Monday, June 21, 2010

လောင်မီးတစ်စ




နံနက်ခင်းနေခြည်နုနုများက ဖွင့်ဟထားသောပြတင်းပေါက်မှတစ်ဆင့် အိပ်ခန်းအတွင်းသို့ တိုးညင်းစွာပင် ၀င် ရောက်သက်ဆင်းဖြာကျနေခဲ့လေသည်။ ပြတင်းဝအနီးရှိသစ်ပင်ထက်တွင် ငှက်ကလေးများက သဘာဝတေး သံများ သီဆိုဟစ်ကြွေးနေခဲ့ကြ၏။

“ I don’t know how to live without your love.....
I was born to make you happy”........

မှန်တင်ခုံရှေ့တွင်ထိုင်ကာ ကျောင်းသွားဖို့အလှပြင်နေရင်း ‘ဆွေ့’နှုတ်ဖျားမှ Britney Spears ရဲ့သီချင်းတစ် ပိုင်းတစ်စကို ခပ်တိုးတိုးညည်းမိလိုက်သည်။ သူ့နေရာနှင့်သူ လှပစွာချယ်မှုန်းထားသော မျက်နှာတစ်ပြင်လုံး အား စေ့စေ့စပ်စပ်ပြန်ကြည့်ရင်း မှန်ထဲမှကိုယ့်ပုံရိပ်ကို ကိုယ့်ဘာသာ ပြန်ပြုံးပြလိုက်မိသေး၏။ နောက် အားမ ရသေးသလိုဖြင့် မျက်တောင်ကော့သည့်အတံလေးကိုကောက်ယူလိုက်ကာ ကော့ထားပြီးသားမျက်တောင် လေးများကို ထပ်ကော့နေမိပြန်သည်။ ထိုအခါ အရည်လဲ့စွာဖြင့် အမြဲလိုလိုရွှန်းစိုနေတတ်သော ဆွေ့မျက်ဝန်း လှလှလေးတစ်စုံက ပိုမိုကြွရွစွာ ရွှန်းမြတောက်ပလာခဲ့သလိုပင်.....။

“ဆွေ့ရဲ့ မျက်လုံးလေးတွေနဲ့ ဆွေ့နာမည်လေးက သိပ်လိုက်တာပဲ”......

....ဟု ကျောင်းမှ သူငယ်ချင်းများက အားကျစွာဖြင့် ချီးမွမ်းပြောဆိုကြတိုင်း ဆွေ့ရင်မှာ ကျိတ်ကာပီတိဖြစ်ရ၊ ၀မ်းသာရစမြဲဖြစ်၏။ သို့သော် ဆွေ့နာမည်အရင်း ‘ဆွေလဲ့ရည်’....ဆိုတာ မှတ်ပုံတင်ထဲနှင့်၊ တက္ကသိုလ်က ကျောင်းသားကဒ်ထဲမှာသာ ရှိသည်ဟု...ပြောလို့ရသည်။ ကိုယ့်ကိုယ်ကို ‘ဆွေ...ကလေ’...ဟု သုံးကာပြောဆို တတ်တာမို့ အားလုံးက သူမကို ‘ဆွေ’....ဟုသာ ခေါ်ကြလေ၏။

သူငယ်ချင်းများ ၀ိုင်းဝန်းချီးမွမ်းကာ အားကျတတ်ကြသလို ဆွေက မျက်လုံးလေးများသာလှသည်မဟုတ်ပါ..။ ဆွေ့မျက်နှာကျပုံက လှသည်။ လှပသောနှာတံပေါ်ပေါ်နှင့် နှုတ်ခမ်းဖူးဖူးလေးကိုလည်း ပိုင်ဆိုင်၏။ အသားအ ရည်မှာလည်း ၀င်းဝါစိုပြေစွာဖြင့် သွေးကြောစိမ်းလေးများ ယှက်သန်းနေတတ်သည်။ သာမန်မိန်းကလေးတစ် ယောက်အရပ်ထက် ပိုမိုမြင့်မားသော်လည်း ကလန်ကလားကြီးမဟုတ်ခဲ့သော အရပ်အမောင်းကို ဆွေတစ် ယောက် ပိုင်ဆိုင်ထားပြန်သေးရုံမကသေးပါ....၊ ဆွေ့ခန္ဓာကိုယ်မှာလည်း အချိုးအဆစ်ကျနစွာဖြင့် သွယ်လျ စွာ လှပနေခဲ့ပါသေးသည်။ ခြုံပြီးပြောရလျှင် ဆွေသည် အလွန်လှပသော မိန်းမပျိုလေးတစ်ယောက်ပင်ဖြစ်ခဲ့ လေ၏။

ထို့အပြင် ဆွေ့တွင် ခါးအောက်ကျော်ကျော်ရှည်လျားသည့် နဂိုနေဖြောင့်စင်းစွာ နူးညံ့ပျော့ပြောင်း နက်မှောင် နေခဲ့သော ဆံပင်ရှည်ရှည်လေးများလည်းရှိသည်။ ထိုဆံပင်လေးများကို အပြင်ထွက်တိုင်း စည်းနှောင်ခြင်းမ ပြုပဲ တလွင့်လွင့်ဖြစ်စေကာ နူးညံ့ညင်သာစွာဖြင့် ဆွေလမ်းလျှောက်တတ်မိသေး၏။ ထိုအခါမျိုးတွင် အရွယ်စုံ ယောက်ျားလေးများရဲ့အကြည့်များက ဆွေ့ပုံရိပ်ထံမှ ချက်ခြင်းခွာမသွားနိုင်ကြတော့ပါ....။

ဒါတွေကို ဆွေသိပ်သိသည်။ ခေါင်းငဲ့ကာ လမ်းလျှောက်နေရင်း ဆံပင်များကြားထဲမှနေတိတ်တစ်ဆိတ်ခိုးဝှက် ကြည့်တတ်ခဲ့သောကြောင့်သာဖြစ်၏။ ထို့ကြောင့် ဆွေသည် ယောကျာ်းလေးများရှေ့မှဖြတ်လျှောက်လျှင် ခါ တိုင်းထက်ပိုမိုကာ နူးညံ့ညင်သာစွာဖြင့် လျှောက်လှမ်းတတ်မြဲဖြစ်လေသည်။ သာမန်မိန်းကလေးများထက် ထူးခြားစွာချောမောလှပသူလေးပီပီ သူမအလှတွင်ယောကျာ်းလေးများ ၀ပ်ဆင်းကြွေကျကာ ခ,စားကြရတာ ကို ဆွေကျေနပ်နှစ်သိမ့်မိသည်။ ဆွေ့အလှအပတရားအတွက် ဂုဏ်လည်းယူမိ၏။

“သမီးလေးရေ.....breakfast စားမယ်လေကွယ်....။ မပြီးသေးဘူးလားကွဲ့”....

အိပ်ခန်းဝဆီမှ မိခင်ဖြစ်သူရဲ့အသံကိုကြားလိုက်ရတာမို့ အလှပြင်နေရာမှ ဆွေလက်စသတ်လိုက်ရင်း....

