Thursday, January 10, 2013

ချာလီနှင့် ဒေစီ



ကျွန်တော်တို့အိမ်တွင် အိမ်ပေါက်ကြောင်လေးနှစ်ကောင်ရှိ၏။ အိမ်မှာပေါက်သော်လည်း သူတို့၏မိခင်ကြောင်မကြီးက ကျွန်တော်တို့အိမ်ကမဟုတ်။ ခြေရင်းအိမ်ကဖြစ်၏။ ကလေးများနို့ခွဲပြီးတော့ ကြောင်မကြီးက ဘေးအိမ် သို့ပြန်သွားကာ ကလေးနှစ်ကောင်အား ကျွန်တော်တို့အိမ်မှာ စိတ်ချလက်ချ ထားရစ်ခဲ့၏။ ကလေးများကလည်း သူတို့အမေနောက်မလိုက်သွားကြ။ ကျွန်တော်တို့အိမ်မှာသာ ပျော်ကျန်နေရစ်ခဲ့ကြသည်။

ကြောင်ကလေးနှစ်ကောင်မှာ အထီးလေးတစ်ကောင်၊ အမလေးတစ်ကောင်ဖြစ်၏။ အိမ်မှာမွေးသောကြောင်လေးများမို့ ကျွန်တော်တို့တစ်အိမ်လုံးက သည်းသည်းလှုပ်ချစ်ကြသည်။ နာမည်ပေးဖြစ်သောအခါ ကျွန်တော်က လသားအရွယ် အထီးလေးအား “ချာလီ”၊ အမလေးအား “ဒေစီ”...ဟု ပေးဖြစ်ခဲ့၏။

ချာလီသည် တစ်ကိုယ်လုံးဖြူဖွေးကာ နားရွက်အောက်ခြေနားတွင် အနက်ရောင်အကွက်လေး ဟိုဘက်ဒီဘက် တစ်ကွက်စီနှင့်မို့ ကြည့်လိုက်လျှင် ပန်ဒါဝက်ဝံလေးနှင့်တူလှ၏။ ၀မ်းဗိုက်ဘေးတွင် အနက်ရောင်အကွက်အသေးလေးတစ်ကွက်ပါသေး၏။ သို့သော် အမြီးလေးကတော့ အမည်းရောင်။

ဒေစီကတော့ သုံးရောင်စပ်ကြောင်မလေးဖြစ်၏။ ၀မ်းဗိုက်နှင့် ဘေးဘက်၊ ခြေထောက်အားလုံးဖြူသော်လည်း မျက်နှာနှင့် ကိုယ်လုံးပေါ်မှာ အနက်နှင့် အုန်းခွံရောင်ကွက်ကျားလေးဖြစ်သည်။ အမြီးလေးကလည်း သုံးရောင်စပ်။

ကြောင်ကလေးများ လသားအရွယ်တွင် ညအိပ်ချိန်နောက်အကျဆုံးဖြစ်သော ကျွန်တော်က ကြောင်ကလေးများအား အခြားအိမ်မှ ကြောင်ကြီးများ လာမကိုက်စေရန် ကင်းစောင့်ရ၏။ ပြီးလျှင် ကျွန်တော့်အခန်းခြေရင်းမှ ကတ်ထူ စက္ကူပုံးထဲမှာ သေချာထားသိပ်ရ၏။ နည်းနည်းလရင့်လာတော့ ကတ်ထူစက္ကူဘူးကို တိုးမထွက်နိုင်စေရန် အ ပေါ်မှ လေးပင်သောအရာတစ်ခုဖိထားပြီး သိပ်ရသည်။ သူတို့အစာစားတတ်ခါစ,အရွယ်ရောက်တော့ ကျွန်တော် စားသမျှအားလုံးသည် သူတို့တစ်ဝက် ကျွန်တော်တစ်ဝက်ချည်းသာ။

