Sunday, October 28, 2012

ခြားနားခြင်းရဲ့နောက်ကွယ်



မိုးဖွဲလေးများ ရုတ်တရက်ဆိုသလို ကျဆင်းလာကြသည်။

ယောက်ျားလေးပီပီ ကျောင်းသို့ထီးယူရန်ပျင်းသော သူ့ထံမှာ ထီးမပါလာခဲ့။ ထို့ကြောင့် ခပ်မှန်မှန်လှမ်းနေသော ခြေလှမ်းများကို သူအရှိန်မြှင့်ပစ်လိုက်မိ၏။ နောက်ပြီး စာသင်ဆောင်နားသို့ရောက်ကာနီးမှ ရွာချလိုက်သော မိုးဖွဲ လေးများကိုလည်း စိတ်ထဲမှနေပြီး ပြစ်တင်ငြူစူမိလိုက်ပါသေးသည်။ ပြီးတော့ ဒီ့ထက်ပိုပြီး မိုးသည်းမလာပါစေ နှင့်ဟု ရင်တွင်းမှကြိတ်ကာ တိတ်တဆိတ် ဆုတောင်းမိပြန်၏။ ဟုတ်သည်လေ....၊ ဒီ့ထက်ပိုပြီး သည်းသည်းမည်း မည်းရွာလာခဲ့မယ်ဆိုရင် အသစ်ဝယ်စီးထားရတာသိပ်မကြာသေးသော သူ့ရဲ့ အနက်ရောင်ကတ္တီပါဖိနပ်လေး ရေ စိုသွားရပေတော့လိမ့်မည်။

ဒါပေမယ့် ရွာတတ်သောမိုးကိုချည်း အပြစ်တင်နေလို့မရပါ။ သူကလည်း သူပင်ဖြစ်၏။ နွေ၊ မိုး၊ ဆောင်း သုံးရာသီ လုံးမှာ ကတ္တီပါဖိနပ်အနက်ရောင်လေးများကိုသာ စွဲစွဲမြဲမြဲစီးချင်၏။ နွေနှင့်ဆောင်းရာသီတို့တွင် ကတ္တီပါဖိနပ်စီးရ တာအဆင်ပြေသော်လည်း မိုးရာသီမှာတော့မကောင်းလှ။ ဖိနပ်လေးစီးထားပြီး အပြင်မှာ လမ်းလျှောက်နေစဉ် ခုလိုမျိုး ရုတ်တရက် မိုးရွာချလာမှာကို စိုးရိမ်ရ၏။ ရွာချလာခဲ့လျှင် နီးစပ်ရာ အမိုးအကာအောက်သို့ ပြေးဝင်ခိုလှုံရ ၏။ မိုးရွာနေချိန်မှာ အမိုးအောက်ရောက်နေခဲ့လျှင်လည်း အပြင်ပြန်ထွက်ဖို့ မိုးတိတ်ချိန်ထိတိုင်အောင် မပျင်းမရိ ထိုင်စောင့်နေရတတ်သေး၏။

မလွဲသာ မရှောင်သာလွန်းစွာဖြင့် အိမ်မှမထွက်ခင် အပြင်မှာမိုးတွေ သည်းထန်စွာ ရွာသွန်းနေတတ်သည့်အခါမျိုးတွင်တော့ (ကတ္တီပါဖိနပ်လေးများကိုနှမြောသောစိတ်နှင့်) အခြားမိုးတွင်းစီးဖိနပ်များကို သူစီးရတတ်ပါသေးသည်။ ထိုအချိန်များတွင် သူ့စိတ်ထဲမှာ တစ်ခုခုလိုအပ်နေခဲ့သလိုမျိုး အမြဲခံစားရတတ်၏။ ထို့ကြောင့် သူအပြင်ထွက်ခါနီး အချိန်တွင် မိုးမရွာခဲ့ပါက ကတ္တီပါဖိနပ်လေးများကိုသာ သူစီးလေ့ရှိတတ်စမြဲ။

သို့သော် မိုးတွင်းမှာ မိုးကိုမရှောင်တိမ်းနိုင်သော အခြေအနေမျိုးနှင့် မကြာခဏကြုံရတတ်လေတော့ သူ့ဖိနပ်လေးများမှာ ခဏခဏ ရေစိုခံရ၏။ ကတ္တီပါဖိနပ်တို့၏ထုံးစံအတိုင်း သုံး၊ လေး၊ ငါးခါလောက် ရေထိပြီးသွားလျှင် စီးလို့ သိပ်မကောင်းတော့။ အရောင်လည်း လွင့်သွားတတ်သလို၊ စီးရတာလည်း မာဂေါက်ဂေါက်နှင့် ပျော့ပျော့ပြောင်း ပြောင်းမရှိလှတော့ပါ။ ပြောရမယ်ဆိုလျှင် စီးလို့မကောင်းတော့။ ထိုအခါ သူ့အတွက် နောက်ထပ်ဖိနပ်အသစ်တစ် ရံကို မဖြစ်မနေထပ်ဝယ်ရမြဲ။ ဒီလိုနှင့် သူတို့အိမ်က ဖိနပ်စင်လေးမှာ သူ့ရဲ့(မပြတ်သေးသော) အရောင်လွင့်လွင့် ကတ္တီပါဖိနပ်ဟောင်းလေးများ တစ်စ,တစ်စ,နှင့် များပြားလာခဲ့ရပြီ။ ထို့အတွက် အမေက သူ့ကိုချစ်စနိုးဖြင့် ကျီ စယ်ကာ ပြောသည်မှာ...

“ငါ့သားလေးလည်း ကတ္တီပါဖိနပ်ဖိုးနဲ့ပဲမွဲမှာပဲ။ မိန်းမယူရင် ကတ္တီပါဖိနပ်လုပ်ငန်းပိုင်ရှင်ရဲ့သမီးမျိုးကိုသာ ရှာပြီးယူပါတော့ဟယ်”... ဟူ၍။ သို့သော် သူကတော့ မိုး၊ ဆောင်း၊ နွေ ဥတုသုံးပါးစလုံးမှာ ကတ္တီပါဖိနပ်လေးများကိုသာ ခေါင်းမာစွာဖြင့် စွဲစွဲမြဲမြဲ စီးမိနေခဲ့ဆဲပင်။

စာသင်ဆောင်ရှိရာ ကော်ရစ်ဒါအ၀င်အ၀လမ်းမလေးပေါ်သို့ရောက်သောအခါ သူ့ခေါင်းပေါ်ကျဆင်းလာနေသော မိုးစက်လေးများ၏အရှိန်က တိုးလို့ပြင်းထန်လာခဲ့လေတော့သည်။ ကော်ရစ်ဒါအ၀င်အ၀ လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် အရိပ်ရစေရန် စီတန်းစိုက်ထားသော မလေးရှားပိတောက်နှင့် ပင်လယ်ကဗွီးပင်တို့၏ ခက်ရွက်များပေါ် မှနေပြီး မိုးရေစက်များက သူ့ကိုယ်ပေါ်သို့ အလုအယက် ပြိုဆင်းလာခဲ့ကြ၏။

ထို့ကြောင့် ရေကြောက်တတ်သော ကြောင်တစ်ကောင်လို သွေးပျက်စွာဖြင့် ကော်ရစ်ဒါအောက်ရောက်အောင် သူ ပြေးမိတော့၏။ ကော်ရစ်ဒါအပေါက်ဝအောက်ရောက်ကာနီးတွင် သူ့နောက်ဘက်ဆီမှ လူတစ်ယောက်လဲကျသံကို သူ့နားထဲမှာ ကြားလိုက်ရ၏။

နောက်သို့ သူလှည့်ကြည့်မိလိုက်သည်။ ထိုအခါ ခြေတစ်လှမ်း၊ နှစ်လှမ်းလောက်ဆက်လှမ်းလျှင် ရောက်နိုင်ပြီဖြစ် သောကော်ရစ်ဒါအပေါက်ဝအောက်သို့ သူဆက်မသွားဖြစ်တော့။ ဘာရယ်ကြောင့်မှမဟုတ်။ သူ့ရဲ့အနောက်ဘက် ခြေလှမ်း သုံးလေး လှမ်းစာခန့်အကွာမှာ ကျောင်းသူတစ်ဦး ဟန်ချက်ပျက်စွာ လဲကျနေခဲ့သောကြောင့်ပင်တည်း။

ကော်ရစ်ဒါအ၀င်အ၀လမ်းတွင်ခင်းထားသော အင်္ဂတေပြားများပေါ်မှ ရေညှိများနှင့် စလစ်ဖြစ်ကာ ချော်ကျသွားပုံရ သည်။ ကျောင်းသားအချင်းချင်းကူညီချင်စိတ်ဖြင့် ထိုကျောင်းသူအနားသို့ သူပြန်လျှောက်သွားလိုက်၏။ ချက်ခြင်း ပြန်မထ,နိုင်သေးရှာသော သူမအနီးတွင် ဒူးထောက်ပြီး သူထိုင်ချလိုက်သည်။ နောက်... အနားမှာ ပက်လက်လန် ပြီးလွင့်ကျနေခဲ့သော သူမ၏ထီးကလေးကိုကောက်ကာ နှစ်ယောက်လုံအောင်မိုးရင်း သူမေးလိုက်ပါသည်။

“ဘယ်နားနာသွားသေးလဲ”
“မပြောတတ်ဘူး၊ ခြေကျင်းဝတ်နားက အရမ်းနာနေတာပဲ သိတော့တယ်”

ရှက်စိတ်တစ်ဝက်၊ နာကျင်ခြင်းတစ်ဝက်တို့ဖြင့် ရောစပ်ထားသော မျက်နှာနီနီလေးဖြင့် သူမက ပြန်ဖြေ၏။ ဆေး ရောင်ချယ်သထားခြင်းမရှိသော သူမ၏နှုတ်ခမ်းစိုရဲရဲလေးနှစ်လွှာမှာလည်း နာကျင်မှုကြောင့်လား၊ ချမ်းအေးမှု ကြောင့်လားတော့မသိ။ တဆတ်ဆတ်တုန်ယင်နေလို ရှိနေခဲ့ကြသည်။

“ဒါဆို အဆစ်လွဲသွားတာလားမသိဘူး။ ခက်တာက ကျွန်တော်လည်း အဲ့ဒါမျိုးကို ဘာမှ မလုပ်တတ်ဘူး၊ ရမ်းလုပ် မိရင် ပိုဆိုးသွားမှာ စိုးရတယ်”
“ရပါတယ်၊ ဒါပေမယ့် ကိုယ့်ကို မင်းတစ်ခုလောက်ကူညီပါလား”
“ဘာကူညီပေးရမလဲပြောပါ”

စကားအပြန်အလှန်ပြောနေစဉ် မိုးက ပိုသည်းလာသည်။ သူမ၏ဆံပင်လေးတွေနှင့်  ခြေဆင်းထားသလိုဖြစ်နေခဲ့ သော မိုးပြာရောင်ထမီရှည်ရှည်လေးနှင့် သူမ၏ခြေထောက်ပိုင်းမှာ မိုးစက်တို့ဖြင့်စိုစွတ်စ,ပြုလာသလို သူ့ကတ္တီပါ ဖိနပ်လေးသည်လည်း မိုးရေတို့ဖြင့် စိုစွတ်စ,ပြုလာခဲ့ရပြီ။