“ဆွေကဖြင့် အလှမပြင်ခင် ဟိုးမနက်အစောကြီးကတည်းက စားပြီးသွားပြီမေမေရဲ့...၊ ဒီနေ့ ကျောင်းကို စောစောသွားမလို့လေ”......

“သြော်.....တယ်သွက်တဲ့ ငါ့သမီးလေးပဲ....။ ကဲ....ကဲ...ကျောင်းစောစောသွားမယ်ဆိုလည်း သွားတော့”....

ပြောပြောဆိုဆိုဖြင့် မေမေက ဆွေ့ကိုခြေဆုံးခေါင်းဆုံး တစ်ချက်သိမ်းကြုံးကာပြုံးကြည့်ရင်း ထွက်သွားလေ တော့သည်။ အခုမှ မနက်စာစားဖို့လာခေါ်နေသော မေမေ့ကြောင့် ပခုံးတစ်ချက်တွန့်ကာ ဆွေတစ်ယောက် တည်းရယ်မိလိုက်သည်။ ဆွေကဖြင့် မနက်စောစောအိပ်ယာထ၊ ရေချိုးပြီး အလှမပြင်ရသေးခင် breakfast ကို တစ်နင့်တစ်ပိုးစားပြီးခဲ့ပြီ။ ဆွေစားခဲ့တာတွေက ကြည်ဥကြော်နှစ်လုံး၊ ပေါင်မုန့်ထောပတ်သုတ်မီးကင်ထား တာလေးချပ်နှင့် နွားနို့ မတ်ခွက်ကြီးတစ်ခွက်ပင်ဖြစ်သည်။ ဒါမှကျောင်းကင်(န်)တင်းတွင် သူငယ်ချင်းများနှင့် အတူမုန့်စားလျှင် အစားသိပ်မကြီးသော၊ အများကြီးသိပ်မစားတတ်သော ပုံစံမျိုးလေးနှင့် တို့ကနန်း၊ ဆိတ်က နန်း ဆွေစားလို့ရမှာဖြစ်၏။

ရုပ်ကလေးလှသလောက် အစားသိပ်သောင်းကျန်းသည်ဟု......ပြောခံရမှာကို ဆွေသေမလောက်ကြောက်မိ ပါသည်။ ထို့ကြောင့် အိမ်တွင်သာ ဆွေအများကြီးစားတတ်၏။ ကျောင်းကင်(န်)တင်းများ၊ အပြင်စားသောက် ဆိုင်များတွင် သူငယ်ချင်းများနှင့်အတူဝိုင်းဖွဲ့ကာစားသောက်ကြတိုင်းတွင်တော့ ဆွေသည် စားစရာများကို တို့ကနန်း၊ ဆိတ်ကနန်းဖြင့် နည်းနည်းပါးပါးသာစားတတ်မြဲဖြစ်သည်။ ဆွေ့အကြောင်းကိုမသိကြသော သူငယ်ချင်းများက

“ဆွေရယ်.....အစားနည်းလိုက်တာနော်”....ဟု အားမလိုအားမရဖြစ်စွာဝိုင်းပြောကြတိုင်း ဆွေက ညင်သာစွာ ခေါင်းငြိမ့်ပြရင်း လျှို့ဝှက်စွာပြုံးပြတတ်မိပါသေးသည်။ ပြောရမည်ဆိုလျှင် အဖက်ဖက်မှ ပြည့်စုံကြွယ်ဝသော မိသားစုတစ်စုရဲ့ တစ်ဦးတည်းသောသမီးဖြစ်သည့်ဆွေသည်......

သာမာန်မိန်းကလေးများထက်.....ထူးခြားစွာချောမောလှပသူတစ်ယောက်ဖြစ်သည့်ဆွေသည်.....