ဒါကို အမေကမကြိုက်။ ထို့ကြောင့် သူ့ရှေ့တွင် ကျွန်တော်မကျွေး။ စကားမစပ်ပြောရလျှင် ကျွန်တော်ထမင်းစားလျှင် တစ်ယောက်တည်းသာ အခန်းထဲမှာ စားတတ်၏။ ထို့ကြောင့် အမေမမြင်သော ကျွန်တော့်အခန်းထဲမှာ  ကျွန်တော် ထမင်းစားပြီဆိုလျှင် သူတို့တွေက အငမ်းမရ။ သို့ပေမယ့် အသားသိပ်မစားသော ကျွန်တော်က များသောအားဖြင့် ဆီပြန်ဟင်းများနှင့် မစားချင်လျှင်၊ လက်ဖက်သုပ်နှင့်ထမင်း၊ ထမင်းကိုဆီနှင့်နယ်ကာ မြေပဲကြော် နှင့် စားချင်စားတတ်၏။ ထိုအခါမျိုးတွင်တော့ ချာလီတို့မောင်နှမနှစ်ယောက်စားဖို့ မီးဖိုချောင်မှ ပုဇွန်ခြောက်ပုလင်းကို အမေမသိအောင်ဖွင့်ကာ နှိုက်ယူပြီး သူတို့ကို ကျွေးရတတ်မြဲ။

ဒီလိုနှင့် ကြောင်ကလေးနှစ်ကောင် ကြီးလာကြတော့ သူတို့ရဲ့မတူညီသော၊ ထူးခြားသော စရိုက်များအား ကျွန်တော်တွေ့လာရပါသည်။

ချာလီသည် ရုပ်ကလေးနှင့်လိုက်အောင် (အထီးလေးတန်မဲ့) ချစ်စရာကောင်းစွာဖြင့် တစ်အိမ်လုံးမှ လူများကို အသံမျိုးစုံဖြင့် ချွဲတတ်၏။ ခေါ်မကျွေးပဲနှင့်လည်း တောင်းစားတတ်၏။ သူ့ကို လူတွေချစ်အောင် နည်းမျိုးစုံဖြင့် ဆွဲ ဆောင်တတ်၏။ ကျွန်တော့် အစ်မနှင့် အမေကိုတစ်မျိုး၊ ကျွန်တော့်အစ်ကိုပြန်လာလျှင် အူယားဖားယားပြေးကြိုကာ အသံစုံမြည်ဟည်းတတ်သည်က တစ်သွယ်၊ ကျွန်တော့်အဖေကို ထမင်းစားချိန်တိုင်း အောက်ကနေ သနားကမားမျှော်ကြည့်ကာ အသံပြုတောင်းတတ်သည်က တစ်ဖုံဖြင့် တစ်အိမ်လုံး၏အချစ်ကို အပိုင်သိမ်းလေ၏။

ကျွန်တော်နှင့်ဆိုပိုဆိုး၏။ ကျွန်တော်အပြင်ကပြန်လာလျှင် ကျွန်တော့်အခန်းထဲက စာအုပ်စင်နားမှာ သူကခွေပြီး စောင့်နေတတ်သည်။ ကျွန်တော်ဝင်လာတာကို မြင်လျှင် မျက်လုံးလေးလှန်ကြည့်မည်။ ပြီးလျှင် မသိချင်ယောင် ဆောင်ကာ မျက်လုံး ပြန်မှိတ်သွားမည်။ ထိုအခါ ကျွန်တော်က သူ့အနားသွားကာ ထိုင်ချပြီး သူ့ခေါင်းလေးအား လက်ဖြင့်ပွတ်ရင်း...

“ချာလီလေး၊ သားလေး၊ ဘာလုပ်နေတာလဲ”.. ဟုမေးမှ သူက မျက်လုံးလေးကိုဖွင့်၊ သူ့ကိုယ်လေးကို တွန့်လိမ်ခွေ ခေါက်ပျင်းကြောဆန့်ပြီး ခေါင်းလေးကို ပက်လက်လှန်လှည့်၊ လည်ပင်းလေးလိမ်ကာ.. “ညောင်”...ဟု ညုတုတု အသံဖြင့် ပြန်ထူးတတ်သည်။ ကျွန်တော်က ဆက်ပြီး...

