Tuesday, November 10, 2009

“ကမ္ဘာမပျက်ခင်...တစ်လအလို”...

  ကျွန်တော်ရဲ့ ဒီစမ်းတစ်ဝါးဝါးနဲ့လုပ်ထားမိခဲ့ရတဲ့ “နားခိုရာရပ်ဝန်းလေး” မရှိခဲ့သေးခင်တုန်းကအိပ်မက်များ
ဆိုတဲ့ နေရာလေးမှာအခုလိုမျိုးပဲ မတောက်တစ်ခေါက်စာလေးတွေ ရေးခဲ့ဖူးပါတယ်...။ အဲ့ဒီမှာလည်း အချိန် တော်တော်ကြာအောင်စာဝင်မရေးဖြစ်ခဲ့သေးဘဲ သူများရေးထားတာတွေလိုက်ဖတ်ခဲ့ရင်း အချိန်တော်တော် ကြာအောင် နေခဲ့ဖူးပါတယ်...။ အိပ်မက်မှာ ကျွန်တော်စာစ,ဖတ်ဖူးကတည်းက စိတ်ထဲကနေပြီး ခင်မင်ခဲ့ရ၊ လေးစားခဲ့ရမိတဲ့ “မလေး”.... ( မအိမ့်ချမ်းမြေ့) က သတိတရနဲ့ တက်ဂ်ထားပေးတာကြောင့် ဒီပို့စ်လေးကို ရေးဖြစ်ရတာ...၊ ရေးခွင့်ရသွားတာပါ...။ ကျွန်တော်ရဲ့ နုနယ်လှသေးတဲ့ ဘလော့ဂ် သက်တမ်းလေးမှာ ပထ မဦးဆုံးရေးဖြစ်ခဲ့တဲ့ တက်ဂ်ပို့စ်လေးမို့ “မလေး” ကို ခင်မင်စွာနဲ့ ကျေးဇူးတင် အမှတ်ရမိကြောင်းလည်း ဒီနေ ရာလေးကနေပြီး...ပြောလိုက်ချင်ပါသေးတယ်...။
   အရင်တုန်းက ဘလော့ဂ်လေးတွေကို လျှောက်လည်ရင်းနဲ့ တစ်ခြားဘလော့ဂ်ရေးသူတွေရဲ့ ကောင်းမွန် တဲ့အရေးအသား၊ စိတ်ကူး အတွေးတွေနဲ့ ပုံဖော်ချယ်မှုန်းထားခဲ့တဲ့ ဒီတက်ဂ်ပို့စ်လေးကို ခံစားမှုအမျိုးမျိုးနဲ့ခံ စားပြီးဖတ်ခွင့်ရခဲ့ပေမယ့် ကျွန်တော်ကိုယ်တိုင်ရေးခဲ့ရလိမ့်မယ်လို့ မထင်ခဲ့မိတာ...အမှန်ပါပဲ...။ အခုတော့ ကျွန်တော် ကိုယ်တိုင်ရေးလိုက်ရပါပြီ...။ အားနည်းချက်တွေ...ရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါခင်ဗျာ...။

**********
“ကမ္ဘာမပျက်ခင်...တစ်လအလို”...



၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ…

သေချာပါတယ်...။ ကျွန်တော်ဟာ အဲ့ဒီအချိန်မှာ အခုအသက်အရွယ်ထက် နည်းနည်းလေးပဲ ကြီးသွားမှာမို့ သံယောဇဉ်တရားတွေကို ဖြတ်တောက်နိုင်ဦးမှာ မဟုတ်သေးပါဘူး...။ အဲ့ဒါကြောင့်မို့  ဖြစ်နိုင်ရင် ဖေဖေ၊ မေမေ နောက် အစ်ကို၊ အစ်မ စတဲ့ သူတွေနဲ့ အတူ ကျွန်တော့်ရဲ့အမြဲစိမ်းတောလေး မှာပဲ နေချင်မိပါတယ်။ နောက်ပြီးတော့ အဲ့ဒီဝန်းကျင်လေးမှာပဲရှိကြတဲ့၊ ကျွန်တော့်ရဲ့ ကောင်းမှု၊ ဆိုးမှု စတဲ့ အပြုအမှုတွေကြောင့် ကျွန်တော့်ကို စိတ်အရောင်အမျိုးမျိုး၊ အတွေးပုံရိပ်အမျိုးမျိုးနဲ့ ပုံဖော်ပြီး တောက်လျှောက်စောင့်ကြည့်နေခဲ့ ကြတဲ့ (ကျွန်တော်ဘယ်တုန်းကမှ မမုန်းတီးခဲ့မိသော) ငယ်သူငယ်ချင်းများနဲ့...