ဟန်ဆောင်ကောင်းတတ်လွန်းသူလေးတစ်ယောက်ဖြစ်နေခဲ့ပြန်ပါသည်။ ထို့အပြင်.......

~~~~@@~~~~

ကျောင်းဆောင်အရှေ့ ကားပါခ်ကင်နေရာတွင် ကားကိုစက်သပ်ကာ ဆွေရပ်လိုက်ပါသည်။

ကျောင်းပတ်ဝန်းကျင်မှ သစ်ပင်များသည် နုပျိုသောမနက်ခင်းနှင့်အတူ နုသစ်စွာစိမ်းစိုလတ်ဆတ်နေခဲ့ကြ၏။ သို့သော်လည်း ဆွေမကြည့်အားပါ။ ကားပေါ်မှမဆင်းသေးခင် ကားနောက်ကြည့်မှန်ထဲတွင် ကိုယ့်မျက်နှာကို စေ့စေ့စပ်စပ် ပြန်ကြည့်နေရသောကြောင့်သာဖြစ်၏။ စိတ်ကျေနပ်လောက်တော့မှ ကားတံခါးကိုဖွင့်ကာအပြင် သို့ထွက်မိသည်။ ကားတံခါးအားလုံးကို လော့ခ်ချကာပိတ်လိုက်စဉ်..နံနက်ခင်းလေပြေတစ်သုတ်က နွဲ့ပျောင်း စွာတိုက်ခတ်လာခဲ့တော့ ဆွေ့ဆံပင်လေးတွေလေထဲတွင် ယိမ်းနွဲ့လှုပ်ရှားသွားခဲ့ကြရ၏။ ကိုယ်ကိုမတ်ကာ ဆံပင်လေးများကို နောက်ဖက်သို့ညင်သာစွာပြန်ပို့ရင်း ပခုံးထက်မှအိတ်ကိုပြင်လွယ်ပြီး ကားနားမှဆွေထွက်ခါ နီးတွင် ဆွေ့ကားနံဘေးသို့ ကားလေးတစ်စီး လျှောခနဲထိုးရပ်လာလေသည်။ မြင်ဖူးနေကျ ထိုကားလေးထဲသို့ ဆွေ့အကြည့်များကို ပို့လွှတ်မိလိုက်ဆဲခဏ.......

“ဟိုင်း.....မောနင်း.......ဆွေ”........

ကားထဲမှ လှမ်းကာနှုတ်ဆက်လိုက်သော ကြွေကြွေ့အသံကို ဆွေကြားလိုက်ရသည်။ ထို့ကြောင့် ခပ်ဖွဖွပြုံးမိ ရင်း ‘မောနင်း’.......ဟု အသံထွက်ရုံမျှသာ ဆွေပြန်ပြောလိုက်မိ၏။ ကားတံခါးကို ဖွင့်ကာကြွေကြွေကထွက် လာရင်း တံခါးအားလုံးကို သွက်လက်စွာလော့ခ်ချပိတ်လေသည်။ နောက်ဆွေ့အနားကို လျှောက်လာရင်း...

“ဆွေ....ဒီနေ့ သိပ်လှတယ်”......

“ကြွေကြွေလည်း......အတူတူပါပဲ”........

ဆွေက ပြုံးရင်း ခပ်တိုးတိုးပြန်ပြောတော့ ပွင့်လင်းလွတ်လပ်စွာဖြင့် ခေါင်းကိုမော့ကာ ကြွေကြွေကရယ်သည်။ နောက်.....

“ကင်(န်)တင်းကို လိုက်ဦးမလား....ဆွေ....၊ ကြွေကြွေတော့ အိမ်က ဘာမှမစားခဲ့ရသေးလို့”......

“သွားနှင့်.....ကြွေကြွေ....၊ ဆွေအတန်းထဲ အရင်သွားလိုက်ဦးမယ်၊ ပြီးမှ ညိုမီတို့နဲ့ လာဖြစ်မယ်ထင် တယ်”...

ကြွေကြွေ့ဖိတ်ခေါ်မှုကို အပြုံးတစ်ဝက်ဖြင့် ဆွေငြင်းဆန်စွာပြန်ပြောမိသည်။

“ဒါဆိုရင်....... ကြွေကြွေ သွားတော့မယ်နော်.....ဘိုင့်”.....

“အိုးခေ.....ကြွေကြွေ”.......

ပြုံးရင်း ဆွေခေါင်းငြိမ့်ပြလိုက်တော့ ကြွေကြွေက အပြုံးနှင့်လက်ပြနှုတ်ဆက်ကာ ခပ်သွက်သွက်လေးထွက် သွားတော့သည်။ ကြွေကြွေသည် ဆွေတို့အတန်းထဲမှပင်ဖြစ်၏။ သို့သော် ဆွေနှင့် အမြဲလိုလိုပင်နီးနီးကပ် ကပ်ဖြင့် တရင်းတနှီးနေတတ်လေ့ရှိသောသူငယ်ချင်းများမဟုတ်ခဲ့ကြပါ။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန် တတ်လေ့ရှိသောကြွေကြွေသည် အတန်းထဲရှိလူအားလုံးလိုလိုကို တရင်းတနှီးခေါ်ပြောနှုတ်ဆက်တတ်မြဲမို့ စောစောက ဆွေနှင့်အပြန်အလှန်နှုတ်ဆက်စကားပြောဖြစ်ကြခြင်းသာပင်ဖြစ်၏။ ထို့ကြောင့် ကင်(န်)တင်းကို ဆွေလိုက်ဖို့ ငြင်းဆန်ခဲ့လိုက်မိခြင်းသာဖြစ်ပါသည်။

ကြွေကြွေသည် ဆွေ့လိုပင်ချောမောလှပပြည့်စုံသူလေးတစ်ယောက်ပင်ဖြစ်၏။ နားရွက်အောက်နားလောက် အထိသာရှည်မည်ထင်ရသော အတိုအရှည်မညီညာသည့်ဆံပင်ပုံစံဆန်းဆန်းလေးနှင့်အတူ ကြွေကြွေက အ မြဲလိုလိုပင် ရွှေရောင်နားကွင်းခပ်ကြီးကြီးလေးများကိုဝတ်ဆင်တတ်ပြန်လေသည်။ ကြည်လင်သောအသားအ ရည်နှင့် မျက်နှာပြင်တွင်ဘာမှသိပ်မလိမ်းချယ်တတ်သော်လည်း အလိုလိုနေရင်း စိုပြေစွာလှပနေတတ်သူက လေးတစ်ယောက်ဖြစ်၏။

ဝတ်စားဆင်ယင်တတ်ပုံမှာလည်း ခေတ်မှီလုံခြုံစွာဖြင့်ပေါ့ပေါ့ပါးပါးရှိတတ်ပြန်လေသည်။ ဂျင်းဘောင်းဘီရှည် များ၊ တစ်ခါတရံ ဒူးအောက်နားလောက်ရောက်သည့် စကပ်များ....စသည်တို့ကို မိန်းမ၀တ်တီရှပ်အင်္ကျီလေး များ၊ ရံဖန်ရံခါ ချည်ထည်ပွပွလေးများ....စသည်တို့ဖြင့် မရိုးနိုင်လောက်အောင် ဆန်းပြားလှပစွာဝတ်စားပြင် ဆင်တတ်၏။ ထို့ကြောင့် ကြွေကြွေ့ကိုကြည့်လိုက်တိုင်း လွတ်လပ်ပေါ့ပါးနေတတ်သောပုံစံလေးဖြင့် မြင်ရမြဲ သာဖြစ်ပါသည်။

တစ်ခါတရံ ဆွေ့စိတ်ထဲတွင် ကြွေကြွေ့လိုမျိုး ခေတ်မှီဆန်းပြားသော ဆံပင်တိုတိုပုံစံမျိုးလေးညှပ်ချင်စိတ်ဖြစ် မိသည်။ ပူပြင်းသောနွေနေ့လည်ခင်းများတွင် အလှပျက်မှာစိုး၍ ဆံပင်ဖားလျားချထားရသော ဆွေ့ဒုက္ခကို ဘယ်သူမှနားလည်ခံစားနိုင်မည်မထင်ခဲ့ပါ။ သို့သော် တစ်ဦးတည်းသောသမီးမို့ အခြားဟာတွေသာ အလို လိုက်ချင်လိုက်မည်ဖြစ်သော ဆွေ့မေမေက ဆွေ့ဆံပင်ရှည်ရှည်တွေကို ဖြတ်ခွင့်ပေးမှာမဟုတ်....။

နောက်ပြီးတော့ ကြွေကြွေ့လိုပင် ခေတ်မှီလုံခြုံသော ဂျင်းဘောင်ဘီများ၊ စကပ်များကို ၀တ်ချင်မိတာလည်း အမှန်ပင်ဖြစ်ပါသည်။ သို့သော် ဆွေဝတ်ရသည်က ဖေဖေ့အလိုကျ ခြေမျက်စိအထိပုံကျကာရှည်လျားသော စကပ်ခပ်ရှည်ရှည်လေးများနှင့် ချည်ထည်အင်္ကျီလက်ရှည်ပွပွပုံဆန်းဆန်းလေးများသာဖြစ်၏။ ထိုအခါ နဂိုနေ လှပလွန်းသူလေးတစ်ယောက်မို့ ထိုအ၀တ်အစားအပြင်အဆင်၊ ဆံပင်ရှည်ရှည်လေးများနှင့်ဆွေ့ကို အများ က ပိုမိုစိတ်ဝင်စားခဲ့ကြလေသလား မပြောတတ်တော့ပါ....။

သေချာတာကတော့ ကြွေကြွေသည် ဆွေဖြစ်ချင်သောပုံစံမျိုးရှိနေခဲ့တာပင်ဖြစ်သည်။ စကားနည်းတာမဟုတ် သော်လည်း ကိုယ့်လောက်မှမလှသူကိုသာရွေးပေါင်းတတ်တာမို့ ဆွေ့တွင်သူငယ်ချင်းအပေါင်းအသင်းဟူ၍ များများစားစားမရှိပါ....။ လက်ချိုးရေကြည့်မှ ငါးချောင်းပင်မပြည့်တတ်။ ဆွေ့လိုရုပ်မချောသော ညိုမီတို့အုပ် စုသာရှိမည်ဖြစ်သည်။ ဆွေ့လောက်မလှသောသူများကို ရွေးပေါင်းမိတာအခြားသောအကြောင်းပြချက်မရှိခဲ့ သော်လည်း၊ မလှသူများကြားထဲတွင်နေခဲ့လေတိုင်း ဆွေ့အလှပိုမိုပေါ်လွင်လာစေရန်က အဓိကအကြောင်းပြ ချက်ပင်ဖြစ်ခဲ့၏။ ထို့ကြောင့် ဆွေ့ထံတွင် သူငယ်ချင်းအပေါင်းအသင်းရှားပါးလှပါသည်။