“ကိုယ့်ကို ကော်ရစ်ဒါအောက်ရောက်သွားအောင် တွဲပို့ပေးပါလား”
“ဒီလောက်ကတော့ ဖြစ်ပါတယ်။ ဒါဆိုဖြည်းဖြည်းလေးထ,၊ ကျွန်တော့်ကို မှီပြီး ဖြည်းဖြည်းလျှောက်”
“အိုကေ၊ သိုင်းခရူး”

ပြောပြောဆိုဆိုဖြင့် သူမ၏နူးညံ့လှသော လက်ကလေးတစ်ဖက်ဖြင့် သူ့ပခုံးကိုအားပြု ကိုင်တွယ်လာသည်။ သူက လည်း သူမကိုဖေးမကာ ဖြည်းဖြည်းချင်းရပ်စေလိုက်၏။ နောက်... သူမ၏ထီးကလေးကို ကျန်လက်တစ်ဖက်ဖြင့် သူမဘက်သို့ပိုပိုသာသာမိုးပေးကာ သိပ်မဝေးလှတော့သော ကော်ရစ်ဒါအပေါက်ဝအောက်ဆီသို့ နှစ်ယောက်သား ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ကြတော့၏။

ကော်ရစ်ဒါထောင့်စွန်းမှ လှေခါးရင်းတွင် သူမကိုဖြည်းဖြည်းချင်းထိုင်စေလိုက်ပါသည်။ နောက် သူမ၏ထီးကလေး ကို သူပိတ်လိုက်၏။ ကော်ရစ်ဒါအောက်မှာတော့ စာသင်ချိန်မို့လို့ အပြင်မှာလူသိပ်မရှိ။ ဖြတ်သွားဖြတ်လာ တစ်ဦး စ, နှစ်ဦးစသာ ရှိနေခဲ့သည်။ ထီးလေးကို လှေခါးရင်းတစ်ဖက်တွင် ထောင်ထားလိုက်ပြီး ကိုယ်ကိုငုံ့ကိုင်းကာ သူမအား သူမေးလိုက်ပါသည်။

“ဘယ်လိုနေသေးလဲ၊ သက်သာလား”
“ပိုနာလာသလိုပဲ၊ ဒါပေမယ့် ကိုယ့်ကို ဒီနေရာအထိ တွဲခေါ်ပေးခဲ့တဲ့မင်းကို ကျေးဇူးတင်ပါတယ်နော်”
“မလိုပါဘူးဗျာ၊ ကျောင်းသားအချင်းချင်းပဲ ကူညီရမှာပေါ့။ ကဲ အခု ကျွန်တော်ဘာထပ်ကူညီပေးရဦးမလဲ”

ပြန်ပြောရင်း သူမက စကားပြောလျှင် သူမကိုယ်သူမ ‘ကိုယ်ကလေ’ ဟု နာမ်စားသုံးတတ်သလို၊ သူ့ကို‘မင်း’ ဟု ပြောဆိုသုံးနှုန်းတတ်တာကို သူ့စိတ်ထဲမှာ သတိထားမိလိုက်သေး၏။ သူမက သူ့ကိုမော့ကြည့်ကာ ရေမစို့တစို ဆံ ပင်လေးများကို တစ်ချက်သပ်တင်ရင်း ခပ်တည်တည်မျက်နှာလေးဖြင့် ပြန်ပြောသည်။

“အားတော့ နာတယ်။ အပန်းမကြီးဘူးဆိုရင် မင်းရဲ့ဖုန်းကို ကိုယ်ခဏသုံးလို့ရမလား။ ကိုယ့်ဖုန်းက ဒီနေ့သီချင်း နားထောင်တာများသွားတော့ ဘက်ထရီဒေါင်းသွားလို့လေ”
“ရပါတယ်”

လွယ်အိတ်ထဲမှ ဖုန်းလေးကိုထုတ်ကာ ရက်ရက်ရောရောပင် သူကမ်းပေးလိုက်သည်။ သူမက “သိုင်းခရူး”ဟု ခပ် တိုးတိုးရေရွတ်ပြောဆိုရင်း သူ့လက်ထဲမှ ဟန်းဖုန်းလေးကို လှမ်းယူ၏။ နောက်... နံပါတ်များကိုရိုက်နှိပ်သည်။ ပြီး တော့ ဖုန်းပြောလေတော့သည်။

“မေမေလား၊ သမီးကျောင်းမှာချော်လဲလို့၊ အဲ့ဒါ အခုချက်ချင်းလာကြိုပါ”
“........”
“ခြေထောက်နာသွားတယ်။ လမ်းတောင် မလျှောက်နိုင်တော့ဘူး”
“........”

သူမက အနားမှာ သူရှိနေတာကိုတောင် သတိထားမိတော့ပုံမရတော့။ နှုတ်ခမ်းလေးစူကာ အမေဖြစ်သူအား ဖုန်းဆက်ရင်း ကလေးလေးတစ်ယောက်လို ငိုချင်လာဟန်တူပါသည်။ သူမ၏မျက်ဝန်းထောင့်စွန်းလေးတွေမှာ မျက်ရည်ကြည်လေးတွေ ခိုတွဲလာခဲ့ကြသလို၊ နှုတ်ခမ်းနီထွေးထွေးလေးလည်း တဆတ်ဆတ်တုန်လာပြီး နှာသီးဖျား လေးများလည်း ရဲရဲနီလာလေတော့၏။

ဒါကိုကြည့်ရင်း သူ့ရင်ထဲမှာ တစ်မျိုးလေးခံစားသွားရသည်။ ပြောရမယ်ဆိုလျှင် လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားရ၏။ ရင်ဘတ်တစ်နေရာ ဟိုးအတွင်းပိုင်းဆီက ခပ်ဖြည်းဖြည်းရိုက်ခတ်တတ်သော အရာတစ်ခုသည်ပင် ပိုမိုအရှိန်ပြင်းစွာဖြင့် ရုန်းကန်လှုပ်ရှားလာခဲ့ကြသလိုလို။ ဒီလိုခံစားချက်မျိုးကို ဟိုးအရင်အချိန်တွေတုန်းက သူတစ်ခါမှ မခံစားခဲ့ရဖူးပါ။

“သမီးအဆောင်မှဖြစ်တာမဟုတ်ဘူး။ လာကြိုရင် အဲ့ဒီကိုမသွားနဲ့။ မြန်မာစာက သူငယ်ချင်းဆီသွားရင်းဖြစ်တာ၊ လာကြိုရင် မြန်မာစာအဆောင်တွေရှိတဲ့ဘက်ကိုပဲလာကြို”
“.......”
တစ်ဖက်က ဘာပြန်ပြောသည်မသိ။ သူကတော့ သူမဖုန်းဆက်နေတာကို ဆန်းပြားသော စိတ်ခံစားမှုဖြင့် ငေးငေး ရီရီ ကြည့်နေမိခဲ့၏။ ပြီးတော့လည်း မသိစိတ်က သူမပြောစကားများအား လိုက်နားထောင်နေမိသေးပြန်သည်။ သူမက မြန်မာစာမေဂျာက သူငယ်ချင်းဆီကိုလာလည်တာတဲ့လား။ ဒါဆို သူမက သူတို့မေဂျာကိုလာသော ဧည့်သည်ပေါ့။ နေပါဦး။ သူတို့အတန်းထဲက ဘယ်သူနှင့်များ သူမက သူငယ်ချင်းတွေဖြစ်နေခဲ့ပါလိမ့်။ အရင်က သူမကို သူမတွေ့ခဲ့ဖူးပါ။

ဟိုဟိုဒီဒီ သူလျှောက်တွေးနေမိစဉ်၊ သူမက ဖုန်းပြောလို့ပြီးသွားသည်။ နောက် ဖုန်းလေးကို သူ့ထံကမ်းပေးရင်း မျက်ရည်ကြည်အချို့ရစ်ဝိုင်းနေသော မျက်ဝန်းလဲ့လဲ့တို့ဖြင့် ခပ်နွမ်းနွမ်းပြုံးကာ ပြော၏။

“ကိုယ်မင်းကို ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”
“ရပါတယ်”
“မင်းက ရပါတယ်ဆိုပေမယ့် ဒီနေ့မင်းရဲ့ကူညီမှုတွေက ကိုယ့်အတွက် တကယ့်ကို အသုံးဝင်ခဲ့ရတယ်လေ”

သူပြုံးရင်း ခေါင်းငြိမ့်ပြလိုက်ပါသည်။ နောက်... မိုးရေစိုသွားသော ကတ္တီပါဖိနပ်လေးကို ငုံ့ကြည့်ရင်း ခေါင်းပေါ်မှ ရေစိုနေသော ဆံပင်များကို လက်ဖြင့်တစ်ချက်သပ်တင်ကာ သူမအား ပြောလိုက်ပါသည်။

“ဒါနဲ့ ကျွန်တော်တို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ခုထိ မိတ်မဆက်ကြရသေးဘူးနော်”

သူမက ခေါင်းငြိမ့်ပြ၏။ ထိုအချိန်တွင် အပြင်ဘက်မှာရွာနေခဲ့သောမိုးက တိုးလို့ပြင်းထန်လာခဲ့လေတော့သည်။ ကော်ရစ်ဒါထောင့်ချိုးရှိ လှေကားခြေရင်းမှ သူနှင့်သူမတို့နှစ်ဦး၏အနားတွင်တော့ ရင်းနှီးနွေးထွေးမှုများက တစ်စ, ထက်တစ်စ ပိုလို့ များပြားလာခဲ့ကြသလိုလို။

“ကျွန်တော့်နာမည် ကျော်သက်အောင်ပါ။ မြန်မာစာ ဒုတိယနှစ်ကပါ။ ခင်တဲ့သူငယ်ချင်းတွေကတော့ ကိုသက်လို့ ခေါ်ကြပါတယ်”
“ကိုယ့်နာမည်ကတော့ မြရောင်ချယ်ပါ။ Eမေဂျာ ဒုတိယနှစ်ကပါပဲ”

မြရောင်ချယ်...တဲ့။ နာမည်လေးနှင့်လူက လိုက်ဖက်လွန်းလှသည်ဟု သူ့စိတ်ထဲ တွေးလိုက်မိသည်။ ဟုတ်သည် လေ...၊ သူမရဲ့ဖြူစင်လှသော မျက်နှာအရေပြားပါးပါးလေးအောက်မှာ သွေးကြောစိမ်းလေးတချို့ ယှက်ဖျာနေခဲ့ကြလေတာ။

သူမက ရေမစို့တစို ဆံပင်လေးများကို တစ်ချက်သပ်တင်ကာ သူ့ကိုမော့ကြည့်ရင်း မေးလာ၏။

“မင်းက မြန်မာစာ ဒုတိယနှစ်ကဆိုတော့ section 2 က ခင်မြတ်သူတို့ကိုများ သိမလားမသိဘူး”

