုမှ ငြင်းဆန်လို့ မရနိုင်ခဲ့ဘူး....။
ဒါပေမယ့်လည်း...
အလွမ်း ... အဆွေး... ဆိုတဲ့ အရာတွေက
ငါ့ ၀ိညာဉ်ထဲမှာ ကိန်းအောင်းနေတာ ကြာခဲ့ပြီပဲလေ....။



ငါ့ကို မင်း စိုက်ကြည့်လိုက်တိုင်း.....
မင်းရှေ့မှာ ဘာမှ မဖြစ်သလို ငါ ... ဟန်ဆောင်နေနိုင်ခဲ့ပေမယ့်
အဲ့ဒီအပြစ်တွေဟာ....
မင်းမမြင်နိုင်တဲ့ မင်းရဲ့နောက်ကွယ်မှာတော့....
တစ်ငွေ့ငွေ့နဲ့ ... ငါ့ကို တိတ်တဆိတ်ကျွမ်းလောင်စေခဲ့ပြီ....။
အဲ့ဒီလိုမျိုးနဲ့....
တွေဝေခြင်းတွေ ရင်မှာပွင့်ဝေနေတဲ့ အခိုက်အတန့်လေးများမှာပဲ....
အဝေးကြီးကို မင်းထွက်သွားလေခဲ့တာ......
ငါ့မြင်ကွင်းထဲက ပျောက်ကွယ်သွားလုမတတ်ပါပဲလေ....။
ဟိုး... မိုးကုတ်စက်ဝိုင်းနားထိတိုင်အောင်....
ငါလှမ်းမြင်နေခဲ့ရတဲ့ မြက်ခင်းတစ်ခုဟာ
အားလုံး.... စိမ်းလန်းနေလိမ့်မယ်လို့ထင်ခဲ့မိတဲ့အတွက်
အခုတော့ အမှားတွေရဲ့ မြှားအသွင်နဲ့ ပစ်ခွင်းတဲ့ ဒဏ်ကို
ငါဟာ... ရက်စက်စွာ ခံစားနေရခဲ့ပြီ....။

ညင်သာလွန်းတဲ့ လေစီးကြောင်းလေးတစ်ခုဟာ...
ညအခါမှာ ခိုးကြောင်ခိုးဝှက်နဲ့ တိုက်ခတ်လာရင်း
တိတ်တစ်ဆိတ်ဆန်စွာနဲ့...
လျှို့ဝှက်တဲ့ ညမွှေးပန်းရနံ့တွေကို ငါ့ဆီ ယူဆောင်လာခဲ့ကြပြန်တယ်...
ညဟာ... ပိုမိုစွာ အိုမင်းရင့်ရော်လာခဲ့ပေါ့....။
ဆိတ်ငြိမ်လွန်းတဲ့ညဟာ....
အထီးကျန်ရှုံးနိမ့်မှုတွေထဲက ငါ့ကို...
ရုန်းထွက်ဖို့ မဖြစ်နိုင်လောက်အောင် ငြိတွယ်နေခဲ့စေပြန်တယ်....။
မင်းနဲ့ ငါ့ရဲ့ကြားမှာ...
ဘာတွေများ ကွာခြားနေခဲ့သလဲဆိုတာတွေကို...
အခုအချိန်မှတော့ ..... ငါပြန်မတွေးချင်တော့ပါဘူးကွယ်...။
မင်းနဲ့အတူရှိခဲ့တဲ့ ဟိုး...အရင်အချိန်တွေတုန်းက...
ရင်ထဲမှာရှိတဲ့စကားလုံးတွေကို ပြောမထွက်နိုင်ခဲ့တာဟာ
အငိုလွယ်တတ်ချင်တဲ့ မျက်ဝန်းတစ်စုံကို ငါပိုင်ဆိုင်ထားလို့ပါ....။
မျှော်လင့်ချက်တွေ မင်းပေးခဲ့လည်း...