သို့သော် ကြွေကြွေကတော့ ဆွေ့လိုမဟုတ်ပဲ တစ်တန်းလုံးနှင့် ခင်မင်ရင်းနှီးစွာရှိတတ်လေ၏။ တွေ့သောသူ တိုင်းကို ဖော်ဖော်ရွေရွေနှုတ်ဆက်တတ်သော ကြွေကြွေ့အကျင့်ကြောင့် လူချစ်လူခင်ပေါများလှသည်။ လူ ချစ်လူခင်ပေါသော မိန်းမပျိုလေးတစ်ယောက်အဖြစ် ဆွေလည်းဖြစ်ချင်မိပါသည်။ သို့သော် ဆွေ့အတ္တခပ်ပါး ပါးလေးက လူအများနှင့်ဆွေ့ကို ဝေးကွာနေစေခဲ့သလိုပင်ဖြစ်နေခဲ့ပြန်၏။

အတန်းတွင်းရှိကျောင်းသားများရဲ့သာရေး၊ နာရေးကိစ္စများ၊ ဆရာကန်တော့ပွဲ၊ ဘုံကထိန်စသည့်အခမ်းအနား များတွင် ကြွေကြွေက ငွေအား၊ လူအား တစ်ပင်တပန်းအားစိုက်ကာ ဦးစီးဦးဆောင်လုပ်တတ်တိုင်း ဆွေ့မှာ တိတ်တစ်ခိုးဖြင့် ကြွေကြွေ့လို လုပ်ချင်၊ ကိုင်ချင်မိပြန်သည်။ သို့သော် ကိုယ့်ကိစ္စမှလွဲပြီး သူများကိစ္စကိုခေါင်း ရှုပ်ခံကာ မလုပ်ပေးချင်တတ်သော ဆွေ့အကျင့်က ဆွေ့ဆန္ဒကိုရိုက်ချိုးဖျက်စီးနေခဲ့ပြန်သလိုရှိနေခဲ့လေ၏။ အတန်းထဲတွင် ထူးထူးခြားခြားလှပချောမောလွန်းသူဆို၍ ဆွေနှင့်ကြွေကြွေနှစ်ယောက်သာရှိသည့်အထဲတွင် နေရင်းထိုင်ရင်း ဆွေ့မှာဘေးရောက်နေသလိုခံစားမိရသည်။ ထို့ကြောင့် ကြွေကြွေ့လိုမျိုး လိုက်မလုပ်နိုင်၊ မ ဖြစ်နိုင်ခဲ့သော ဆွေသည် ကြွေကြွေ့ကို မနာလိုပါ....။ ရှင်းရှင်းပြောရလျှင် လုံးဝကိုမနာလိုပါ။ ဟန်ဆောင်ဖို့အ တွက် ကျွမ်းကျင်လွန်းခဲ့သော ဆွေ့ကြောင့် ဒါကိုဘယ်သူမှမရိပ်မိခဲ့...။ ကာယကံရှင်ဖြစ်သော ကြွေကြွေပင် ရိပ်မိနိုင်စရာအကြောင်းမရှိခဲ့....၊ ဆွေ့ကိုတွေ့တိုင်း အပြုံးဖြင့်ခေါ်ပြော၊ နှုတ်ဆက်တတ်မြဲပင်ဖြစ်၏။ ညိုမီတို့ ဆိုလျှင် ဆွေတစ်ယောက်ကြွေကြွေ့ကိုကျိတ်ကာမနာလိုဖြစ်နေခဲ့တာသိဖို့ အတော့်ကိုဝေးကွာနေပါသေးသ ည်။ ဆွေသည် ဟန်ဆောင်တတ်ခြင်းအပြင် ကိုယ့်ထက်သာ မနာလိုဝန်တိုဖို့ သိပ်ဝန်မလေးတတ်သော မိန်းမ ပျိုလေးဆိုလျှင်လည်း မမှားပါ။

အတွေးနှင့်အတူ စာသင်ခန်းရှိရာသို့ ကော်ရစ်ဒါမှဖြတ်လျှောက်ရင်း ခေါင်းငုံ့ကာ ဆံပင်များကြားထဲမျက်နှာ ၀ှက်ပြီး ဆွေတစ်ယောက်တည်း မဲ့ပြုံးပြုံးလိုက်မိပါသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် အောင်နိုင်သူတစ်ဦးရဲ့ အပြုံးမျိုးဟု....ဆိုနိုင်လိမ့်မည်ထင်၏။

“ညနေခင်းရဲ့.....လေပြေထဲမှာ.....၊ မင်းဆံနွယ်တွေ.....အတောင်ပံဖြန့်တဲ့အခါ”.....

ကော်ရစ်ဒါဘောင်ပေါ်တွင်ထိုင်နေသော ကျောင်းသားတစ်သိုက်ထံမှ သီချင်းဟောင်းတစ်ပုဒ်ကို တစ်ပိုင်းတစ် ဆိုလိုက်သံက ဆွေ့နားထဲကို မနက်ခင်းရဲ့လေပြေနှင့်အတူ တိုးဝင်လာခဲ့၏။ ဆွေ့ကိုစောင်းဆိုမှန်း ပြောစရာ ပင်လိုမည်မထင်ပါ...။ ထို့ကြောင့် ဆံပင်များကြားတွင် မျက်နှာကိုပိုငုံ့ထားကာ ထိုကျောင်းသားများရှေ့မှနေ မသိချင်ယောင်ဆောင်ပြီး ဖြတ်လျှောက်မိခဲ့သည်။ သို့သော် ဆွေ့ရင်ထဲတွင်ကြည်နူးပီတိဖြင့် ပြုံးနေခဲ့မိ၏။ ထို့အတူ စိတ်ထဲမှနေပြီးတော့လည်း ထိုကျောင်းသားများအားကျေနပ်အားရစွာ ပြောမိလိုက်သည်။

“ဆွေ့ကို မမှန်းကြပါနဲ့တော့ကွယ်....။ ဆွေ့မှာ ပိုင်ရှင်ရှိသွားပြီကွဲ့”......

ဟူ၍ပင်....။ ဟုတ်သည်။ ဆွေ....ကိုထက်ကို အဖြေပြန်ပေးလိုက်တာ မနေ့ကညကတည်းကပင်ဖြစ်သည်။ ညတိုင်းအိမ်ကို ဖုန်းဆက်တတ်သောကြောင့် ဖုန်းထဲမှနေအဖြေပေးလိုက်မိခြင်းသာဖြစ်၏။ ထို့အတွက် ဒီနေ့ ဆွေကျောင်းသို့ ခါတိုင်းထက်ပိုမိုလှပစွာပြင်လျှက်၊ ပိုစောလျှက် အရောက်လာခဲ့မိခြင်းသာဖြစ်ပါသည်။ သို့ပေ မယ့် ကိုထက်ရဲ့ အရိပ်အယောင်ကို ခုထက်ထိမမြင်ရသေးပါ...။

ကိုထက်က ဆွေတို့အတန်းထဲမှပင်ဖြစ်သည်။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဟူ၍ တင်စားလို့ပင်ရသည့် အမျိုး သားတစ်ယောက်ပင်ဖြစ်ပါသည်။ ကိုထက်သည် စာတော်၏။ ရုပ်ရည်မှာ အချောကြီးမဟုတ်သော်လည်း ဆွဲ ဆောင်မှုအပြည့်ရှိသည်။ ယောကျာ်းပီသကာ အေးဆေးနေတတ်၏။ ထို့ကြောင့် မိန်းကလေးများအားလုံးက ကိုထက်ကို မဆွတ်ခင်ကတည်းက ညွှတ်ချင်ကြသည်။ ထိုမဆွတ်ခင်ကညွှတ်ချင်ကြသည့်အထဲတွင် အစက ဆွေမပါဝင်ပါ။ ကိုထက်က ဆွေမှန်းထားတာထက် နည်းနည်းနိမ့်နေသေးသောကြောင့်ပင်ဖြစ်ပါသည်။ ဆွေ အိပ်မက်ထဲမှ စိတ်ကူးချစ်သူပုံရိပ်မှာ ကိုထက်ဆိုသောသူထက်အများကြီးပိုမိုချောမောနေသောကြောင့်ဖြစ်၏။ သို့သော်.....“ကိုထက်က....ဆွဲဆောင်မှုရှိတယ်နော်”.....ဟူသော ကြွေကြွေ့စကားက တစ်ဆင့်စကားဖြင့် ဆွေ့နားထဲပြန်ရောက်လာခဲ့ချိန်မှစပြီး ကိုထက်သည် ဆွေ့အတွက်ပစ်မှတ်ဖြစ်လာခဲ့သည်။ နောက်ပြီး တစ်ခါ တရံတွင် ကိုထက်နှင့်ပြုံးရွှင်စွာ စကားပြောနှုတ်ဆက်နေတတ်သော ကြွေကြွေ့ကြောင့် ဆွေ့ဆုံးဖြတ်ချက်တို့ ပိုမိုခိုင်မာလာခဲ့ရ၏။

အရာရာတွင် ကြွေကြွေ့ကို တစ်ဖက်သတ်လိုက်ကာ မယှဉ်ပြိုင်ပဲ ရှုံးနိမ့်နေခဲ့ရသလိုဖြစ်သော ဆွေ့အတွက် ကိုထက်အား မျက်လုံးအကြည့်လေးများ၊ စာရှင်းခိုင်းမှုများဖြင့် စွန့်စားစွာဖျားယောင်းရင်း ဆွေ့ဖက်ပါအောင် စည်းရုံးခဲ့ရ၏။ ဆွေ မျှော်လင့်ထားခဲ့သလိုပင် ကြွေကြွေ့ဖက်သို့ ကိုထက်မလှည့်နိုင်တော့ပဲ ဆွေ့နောက် သို့ကောက်ကောက်ပါခဲ့ရလေတော့၏။ ထို့ကြောင့် ညတိုင်းအိမ်ကိုဖုန်းဆက်၏။ အစတော့ ရိုးရိုးသားသား ပြောသည်။ နောက်တော့ ဆွေ့ကိုချစ်ကြောင်းဖွင့်ဟလာခဲ့တော့လေသည်။ ထိုအခါ ဆွေမှန်းထားသည်ထက် လျှော့သေးသော်လည်း ကြွေကြွေ့ထက်ဦးသွားအောင် ကိုထက်အား မနေ့ညက ဖုန်းထဲမှနေအဖြေပြန် ပေးမိခဲ့၏။ ကြွေကြွေတစ်ယောက် ဆွေနှင့်ကိုထက်တို့အကြောင်းသိလျှင် ဘယ်လိုနေမည်မသိ....။ တွေးရင်း နှင့်ပင် ဆွေ့ရင်ထဲ စိတ်လှုပ်ရှားကာ ရင်ခုန်မိရသည်။ ကိုထက်ကို ချစ်လွန်းလို့တော့မဟုတ်ရ.....။ ကြွေကြွေ တစ်ယောက် ဘယ်လိုခံစားရမလဲ..ဆိုတာကိုသိချင်မိသောကြောင့်သာဖြစ်ပါသည်။