သူခေါင်းငြိမ့်ပြလိုက်မိပါသည်။ တကယ်လည်း သူမပြောသော ခင်မြတ်သူဆိုသည့် ကျောင်းသူလေးကို သူသိ၏။ ခင်မြတ်သူက သူနှင့် section2မှာ တစ်ခန်းတည်းအတူတူတက်နေကြသော အတန်းဖော်များမို့ပင်ဖြစ်သည်။ အမြဲတမ်းတွေ့နေကျမို့ မျက်မှန်းတန်းမိကာ မေးထူးခေါ်ပြော နှုတ်ဆက်နေမိခဲ့သည့် ကျောင်းသူတစ်ယောက်လည်းဖြစ် လေ၏။

“ကိုယ်က ဒီနေ့သူ့ဆီလာတာလေ၊ အလာမှာ မမျှော်လင့်ပဲ အက်စီဒန့် ဖြစ်ပြီး မင်းရဲ့ကူညီမှုကို ယူခဲ့ရတာ”

ကော်ရစ်ဒါအပြင်ဘက်တွင်တော့ မိုးကသည်းထန်လွန်းနေခဲ့သည်။ မိုးစက်များနှင့်အတူ လေပြင်းများပါ တိုက်ခတ် နေခဲ့ကြသောကြောင့် အနီးရှိသစ်ပင်ကြီးငယ်တို့မှာ ယိမ်းခါလှုပ်ရှားနေခဲ့ကြရ၏။ သူ့ရင်ထဲမှာလည်း မြရောင်ချယ် ဆိုသော မိန်းကလေးကို အခုမှစတင်တွေ့ဆုံဖူးရပေမယ့် သူမကြောင့် လှုပ်လှုပ်ခတ်ခတ် ခံစားလှိုက်ဖိုနေမိခဲ့ရ၏။

~~~@~~~

ကော်ရစ်ဒါအပေါက်ဝမှ သူမလာမည့်လမ်းဆီသို့ လည်ဆန့်ပြီး သူမျှော်နေမိ၏။ လက်မှနာရီကို တစ်ချက်ငုံ့ ကြည့်မိလိုက်တော့ နေ့လည်ဆယ့်တစ်နာရီခွဲ။ ကင်န်တင်းမှာထမင်းသွားစားဖို့အချိန်တောင် နီးကပ်နေခဲ့ပြီ။ ဘာ့ ကြောင့်များ သူမ ခုထိရောက်မလာနိုင်ခဲ့သေးတာပါလိမ့်။

“ဟဲ့... ကိုသက်၊ မျှော်တော်ယောင်ကြီး လုပ်နေတယ်ပေါ့လေ”
“အေး...ဟ။ ဒီ့ကောင့်ပုံစံကြည့်ရတာ ဆည်ဝမှာ ငါးဖမ်းဖို့စောင့်နေတဲ့ ဗျိုင်းကြီးအတိုင်းပဲ”
“မဟုတ်ပါဘူးဟယ်...၊ လည်ပင်း ညောင်ရေအိုးဖြစ်ခါနီးပါ”
“ဒီအတိုင်းသာ ကိုသက်တစ်ယောက် အမြဲစောင့်နေရမယ်ဆိုရင်တော့ ကြာရင် ပဒေါင်လူမျိုးတွေလို လည်တံရှည် ရှည်လေးနဲ့ ဖြစ်လာဦးမယ်...ဟိဟိ”
“အဲ့ဒီကျရင် ဒီကောင့်လည်ပင်းမှာတပ်ဖို့ ကြေးကွင်းတွေ ငါအော်ဒါမှာပေးမယ်”

ရုတ်တရက် အနားသို့ရောက်လာကြပြီး တစ်ယောက်တစ်ပေါက်ပြောလိုက်ကြသော သူငယ်ချင်းများ၏အသံများ ကြောင့် သူရှက်ကိုးရှက်ကန်း ဖြစ်သွားမိသည်။ မြရောင်ချယ်ဟုဆိုသော သူမကို သူတို့ပြောသလို ပုံပျက်ပန်းပျက် ဖြစ်ရလောက်အောင် သူမျှော်နေမိပြီလား မသိတော့ပါ။ သူသိတာက တွေ့နေမြင်နေကျအချိန်မှာ သူမကိုမြင်တွေ့ လိုခြင်းသာ ဖြစ်ပါသည်။

သူငယ်ချင်းတစ်အုပ်လုံးကို သိမ်းကြုံးဝေ့ကြည့်ရင်း မလုံမလဲ သူပြုံးလိုက်မိ၏။ ထိုအခါ အားလုံးက “နင့်အကြောင်း ငါတို့သိပါတယ်...ကိုသက်ရယ်”...ဟူသော အကြည့်မျိုးဖြင့် ၀ိုင်းကြည့်နေကြလေတာကို တွေ့ရသည်။ ဒါကို ဂရုမ စိုက်သလိုမျိုးပုံစံဖြင့် ပခုံးတွန့်ကာ သူမလာမည့်လမ်းဆီသို့ တစ်ခါထပ်မျှော်ကြည့်လိုက်တော့ အားလုံးထံမှ အသံ ပေါင်းစုံ ထွက်ပေါ်လာပြန်လေတော့သည်။ ထို့ကြောင့် သူရယ်လိုက်မိ၏။

ပြောရမယ်ဆိုရင် အရင်တုန်းက သူ့မှာ သူငယ်ချင်းဒီလောက်မများ။ သူနှင့် မြန်မာစာမေဂျာချင်းတူသည့် ညီသူ၊ ရဲ မောင်နှင့် ချမ်းမြေ့အောင်တို့ သုံးယောက်သာ ရှိခဲ့၏။ သို့သော် မိုးနေ့စွဲတစ်ခုတွင် မြရောင်ချယ်ကို သူအကူအညီ ပေးခဲ့ပြီးသည့်နောက်ပိုင်းမှာတော့ အတန်းထဲမှ သူမ၏သူငယ်ချင်းများဖြစ်သော ခင်မြတ်သူတို့အုပ်စုနှင့်ပါ သူတို့ ခင်မင်ရင်းနှီးဖြစ်ခဲ့ကြတော့သည်။ ခင်မြတ်သူတို့ အုပ်စုက အားလုံးပေါင်းငါးယောက်။ ထို့ကြောင့် အုပ်စုနှစ်စုပေါင်းမိကာ သူတို့သူငယ်ချင်းအဖွဲ့က ပိုတောင့်လာတာ အမှန်ပင်။   

“ဗိုက်ဆာတယ်ဟာ...၊ ငါတို့သွားနှင့်တော့မယ်။ ကိုသက် နင် မြရောင်ကို စောင့်ပြီးခေါ်လာခဲ့နော်”
“အမယ်... နင်မပြောရင်လည်း သူက မျိုးကြီးရဲ့ ဒီကစောင့်နေသူသီချင်းကိုညည်းရင်း မြရောင်မလာမချင်းကို ထိုင် စောင့်နေမယ့်ဟာ”
“အေးလေ”
“စောင့်ရင် အေးဆေးစောင့်နော်ကိုသက်၊ တိုင်နဲ့ ခေါင်းနဲ့တော့ မဆောင့်မိစေနဲ့”

ထုံးစံအတိုင်း ကင်န်တင်းအရင်သွားနှင့်ဖို့ သူ့ကို တစ်ယောက်တစ်ပေါက် နှုတ်ဆက်ကြပြန်လေ၏။ အားလုံးကို အေးပါ...ဟု ခပ်ပြုံးပြုံးပြန်ပြောရင်း နေရာမှ ခြေအစုံကိုမရွေ့မိခဲ့။ ဟုတ်သည်၊ ဒီနေရာလေးကို သူမရောက်မလာမချင်း သူစောင့်နေမိပေလိမ့်ဦးမည်။

သူငယ်ချင်းတွေထွက်သွားတော့ နေရာလေးမှာ ခြေစုံရပ်ရင်း သူမလာရာလမ်းကို ရမ်းမျှော်ကာ သူမရဲ့အကြောင်း လေးများကို သူတွေးမိ၏။

မြရောင်ချယ်က သူတို့ ဒဂုံတက္ကသိုလ်ကို ဒုတိယနှစ်အစ,ပိုင်းလောက်မှာ မန္တလေးကနေပြီး ပြောင်းလာခဲ့တာဖြစ်ပါ သည်။ ထို့ကြောင့်မို့ သူမရဲ့ Eမေဂျာတွင် သူငယ်ချင်းများများစားစားမရှိခဲ့ဟု သူသိခွင့်ရခဲ့၏။ သူတို့အတန်းထဲမှ သူမ၏ငယ်သူငယ်ချင်းဖြစ်သော ခင်မြတ်သူထံလာရင်း သူနှင့်ဆုံဆည်းခဲ့ရပြီး အုပ်စုနှစ်စု သူငယ်ချင်းတွေဖြစ်သွား ကြပြီးသည့်နောက် ထမင်းစားချိန်တိုင်းမှာ သူမက သူတို့ရှိရာသို့သာ လာတတ်တော့သည်။ ‘တစ်ခါမှ ဒီလိုခင်မင် စရာကောင်းသော သူငယ်ချင်းများနှင့် မဆုံဖူးဘူး’..ဟုလည်း သူမကပြောတတ်သေး၏။ သူမပြောသလိုပင် လူ ဆယ်ယောက်လောက်ရှိသည့် သူတို့သူငယ်ချင်းအုပ်စုကြီးက တစ်ယောက်နှင့်တစ်ယောက် ရင်းရင်းနှီးနှီး ပွင့်ပွင့် လင်းလင်းနှင့်မို့ တကယ့်ကို ပျော်စရာကောင်းလှပါသည်။

မိန်းကလေးတစ်ယောက်ထဲ သူတို့ထံသို့ နေ့စဉ်လာနေတာကို သူကစိတ်မချ၍ ‘ကျွန်တော်တို့ မြရဲ့မေဂျာကို လာ ခဲ့မယ်လေ။ နေ့တိုင်းပဲ ဒီလိုဆိုရင် မြပင်ပန်းနေမှာပေါ့’ ဟု ပြောခဲ့သေးသည်။ သို့သော် သူမက...‘အို... ကိုယ်က တစ်ယောက်တည်းသမားပဲ၊ လူတစ်ယောက်တည်းဆီကို လူအများကြီးနေ့တိုင်းလာနေရမှာ အားနာစရာ။ ရတယ်၊ ကိုယ်ပဲ မင်းတို့ ဆီလာခဲ့ပါ့မယ် ကိုသက်ရယ်၊ ပြီးတော့ ဒီလောက်ဝေးတာမှလည်း မဟုတ်တာ’...ဟု ခပ်ပြုံးပြုံး မျက်နှာလေးဖြင့် တုန့်ပြန်ပြောခဲ့၏။ ထိုစကားလေးကိုပဲ နောက်ပိုင်းမှာ သူမက အတည်ဖြစ်စေခဲ့လေတော့တာ။ ထမင်းစားချိန်တိုင်းမှာ သူတို့ရှိရာဆီသို့ သူမတစ်ဦးထဲ ပုံမှန် ရောက်ရောက်လာခဲ့လေတော့တာ။

ထိုကဲ့သို့ သူမပြောသော်လည်း ညနေခင်း ကျောင်းမဆင်းခင်အချိန်များမှာတော့ သူမရှိရာသို့ သူတစ်ယောက်ထဲ ရောက်သွားတတ်စမြဲ။ အခြားကြောင့်တော့ မဟုတ်၊ ပြန်ချိန်မှာ အိမ်ကလာကြိုမည့် ကားကိုစောင့်ရင်း သူမတစ်ဦး တည်း အဖော်မဲ့ဖြစ်နေမှာ စိုးရိမ်လို့ပင်။ နောက်ထပ် အကြောင်းပြချက်တစ်ခုကတော့ အိမ်မပြန်ခင်အချိန်လေးမှာ သူမရဲ့မျက်နှာလေးအား သူမြင်တွေ့နေချင်သေးသော စိတ်ကြောင့်ပင်တည်း။

ဟုတ်သည်၊ သူမဘက်က သူ့ကို ရိုးရိုးသားသားခင်နေသလား၊ ဆန်းဆန်းပြားပြားစိတ်မျိုးဖြင့် တွယ်တာနေခဲ့နေသ လားဆိုတာ မိန်းကလေးတို့သိက္ခာကိုငဲ့ကွက်ပြီး သူမစဉ်းစား၊ မတွေးတောခဲ့မိပေမယ် သူ့ရင်ထဲမှာ ဖြစ်တည်နေခဲ့ သော ခံစားချက်တစ်ခုကိုတော့ ကိုယ်တိုင်ပြန်ညာလို့မရနိုင်ခဲ့။ သူမနှင့်ဆုံဆည်းရတိုင်း သူ့ရင်အတွင်းပိုင်းက နူးညံ့ စွာ ခုန်ချင်သည်။ ရံဖန်ရံခါ ချစ်စရာကောင်းလွန်းသော စကားလေးများကို သူမပြောလျှင်ဖြစ်စေ၊ အမူအယာလေး များအား အမှတ်တမဲ့အနေဖြင့် သူမလုပ်မိလျှင်ဖြစ်စေ နူးနူးညံ့ညံ့ခုန်နေသောရင်က ကြမ်းကြမ်းတမ်းတမ်းခုန်ချင် သည်။ သူမနှင့် မတွေ့ရသော အချိန်လေးများမှာ သူမအား တွေ့ချင်မြင်ချင်နေစိတ်တွေလည်း ဖြစ်မိရ၏။ သူမ၏ မျက်နှာလေးကိုလည်း စိတ်အာရုံမှာ တရေးရေးမြင်ယောင်ကာ တမ်းတလွမ်းဆွတ်မိတတ်သေးသည်။

ဒါတွေ ဘာ့ကြောင့်ဖြစ်လာရသနည်းဟု သူ့ကိုယ်သူ ချောင်ပိတ်ကာ အဖြေမထုတ်မိချင်ပါ။ အကယ်၍များ တစ်စုံ တစ်ယောက်က ‘ဘာကြောင့်မင်း ဒီလိုခံစားနေရတာလဲ’ဟု မေးလာပါက ရိုးရိုးသားသားပင် သူပြန်ဖြေပါမည်။ သူမကို သူချစ်နေမိလို့သာ ဖြစ်ပါ၏။

သို့သော် သူမကို သူဖွင့်မပြောရဲခဲ့သေး။ သူငယ်ချင်းသက်တမ်း နှစ်လကျော်ကျော်အတွင်းမှာ ချစ်နေမိကြောင်းဖွင့် ပြောဖြစ်လျှင် သူမဘက်က သူ့ကို ပေါ့ပျက်ပျက်နိုင်သည်၊ တွေ့ကရာမိန်းကလေးတွေကို ရက်တိုတိုအတွင်းမှာ ချစ် ရေးဆိုတတ်သူဟု ထင်သွားမှာ သူစိုးရိမ်မိသည်။ ထို့ကြောင့် ခင်မင်မှုသက်တမ်း ရှည်ကြာလာမည့်အချိန်တစ်ခုကို သူစောင့်စားနေခဲ့ရခြင်းသာ ဖြစ်၏။ အချိန်တွေယူရင်း အချိန်တွေလွန်သွားမည့်အဖြစ်ကိုတော့ သူလက်မခံနိုင်ပါ။

သက်ပြင်းတစ်ချက်ရှိုက်သွင်းလိုက်ရင်း တစ်ယောက်တည်း ခေါင်းခါပစ်လိုက်မိသည်။ နောက်.. သူမလာမည့်လမ်း ဘက်ဆီသို့ သူမျှော်ကြည့်လိုက်၏။ တွေ့ပါပြီ၊ အဖြူရောင်အင်္ကျီလက်ရှည်ဖားဖား၊ အဖြူပေါ်အနက်ပွင့်နုပ်နုပ်လေး တွေပါသော ထမီရှည်ရှည်လေးတို့ဖြင့် လေထဲမှာ လွင့်ပါနေသလို တရွေ့ရွေ့နှင့် လမ်းလျှောက်လာနေခဲ့သော ကောင်မလေး။ ကျောလယ်လောက်ရှည်သည့် သူမ၏ဆံပင်နက်နက်ကလေးတွေကလည်း လေအဝေ့မှာ ကသီ ကရီ ၀ဲလွင့်လို့ရယ်။

ကဲ...၊ သူမဟာ... သူ့ရင်ထဲက အချစ်နတ်ဖုရားမလေး ဖြစ်ထိုက်မဖြစ်ထိုက်ဆိုတာ ဘယ်သူတွေ ယုံမှားသံသယရှိ ကြဦးမလဲ။