အလောတစ်ကြီးနဲ့ ငါ.... မနင်းဖြတ်ရဲခဲ့ပါဘူး....။
တစ်ကယ်တမ်း မဝေးသေးခင်အချိန်တုန်းကတော့
အပြစ်ကင်းတဲ့ မင်းမျက်နှာလေးရယ်...
နောက်ပြီ... မင်းစကားသံလေးတွေရယ်တို့နဲ့ အတူ...
အဝေးကနေ နှစ်သိမ့်နေနိုင်မယ်လို့ ငါထင်မိခဲ့ပါတယ်....။

သစ်ရွက်ကြွေလေး တစ်ရွက်လို ပျက်စီးဆုံးရှုံးခြင်းများစွာနဲ့....
မင်းနဲ့ ဝေးရာကို ငါတိမ်းရှောင်ခဲ့ပေမယ့်လည်းလေ...
အဲ့ဒီလုပ်ရပ်ဟာ... အများအတွက်တော့မသိခဲ့ပါဘူး...။
ငါ့.. အတွက်တော့ အမည်ခံရုံ သက်သက်မျှသာပါပဲ...
ဘာ့ကြောင့်လည်းဆိုတော့
အခုချိန်ထိတိုင်အောင်ပဲ...
မင်းမျက်ဝန်းလေးတွေကို ငါလွမ်းတတ်နေခဲ့သေးလို့ပါ...။
ငါဟာ... ငါ့နှလုံးသားကို ပြန်မမြင်နိုင်ခဲ့တာကြောင့်
တမ်းတခြင်းများရဲ့အောက်မှာ ကျရှုံးစွာ နစ်မြုပ်သွားရတော့မလားကွယ်...။
တကယ်လို့များ....
ငါသာ.... မင်းပခုံးလေးရဲ့အထက်
တစ်မှေးလောက် မှေးစက်ခွင့်လေးပဲ ရနိုင်ခဲ့ရင်လေ...
အထီးကျန်လမ်းမထက်မှာ ငါတစ်ယောက်ထဲဆိုလည်း...
ဆက်လျှောက်သွားနိုင်မယ် ထင်ပါရဲ့....။
ဒါပေမယ့်လည်း...
မင်းနဲ့ပတ်သတ်တဲ့ ငါ့ရဲ့စိတ်ကူးဆိုတာ
ထင်ယောင်ထင်မှားနိုင်လွန်းလှတဲ့ အိပ်မက်မြစ်ကမ်းပါးပေါ်မှာ
ခပ်ရေးရေးပေါ်လာလေ့ရှိတဲ့ ပုံရိပ်ယောင်တစ်ခုလို
ငါ့အတွက် လက်တွေ့အကောင်အထည်ပေါ်ဖို့ ခဲယဉ်းလွန်းတာလည်း သိမိပါရဲ့....။
အဲ့ဒါကြောင့်လည်း ငါ့ဘ၀ရဲ့ အချိန်တွေဟာ...
သက်ပြင်းချသံတွေနဲ့ ပြည့်နှက်ခဲ့ရပေါ့....။

သေသပ်လှပခြင်းတွေ ကင်းမဲ့ခဲ့ရတဲ့ ဘ၀တစ်ခုဟာ...
အရာရာကို မ၀ံ့မရဲဖြစ်စေဖို့ ပြုပြင်ထိန်းကျောင်းခဲ့လေသလား...?
မင်း...ဟာ ငါအဖြူစင်ဆုံး တန်ဖိုးထားရာ တစ်ခုပါ...။
ငါ့ကြောင့် မင်း တစ်စုံတရာ နာကျင်အောင်မလုပ်ခဲ့မိပေမယ့်....
မင်းခွင့်မလွှတ်နိုင်ခဲ့ဘူး ဆိုရင်တောင်မှ ငါ... ကျေအေးနေပါတယ်ကွယ်...။
မျှော်လင့်မထားတဲ့ တုန့်ပြန်ခြင်းနဲ့ ၀မ်းနည်းစရာတွေ မင်းပေးခဲ့ရင်တောင်မှ...