~~~~@@~~~~

နက်ခင်း အတန်းမတက်သေးခင်အချိန်လေးတွင် ကင်(န်)တင်းမှာ လူစည်ကားနေခဲ့၏။ ညိုမီတို့နှင့်အတူ ဆွေကင်(န်)တင်းသို့ ထွက်လာခဲ့ခြင်းသာဖြစ်ပါသည်။ မကြာခင်မှာ ကိုထက်လာတော့မည်....။ စောစောက ဆွေ့လက်ကိုင်ဖုန်းကို ကိုထက်လှမ်းဆက်သည်။ ညတုန်းက ရင်ခုန်လွန်းလို့ အိပ်မရတာနဲ့ ဒီနေ့မနက်စော စောမနိုးလို့ နောက်ကျရပါသည်တဲ့လေ....။ ဆွေ ပြုံးမိသည်။ ကိုယ့်ကို ရင်ခုန်ယစ်မူးစွာ ကြွေကျဆင်းသက် နေခဲ့သော ယောကျာ်းတစ်ယောက်ရဲ့အသံက ဆွေ့နားထဲတွင် ချိုမြိန်သော ဂီတသံစဉ်တစ်ခုပမာပင်....။ ထို့ ကြောင့် ကိုထက်ကိုမစောင့်တော့ပဲနှင့် ကင်(န်)တင်းကို ညိုမီတို့နှင့်အတူ ဆွေထွက်ခဲ့ခြင်းသာဖြစ်သည်။ နေ့ လည် ထမင်းစားချိန်ကျမှ ကိုထက်နှင့်အတူ နှစ်ယောက်တွဲကာထိုင်စားရင်း အများသိအောင်၊ မသိမသာကြေ ငြာတော့မည်ဟု.....ဆွေ့ရင်ထဲတွင် ကျိတ်ကာတေးထားလိုက်၏။ ကိုထက်နှင့် ဆွေတို့အကြောင်းကို ညိုမီတို့ ပင် မသိသေးပါ....။ ကြွေကြွေတစ်ယောက် သိလျှင်၊ မြင်လျှင်ဘယ်လိုနေမည်မသိတော့...။

ဆွေတို့ စားနေကျ ကင်(န်)တင်းတွင် လူများနေခဲ့သည်။ ကင်(န်)တင်းအ၀တွင်ရပ်ရင်း ထိုင်စရာနေရာကိုရှာ ရန် ဆွေတို့တစ်သိုက်၏ မျက်လုံးများက ကင်(န်)တင်းအနှံရွေ့လျားဝေ့၀ဲသွားကြသည်။ ဆွေ့မျက်ဝန်းထဲ တွင် တန်းခနဲ လှမ်းမြင်မိလိုက်တာက ကြွေကြွေ.....။

“ညိုမီ.... ကြွေကြွေ့ဘေးနားမှာ ထိုင်နေတဲ့ တစ်ယောက်ကို ငါ...ရင်းရင်းနှီးနှီးမြင်ဖူးသလိုပဲ”.....