~~~@~~~

တန်းအားချိန်တွင် စာသင်ခန်းအပြင်ဘက် ကော်ရစ်ဒါမှာ မြရောင်ချယ်မပါဝင်ပဲ သူတို့သူငယ်ချင်းတွေချည်း သာ ရောက်တတ်ရာရာပြောရင်း ထိုင်နေမိကြသည်။ ဆောင်းဦးလေပြေတို့က ကော်ရစ်ဒါတစ်လျှောက် ဟိုဟိုဒီဒီ ၀င်ထွက်သွားလာနေခဲ့ကြ၏။ အနီးမှ သစ်ပင်ကြီးငယ်တို့သည်လည်း မြောက်ပြန်လေအဝှေ့မှာ နှစ်သိမ့်ကြည်နူးစွာဖြင့် ယိမ်းနွဲ့နေခဲ့ကြ၏။

စာမေးပွဲကြီးနီးလာပြီ။
မကြာခင် ဖြေရတော့မည်။ ဖြေပြီး ကျောင်းတွေပိတ်တော့မည်။ အခုတောင်မှ ကျောင်းမှာ ကျောင်းသားတွေ နည်း လာပြီ။ သိပ်မများလှတော့။ အိမ်မှာနေရင်း စာကျက်သူသာ များလာသောကြောင့် ပြောရမယ်ဆိုလျှင် ကျောင်းမှာ ခြောက်ကပ်ကပ်ကြီးဖြစ်နေခဲ့၏။ တကယ်လို့များ ကျောင်းတွေပိတ်သွားခဲ့ရင်ရော။ တွေးရင်း သူ့ရင်ထဲ လွမ်းဆွတ် မိလာ၏။ အရင်နှစ်တွေတုန်းက ဒီလိုအချိန်မှာ ဒီလိုခံစားချက်မျိုး သူမခံစားဖူးပါ။ ဒီနှစ်ကျမှ ထူးထူးဆန်းဆန်း ခံ စားနေခဲ့ရတာဖြစ်၏။ ထိုခံစားချက်၏ မြစ်ဖျားခံရာရပ်ဝန်းသည် အခြားဘယ်နေရာမှမဟုတ်၊ မြရောင်ချယ်ဆိုသော ကောင်မလေးတစ်ယောက်၏ ရပ်ဝန်းဆီမှပင်တည်း။

ဟုတ်သည်၊ ကျောင်းတွေပိတ်လျှင် သူမနှင့်သူ ဆုံတွေခွင့်တို့ ရှားပါးတော့မည်။ နေ့စဉ် မြင်နေကျ သူမရဲ့မျက်နှာ လေးသည်လည်း မှေးမှိန်သွားရတော့မည်။ သူနှင့်ဆုံတိုင်း ချိုသာစွာပြောတတ်သော သူမ၏စကားသံလေးများ သည်လည်း သူ့နားထဲမှာ တိုးတိမ်သွားကြရပေတော့မည်။ ကျောင်းတွေပိတ်နေစဉ် ကာလတစ်လျှောက်လုံးမှာ လည်း ချစ်ခွင့်မပိုင်၊ သူမနှင့်မသက်ဆိုင်သူအဖြစ် သူဖြတ်သန်းရင်မောနေရပေဦးမည်။ နေပါဦး၊ ဒီခံစားချက်ဆိုး တွေကို သူခံနိုင်ရည်ရှိပါ့မလား။ ဟင့်အင်း၊ သူမခံစားနိုင်ပါ။ ဒါဆို သူဘာလုပ်ရမည်နည်း။ တွေးရင်း ‘လက်ရှိအ ချိန်က အကောင်းဆုံး’ဆိုသော စကားလေးက သူ့ရင်ထဲရောက်လာသည်။ ထို့ကြောင့် ထိုင်နေသော ကော်ရစ်ဒါ ဘောင်ပေါ်မှနေ ဖြတ်ခ,နဲ သူခုန်ဆင်းချလိုက်သည်။

နောက်... သူငယ်ချင်းများကို သူနှုတ်ဆက်လိုက်သည်။

“ငါအပြင်ခဏသွားဦးမယ်”
“ဟဲ့... ဘယ်သွားမလို့တုန်း။ ငါတို့လည်း လိုက်မယ်လေ”

ခင်မြတ်သူတို့အုပ်စုထံမှ အသံထွက်လာ၏။ ချမ်းမြေ့အောင်တို့ကလည်း...