 (၂) ဘာတွေခံစားနေရလဲ…

အဲ့ဒီအချိန်ကျမှပဲ သေချာသိနိုင်လိမ့်မယ်ထင်ပါတယ်...။ ဖြစ်နိုင်တာကတော့ ကူရာကယ်ရာမဲ့စွာနဲ့ ၀မ်းနည်း အားငယ်မိသလိုမျိုး...ခံစားချက်တစ်ခုကို ခံစားနေမိမှာတော့ သေချာသလိုပါပဲ...။ အမြဲတမ်း ကျွန်တော့်ရဲ့ ရပ်တည်မှုကို ထောက်မပေးထားခဲ့တဲ့ ကမ္ဘာမြေပြင်ကြီးတစ်ခုလုံး ပြိုကွဲပျက်စီးသွားမှာကို ခံစားချက်တစ်ခု အနေနဲ့ ပြောပြစရာစကားလုံးတွေ အခုထက်ထိ ကျွန်တော်ရှာမတွေ့ခဲ့နိုင်သေးပါဘူး...။

(၃) ဘာတွေပြင်ဆင်ထားမလဲ…

အတတ်နိုင်ဆုံးတော့ တည်ငြိမ်တဲ့ စိတ်ကလေးတစ်ခု ပြင်ဆင်ထားမိချင်ပါတယ်...။ ဘာရယ်ကြောင့်မှတော့ မဟုတ်ပါဘူး...။ အသက်အရွယ် ကြီးရင့်နေမှာဖြစ်တဲ့ ဖေဖေနဲ့ မေမေရယ်...၊ နောက် ကမ္ဘာကြီးပျက်မှာကို လက်မခံနိုင်လောက်အောင် တုန်လှုပ်ခြောက်ချားနေကြမယ့် လူတချို့ရယ်...၊ ရုတ်တရက်ဆိုသလိုမျိုး  ပိုးစိုး ပက်စက်အဖြစ်မျိုးနဲ့ ခန္ဓာကြွေပျက်ရမယ့် အဖြစ်ဆိုးတွေကို သွေးပျက်နေမယ့် လူတချို့ရယ်...၊ စ,တာတွေ အတွက် အားပေး၊ နှစ်သိမ့်မှုတစ်ချို့ တတ်နိုင်သလောက် လုပ်ချင်လို့ပါ...။ ကိုယ်ကိုယ်တိုင်က စိတ်လှုပ်ရှား သွေးပျက်နေခဲ့မယ်ဆိုရင် သူများအတွက် အားပေးဖို့၊ နှစ်သိမ့်ဖို့ဆိုတာ...ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ကိုယ့်ကို တိုင် တွေးထားမိခဲ့တာမို့ပါပဲ...။ နောက်ပြီးတော့ ကျွန်တော့် အတွက် သေခြင်းတရားကို ရင်ဆိုင်တဲ့နေရာမှာ သွေးရူးသွေးတန်း မဖြစ်နေချင်လို့...။ (လိုချင်တာကိုပြောတာပါ...။ အဲ့ဒီတည်ငြိမ်တဲ့ စိတ်ကလေးတစ်ခုဟာ အခုလောလောဆယ် အချိန်မှာ ကျွန်တော့်အတွက် အဝေးကြီး ဝေးနေခဲ့ပါသေးတယ်...။)