ဆွေ့နှုတ်ဖျားမှ ဇဝေဇ၀ါနိုင်လှသောလေသံက တိုးဖွဖွထွက်သွားမိသည်။

“အဲ့ဒါ.....ကြွေကြွေနဲ့ မကြာခင်လက်ထပ်တော့မယ့်သူလေ....။ အခုတစ်လော သိပ်ပေါက်နေတဲ့ အဆိုတော် ‘.........’ဆိုတာ သူပေါ့”......

ဆွေ့ရင်ထဲမှာခါးသက်သွားသလိုခံစားလိုက်ရမိသည်။ ဆွေ သိပ်နှစ်သက်သော အဆိုတော်က ကြွေကြွေနှင့် တဲ့....။

“ငါ...ငါတောင်မသိလိုက်ရပါလား”........

ဆွေ့နှုတ်ဖျားမှ မပီဝိုးတ၀ါးဖြင့် ထစ်ငေါ့စွာ မေးသံထွက်လာ၏။ ဆွေ့ရင်ထဲတွင်ဗလောင်ဆူနေခဲ့ရပြီ...။

“နင်ပဲပြောတယ်လေ....၊ သူများအကြောင်းတွေ ငါ့ကိုလာမပြောနဲ့...၊ ငါမသိချင်ဘူးဆို.....၊။ အဲ့ဒါကြောင့် ငါ တို့လည်းမပြောမိတာပါဟယ်....။ ပြီးတော့ ငါတို့သိတာလည်း.....သိပ်မကြာသေးပါဘူး...။ သူတို့နှစ်ယောက် က ငယ်သူငယ်ချင်းတွေလို့လည်းပြောတယ်.....။ ကြွေကြွေကို အရူးအမူးချစ်နေတာ....ဟိုးအရင်ကတည်းက လို့ပြောကြတယ်လေ.....။ ကြွေကြွေက အဖြေပြန်ပေးလိုက်တာ မကြာသေးဘူးလို့ပြောကြတယ်....။ အဲ့ဒီလို အဖြေပြန်ပေးခဲ့ပြီးမှ ကြွေကြွေက ကျောင်းကိုလိုက်လာခွင့်ပေးတာတဲ့လေ....။ ဟိုးတစ်ခေါက် နင်ကျောင်းမ တက်တဲ့ရက်တုန်းက တစ်ခါလာဖူးသေးတယ်....။ အဲ့ဒါကြောင့် နင်မသိလိုက်တာနေမှာပါဟယ်....။

ဟဲ့...သူတို့ နှစ်ယောက်က သိပ်လိုက်တာပဲနော်......။ အဲ့ဒီအဆိုတော်က ရုပ်လည်းချော....၊ အသံကလည်း ရှယ်ပဲဆိုတော့”........

ညိုမီ့စကားသံများကဆွေ့နားထဲဝင်တစ်ချက်......၊ မ၀င်တစ်ချက်ဖြင့်......။

“သူ....သူက...၊ ကြွေကြွေက ....ကိုထက်...ကိုစိတ်ဝင်စားနေတာမဟုတ်ဘူးလား။ ဆွဲဆောင်မှုရှိတယ်လို့ သူ ပဲပြောဖူးတယ်လေ”....

ရေနစ်သူအတွက် ကောက်ရိုးတစ်မျှင်ကိုလှမ်းဆုပ်ကိုင်လိုက်မိသလို ဆွေမေးလိုက်တော့ တစ်ယောက်က၀င် ပြော၏။

“ဆွဲဆောင်မှုရှိလို့.....ဆွဲဆောင်မှုရှိတယ်ပြောတာနေမှာပေါ့ဟယ်....၊ ဆွဲဆောင်မှုရှိတိုင်းကြိုက်စရာမှမဟုတ်တာ”.....

သွားပြီ....ဟုဆွေ့ရင်ထဲမှ တိုးဖွစွာ၊ နာကျင်ရှုံးနိမ့်စွာ ဟစ်အော်လိုက်မိ၏။

“နောက်မှပဲ...စားကြမယ်ဟာ....။ ခုလောလောဆယ်....ကင်(န်)တင်းမှာလူများလွန်းနေတယ်....။ ဒါမှမဟုတ် ဟိုဘက်ကဆိုင် သွားမလား”......