“အေးလေ၊ ငါတို့လည်း လိုက်မယ်လေကွာ၊ မင်းကလည်း ခွဲခြားခွဲခြားနဲ့”
“မဟုတ်ဘူး၊ ငါပြန်လာခဲ့မယ်”

ပြောပြောဆိုဆိုဖြင့် လိုက်ဟန်ပြင်နေသော သူငယ်ချင်းများကို လက်ကာပြကာ သူကျောခိုင်းပစ်လိုက်သည်။ သူ၏ ခြေလှမ်းများ ဦးတည်ရာကား သူမရှိရာဆီသို့သာ။

သူမရှိရာ Eမေဂျာစာသင်ဆောင်များဆီသို့ ခြေလှမ်းတွေခပ်သွက်သွက်လှမ်းနေရင်း သူ့ရင်ထဲမှာ လှုပ်ခါနေခဲ့ရ၏။ ညနေ ကျောင်းဆင်းချိန်မတိုင်သေးခင် သူမရှိရာဆီသို့ သူရောက်လာတာမြင်လို့ရှိရင် သူမအံ့သြသွားလိမ့်မည် လား။ သူမသိပါ။ သူသိတာကတော့ လောလောဆယ်မှာ သူ့ရင်ထဲမှ ခံစားချက်များအား သူမသိအောင် ဖွင့်ပြောပြ နိုင်ဖို့အရေးပင် ဖြစ်ပါသည်။ ခင်မင်သိကျွမ်းခဲ့ကြတာ လေးလလောက် ကြာမြင့်ခဲ့ပြီမို့ သူ့ရဲ့ချစ်ရေးဆိုမှုအား သူမ ဘက်က အသိအမှတ်ပြု တုန့်ပြန်နိုင်ဖို့ သူမျှော်လင့်မိပါသည်။

သို့သော် သွားနေရင်း သူ့စိတ်ကူးက တစ်မျိုးပြောင်းသွားမိ၏။ ဟုတ်သည်၊ ကျောင်းထဲမှ အပြင်ထွက်ကာ သူမအ တွက် လက်ဆောင်ပစ္စည်းလေးတစ်ခု သွားဝယ်မည်။ ထိုလက်ဆောင်လေးဝယ်ပြီး ပြန်လာမှ သူမရှိရာသို့သွားပြီး လက်ဆောင်လေးအား သူမအားပေးရင်း သူချစ်ခွင့်ပန်တော့မည်။

အတွေးစိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်ကာ တွေ့ရာဘတ်စ်ကားကိုကောက်စီးပြီး ကျောင်းထဲမှနေ သူထွက်ခဲ့လိုက်သည်။ နောက်... အပြင်မှနေပြီး သူမအတွက် သူအပေးချင်ဆုံးလက်ဆောင်ပစ္စည်းလေးကို စိတ် ကြိုက်ရွေးဝယ်ကာ သူပြန်လာခဲ့လိုက်သည်။ သူမရှိရာ အဆောင်အောက်ရောက်တော့ သူ့မှာ ချွေးတွေရွဲနစ်ကာ မောပန်းနေခဲ့ရပြီ။ သို့သော် စာသင်ချိန်ပြီး၍ အတန်းထဲမှ ထွက်လာသော သူမအား မြင်လိုက်ရစဉ်ခဏ သူ့ရဲ့ပင် ပန်းမှုတွေအားလုံးက လေနှင်ရာ လွင့်ပါသွားကြသော တိမ်တိုက်များလို အဝေးကို ပြေးခွာသွားကြလေတော့၏။

“ဟယ်... ကိုသက်၊ ကျောင်းဆင်းချိန်တောင် မရောက်သေးဘူး။ စောလှချည်လား”
သူမက အပြုံးလေးနှင့် နှုတ်ဆက်သည်။ သူခေါင်းငြိမ့်ရင်း အသံကို တည်ငြိမ်အောင်ကြိုးစားထိန်းကာ သူမအား ပြောလိုက်၏။

“ဟုတ်တယ်...။ ကျွန်တော်မြကို စကားနည်းနည်းပြောစရာရှိလို့၊ အချိန်လေးနည်းနည်းလောက်ပေးပါ”

သူမက သူ့ကို စူးစမ်းအဖြေရှာသလိုတစ်ချက်ကြည့်ပြီး ခေါင်းငြိမ့်ပြ၏။ သူ့ရင်ထဲမှာတော့ အားပြင်းလှသော ခံစားမှု တစ်ခုကြောင့် သွက်သွက်ခါယမ်းနေခဲ့ရသည်။

သူမတို့အဆောင်နှင့်မနီးမဝေးရှိ သစ်ပင်များအောက်မှအုတ်ခုံလေးဆီသို့ နှစ်ယောက်သား ခပ်ဖြည်းဖြည်းလျှောက် သွားမိကြ၏။ အုတ်ခုံလေးပေါ်သို့ သူမက အရင်တက်ထိုင်ပြီး မတ်တပ်ရပ်နေဆဲဖြစ်သော သူ့ကို မော့ကြည့်ကာ မေးလာသည်။

“ကိုသက် ဘာဖြစ်နေတာလဲဟင်၊ ချွေးတွေလည်းရွဲလို့၊ အသက်ရှူသံကလည်း အရမ်းပြင်းနေတယ်။ နေမှကောင်း ရဲ့လား”

ခေါင်းခါပြရင်း သူပြုံးပြလိုက်မိ၏။ နောက်... အသက်ကို ခပ်ပြင်းပြင်းရှိုက်သွင်းလိုက်ကာ သူမအား နူးညံ့စွာကြည့် ပြီး ပြောလိုက်မိသည်။

“ကျွန်တော် မြကို သိပ်ချစ်တယ်”
“ရှင်”

ဆိုင်းမဆင့်၊ ဗုံမပါဆိုသလို ရုတ်တရက်ပြောချလိုက်သော သူ့ချစ်ခွင့်ပန်စကားကြောင့် သူမအံ့ဩသွားဟန်တူ၏။ ထို့နောက်... မျက်နှာလေးနီမြန်းကာ ရှက်စနိုးလေးဖြင့် သူမ၏ခေါင်းလေးငုံ့သွားသည်။ ဒါကို ကြင်နာမြတ်နိုးခြင်း များစွာဖြင့် စိုက်ကြည့်ရင်း သူထပ်ပြောလိုက်မိပါသည်။

“ဟုတ်ပါတယ် မြရယ်။ ကျွန်တော် မြကို ချစ်နေမိတာ ကြာပါပြီ။ မကြာခင် ကျောင်းတွေပိတ်တော့မယ်။ ဒီလိုပဲ သူစိမ်းတွေလို အဝေးကြီးဝေးသွားပြီး အဆွေးကြီးဆွေးနေရမယ့်အဖြစ်ကို ကျွန်တော်မခံစားနိုင်တော့လို့ပါ”

တုန်ယင်လှုပ်ခတ်နေသော သူ့စကားသံများကြောင့် သူမက ခေါင်းလေးမော့လာသည်။ ထို့ကြောင့် လွယ်အိတ်ထဲ မှ သူမအတွက်ဝယ်လာသော လက်ဆောင်ဖိနပ်ဗူးလေးကို ထုတ်ယူပြီး သူမထံကမ်းပေးကာ သူပြောမိပြန်၏။

“အဲ့ဒါကြောင့် ကျွန်တော့်ရဲ့အချစ်ကို မြတုန့်ပြန်နိုင်မယ်ဆိုရင် ဒီမိန်းမစီး ကတ္တီပါဖိနပ်လေးကို မြအဆင်ပြေမယ့်နေ့ မှာ ကျောင်းကိုဝတ်လာပေးပါဗျာ။ ဒါဆိုရင် ကျွန်တော့်အချစ်ကို မြတုန့်ပြန်လိုက်တယ်လို့ ကျွန်တော်မှတ်ယူပျော် ရွှင်လိုက်ပါတော့မယ်။ ကျွန်တော့်ရဲ့ဆန္ဒတွေ ပြည့်ဝနိုင်ဖို့ မြစဉ်းစားပေးပါလားဗျာ”

ကြည့်နေရင်း သူ့စကားတွေကိုနားထောင်နေသော သူမရဲ့မျက်နှာက ရှက်ရွံ့နီမြန်းနေရာမှနေပြီး သွေးဆုတ်ဖြူ ရော်လာကြတာ သူတွေ့လိုက်ရသည်။ ဘာ့ကြောင့်များ သူမရဲ့မျက်နှာက သွေးပျက်ခြောက်ခြားနေသူတစ်ဦးလို ဖြူပတ်ဖြူရော် ဖြစ်လာခဲ့တာပါလိမ့်။ သူမက သူ့လက်ထဲမှ ကတ္တီပါဖိနပ်ဗူးလေးကို ပြူးကျယ်ဝိုင်းစက်သော မျက် ၀န်းများဖြင့်ကြည့်ကာ  ခေါင်းခါပြီးထ,ရပ်သည်။

“ဟင့်အင်း”

သူမ၏ငြင်းဆန်သံစကားအဆုံးတွင် သူ့ကမ္ဘာတစ်ခုလုံး မည်းမှောင်စွာ ပြိုပျက်သွားရသလိုရှိ၏။ မြဘက်က ဒီလို မျိုး တစ်ထိုင်တည်း ငြင်းဆန်ပစ်လိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဖူးပါ။ ထို့အတွက် သွေးရူးသွေး တမ်းနိုင်စွာဖြင့် သူမ၏လက်ကလေးတစ်ဖက်ကိုဆွဲယူကာ ကတ္တီပါဖိနပ်ဗူးလေးကို သူမလက်ထဲအတင်းထိုးပေး ရင်း သူပြောမိသည်။

“ဒီလိုတော့ တစ်ထိုင်တည်း ငြင်းဖို့မဆုံးဖြတ်လိုက်ပါနဲ့မြရယ်။ ကျွန်တော့်အတွက် အချိန်ယူပြီး စဉ်းစားပေးပါ။ အခုတော့ ကျွန်တော်သွားပါရစေတော့”

ပြောပြီး သူချက်ခြင်းလှည့်ထွက်ခဲ့လိုက်သည်။ ဟုတ်သည်။ မြထံမှ သူ့အချစ်ကို ငြင်းပယ်မည့်စကားမျိုးကို ဒီ့ထက်ပိုပြီး သူနားထောင်နိုင်စွမ်းမရှိ၊ နားထောင်ဖို့မရဲလှ။ ရင်ဆိုင်နိုင်စွမ်းမရှိလှ။ သူမလက်ထဲမှာ သူအတင်းထည့်ပေးခဲ့သည့် ဖိနပ်ဗူးလေးရဲ့ကံကြမ္မာကရော ဘာတွေဖြစ်လာလိမ့်မလဲ။ ပိုင်ရှင်အသစ်၏ နွေးထွေးသော ကြိုဆိုမှုကိုခံစားရမှာလား...၊ ဒါမှမဟုတ် ဥပက္ခာပြု စိမ်းကားရက်စက်မှုကို ခံစားရမှာလား။ သူမတွေးရဲပါ။ သေချာတာကတော့ သူ မလက်ထဲမှာ ကျန်ရစ်ခဲ့သော ကတ္တီပါဖိနပ်လေး၏အနာဂတ်သည် သူမအပေါ်မှာ မျှော်လင့်နေမိခဲ့သည့် သူ့အနာဂတ်နှင့် အတူတူဖြစ်နေခဲ့ခြင်းသာ ဖြစ်၏။

သူမတို့အဆောင်ကနေ သူတို့အဆောင်သို့ လေးကန်သောခြေလှမ်းများဖြင့် သူလျှောက်လှမ်းနေမိစဉ် အိတ်ထဲမှ သူ့ရဲ့လက်ကိုင်ဖုန်းလေးက မြည်ဟည်းလာသည်။ ဖုန်းလေးကို သူထုတ်ကြည့်လိုက်တော့ ခေါ်သူက အခြားလူမ ဟုတ်။ မြဖြစ်နေခဲ့သည်။ ထို့ကြောင့် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် သူအမြန်ပြန်ထူးလိုက်မိသည်။