လူတွေမမြင်နိုင်အောင် ငါမျိုသိပ်ရင်းနဲ့ ကျိတ်မှိတ်ခံစား နေလိုက်ပါ့မယ်...။
ဒါပေမယ့်လည်း...
မင်းဘ၀လမ်း တစ်လျှောက်မှာ မင်းလဲကျခဲ့မယ်ဆိုရင်တော့...
ငါလက်ကမ်းလို့ ကူညီခွင့် ရချင်မိပါသေးတယ်...။
မင်းရဲ့ အနောက်ဘက်က အမှောင်ထုထဲမှာ
ငါဟာ ဘယ်တုန်းကမှ နစ်မြုပ်စွာမနေခဲ့ချင်တာ အတိအကျပါ....။
တကယ်လို့များ မင်းသာ ငါ့ကို နားလည်ပေးနိုင်ခဲ့မယ်ဆိုရင်တော့....
အဲ့ဒီ အမှောင်တွေထဲမှာ ထာဝရဆိုလည်း... ငါနေခဲ့ပါ့မယ်....။

ချို့တွေ လက်ခံထားမိကြမှာဖြစ်တဲ့ နောက်ဆုံးဆိုတာ....
ပြီးဆုံးခြင်းဖြစ်ခဲ့နိုင်ပေမယ့်....
ငါ့...အတွက်ကတော့ အခုမှ စတင်ရုံပဲ ရှိပါသေးတယ်လေ...။
မင်းကို.... ငါ...ဟာ...
မင်းမသိနိုင်ခဲ့တဲ့ အချိန်တွေမှာ....မြတ်နိုးခြင်းများစွာနဲ့...
ဟိုး... အရင့်... အရင်ကတည်းက ချစ်ခဲ့မိတယ်ဆိုတာ တစ်ခုကတော့....
မင်းရှေ့ မှာ “၀န်ခံ” ချင်မိဆုံး...
ငါ့ ဆန္ဒ အကျိုးအပျက် တစ်ခုပါပဲ......။      ။

~~~~~@@@~~~~~


ပုံလေးကိုဒီကယူသုံးခဲ့တာပါခင်ဗျာ......။
============================================================
Player မှာတင်ထားမိတဲ့ ကိုမျိုးကျော့ရဲ့ သီချင်းလေးကိုပြန်နားထောင်မိရင်း၊ ဟိုးတုန်းက ရေးခဲ့ဖူးတဲ့စာလေးတွေကိုပြန်ဖတ်ကြည့်ရင်း......ဒီကဗျာလေးကိုတွေ့လို့........ပြန်တင်ထားတာပါ......။
အားလုံးကို သတိရနေပါတယ်ဗျာ......။
============================================================

ချစ်ခြင်းအားဖြင့်.......
ဏီလင်းညို

16 comments:

ညလင်းအိမ် said...

စဖတ်လာကတည်းက လွမ်းဆွေးလာတာ

မင်းကို.... ငါ...ဟာ...
မင်းမသိနိုင်ခဲ့တဲ့ အချိန်တွေမှာ....မြတ်နိုးခြင်းများစွာနဲ့...


မင်းမရှိနိုင်ခဲ့တဲ့ ညသန်းခေါင်ဟာ
ငါ့ အတွက် ညဉ့်နက်တာ မဆန်းတော့ပါဘူး
လန်းလာမယ့် ပန်းမဟုတ်တော့လည်း
အဖူးထဲကိုငုံ့ဝင် ပုန်းနေရုံပဲပေါ့ ...

blackroze said...