“သား... ထမင်းစားပြီးပြီလား”
“ညောင်”
“ငါးပြုတ်နဲ့စားတာလား၊ ကြောင်စာနဲ့ စားတာလား”
“ညောင်”
“ဒီနေ့ ဘယ်တွေ လျှောက်သွားသေးလဲ”
“ညောင်”
“ဒေစီရော...၊ ညီမလေးရော ဘယ်မှာလဲ”
“ညောင်”
ကျွန်တော့်မေးခွန်းများအား သူနားလည်လား၊ နားမလည်လားတော့ မပြောတတ်။ အထက်ပါအတိုင်း ကျွန်တော် တစ်ခွန်းမေးလျှင် သူက တစ်ခွန်းပြန်ပြီး ချွဲနွဲ့သံဖြင့် “ညောင်”တာကတော့ သဘောကျစရာပင်။ အဲ... မေးတာ အရစ်ရှည်သွား၍ တော်တော်များသွား လျှင်တော့ သူက “ညောင့်”ဟု (စိတ်မရှည်သလို) သံပြတ်ဖြင့် ထူးတတ်ပြန်ပါသေးသည်။

ဒါတင်မကသေးပါ။ ကျွန်တော်က မမေ့မလျှော့စွာဖြင့် သူ့အား...

“လာပါဦး သားလေးရယ်၊ ဒက်ဒီတစ်ခါလောက်ချီရအောင်”...ဟုဆိုကာ သူ့ကိုဆွဲထူလျှင် ပျော့ခွေစွာ လက်ထဲပါလာတတ်၏။ ကျွန်တော့်ပခုံးပေါ်မှာ သူ့ကိုတင်ပြီး ကလေးချော့သလို သူ့ကျောလေးအား ပွတ်ပေးလျှင် သူက ပါးစပ်မှ ညည်းသံ တဟင့်ဟင့် လုပ်တတ်သေးပြန်သည်။ ခဏချီပြီး ပြန်ချလိုက်တော့မှ သူလိုရာ ထွက်သွားတတ်ပါသည်။ မချီလျှင် စိတ်ကောက်ကာ ခေါ်တိုင်းမ လာတော့။ ပေကတ်ကတ်လုပ်နေတတ်တာမို့ပင်။ ညပိုင်း အိပ်လျှင် စောစောက ကျွန်တော်ပြောပြခဲ့သော နေရာလေးမှာသာ အိပ် တတ်၏။ တစ်ခါတစ်လေ ညဥ့်နက်သည့်အထိ ကျွန်တော်မအိပ်သေးပဲ စာရေးနေသည်ဖြစ်စေ၊ ရုပ်ရှင်ကြည့်နေသည်ဖြစ်စေ၊ သူ အိပ်နေရာမှ ထ,ထ၍ ကြည့်တတ်၏။ မအိပ်သေးဘူးလားကွ... ဆိုသည့် သဘောများလားဟု တစ်ခါတစ်လေ ကျွန်တော် ခပ်ရူး ရူးတွေးမိတတ်ပါသည်။

ထိုကဲ့သို့သော ချာလီအား ကျွန်တော်အပါအ၀င် တစ်အိမ်လုံးက ၀ိုင်းချစ်ကြတာ မဆန်းပါ။ တွေ့သောသူတိုင်းက ကျွေးချင်ကြတာမို့ သူ့မှာ ခဏခဏစားရတတ်၏။