“ဟယ်လို... မြ”
“ကိုသက်.. မင်း ဒီညနေကျောင်းဆင်းတဲ့အချိန် ကိုယ့်ဆီကို မလာခဲ့နဲ့တော့။ ဒီနေ့မှမဟုတ်ဘူး။ နောက်နေ့တွေမှာလည်း မလာခဲ့နဲ့တော့”

ပြောပြီး သူမဘက်က ဖုန်းအရင်ချသွားတော့သည်။ ထိုအခါမှ သူ့ကမ္ဘာကြီးတစ်ခုလုံး အမှန်တကယ် ပျက်စီးပြိုလဲ သွားရသလို သူခံစားမိလိုက်၏။

~~~@~~~

စာသင်ဆောင်သို့ ခေါင်းငိုက်စိုက်ချကာ ပြန်လာသောသူ့ကို သူငယ်ချင်းများက စိုးရိမ်တကြီးဖြင့် ၀ိုင်းမေးကြ၏။ ထိုအခါကျမှ အကြောင်းစုံကို ၀မ်းနည်းကြေကွဲခြင်းများစွာဖြင့် သူပြန်ပြောပြမိသည်။ မြက သူ့ရဲ့အချစ်ကို ငြင်းပယ်သလိုပြုလိုက်သော အကြောင်းများကိုပင်တည်း။

အားလုံးက ငြိမ်သက်စွာ၊ သူ့အတွက် စိတ်မကောင်းဖြစ်စွာဖြင့် နားထောင်ပေးခဲ့ကြ၏။ သူ့စကားဆုံးသောအခါ ခင်မြတ်သူက သက်ပြင်းတစ်ချက်ချပြီး သူ့ကို ပြောသည်။

“ဒီအတိုင်း နင်ချစ်ရေးဆိုရင် သူလက်ခံဖို့ ရာခိုင်နှုန်းများနေပေမယ့် နင်ကတ္တီပါဖိနပ်လေးလက်ဆောင်သွားပေးလိုက်တာ သိပ်မှားတာပဲ ကိုသက်ရယ်”
“ဘာဖြစ်လို့လဲဟ...၊ ငါက သူ့ရဲ့ခြေထောက်ဖြူဖြူလေးမှာ ကတ္တီပါဖိနပ်လေးစီးတာ မြင်ချင်မိတဲ့စိတ်တစ်ခုတည်းနဲ့ ပေးဖြစ်တာပါ။ တစ်ခြား ဘာရည်ရွယ်ချက်မှမရှိပါဘူး”

ရင်ထဲက စစ်မှန်သောစကားဖြင့် ခင်မြတ်သူကို သူတုန့်ပြန်ပြောမိသည်။ ကျန်သော သူငယ်ချင်းများကလည်း သူ့ ဘက်ကနေ ခေါင်းငြိမ့်ထောက်ခံကြလေ၏။ ခင်မြတ်သူက အားလုံးကို လက်ကာပြပြီး ပြောသည်။

“နင်တို့က မြရောင်နဲ့ ငယ်ငယ်လေးကတည်းက သူငယ်ချင်းမဟုတ်တော့ သူ့အကြောင်းကို ငါ့လောက်မသိတာ မ ဆန်းပါဘူး။ ဘာဖြစ်လို့ မြရောင်က ခြေချောင်းလေးတွေပေါ်စေမယ့် ညှပ်ဖိနပ်တို့၊ ကြိုးသိုင်းဖိနပ်တို့ကိုမစီးပဲ အမြဲ တမ်း လေဒီရှူးလို အပိတ်ဖိနပ်မျိုးလေးတွေကိုစီးရတာလဲဆိုတာ သိကြလား”

သူအပါအ၀င် ကျန်လူများကလည်း ခင်မြတ်သူကို ခေါင်းခါပြကြသည်။ ဟုတ်သည်။ အခု ခင်မြတ်သူပြောမှ သူ လည်း စဉ်းစားမိလာ၏။ အဲ့ဒါကတော့ မြဟာ အမြဲတမ်းလိုလို ခြေချောင်းလေးတွေမပေါ်စေတဲ့ အပိတ်ဖိနပ်မျိုး လေးတွေကိုပဲ စီးတတ်လေခဲ့တာပင်။ ဒါကြောင့်လည်း အဲ့ဒီခြေထောက် ဖြူဖြူနုနုလေးတွေမှာ သားရေစိမ်းကတ္တီပါ ကြိုးသေးသေးဖိနပ်လေးတွေဝတ်တာကို မြင်တွေ့ချင်ခဲ့တာမို့ သူမအား ကတ္တီပါဖိနပ်လေး လက်ဆောင်ပေးခဲ့ခြင်း ဖြစ်ပါသည်။

အားလုံးရဲ့မျက်ဝန်းမှာ မြရောင်ချယ်တစ်ယောက် ဘာဖြစ်လို့ လေဒီရှူးလိုအပိတ်ဖိနပ်မျိုးလေးတွေ အမြဲတမ်းစီး တတ်သလဲဆိုတာ အခုမှအသည်းအသန် သိချင်လာကြဟန်များက အထင်းသား။ သူ့ရင်ထဲမှာလည်း တုန်ခါလှိုက် မောလာသည့်အထိ သိချင်စိတ်ပြင်းထန်လာရပါသည်။ ဘာ့ကြောင့်များလဲ မြရယ်...။

ခင်မြတ်သူက စိတ်မကောင်းသော မျက်နှာထားဖြင့် သက်ပြင်းတစ်ချက်ထပ်ချပြီး ပြော၏။

“ဘာဖြစ်လို့လဲဆိုတော့ မြရဲ့ခြေထောက်မှာ ခြေချောင်းလေးတွေစုစုပေါင်း ဆယ့်နှစ်ချောင်းပါနေလို့ပဲ”
“ဘာ”

တုန်လှုပ်စွာဖြင့် သူအော်လိုက်မိသည်။ ကျန်လူများကလည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြလေ၏။ ခင်မြတ် သူက ခေါင်းငြိမ့်ပြရင်း ဆက်ပြောလေ၏။

“ဟုတ်တယ်၊ခြေသန်းလေးတွေ တစ်ချောင်းစီပိုနေခဲ့တာ။ အဲ့ဒါကြောင့် အမြဲတမ်း ခြေချောင်းမြင်စေရမယ့် ဖိနပ်မျိုး တွေမစီးပဲ ဖိနပ်အပိတ်လေးတွေပဲ သူစီးတတ်တာ။ အကြောင်းအရင်းကတော့ သူ့ကိုယ်သူ သူများတွေနဲ့မတူပဲ သာမာန်မဟုတ်ဘူးဆိုပြီး အမြဲရှက်ရွံ့နေတတ်လို့ပဲ။ အရင်ကဆို သူငယ်ချင်းတောင် များများစားစား သိပ်မထားခဲ့ ဘူး။ သူ့ဘ၀မှာ သူငယ်ချင်းများများစားစားနဲ့နေဖြစ်တာ အခုငါတို့အုပ်စုနဲ့က ပထမဦးဆုံးပဲ။
အဲ့ဒီလို မိန်းကလေးမျိုးကိုမှ ကိုသက်ကဖိနပ်လက်ဆောင်ပေးပြီး ချစ်ခွင့်ပန်တယ်ဆိုတော့၊ သူ့ဘက်ကနေပြီး စဉ်း စားကြည့်ကြပေတော့။ ငါလည်း ဒီအကြောင်းတွေကို သူများတွေသိအောင် မပြောပြချင်ပါဘူး။ အခုမှ ကိုသက်အ တွက်မို့လို့ မြရောင်အပေါ်မှာ အားလုံးဝိုင်းပြီး နာကျည်းစိတ်တွေ၊ မုန်းစိတ်တွေဝင်သွားကြမှာစိုးလို့ ဖွင့်ပြောရတာပါ ဟယ်။ မြရောင်ကို နင်တို့အားလုံး နားလည်ပေးလိုက်ပါ။ အထူးသဖြင့် ကိုသက်ပေါ့”

ခင်မြတ်သူ၏စကားကို နားထောင်နေရင်း အခြားသူတွေတော့ ဘယ်လိုနေသည်မသိ။ သူကတော့ ရင်အတွင်းပိုင်း မှာ ၀မ်းနည်းကြေကွဲခြင်း၊ ယူကြုံးမရဖြစ်ခြင်းစသည့် လှိုင်းတံပိုးများ တအိအိဖြင့် စတင်ရိုက်ခတ်လာခဲ့ရတော့၏။ တကယ်ပဲ သူမရှက်ရွံ့ကြေကွဲခံစားရအောင် သူလုပ်ခဲ့မိလေပြီလား။ နာကျည်းစိတ်ဖြင့်တော့ သူ့ကို တစ်သက်စာ မုန်းတီးမသွားပါနဲ့ မြရယ်။ တကယ်ဆို သူဘာမှ မသိခဲ့ရိုးအမှန်ပင်ဖြစ်၏။ သူတွေးခဲ့တာက ရိုးရိုးလေးသာဖြစ်လေ သည်။ အဲ့ဒါက အခြားတော့မဟုတ်။

ခင်မင်မှုသက်တမ်းကာလအတွင်း သူမနှင့်သူတို့က အကြိုက်တော်တော်တူတတ်ကြသည်။ Sky blue ရောင်ဟု ခေါ်တတ်ကြသော မိုးပြာရောင်ကို အတူတူနှစ်သက်ကြ၏။ ပန်းပွင့်သေးသေးနုပ်နုပ်လေးများကို ချစ်စနိုးဖြစ်တတ် ကြတာလည်း တူ၏။ သီချင်းအေးအေးလေးများကို နှစ်သက်တာခြင်းလည်း တူ၏။ နောက်ဆုံး အစပ်မကြိုက်တာ၊ မုန့်ဟင်းခါးစားလျှင် နံနံပင်မထည့်တတ်တာ၊ အုန်းနို့ခေါက်ဆွဲစားလျှင် ကြက်သွန်စိမ်းမထည့်တတ်တာကအစ တူ၏။ ထို့အတွက် သူနှစ်သက်လွန်းသော ကတ္တီပါဖိနပ်လေးများကို သူမလည်းနှစ်သက်လိမ့်မည်ဟုမျှော်လင့်ကာ လက်ဆောင်ပေးရင်း ချစ်ခွင့်ပန်ခဲ့မိခြင်းသာ ဖြစ်ပါသည်။

သို့သော် အခုတော့ သူအမှားကြီး မှားသွားခဲ့ရလေပြီလား။ သူမ၏ အားနည်းချက်ကိုမှ တည့်တည့်ဖော်ထုတ်ချင်မိ သော လူဆိုးတစ်ယောက် ဖြစ်သွားခဲ့ရပြီလား။ နေပါဦး... အဲ့ဒီအတွက်ကြောင့် သူ့ကို သူမဘယ်လောက် မုန်းမျက် နာကျည်း သွားခဲ့ပါလိမ့်။ ဒါဆိုရင်တော့ သူတကယ့်ကိုပဲ ၀မ်းနည်းပက်လက် နာကျင်ကြေကွဲရမှာ အမှန်ပဲဖြစ်၏။ ဒါပေမယ့် သူမအပေါ်မှာ မြတ်နိုးစွာဖြင့် ချစ်ခင်ကြင်နာနေမိသည့်စိတ်ကိုတော့ သူဖြောက်ဖျက်ပစ်လိုက်လို့ မရနိုင် ခဲ့ပါ။ ခြေချောင်းချောင်းလေးတွေ တစ်ဖက်တစ်ချောင်းစီပိုနေမယ်ဆိုရင်လည်း မြတ်နိုးကြင်နာခြင်းများစွာနဲ့ ချစ်နေ မိဆဲပါ မြရယ်။

ဟင်းလင်းပြင်ဖြစ်သွားသော ရင်ခွင်တစ်စုံဖြင့် သူငယ်ချင်းများကိုကျောခိုင်းကာ သူထွက်ခဲ့လိုက်သည်။ ကော်ရစ်ဒါ အပေါက်ဝလမ်းမပေါ်သို့အရောက် သစ်တစ်ပင်ပေါ်မှ ဆောင်းခိုငှက်တစ်ကောင်က လွမ်းလွမ်းဆွေးဆွေး တွန်ကျူး လိုက်သံကို ကြားလိုက်ရ၏။ ထိုအခါ ၀မ်းနည်းမျက်ရည်တစ်စက်က သူ့ပါးပြင်ပေါ်သို့ ခုန်ဆင်းလာခဲ့လေတော့၏။