အချစ်နဲ့ပတ်သက်လာရင်မခံစားချင်တာ့ပါဘူးကိုဏီရာ
လွမ်းတာလည်းမလိုချင်တော့ဘူး
ချစ်တာလည်းမလိုချင်တော့ဘူး
ဘာကိုမှလဲဝန်မခံချင်တော့ဘူး
စကားလုံးတွေနဲ့လည်းမနှစ်သိမ့်ချင်တော့သလို
ရက်စက်တယ်လို့လဲမမြင်ချင်တော့ဘူး
ဆန္ဒတွေမျှော်လင့်ချက်တွေကို
ပစ်ထားလိုက်တာကြာပြီ..

ကိုဇော် said...

မိညိုရယ်. ..ညည်းက ခံရော ခံစားဖူးလို့လား . .အချစ်ကို ပြောပါဒယ်။
ဝန်ခံတယ် ဆိုတာ ကောင်းတာပေါ့အေ အမှားကို ပြောပါဒယ်။ နေရာတကာ ဝန်ခံတယ် ဆိုတာကတော့ သူရဲဘောတော့ ကြောင်ဒယ်လေ ၊ ဘာလို့လဲ ဆိုတော့ အမှားတစ်ခုဆိုတာ အချိန် အတိုင်းအတာ တစ်ခု အတွင်းမှာ မှန်သွားနိုင်လို့ပဲအေ။ ညည်းကြားဖူးတယ် မဟုတ်လား။

ဆင်တွေဆိုတာ ကြီးလာရင် ကိုယ့်နှာမောင်း ကိုယ်ပြန်နင်းမိတတ်တယ်တဲ့။

စန္ဒကူး said...

ကဗျာလေးဖတ်သွားတယ်..
၂ ခေါက်.. ပြန်ဖတ်တယ်.. တွေးတယ်. မူးတယ်..း)

SHWE ZIN U said...

ကိုဏီ ရေ

စာတွေဖတ်သွားပြီးနော် နေကောင်းအောင်နေအုန်း
မူးသေးလား ရွှေစင်ဦးတော့ နဲနဲ မူးသွားပြီ စဉ်းစားရတာ များတယ်လေ

ခင်မင်တဲ့
ရွှေစင်ဦး

ချစ်ကြည်အေး said...

ဏီလင်းရဲ့ ....ကဗျာတွေရေးနေတာ နေရောကောင်းသွားပလား... အရမ်းလွမ်းဆွေးနေတာပဲ....ဖတ်ကောင်းတယ်....ပုံလေးနဲ့ စာလေးက လိုက်တယ် ကျန်းမာရေး ဂရုစိုက်အုံးနော်.....

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျန်းမာရေးဂရုစိုက်
အလွမ်းအဆွေးတောမှာ နစ်မနေနဲ့
ဝန်ခံစရာရှိရင်လဲ စောစောစီးစီးသာ ၀န်ခံလိုက်
ဒီလိုဆိုလဲ ပေါ့ပေါ့ပါးပါးဖြစ်သွားမယ်
အဲ.. မပေါ့မပါးဖြစ်နေတယ်လို့ ပြောတာမဟုတ်ဘူးနော်
ရင်ထဲမှာပေါ့သွားမယ်လို့ပြောတား)
ကဲ မြန်မြန်နေကောင်းပါစေ

Anonymous said...

ဟုတ်ပ....ကိုဏီးကလည်း စောစောစီးစီးကတည်းက ၀န်ခံစရာရှိသွားဝန်ခံလိုက်ရောပေါ့....အခုတော့ လူကနေမကောင်းဖြစ်လို့ ယဲ့ယဲ့ပဲကျန်ခါမှ ထုတ်ဝန်ခံတယ်။

(ဒါနဲ့ ကိုဏီးအဲလိုဝန်ခံလိုက်တော့ အကြော်ဆိုင်က အဒေါ်ကြီးက ဘာပြန်ပြောလိုက်သဒုန်းးးးးး....:P )

နေမကောင်းတဲ့သူကို ရီရအောင် နောက်သွားပါသည်။ လွမ်းဆွေးချည်းလဲမနေပါနဲ့ဦး။ ကျန်းမာရေးလည်းဂရုစိုက်ပါဦးအစ်ကိုဂျီးရေ...