ညိုမီက ဆွေ့ကိုတိုင်ပင်သလိုမေးလာတော့ ဆွေခေါင်းငြိမ့်ပြလိုက်မိသည်။ ခံစားချက်မဲ့စွာဖြင့်ခေါင်းငြိမ့်ပြမိခဲ့ ခြင်းဖြစ်သော်လည်း ဆွေ့ရင်ထဲတွင် မီးဟုန်းဟုန်းတောက်နေခဲ့ရသလိုပင်....။ ဆွေတို့အားလုံး ကင်(န်)တင်း ရှေ့မှ လှည့်ထွက်လာခဲ့လိုက်ကြ၏။

~~~~@@~~~~

“သူများတစ်ကာကို မနာလိုဖြစ်တတ်တဲ့သူဟာ....နှစ်ခါရှုံးတတ်တယ် သမီးလေးရဲ့။ ပထမတစ်ခုက အချိန်၊ ဒုတိယတစ်ခုက ကိုယ်တိုင်ရဲ့ စိတ်ခံစားချက်ပဲလေ.....
ကိုယ့်ထက်သာတယ်ထင်ရတဲ့...၊ ကိုယ်မလုပ်နိုင်တဲ့အလုပ်တွေကိုလုပ်နေတဲ့သူတွေကိုမြင်ရင် အရင်ဆုံး မုဒိ တာပွားနေသင့်တယ်....၊ မပွားနိုင်ရင် ဥပက္ခာပြုပါသမီး။ အဲ့လိုမှမဟုတ်ပဲ မနာလိုဝန်တိုတာတွေ ကျိတ်ဖြစ်နေ ခဲ့မယ်ဆိုရင်တော့ မေမေပြောသလိုပဲ....နှစ်ခါရှုံးတတ်တာ အခါခါဖြစ်နေမှာပဲလေ”......

ဆွေ့စိတ်အခြေအနေကို ရိပ်မိသော မွေးမိခင်ဖြစ်သူရဲ့ ရိပ်ဖမ်းသံဖမ်းဆုံးမစကားကို အဆောင်ဖက်သို့ညိုမီတို့ နှင့်အတူပြန်လျှောက်လာရင်း ဆွေ့နားထဲပြန်ကြားယောင်လာမိခဲ့ရသည်။ နောက်ပြီး ဆွေ့ရင်ထဲမှနာကျည်း စွာဟစ်အော်မိ၏။ ကြွေကြွေရွေးချယ်ထားတာက ကိုထက်ဆိုသည့် ဆွေ့လူထက် အဆတစ်ရာလောက်သာ နေသော၊ ဆွေနှစ်ခြိုက်နေသော အဆိုတော်တဲ့လား.....။ ဒါကို ဆွေကမသိပဲ...နှင့်......။

ထိုအခိုက်အတန့်လေးတွင် မနက်ခင်းလေပြေတစ်သုတ်က ဆွေတို့အားလုံးကို ဖြတ်သန်းတိုက်ခတ်သွားခဲ့ကြ ၏။

သို့သော် ဆွေ့ကိုမအေးချမ်းစေနိုင်ခဲ့ပါ။ ကြွေကြွေ့အပေါ်ပိုမိုကြီးမားစွာဖြစ်တည်သွားမိပြန်သော၊ မနာလို ၀န် တိုခြင်းဟူသော လောင်မီးတစ်စသည် ဆွေ့ရင်ကို ငွေ့ငွေ့ကျွမ်းအောင်၊ တမြည့်မြည့်ဖဲ့ချွေကာ ကျွမ်းလောင် နေစေခဲ့သောကြောင့်သာဖြစ်ပါသည်။

ထိုမီးတစ်စအား ဆွေကိုယ်တိုင်မှလွဲလျှင် မည်သူမှ ကူညီငြိမ်းသတ်ပေးနိုင်လိမ့်မည်မထင်တော့ပါ....။       ။

                               ~~~~~@@@~~~~~@@@~~~~~@@@~~~~~


ပုံလေးကိုဒီနေရာလေးကနေယူသုံးခဲ့ပါတယ်ခင်ဗျာ.......။
===========================================================================
လွန်ခဲ့တဲ့ ရက်တွေတုန်းက Elton john ရဲ့ sacrifice ဆိုတဲ့ သီချင်းလေးကို ခဏခဏနားထောင်ဖြစ်ခဲ့မိရင်း no tears to damn you, when jealousy burns....ဆိုတဲ့ စာသားလေးက စိတ်ထဲလာလာငြိနေလို့ ရေးခဲ့မိတဲ့ဝတ္တုတိုလေးပါခင်ဗျာ....။ အားလုံး လောင်မီးများနဲ့ ကင်းဝေးနိုင်ကြပါစေ....။
===========================================================================

ချစ်ခြင်းအားဖြင့်.......
ဏီလင်းညို



27 comments:

ကိုဇော် said...

ကောင်းတယ်ဗျာ. . .
လူတော်တော်များများကို ဖတ်မိစေချင်တယ်။
နှိုင်းယှဉ်မှု ဆိုတာ မရှိခင် အထိ ဘယ်အရာမှ မြင့်တယ် ၊ နိမ့်တယ် မရှိပါဘူး။ အားလုံးက ကိုယ့်ဖာသာကိုယ်ပါပဲ။
အဲ. . . နှိုင်းယှဉ်မိရင်တော့ အဲဒီလူက ပူလောင်စေတာပေါ့။

( x x x x x x x )

SHWE ZIN U said...

အင်း ဟုတ်ပ အဲလို မိန်းမတွေ အများကြီးတွေ့ဘူးတယ် ကိုဏီရေ

ကောင်းတယ်

ချစ်ကြည်အေး said...

ဝတ္ထုလေး ကောင်းတယ် ဏီလင်းရေ...ဆွေ့လို အမျိုးသမီးတွေ့ဖူးတယ်၊ ကောင်ကလေးတွေ အားလုံးသူ့ကိုပဲ ကြိုက်ရမယ် ထင်မှတ်ထားတဲ့သူမျိုး၊ အတွင်းက သူ့ထက်သာတဲ့ သူတိုင်းကို မနာလိုဖြစ်နေတတ်ပေမဲ့ အပေါ်ယံချို နေသူပေါ့...ကြောက်စရာ သိတ်ကောင်းတယ်...

rose of sharon said...

သူ့မနာလိုမှုတွေနဲ့သူ့ဟာသူပူလောင်နေတဲ့သူတွေ တွေ့ဖူးတယ်... ဆွေ့လိုလူတွေ ပတ်ဝန်းကျင်မှာတပုံကြီးဘဲ

ဆောင်းနှင်းရွက် said...

အရမ်းး ကောင်းတယ် ဗျာ ...
ဘယ်လို ပြောရမှာမှန်းတောင် မသိဘူးးး ..

ဟုတ်ပါ့နော် ..
မနာလို ဖြစ်တာ ဘာမှ မကောင်းဘူးး ...

ကူညီ နိုင်ရင် ကူညီ ...
တစ်ချို့ ဟာတွေကို အရမ်း တွေးတောနေရင်
စိတ်ပင်ပန်းတယ် ..
ကိုယ့်ဘာသာ အကောင်းဆုံး ဖြစ်အောင် ကြိုးစား၊ ရုံပါပဲ ...

ရွှေရတုမှတ်တမ်း said...

အင်း...အဲလိုမိန်းကလေးမျိုးတွေ ရှိတတ်ပါတယ်...
ကိုကြီးကျောက်ဘော်ဒါ မိန်းမတွေရဲ့ သဘောထားအမှန်ကို သူတို့ကယောင်္ကျားတွေကို မပြောတတ်တော့ အဲလောက်တော့ သတိမထားမိဘူး..သူတို့ခြင်း အမြဲတမ်း အပြိုင်အဆိုင်ရှိတာတော့ သတိထားမိတယ်...

TYZ said...