~~~@~~~

နက်ဖြန်ဆို ကျောင်းတွေအပြီးပိတ်တော့မည်။ စာမေးပွဲမဖြေခင် အချိန်အထိပင်ဖြစ်၏။ အခုအခါမှ မြင်လေရာ မှန်သမျှတို့သည့် လွမ်းမောဖွယ် ပိုကောင်းလာသလိုရှိသည်။ သူတို့စာသင်ဆောင်ကြီးသည်လည်း ညှိုးလျော်စွာ တိတ်ဆိတ်နေခဲ့ရပြီ။ အဆောင်အပြင်ဘက်မှ သစ်ပင်ကြီးငယ်တို့သည်လည်း လေအဝှေ့မှာ ကျောင်းပိတ်ချိန်နှုတ် ဆက်တေးကို တီးတိုးသီဆို ညည်းညူနေခဲ့ကြသည်။ ငှက်ကလေးများသည်လည်း မကြာခင်ခွဲခွာရတော့မှာကို သိ နေနှင့်သည့်အလား ၀မ်းနည်းခြင်းတေးများကို ဟစ်ကြွေးနေခဲ့ကြသည်။

သူကတော့ ကော်ရစ်ဒါအစွန်မှ အုတ်တိုင်ကိုမှီရပ်ရင်း သူမချော်လဲဖူးသည့်နေရာလေးကို ငေးကြည့်ကာ သူမအား လွမ်းဆွတ်နေမိခဲ့ပါသည်။ လောလောဆယ်အချိန်တွင် သူ့ဘေးနားမှာ ဘယ်သူမှရှိမနေခဲ့။ နေ့လယ်စာစားချိန်မို့ အားလုံး ကင်န်တင်းသို့ ရောက်နေခဲ့ကြ၏။ သူတို့မသွားခင်ကတော့ သူ့ကိုအတူလိုက်ခဲ့ဖို့ ခေါ်ကြပါသေးသည်။ သို့ သော် သူကိုယ်တိုင်က စားချင်စိတ်မရှိတာမို့ စာသင်ဆောင်အပြင်ဘက်က ကော်ရစ်ဒါမှာ တစ်ယောက်တည်း နေ ရစ်ခဲ့ခြင်းသာ ဖြစ်၏။

ဖြတ်သွားဖြတ်လာ တစ်ယောက်စ,နှစ်ယောက်စသော ကျောင်းသားများက သူ့ကို ကြည့်သူကြည့်သွားကြသည်။ မကြည့်တဲ့သူကလည်း ကြည့်မသွားကြ။ ဒါတွေကို သူအရေးလုပ်ကာ အတွေးရှုပ်မနေခဲ့မိ။ သူတွေးနေမိတာက သူမရဲ့အကြောင်းလေးများပင်ဖြစ်ပါသည်။ ဒီနေရာလေးဟာ ထမင်းစားချိန်တိုင်းလာတတ်သော သူမကို သူမျှော် နေကျ နေရာလေးပင်ဖြစ်၏။ သို့သော် သူချစ်ခွင့်ပန်ခဲ့ပြီးသည့်နောက် ဘယ်လောက်ပဲမျှော်မျှော် ဒီနေရာလေးကို သူမရောက်မလာခဲ့တော့။ ပြောရမယ်ဆိုရင် တစ်ပတ်နှင့် တစ်ရက်တိတိရှိခဲ့လေပြီ။ ထိုအချိန်အတောအတွင်းမှာ သူမအားလွမ်းဆွတ်သည့်ဝေဒနာကို လူးလိမ့်နေအောင် သူခံစားခဲ့ရပါသည်။ သူမကရော သူ့ကို သတိရနေလေမ လား။ သတိရနေခဲ့လျှင်တောင်မှ အကောင်းဘက်ကနေ သတိရဖို့လမ်းစ,မမြင်ခဲ့။ သူမ၏အားနည်းချက်အား ဖော် ထုတ်ရန်ကြိုးစားမိသူတစ်ယောက်အနေဖြင့် နာကျည်းမုန်းမျက်စွာ သတိရနေခြင်းသာ ဖြစ်နိုင်၏။

သူမဘက်က ဘာတွေဘယ်လိုတွေးကာ ငြိုးမာန်ဖွဲ့ဆင် အမုန်းမိုးရွာရန်ပြင်နေမှန်း သူမသိသော်လည်း သူသိတာ က သူမအပေါ်မှာ တစ်စက်ကလေးမျှ အချစ်မလျှော့သွားခြင်းသာ ဖြစ်ပါသည်။ အားနည်းချက်လေးရှိနေနှင့်သော ချစ်ရသူလေးမို့ နဂိုကထက်ပိုကာ နှစ်ဆတိုး၍ ကြင်နာမြတ်နိုးချင်းများစွာဖြင့် တိုးလို့ချစ်မိပါသေးသည်။ သို့သော် လည်း ဒါတွေကို သူမသိအောင် သူ့မှာဖွင့်ပြောခွင့် မရှိနိုင်ခဲ့တော့ပါ။ သူမဘက်က သူ့ကို အခွင့်အရေးမှ မပေးအပ် ခဲ့သည်ပဲလေ။

အတွေးနှင့် သက်ပြင်းတစ်ချက်ကို သူချလိုက်မိသည်။ ထိုစဉ် ကော်ရစ်ဒါအပေါက်ဝမှ လျှောက်လာနေသော ခင် မြတ်သူတို့ကို သူတွေ့လိုက်ရ၏။ ပြန်လာတာ စောလှချေလားဟု တွေးရင်း မှီရပ်နေသောကိုယ်ကို ပြန်မတ်လိုက် ဆဲ အနားသို့ သူတို့တစ်သိုက်လုံး ရောက်လာကြ၏။

ရောက်ရောက်ခြင်း ခင်မြတ်သူက အမောတကောလေသံဖြင့် သူ့ကိုပြော၏။

“နင့်ဖုန်း အိမ်မှာကျန်ခဲ့တယ်ဆို ကိုသက်။ ငါတို့ခုနက ကင်န်တင်းက လှမ်းဆက်တော့ နင့်အမေလာကိုင်တယ်”
“အေးဟ... အခုတလော စိတ်နဲ့လူနဲ့ သိပ်မကပ်ဖူးဖြစ်ဖြစ်နေတယ်ဟာ”

ခင်မြတ်သူရဲ့စကားကို ရယ်ပွဲဖွဲ့ကာ တုန့်ပြန်လိုက်မိသော်လည်း သူ့အပြုံးတို့က သိပ်ပီပီပြင်ပြင်မရှိလှတာကို ဘာ သာပြန်ပြီး သတိထားမိပါသည်။

ခင်မြတ်သူက ရှေ့သို့တစ်လှမ်းတိုးလာပြီး...

“အဲဒီလို နင်စိတ်နဲ့လူနဲ့မကပ်တော့ ငါတို့မောရတာပေါ့။ ရော့ နင့်စိတ်နဲ့လူနဲ့ကပ်စေမယ့် အရာ။ အဲ့ဒါကို ငါတို့ ကင် တင်းကနေပြီး ဒီကို တစ်ကူးတက လာပို့ရတာ”

ဟုပြောကာ လက်ထဲမှ စာအိတ်အပြာရောင်လေးအား သူ့ထံသို့ကမ်းပေး၏။ ဘာရယ်မှန်းမသိစွာ ဆန်းပြားစွာဖြင့် ခုန်ချင်လာသော ရင်အစုံနှင့် စာအိတ်လေးကို သူလှမ်းယူလိုက်တော့ ကျန်သော သူငယ်ချင်းတွေဆီက အသံတွေ ထွက်လာကြ၏။

“ခင်မြတ်သူ.. ဒီအတိုင်းကြီးမပေးနဲ့လေ။ ငါတို့ကို တစ်ခုခုကျွေးခိုင်းပြီးမှပေးလိုက်”
“အေးလေ...ဟုတ်သားပဲ”
“နင်ကလည်း အ,လိုက်တာ ခင်မြတ်သူရာ”
“ဟုတ်တယ်...၊ ကိုသက်ကို ညှင်းပြီးမှ ပေးလိုက်ရင်ပြီးရော”

ခင်မြတ်သူက သူ့ဘက်မှနေ သူငယ်ချင်းအားလုံးဘက်သို့လှည့်ကာ ခါးထောက်ပြီး ခပ်စွာစွာပြောလိုက်သည်။

“နင်တို့ကလည်းလေ...၊ သူအခုတလော မြရောင်ကြောင့် ဘယ်လောက်ခံစားနေရသလဲဆိုတာ မသိကြဘူးလား။ ငါက ကိုယ်ချင်းစာလို့ မြရောင်ဆီကလာတဲ့စာကို သူ့ကိုချက်ခြင်းလာပေးလိုက်တာ။ နင်တို့ဘာမှ ကြားထဲကနေပြီး အူပွမနေကြနဲ့။ စာဖတ်ပြီးလို့ အခြေအနေကောင်းရင် ကိုသက်က ငါတို့ကို ဒီအတိုင်း ပါးစပ်ဟောင်းလောင်းနဲ့ထား မလား။ သူကျွေးမှာပေါ့။ အလကား... လျှောက်ပြောနေကြတယ်”

ခင်မြတ်သူ၏စကားကြောင့် ကျန်သော သူငယ်ချင်းတွေအားလုံးနှုတ်ပိတ်သွားကြသည်။ သူကတော့ ရင်အတွင်း ပိုင်းမှနေပြီး အတိုင်းအဆမဲ့စွာ ခုန်လာရ၏။ စာလေးက မြဆီကတဲ့။ ဒါဆို သူမက သူ့ကို အပြီးတိုင်အောင် မုန်းတီး မနေခဲ့သေးဘူးပေါ့။ အတွေးဖြင့် တုန်ယင်စွာ စာလေးကို ဖွင့်ဖတ်လိုက်သည်။ စာလေးက အများကြီးမဟုတ်။ နှစ် ကြောင်းထဲ။ သူတို့နှစ်ယောက်နှစ်သက်ခဲ့ဖူးသည့် မိုးပြာရောင်စက္ကူသားပေါ်မှာ အနက်ရောင်မင်ဖြင့် ရေးသားထား သော သူမရဲ့လက်ရေးဝိုင်းဝိုင်းလေးတွေ...။

ကိုသက်...