(၄) ၀မ်းနည်းမိမှာက…

ကျွန်တော့်ရဲ့ရည်ရွယ်စွာနဲ့၊ နောက် မရည်ရွယ်စွာနဲ့ စတဲ့ အပြုအမူတချို့ကြောင့် ကိုယ်စိတ်နှလုံး သုံးပါးလုံး ထိခိုက်သွားရတဲ့သူတွေ အများကြီးရှိနိုင်ပါတယ်...။ ကိုယ်သိခွင့်ရလိုက်တဲ့ သူတွေအတွက် တောင်းပန်ဖို့ အ ခွင့်အရေးရနိုင်ခဲ့လို့ တော်သေးပေမယ့်၊ မသိလိုက်ရတဲ့ လူတစ်ချို့ရဲ့ စိတ်ခံစားချက်တွေကို ပြေအောင်လို့ မ တောင်းပန်ခဲ့လိုက်နိုင်တဲ့အတွက် ၀မ်းနည်းမိမှာပါ...။ နောက်ပြီး တစ်ခါတစ်လေမှာ ကိုယ့်ဘာသာကိုယ် အ ဆင်ပြေရပ်တည်နိုင်အောင်လို့ ကြိုးစားအားထုတ်နေခဲ့ရတဲ့ အပေါ်မှာ၊ အတွေးအခေါ်ပြောင်း၊ အမြင်စောင်း သွားတတ်ကြတဲ့သူတွေအတွက် ရှင်းပြဖို့ အခွင့်မရှိနိုင်တာတွေရောပါပဲ...။ (ကိုယ့်ကြောင့် သူတစ်ပါးရဲ့စိတ် ထဲမှာ ပူလောင်စေမိတာကို အပြစ်တစ်ခုများဖြစ်နေမလားလို့ ကျွန်တော်တွေးထားမိလို့ပါ...။ သိတဲ့သူများရှိ ရင် ဖြေပေးခဲ့ကြပါဦးခင်ဗျာ...။)
အဲ့ဒါကလွဲရင် ကျွန်တော့်အတွက် ဘာမှထူးပြီးဝမ်းနည်းစရာသိပ်မရှိပါဘူးခင်ဗျာ...။

(၅) ကြောက်လန့်မိတာက…
 
ကမ္ဘာကြီးတစ်ခုလုံး တစ်ပြိုင်နက် ဖြုန်းခနဲကြွေမွ ပျက်စီးမသွားဘဲ ဟိုကအရင်ပျက်လို့ ဒီဘက်က မပျက်နိုင် သေးတာတွေဖြစ်နေမှာကိုပါပဲ....။ ကိုယ့်ရှေ့မှာ ခင်မင်ရင်းနှီးရသူတွေ၊ သံယောဇဉ် ရှိရသူတွေ မသေမရှင် နဲ့ နာကျင်ခံစားအော်ဟစ်နေမှာကို ရင်မဆိုင်ချင်တာရောပါပဲ...။ အတူတူအားလုံး ရှုးခနဲ၊ ဒိုင်းခနဲ သေချင်မိ တာပါ...။ (အဖော်ဆွဲထည့်တယ်....မပြောကြပါနဲ့နော်...။)

(၆) ဆောင်ထားချင်တာ…

လူကြီးတွေလောက် ခံနိုင်ရည်မရှိနိုင်မဲ့၊ ကြောက်လန့်တစ်ကြား ပြေးလွှားငိုနေကြမဲ့ကလေးလေးတွေအတွက် နှစ်သိမ့်ပေးချင်တဲ့၊ မျက်ရည်သုတ်ပေးချင်တဲ့ ကြင်နာတတ်တဲ့ လက်တစ်ဖက်...။ နောက်ထပ် ဖေဖေနဲ့ မေ မေတို့ အတွက် ငယ်ငယ်ကသား...၊ ကြီးတော့ အားဖြစ်စေမဲ့ လက်တစ်ဖက်...။ ရေတစ်ဘူးနဲ့ မုန့်ခြောက်အ နည်းငယ်...။ ( ကမ္ဘာပျက်ချိန်တိုင်အောင် ဆာလောင်နေမယ့် လူတစ်ချို့အတွက်....။)

(၇) ဘာတွေရေးမိမလဲ…
 
ပိုင်ဆိုင်ချင်လျှက်နဲ့ စွန့်လွှတ်ခဲ့ရတဲ့...၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ စ,တဲ့အရာတစ်ချို့ကို ရင်ထဲမှာပဲ တိုး တိုးလေး ရေးဖြစ်နေမယ်ထင်ပါတယ်...။

(ဂ) တွေးမိတွေးရာ..
 
နောက်ထပ်ကမ္ဘာအသစ်တစ်ခုသာဖြစ်တည်လာခဲ့ရင် ငါဆိုတဲ့ကောင် ဘယ်လိုနေရာမျိုးမှာ၊ ဘာများဖြစ်နေ ခဲ့ဦးမှာပါလိမ့်....။

(၉) ဂုဏ်ယူချင်တာက…
 
မိဘကို မစို့မပို့လေး အခုအချိန်ထိလုပ်ကျွေးခွင့်ရနေခဲ့လို့  နည်းနည်းလေးတော့ ဂုဏ်ယူမိမယ်နဲ့ တူပါတယ်။
ကျန်တာကတော့ ဘာမှမရှိပါဘူးခင်ဗျာ...။ (ဘာကောင်မှလည်း မဟုတ်ခဲ့လို့ပါ...။)

(၁၀) ရှာကြံဖြေသိမ့်မိတာက…
 
အခုပျက်စီးတော့မယ့် ကမ္ဘာကြီးမှာ ငါတော်တော်ကြာအောင် နေခဲ့ဖူးသေးတာပဲလေ...။

(၁၁) ကျူးရင့်ချင်တဲ့ဥဒါန်း..
 