မနာလိုဝန်သိုမှုဆိုတာ လူ့စိတ်ကိုတကယ်ပင်ပန်းစေတယ်နော်.. အချင်းချင်း ၀န်သိုခြင်းကင်းကြပါစေ......... ပျော်ရွှင်ပါစေ ကိုဏီလင်းညို။

linn said...

အင်း ... ဟုတ်တယ် ...
စိတ်ထားတတ်ဖို့ လိုတယ် ... မထားတတ်ရင် ကိုယ်မွှေးတဲ့ မီး ကိုယ်ပဲ ပြန် ပူနေတတ်တယ်လေ ...
ဘာပဲ ဖြစ်ဖြစ် လူ့ဘ၀ခဏလေးမှာ မနာလိုခြင်းကင်း ၊ ငြူဆူခြင်း ကင်းရင် နေပျော်စရာကြီးပါ ...
ကျန်းမာ ပျော်ရွှင်ပါစေ ..နော..
ခင်မင်စွာဖြင့်
လင်း

blackroze said...

ကိုဏီကြီးရေ...ကောင်းလိုက်တဲ့ဇာတ်လမ်းလေး
နောက်လဲဒါမျိုးလေးတွေလုပ်ပါဦး
အာားပေးနေပါ၏

ခြင် said...

ဏီဏီက မိန်းကလေးတွေရဲ့ စိတ်ကိုဖွဲ့တာ... ပြိုင်စံရှားပါလား.... တော်တယ် တူငယ်ချင်းရာ...

lonetone said...

ကိုရင်လင်းညိုရေ၊ သူငယ်ချင်း တောင်းတဲ့စာအုပ်တွေ အခု ဒီမှာ မရှိဘူးဗျ။ ပြန်စာနောက်ကျတာ တောင်းပန်ပါတယ်ဗျာ။ ၀တ္ထုဖတ်သွားပါသည်။

လုလင်ပျို said...

ကိုဏီလင်းညို ရေ မိုက်တယ်ဗျာ
ယောကျာ်းလေး တစ်ယောက်က သူတို့ကိုနည်းနည်း အရေးစိုက်လိုက်ရင် ကြိုက်တယ် ထင်ပြီး နွားကျခိုင်းတဲ့ မိန်းမတွေလည်းရှိတယ်ဗျ (အကုန်လုံးကိုမပြောပါ) အဟဲ နောက်ဆုံးတော့လည်း သဘာဝ ဟာ သဘာဝပါ ပေါ့လေး) ပိုစ့်လေးက မိုက်တယ်ဗျာ တစ်ချို့တစ်ချို့သော သူများကို ဖတ်ကြည့်စေချင်တယ်

သဒ္ဓါလှိုင်း said...

ဝတ္ထုဖတ်ရင်းမျောသွားလိုက်တာ...။ သင်ခန်းစာလည်းပေးတဲ့ဝတ္ထုတို
ကောင်းတပုဒ်ပါကိုဏီလင်းရေ...။ဘ၀မှာမနာလိုစိတ်ကင်းအောင်
နေထိုင်ဖို့အဓိကကျပါတယ်.။အရမ်းကောင်းတဲ့ဝတ္ထုလေးပါ..။

ခင်တဲ့
သဒ္ဓါ

အင်ကြင်းသန့် said...

အတွေးရော အရေးရော အရမ်းကောင်းတယ် ကိုဏီး....
ညီမလေးပတ်ဝန်းကျင်မှာလည်း အဲဒီလို မိန်းခလေးမျိုးတွေ တွေ့ခဲ့ဘူးတယ်....
ပုထုဇဉ်တွေဆိုတော့ လူတိုင်းမှာ မနာလို ၀န်တို စိတ်ဆိုတာ အနဲနဲ့ အများတော့ ရှိတတ်ရင် ရှိတတ်ကြမှာပေါ့နော်....
ဒါပေမယ့် အသိတရားနဲ့ မဆင်ခြင်ဘဲ အလွန်အကျွံဖြစ်သွားတဲ့ အခါကျတော့ ခံစားရတဲ့ အပူမီးက ကိုယ့်ကိုကိုယ် ပြန်ပြီး လောင်မြိုက်သွားတာပေါ့လေ...

An Asian Tour Operator said...

သြော်... ဆွေ... ဆွေ...

ခရေညို said...

ဏီလင်းရေ
ရေးတာဝတ္ထုတိုဆိုပေမဲ့ ပညာကအကြီးကြီးရလိုက်တယ်။
ဖတ်လို့လည်းအရမ်းကောင်းတယ်

ခိုင်နုငယ် said...

ဝတ္ထုလေးကိုအရောက်လာဖတ်သွားပါတယ်။
ကောင်းအိ။
ဟုတ်ပ..တစ်ခဏလေးဘ၀မှာမနာလိုခြင်း၊၀န်တိုမူ့ကင်းက
စိတ်လက်ကြည်သာ.ချမ်းသာရ၏တဲ့ဗျာ။

ပန်းနုနှင်းဆီ said...

ကောင်းလိုက်တဲ့ အရေးလေးပါ
မိန်းခလေးတစ်ယောက်ရဲ့ ရင်ထဲထိ လှမ်းမြင်တတ်တယ်နော်..
တော်လိုကတာ

sosegado said...

မနာလို ၀န် တိုခြင်းဟူသော လောင်နေတဲ့မီးထက်ဆိုးပါတယ်
တငွေ့ငွေ့နဲ့ မငြိမ်းတဲ့မီးပါ၊

ကူးလွေ့ said...

မိစ္ဆေယ စိတ်များ ဒုက္ခ ပေးရင် သတိတောင်မကပ် နိုင်တော့ပဲ ဘဝ ဆုံးပါး တဲ့အထိ ကျွမ်းမြိုက် ပူပင် ကြတယ်။

သိင်္ဂါကျော် said...

Jealous ဆိုတဲ့ စိတ်က တကယ်ဆိုးတဲ့ လောင်မီးပဲနော်..
အမှန်တော့ ကိုယ့်ထက်သာရင်လည်း မုဒိတာ ပွားနိုင်ရမှာပါ..

အိမ့်ချမ်းမြေ့ said...

ဒါမျိုးလေးတွေ ထပ်ဖတ်ချင်ပါတယ်...
အပြင်မှာ ဆွေ့ထက်ဆိုးတဲ့သူတွေ တွေ့ဖူးပါတယ်။။
ကြွေရုပ်လေးလိုလှပြီး အဆင်းဘီးတပ်သူများကိုလည်း ပါးစပ်အဟောင်းသားနှင့် ကြုံခဲ့ဖူးပါတယ်...

ဂူဂဲလ်အနယ်လစ်တစ်၏ နှိပ်စက်ခြင်းကို မလေး ခံနေရ၍ ဘလောဂ်တွေမှာ ကော့မန့်တွေ မန့်ချင်တိုင်း မန့်မရကြောင်း အသိပေးလိုပါတယ် :D

ကိုရီး{ကိုကြီး} said...

ဖတ်သွားပါတယ်
ဝတ္ထုကောင်းလေးဗျာ။

ဆွေလေးမွန် said...

အင်းအပြင်မှာတစ်ကယ်တွေ့ဘူးပါတယ်။ဆိုးတယ်..

မြစ်ကျိုးအင်း said...

တပါးသူရဲ့ အနေအထိုင်ကို စောင့်ကြည့်နေရပြီ ဆိုထဲက သက်သောင့်သက်သာ မရှိတော့ဘူး။ မနာလိုစိတ်ပါ ဝင်လာပြီ ဆိုရင်တော့ သွားပြီ။ ရင်ထဲမှာ မီးဖိုထားရသလို ဖြစ်မှာပဲ။
အကောင်းဆုံးကတော့ ဘယ်သူ့ကိုမှ မကြည့်ဘဲ ကိုယ့်အလုပ် ကိုယ် အကောင်းဆုံး လုပ်တာပါပဲ။

ညလင်းအိမ် said...

အရမ်းကောင်းတယ် ...
တော်လိုက်တဲ့ ကိုဏီလင်းညို ...

သော်ဇင်စိုး said...

ဝတ္ထုလေးကောင်းတယ်ဗျား.. မိန်းကလေးတစ်ယောက်မဟုတ်ဘဲနဲ့ ယောင်္ကျားလေးဆို ဝတ္ထုအသွားအလာကဘယ်လို မျိုးဖြစ်ကြမလဲလို့ စိတ်ကူးထဲက တွေးမိတယ်.. ဒါပေမဲ့ ဘာမှပေါ်မလာပါဘူးအကိုရေ.. အကို ခံစားရေးထားတာလေးတွေပဲစောင့်ဖတ်နေပါ့မယ်..