သို့သော် ဒေစီကတော့ ချာလီနှင့် ဆန့်ကျင်ဘက်။ နည်းနည်းကြီးလာသည့် အရွယ်မှစပြီး အခုအချိန်အထိ မနက် ခြောက်နာရီ၊ နေ့ လယ် ဆယ့်တစ်နာရီခွဲ၊ ည ခုနှစ်နာရီ ပုံမှန် သုံးနပ်စာကို စိတ်ရှည်လက်ရှည်စောင့်ကျွေးသော ကျွန်တော့်အဖေကိုသာ ခင်တွယ် တော့၏။ ကျွန်တော်အပါအ၀င် ကျန်အိမ်သားအားလုံးနှင့် ခပ်မှန်မှန်ပင်နေတတ်၏။ ကျွန်တော့်အဖေပေါင်ပေါ်မှာသာ သူစိတ်လိုလက်ရ တက်ထိုင်တတ်သည်။ ကျန်သူ ဘယ်လူမှ သူမအားခေါ်၍ မရ။ လက်ဖြင့်ဖမ်းကာ ပေါင်ပေါ်တင်ထားလည်း ခဏသာ။ ပြီးလျှင် ဆင်းသွားတတ်သည်။ ဘယ်သူ့ကိုမှလည်း အ သံသေးအသံကြောင်ဖြင့် မျက်နှာချိုမသွေး။ ကျွေးလျှင်စားမယ်၊ မကျွေးလျှင် မစားဘူးဆိုသော ရုပ်မျိုး။ ပွတ်သီး ပွတ်သပ်လည်း မလုပ်။ သူ့ဟာသူ အေးအေးဆေးဆေး နေတတ်၏။ ခေါ်ကျွေး လျှင်လည်း လာချင်မှလာ၏။ လာပြန်လျှင်လည်း မကြိုက်သောအရာဆို မစားပဲ လှည့်ထွက်သွား၏။ ကြိုက်တဲ့ဟာဆိုလျှင်တော့ စား၏။ ဒါ တောင်မှ အငမ်းမရ စားတာမဟုတ်။ ပတ်ဝန်းကျင်ကို ခဏကြည့်ပြီး အခြေအနေကို အကဲခတ်သလို ငြိမ်နေပြီး မှ အေးအေးဆေးဆေး စားတတ်တာဖြစ်သည်။ သူ့ကို ခေါ်မကျွေးပဲ တောင်းသော ချာလီ့ကိုသာ ကျွေးနေလျှင်လည်း သတ္တ၀ါပီပီ ရောကောသောကောဖြင့် အနားသို့လာပြီး ချာလီနှင့်ရောကာ မစားတတ်။ အဝေးမှသာ ခပ်တည်တည်နှင့် လှမ်းကြည့်နေ တတ်သည်။ ကျွန်တော်က မနေနိုင်၍...

“ဒေစီ... သမီးလေး၊ လာ”... ဟုဆိုမှ အနားသို့လာကာ သူမအတွက်သပ်သပ်ချကျွေးသော အစာကို စားတတ်ပါ သည်။ ထို့ကြောင့် ဒေစီသည် ချာလီ့လောက်မစားရဟု ကျွန်တော်ထင်မိ၏။ ဟုတ်သည်၊ ချာလီက ချွဲနွဲ့ပြီး တောင်း စားတတ်သလောက်၊ ဒေ စီကတော့ ခပ်တည်တည်၊ ခပ်မှန်မှန် နေတတ်တာမို့ပင်ဖြစ်လေသည်။ ပြီးတော့ ဒေစီ သည် ချာလီ့လောက် မချွဲနွဲ့တတ်၍ တစ်အိမ်လုံးတွင် ကျွန်တော့်အဖေမှလွဲပြီး ကျန်သောသူများ၏အချစ်ကို မရဟု ကျွန်တော်ထင်မိပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်ကိုမကပ်လေသော ဒေစီ့ကို ချာလီ့လောက်မချစ်မိပါ။ ပြောရလျှင် ငိုတတ်သောကလေး နို့ပိုစို့ရသည်ဟူသော စကားပုံအတိုင်းပင် ဖြစ်မည်ထင်ရ၏။

တစ်ရက်... အိမ်ရှေ့ဧည့်ခန်းတွင် မိသားစုစုံ၍ ၀ိုင်းထိုင်စကားပြောနေကြစဉ်... ချာလီနှင့် ဒေစီတို့ အနားရောက် လာကြ၏။ ချာလီကတော့ ထုံးစံအတိုင်း လူအကုန်ကို လိုက်ပွတ်သပ် ချွဲနွဲ့နေသလောက် ဒေစီကတော့ ခပ်တည် တည်ပင် ကျွန်တော့်အဖေနား ထိုင်နေခဲ့လေ၏။ ဒါကို ခေါ်တိုင်းမရလေသော ကျွန်တော်က အမြင်ကတ်စွာဖြင့် ဒေ စီ့အားကြည့်ကာ...