ချစ်သောကမ္ဘာမြေကြီးကို ကျွန်တော်နှုတ်ဆက်ပါတယ်ခင်ဗျာ...။ ရှင်သန်နေထိုင်ခွင့်ပေးခဲ့တာ... ကျေးဇူးလည်း တင်ပါတယ်ခင်ဗျာ....

**********
 
(ပုံကလေးကို ဒီနေရာ မှယူသုံးပါတယ်ဗျာ...။)

***********
ဆက်ပြီး တက်ဂ်လိုက်ချင်တဲ့ ရေးဖော်ရေးဖက် ညီအစ်ကိုမောင်နှမတွေကတော့....

ဘလော့ဂ်ရေးတာ...သိပ်မကြာသေးပေမယ့် သူ့နေရာလေးကို သွားရင် စာကောင်းလေးတွေဖတ်ရတတ်တဲ့ စာအရေးကောင်းတဲ့ ညီမ...ဒဏ္ဏာရီ
ကဗျာရေးကောင်းတဲ့...ညီ...ညရဲ့ကောင်းကင်
သူ့နေရာလေးကိုသွားရင် ရယ်စရာလေးတွေနဲ့ နှစ်သိမ့်ပေးတတ်တဲ့ (စာမရေးဘဲ ငြိမ်နေတဲ့) ခြင်ကလေးတစ်ကောင်
အားရင်...ရေးပေးကြပါဦးခင်ဗျာ....။

============================================

ချစ်ခြင်းအားဖြင့်...

ဏီလင်းညို

12 comments:

ဒဏ္ဍာရီ said...

ကိုဏီလင်းရေ ..... တက်ထားတယ်ဆိုလို့ အပြေးလေး လိုက်လာခဲ့တာ ...း)
ဒီတက်ပိုစ့်လေးတွေကို လိုက်ဖတ်နေတာ ကြာပြီ အကို။ အချို့က ဘာသာရေး အမြင်လေးတွေနဲ့ ရေးကြတယ်၊ အချို့ကတော့ သေရမှာကို မကြောက်အောင် ရီစရာ အပျော်လေးတွေနဲ့ နှစ်သိမ့်ပြီးရေးကြတယ်။
အကိုလည်း ဒီလိုပဲ သေရမှာကို မကြောက်ပဲ ကမ္ဘာသစ်မှာ ပြန်လည်ရှင်သန်မယ်ဆိုတဲ့ အတွေးလေးရယ်... ဒီကမ္ဘာမြေမှာ လူဖြစ်ခွင့်ရခဲ့လို့ ကျေးဇူးတင်တာလေးရယ်ကို ဖတ်ပြီး အကို့ရဲ့ အတွေးလေးကို မှတ်သားသွားပါတယ်။
သတိတရနဲ့ တက်လို့လည်း ကျေးဇူးတင်ပါတယ် အကို ... ရေးမယ်နော် ..

ခင်မင်လေးစားလျှက်

ညလင်းအိမ် said...

ကိုဏီလင်းရေ...
တက်ဂ်တယ်ဆိုလို့ လာလိုက်ရတာ...
အမှန်အတိုင်းပြောရရင် ကျွန်တော်ဘယ်သူ့ကိုမှ မတက်ဂ်ဖူးသလို
တခါမှလည်း တက်ဂ်တာ မခံရဖူးဘူး...
အဲဒီခေါင်းစဉ်လေးကို တမင်ကိုမေ့ထားတာ...
တကယ်လို့များဆိုရင်..တွေးရင်းတွေးရင်းနဲ့ပေါ့...

အစ်ကို့ရဲ့အတွေးလေးတွေက ကောင်းတယ်ဗျို့...
ဖတ်ရတာအေးချမ်းသွားတယ်...
ကျွန်တော်ကြိုးစားပြီး အချိန်ယူပြီးရေးပေးပါ့မယ်...
ခုလို ပထမဆုံး တက်ဂ်ခံရတဲ့ အတွက်လည်း ပျော်သလိုလိုတော့ ဖြစ်မိတယ်..

ကျေးဇူး ကိုဏီလင်း

ခင်မင်လေးစားလျက်
ညရဲ့ကောင်းကင်

မင်းအိမ်ဖြူ said...