ညီမလေး
အင်ဂျင်း

Anonymous said...

အပီအပြင် ခံစားချက် အမှန်နဲ့ ကို ရေးထားတာနဲ့ တူတယ် ... :D

လွမ်းးလိုက်ကြတာ ....
လွမ်းးကြပါ ....
လွမ်းးကြပါ ....
ကိုညရဲ့ကောင်းကင် ရဲ့ အလွမ်းကို အမီလိုက်နေတာ လား မသိဘူး .. :D


ခင်မင်လျှက်
ဆောင်းနှင်းရွက်

အနမ်း said...

ဘာတွေလဲ ဘာတွေလဲ ခံစားနေရပြန်ပြီလား။ ကျန်းမာရေးက အဓိကနော်း))
ဏီရေ..ဘယ်ပျောက်နေလဲ။

TYZ said...

မလွမ်းပါနဲ့တော့ ဘယ်တူမှ တားလို့မရပါဘူးလေ။ ဒါပေမဲ့ ရှေ့ဆက်လျှောက်လှမ်းရဖို့ ကျန်းမာရေးက အဓိကမဟုတ်လား။ တော်တော်လေး နေကောင်းလာပြီလို့ထင်ပါတယ်။ စာသားတွေ ခံစားချက်တွေ အကုန်ကောင်းတယ်။ အားပေးလျှက်ပါ။ ပျော်ရွှင်ခြင်းတွေ ပိုင်ဆိုင်နိုင်ပါစေ ကိုဏီလင်းညို။

ခင်တတ်တဲ့ TYZ

အဖြူရောင်နတ်သမီး said...

ငါ့အကိုကြီးက...
လွမ်းနေတာကိုး...
အလွမ်းတွေလည်း ပြေပါစေ...
နေလည်းမြန်မြန်ကောင်းပါစေ...
“ ” နဲ့လည်း မြန်မြန်အဆင်ပြေပါစေရှင်...
ဒီမှာတော့ ဖိုက်တင်းနေလို့ အွန်လိုင်းတောင် ကောင်းကောင်းမတက်ဖြစ်ဘူး..
ဆန္ဒပြနေတာ..း(..း(

ခိုင်နုငယ် said...

ဝန်ခံခြင်းရင်တွင်းဖြစ်ကဗျာလေးကို
တစ်ငုံချင်း..အဲ..တစ်ပုဒ်ချင်း
ဖတ်ရူ့ခံစားသွားပါတယ်။
ကျန်းမာပျော်ရွှင်ပါစေဗျာ။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

ကိုရီး{ကိုကြီး} said...

ကိုဏီ

ကဗျာရေးထားတာလေးကို သဘောကျတယ်
အပေါ်က မန့်ထားတာတွေကြည့်ပြီး မပြုံးမဖြဲ ဝါးလုံးကွဲ ရီ(ရယ်) သွားပါကြောင်း.....
{မပေါ့မပါးကြီးနဲ့ဆို သတိလေးတော့ ထားပေါ့ဗျာ :P}
ကျန်းမာရွှင်လန်းပါစေ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

မြစ်ကျိုးအင်း said...

အညိုရေ
ဘာတွေမပေါ့မပါးဖြစ်နေတာတုန်း
ခုမှ အားလို့ရောက်ဖြစ်တယ်
နေကောင်းသွားပြီလား.. ကျန်းမာရေးဂရုစိုက် တယ်ရင်း
စိတ်ပူတယ်.. သတိရနေတယ်..
ပျော်ရွှင်ကျန်းမာပါစေ

မိုးဇက် said...

ရှည်လိုက်တာ ကိုညိုရာ မနည်းဖတ်ယူရတယ် .....
:D