“နင်ကြပ်ကြပ် သတိထားနေနော်... သမီးလေး။ ဘာလဲ ... ကြောင်ဖြစ်ပြီးတော့ သူကခေါ်ရင် မလာချင်ဘူး။ ငါ့အ ဖေမရှိတဲ့ အချိန်ကျမှ နင့်ကို တုတ်နဲ့နာနာနှက်ပစ်မယ်။ ဘာမှတ်နေသလဲ”...ဟု ဟောက်လိုက်မိ၏။ ဒါကို ဒေစီက ခပ်တည်တည်ပင် မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြန်ကြည့်ရင်း “ညောင်”...ဟု ပြန်အော်လေတော့၏။ သူမကိုပြောတိုင်း တော်ရုံတန်ရုံ ပြန်မတုန့်ပြန်တတ်ပဲ အခုတစ်ခါမှ ထူးထူးခြားခြား တုန့်ပြန်လိုက်သော ဒေစီ့ ကြောင့် တစ်အိမ်လုံး အံ့သြသင့်စွာ ရယ်မောကြလေတော့သည်။ အမေကရယ်ရင်း...

“ဟုတ်တယ်... ပြန်ပြောလိုက်သမီးလေး၊ အဲ့ဒါ ဘယ်သူနဲ့မှ တူတာမဟုတ်ဘူး။ ဒယ်ဒီလေးနဲ့ တူတာလို့”
“ဟာ... အမေကလဲ၊ ကျွန်တော်နဲ့ ဒေစီက ဘာတူလို့တုန်း”
ခပ်ညစ်ညစ်လေသံနဲ့ ကျွန်တော် စောဒကတက်မိတော့ အမေက မချိုမချဉ်ပြုံးရင်း ကျွန်တော့်ကိုကြည့်ပြီး ပြော၏။

“တူပြီလားသားရယ်။ မင်းလည်း ကျွေးတိုင်းမစားဘူး။ မင်းကြိုက်မှ စားတယ်။ တွေ့တဲ့လူတိုင်းကို ပုံမှန်ပဲဆက်ဆံတယ်။ မင်းစိတ်ထဲက တကယ်ခင်တဲ့လူကိုကျမှ မင်းစကားအများကြီးပြောတယ်။ ခေါ်တိုင်းလည်း မသွားချင်တတ် ပြန်ဘူး။ မင်းသွားသင့်တယ်ထင်မှ မင်းသွားတယ်။ များသောအားဖြင့် မင်းသဘောကျတာကိုပဲ မင်းလုပ်တယ်။ သူများခိုင်းတိုင်းမှာ မလုပ်ချင်ဘူး။ သီးသန့်ဆန်ဆန် သိုသိုသိပ်သိပ်နေချင်တယ်။ လူစုလူဝေးတွေကို မကြိုက်ဘူး။ အမြဲ မြုံစိစိနဲ့ နေချင်တယ်။ ကဲ... အဲ့ဒါတွေက ဒေစီနဲ့ မတူလို့ ဘယ်သူနဲ့ သွားတူသတုန်းသားရဲ့။ အမေတို့မိသားစုထဲမှာ အဲ့ဒီလိုနေတာ မင်းတစ်ယောက်ပဲရှိတာလေ...။ အခုတော့ မင်းနဲ့တူတဲ့ဒေစီ ရှိနေခဲ့ပြီပေါ့”...