ရေးထားတာလေးတွေရယ် ဖြေထားတာလေးတွေရယ် နောက်တွေးထားထာလေးတွေရယ် သဘောကျတယ်

တော်တော် နီးနီးစပ်စပ် ခံစားရပါတယ်

မင်းအိမ်ဖြူ

လိုအင်တွေပြည့်ပါစေ

ကမ္ဘာကြီးတော့ မပျက်စေချင်သေးဘူးရယ် ..

မောင်သီဟ said...

း) လာဖတ်သွားတယ်အစ်ကို တော်တော်ပြင်ဆင်ထားတာပဲ
ကမ္ဘာပျက်မယ့်အချိန်အတွက်
း) ပျော်ရွင်ပါစေဗျာ
း)

linn said...

အင်း ..တော်တော်လေး စဉ်းစားတတ်တယ် ... အဲဒီ အကြောင်းအရာကို ဘလော့ဂ်တော်တော်များများမှာ တွေ့နေရတယ် .. ကိုယ့်ဘာသာ စဉ်းစားကြည့်တယ် ... အဲဒီလောက် အဆင်ပြေပြေ တွေးပြီး မရေးတတ်လောက်ဘူးလို့ .. ရေးထားတာတွေကို follow လိုက်ရရင်တော့ အဟဲ နီးစပ်သလိုပဲ ... ဒါပေမဲ့ အဲလောက်တော့ ဖြစ်မယ်မထင်ဘူး ... အတွေးလေးတွေ ကောင်းပါတယ် ...

Khyl said...

အဟမ်း... အနော့်ကို တဂ် တဲ့ အတွက်.... အခင်ဇုံး ဘလော့ဂါ စရင်းထဲကို ကိုယ့်ဘာကိုယ် ထည့်ထားလိုက်ပီနော်..... အဟွတ် အဟွတ်.....

ပြီးရင် ကိုယ့်အလှည့်လဲလာမှာ..... အနော် တဂ်ရင်တော့ ပေါက်တောက် ကလောက်( ညီမ မချစ်ရ လေသံ) ပဲလာမှာ.... သဘောပေါက်.....

မမသီရိ said...

ချစ်စရာအတွေးလေးပါလား

အိမ့်ချမ်းမြေ့ said...

ရေးပေးသောကြောင့် ကျေးဇူးတင်ပါတယ်..

အတူတူအားလုံး ရှုးခနဲ၊ ဒိုင်းခနဲ သေချင်မိ တာပါ...ဆိုတာကတော့ အတူဆုံးပါပဲ.. ဘယ်သူ့ကိုမှ မခံစားစေချင်ဘူး။ ကိုယ်လည်း မခံစားချင်ဘူး။

မချစ်ရ said...

လာလည်ဖတ်သွားပါတယ်နော်
အရေးအသားလေးတွေဖတ်လို့ကောင်းပါတယ်
နောက်လည်းလာလည်ပါဦးမယ်

အချစ်မဲ့ဂစ်တာ said...

နောက်ထပ်ကမ္ဘာအသစ်တစ်ခုသာဖြစ်တည်လာခဲ့ရင် ငါဆိုတဲ့ကောင် ဘယ်လိုနေရာမျိုးမှာ၊ ဘာများဖြစ်နေ ခဲ့ဦးမှာပါလိမ့်....။

ဒီအကြောင်း အရာကတော့ ကျွန်တော်လည်း စိတ်ဝင်စားတယ်..ဘာလို့လည်း ဆိုတော့ ဒီဘ၀မှာ ကျွန်တော်တို့ စိုက်ပျိုးထားတဲ့ အတိုင်း ရိတ်သိမ်းချိန် နောင်ဘ၀ကိုတော့ သိချင်မိတယ်..။

Angel Shaper said...

နောက်ထပ်ကမ္ဘာအသစ်တစ်ခုသာဖြစ်တည်လာခဲ့ရင် ငါဆိုတဲ့ကောင် ဘယ်လိုနေရာမျိုးမှာ၊ ဘာများဖြစ်နေ ခဲ့ဦးမှာပါလိမ့်....။
ကြံကြံဖန်ဖန် တွေးတတ်လိုက်တာ အကိုရေ.... ဟိဟိ

~ဏီလင်းညို~ said...

တက်ဂ်ပို့စ်လေးကို..လာဖတ်ပေးခဲ့ကြတဲ့...သူငယ်ချင်း..ညီအစ်ကိုမောင်နှမတွေအားလုံးကို...ကျေးဇူးတင်ပါတယ်ခင်ဗျာ...။

အားလုံးကို လေးစားခင်မင်နေတဲ့...
ဏီလင်းညို