အမေ့စကားတွေက ချက်နဲ့လက်နဲ့မို့ ကျွန်တော်အသာငြိမ်နေလိုက်မိသည်။ ဟုတ်တော့လည်း ဟုတ်နေတော့တာပဲကိုး။ ပြီးတော့ ဒီအသက်အရွယ်ရောက်နေပေမယ့် သူ့မျက်စိအောက်မှာပဲ ရှိနေသေးတဲ့ အငယ်ဆုံးသား ကျွန်တော့်ရဲ့စိတ်ကို အမေကျက်မိနေတာ မဆန်းလှသော ဖြစ်ရပ်တစ်ခု။

သို့သော်... ကျွန်တော်ကတော့ ဒေစီနှင့် နှိုင်းခံလိုက်ရ၍ စိတ်ထဲမှာ အောင့်သက်သက်နိုင်သွားရတာ အမှန်ပင်။ မ ကျေမချမ်းဖြင့် ဒေစီ့ကို လှမ်းကြည့်လိုက်တော့ သူမက အဖေ့အနားမှာ ၀ပ်လျှက် မျက်လုံးလေးမှိတ်နေခဲ့တာ တွေ့လိုက်ရ၏။ ချာလီကတော့ အားလုံးကို ပတ်ချွဲပြီးသွားသည်မို့ သူ့တာဝန်ကျေသွားပြီးသည့်အလား အိမ်အောက်သို့ ဆင်းသွားခဲ့လေပြီ။    

========================================================================

ချစ်ခြင်းအားဖြင့်...
~ဏီလင်းညို~
၁၁၊ ၀၁၊ ၂၀၁၃
နံနက် (၂း ၀၃) နာရီ
သောကြာနေ့။
ရန်ကုန် - မြန်မာပြည်
(ချာလီနှင့် ဒေစီ)


  

17 comments:

Anonymous said...

ကိုဒေစီက စာရေးသိပ်ကောင်း

ထရီဆာ said...

ကို ဏီလင်းညိုရေ .. ဖေ့ဘွတ်ကနေ လင့်ခ်လေး တွေ့လို့ ၀င်ဖတ်ခဲ့ပါတယ်ရှင့် ၊
လူ့သဘောကိုက အပေါ်ယံ ချိုမြိန်မှုမှာ သာယာတတ် တာမို့ ချာလီက အချစ်ပိုခဲ့ရတာ မဆန်းသလို ဒေစီ ကလည်း ရင်ထဲက ပါသူကိုမှ ခင်မင်တတ်တာမို့ အများစု လိုချင်တဲ့ အပေါ်ယံ ချိုမြိန်မှု မရှိတာမို့ အပယ်ခံအဖြစ်နဲ့ ဖြစ်သွားရတာလည်း မဆန်းသလိုပဲနော် ကိုဏီလင်းညို ..

ဒေစီက ထရီဆာနဲ့တောင် တူသလိုပဲ .. ထရီဆာက သူ့ထက် တစ်ခုပိုတယ် ဂျစ်ကန်ကန်နိုင် တယ် :)

ထရီဆာ့ရဲ့ ဖတ်ပြီး ခံစားလိုက်ရတဲ့ အမြင်စုလေး တစ်ခုမျှသာနော် ..

ကြိုက်နှစ်သက်သွားခဲ့ပါတယ် .. :)

မိုးငွေ့........ said...

ဖတ်နေရင်းပဲ ဒေစီက ဏီဏီနဲ့တူတယ်လို့ စိတ်ထဲပြောနေမိတာ...း) ချစ်စရာကောင်းတဲ့ပို့စ်လေး..

Ma Tint said...

လူတွေသာမက သတ္တ၀ါတိုင်းမှာ ကိုယ်ပိုင်ဗီဇနဲ့ စရိုက်လေးတွေရှိတတ်ကြတယ် ဏီလင်းညိုရေ။ ချာလီနဲ့ ဒေစီအကြောင်းလေးဖတ်ပြီး နူးညံ့တဲ့ စာရေးသူရဲ့စိတ်ကို မှန်းဆလို့ရတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ရန်မင်းအောင်. said...

ကိုဏီရေ...ကြောင်လေးတွေရဲ့ဖြစ်လေ့ဖြစ်ထရှိတာတွေကို ကွက်ကွက်ကွင်းကွင်းနဲ့ ထင်ဟပ်ပေါ်လွင်အောင်ရေးထားတာ တော်တော်ကိုဖတ်လို့ကောင်းတဲ့ ပို့စ်လေးဗျ..."လာပါဦး သားလေးရယ်၊ ဒက်ဒီတစ်ခါလောက်ချီရအောင်"ဆိုလေးကိုဖတ်ပီးပြုံးမိတယ်ဘရို...:)..

ညိမ်းနိုင် said...

ချစ်စရာပို့စ်လေး....၊ကျွန်တော်သာဆို ဒေစီလေးကိုပဲ ပို
ချစ်မိမှာ....၊သိပ်ချွဲရင် ကြည့်မရဘူး.... :D

ချော (အစိမ်းရောင်လွင်ပြင်) said...

သားတွေ သမီးတွေနဲ့ ပျော်နေတာကိုး..
သံယောဇဉ်တွေ တွေ့နေပြီပေါ့ ဟုတ်လား :P:P
ကိုဏီရေးပုံအရဆို သိပ်ချစ်ဖို့ကောင်းတဲ့ ချာလီဘဲနော်.. ဒေစီကတော့ မာနကြီးတယ်ထင်ပါရဲ့..
ကြောင်ကလေး၂ကောင်က အဖော်ရစေတာတော့ သိပ်ကိုကောင်း...

သဒ္ဓါလှိုင်း said...

ခုတော့ သိပြီ...
(စကားဘာလို့ အများကြီးမပြောလဲဆိုတာ..)

ခင်မင်လျက်
သဒ္ဓါ

စံပယ်ချို said...

ချာလီကိုလဲချစ်တယ် ဒေစီကိုလဲချစ်တာပဲ
ကိုဏီရေးလဲရေးတတ်တယ် တကယ်
ဂျက်ကလဲကြောင်တွေခွေးတွေဆိုရင်အသေချစ်တယ်

san htun said...

ကိုဏီ ရေးတတ်ပါ့..ဖတ်လို့ ကောင်းလိုက်တာ..ဒေစီလို ကြောင်မျိုး၊ ချာလီလို ကြောင်မျိုး ရှိခဲ့ဖူးတယ်..

လရိပ်အိမ် said...

အကိုရေ
ညီမလဲ ကြောင်အကြောင်းရေးမလို့။ အကိုလိုတော့ ရေးကောင်းမယ်မထင်ဘူး။
အမှန်တော့ ဒီလတင်မလို့။ ခရီးထွက်သွားတာ ပြန်လာတော့ နေမကောင်းဘူးဖြစ်နေလို့တင်နိုင်ဦးမယ်မထင်ဘူး။

blackroze said...

ညီမတို့အလုပ်မှာလည်း
အကို့အိမ်က ချာလီလို တကောင်..အဲလေမှားလို့
တယောက်ရှိတယ်...သူကတော့ အထီးလေး
မဟုတ်ဘူး.. အမ ဆိုပါတော့..
အဲဒီအကြောင်းစာရေးမလို့စဉ်းစားနေတာ..
ဒီအလုပ်ပိတ်ရက်ရေးဖြစ်မယ်ထင်တာဘဲ

မြသွေးနီ said...

ဒေဏီလေးရေ..
ပေကပ်ကပ်မလုပ်နဲ့
နေကောင်းအောင် နေဦး.. :)

မြသွေးနီ said...

ဒေဏီလေးရေ..
ပေကပ်ကပ်မလုပ်နဲ့
နေကောင်းအောင် နေဦး.. :)

hninnse young said...

ပေကပ်ကပ်လုပ်တတ်တာ. ကျနော့်ကိုများစောင်းပြောသလား။း)

ဇာတ်လမ်းကိုစိတ်ဝင်စားဖွယ်ကောင်းအောင် စာရေးကောင်းသူတစ်ယောက်အဖြစ် လေးစားပါတယ်။း)

linn said...

နာမည်ပြောင်းအမှန်က ဒေစီဏီလင်း ဖြစ်မယ် … :P

အိမ့်ချမ်းမြေ့ said...

ဒေစီ သနားပါတယ်..