Italy
နောက်ဆုံးတွေ့ခဲ့တဲ့ နေရာလေးမှာ ကိုယ်မင်းကို စောင့်နေမယ်။

                                                                       မြရောင်ချယ်။

စာလေးကိုဖတ်ပြီး သူ့ရင်ထဲမှာ ထိတ်ခ,နဲခုန်မိ၏။ အီတလီဆိုတာ ဘာအဓိပ္ပါယ်လည်း သူမသိရိုးအမှန်။ ဒါပေမယ့် သူမက သူချစ်ခွင့်ပန်ခဲ့ဖူးသော နေရာလေးသို့လာရန် စာထဲမှာ ချိန်းထား၏။ သွားမည်။ ထိုနေရာလေးသို့ အခု ချက်ခြင်း သူရောက်အောင်သွားမည်။

စာလေးကို သေချာပြန်ခေါက်ကာ အိတ်ကပ်ထဲထည့်လိုက်မိသည်။ ထိုအခါ ဘေးနားမှ စာကိုလိုက်ဖတ်မိသွားကြ သော ချမ်းမြေ့အောင်တို့ထံမှ အသံမျိုးစုံထွက်လာသည်။

“ဘာလဲဟ၊ အီတလီဆိုတာ”
“ငါလည်းမသိဘူး”
“ဘောလုံးအသင်းလို သဘောကျတယ်ဆိုတာများလား”
“မဖြစ်နိုင်ပါဘူး။ မြရောင်က ဘောလုံးစိတ်ဝင်စားပုံမရဘူး။ အဲ့ဒါ ကိုသက်ကို အီတလီယောက်ျားလေးတွေလို ခန့် ချောချောတယ်လို့ ပြောချင်တာများလား”

တစ်ယောက်တစ်ပေါက် ၀ိုင်းပြောနေကြသော သူငယ်ချင်းတို့၏အသံကို အနောက်ဘက်မှာ သူထားခဲ့လိုက်သည်။ မပြေးရုံတမယ် ခြေလှမ်းများဖြင့် သူမရှိရာသို့လှမ်းနေစဉ် သူတစ်ကိုယ်လုံး လေထဲမှာလွင့်ပါနေသူတစ်ယောက်လို၊ အိပ်မက်ထဲ လမ်းလျှောက်နေရသူတစ်ဦးလို ခံစားနေရတာ အမှန်ပဲဖြစ်၏။ သူမ၏ ချစ်စရာကောင်းသော မျက်နှာ လေးကိုလည်း မြင်ယောင်မိလာ၏။ သို့သော် သူမရေးလိုက်သောစာထဲမှ Italy(အီတလီ)ဆိုသော စကားကိုတော့ သူနားမလည်နိုင်ခဲ့သေးတာ အမှန်ပဲဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် ရက်တွေအများကြီး မြင်ခွင့်မရခဲ့သော သူမရဲ့မျက် နှာလေးကို အခုတော့ သူတွေ့ခွင့်ရတော့မှာ မဟုတ်ပါလား။

~~~@~~~

သူမတို့အဆောင်လေးအနီးသို့ရောက်ခဲ့တော့ သူမောပန်းနေခဲ့ရပြီ။ သို့သော် အုတ်ခုံလေးမှာထိုင်နေသော သူမ ကို လှမ်းမြင်လိုက်ရရုံနဲ့ပဲ သူ့ရဲ့မောပန်းမှုတို့ ပြေပျောက်ခဲ့ရလေပြီ။

သူမအနားတွင် သူသွားရပ်လိုက်သည်။ သူမက အုတ်ခုံလေးတွင်ထိုင်နေရာမှ ထရပ်လိုက်ရင်း သူ့ကို မော့ကြည့် လာသည်။ မျှော်လင့်ခြင်းကြီးစွာဖြင့် သူမ၏ခြေထောက်လေးအား မရဲတရဲ သူငုံ့ကြည့်လိုက်မိသည်။ သူ့ရင်ထဲမှာ မယုံကြည်နိုင်လောက်အောင်၊ မဖော်ပြနိုင်လောက်အောင် အံ့သြ၀မ်းသာမိသွားရ၏။

ကြည့်စမ်း...၊ သူမရဲ့သွေးကြောစိမ်းလေးတွေယှက်ဖျာနေခဲ့သော ခြေထောက်ဖြူဖြူလေးမှာ သူလက်ဆောင်ပေး ထားခဲ့သော အနက်ရောင် မိန်းမစီးကြိုးသေးသေးလေးနှင့် ကတ္တီပါဖိနပ်လေးစီးလို့ရယ်။ ခြေချောင်းလေးတွေက လည်း သွယ်သွယ်လျလျနဲ့ ချစ်မြတ်နိုးစရာလေး။ ခြေသန်းလေးတွေ တစ်ချောင်းစီပိုနေတာ တကယ့်ကို မသိသာ ပါဘူးမြရယ်။ သူကတော့ ထိုခြေထောက်လေးတွေကိုပင် မြတ်နိုးကြင်နာခြင်းများစွာဖြင့် ငေးကြည့်နေခဲ့မိတော့၏။

“ကိုသက်... ဘာဖြစ်လို့ အဲ့ဒီလောက်ကြည့်နေရတာလဲ”
သူမလေသံတိုးတိုးလေးက ရှက်ရွံ့ရိပ်များစွန်းပေလျှက်။ ထို့ကြောင့် သူမမျက်နှာလေးအား ကြင်နာမြတ်နိုးခြင်းများ စွာဖြင့်စိုက်ကြည့်ပြီး သူပြောလိုက်မိပါသည်။

“အရမ်းလှလို့ပါမြရယ်၊ အရမ်းလှလို့ပါ”

သူ့စကားကြောင့် သူမက ခေါင်းလေးတစ်ဖက်ငဲ့ကာ ရှက်ရိပ်သမ်းစွာပြုံး၏။ သူ့ရင်ထဲမှာတော့ ပျောက်ဆုံးနေသော ပစ္စည်းလေးတစ်ခု ရုတ်တရက်ပြန်တွေ့လိုက်ရသလို အတိုင်းအဆမဲ့သည့် ၀မ်းသာကြည်နူးခြင်းများစွာဖြင့်။

သူအသိချင်ဆုံး မေခွန်းတစ်ခုကို သူမအား မေးလိုက်မိပါသည်။

“ကျွန်တော့်အပေါ်မှာထားတဲ့ မြရဲ့ဆုံးဖြတ်ချက်ကို ဘယ်အရာကများပြောင်းလဲစေခဲ့သလဲမြရယ်”

သူမက ခေါင်းလေးမော့လာရင်း သူ့ကို ရွှန်းရွှန်းလဲ့လဲ့ကြည့်ကာ မေး၏။

“မနေ့ညနေတုန်းက မင်းဘာလုပ်ခဲ့သလဲ”

သူပြန်စဉ်းစားမိသည်။ မနေ့ညနေတုန်းက ကျောင်းကအပြန်မှာ ဘာလုပ်ခဲ့မိသနည်း။ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် အသည်းအသန် စဉ်းစားကြည့်မိသော်လည်း သူမအားပေးရန်အဖြေက ထွက်မလာ။ သူမနှင့်ပတ်သတ်တာ ဘာ တစ်ခုမှ သူမလုပ်မိတာကတော့ သေချာပါသည်။ ဟုတ်သည်လေ။ ကျောင်းဆင်းချိန်များမှာ သူမက သူ့ကိုတွေ့ခွင့် တွေ ရုပ်သိမ်းထားခဲ့သည်ပဲ။

သူမကသူ့အား နှုတ်ခမ်းလေးကိုက်ကာ ခပ်ပြုံးပြုံးကြည့်နေသည်။

“ကျွန်တော်စဉ်းစားလို့မရတော့ဘူး”
အမှန်စကားကို သူပြောလိုက်ခြင်းသာ။ သူမက ဆောင်းဦးလေအဝှေ့တွင် လွင့်မျောသွားကြသော သူမရဲ့ဆံနွယ် လေးများကို လက်လှမ်းမီသလောက် လိုက်လံသိမ်းဆည်းရင်းပြော၏။

“မင်းမမှတ်မိပေမယ့် ကိုယ်ကတော့မှတ်မိနေတယ်။ မနေ့က ကိုယ့်ကားနဲ့အပြန် ကျောင်းထဲကမိန်းလမ်းမပေါ်မှာ ချိုင်းထောက်နဲ့ကျောင်းသားတစ်ယောက် လဲကျသွားတာကို မင်းသေချာဆွဲထူပေးနေတာကို မြင်လိုက်ရတယ်”

သူမပြောမှ မနေ့ညနေကအဖြစ်အပျက်ကို သူပြန်သတိရလာသည်။ ဟုတ်သည်။ သူမပြောသလိုပင် မနေ့ညနေ တုန်းက ကျောင်းမှအပြန် ဘတ်စ်ကားစီးရန် ကျောင်းဝင်းထဲမှ မိန်းလမ်းမပေါ်အရောက် ကားမှတ်တိုင်ဆီသို့လာ နေသော ချိုင်းထောက်နှင့်ကျောင်းသားတစ်ယောက် ချော်လဲသွားခဲ့သည်။ ထို့ကြောင့် အပြေးအလွှား သူသွားထူ ရင်း အကူအညီပေးခဲ့ရပါသည်။ နေပါဦး၊ ဒါကို သူမက မြင်သွားသတဲ့လား။ တကယ်တော့ ဒီလိုမျိုးအလုပ်တွေက အမြဲတမ်း သူလုပ်တတ်သော၊ လုပ်ချင်သော အလုပ်လေးများ ဖြစ်ပါသည်။

သာမန်ရိုးကျ သူပြုမူလိုက်သော အပြုအမူတစ်ခုအပေါ် သူမက ဒီလိုအရေးတယူပြောလာခဲ့သည့်အတွက် သူရှက် ကိုး ရှက်ကန်းဖြစ်သွားမိရပါသည်။ ဆံပင်များကို ဘာရယ်မဟုတ်ပဲ ခပ်ဖွဖွသပ်ကာ မျက်နှာနီနီဖြင့် သူရှက်ပြုံး,ပြုံး လိုက်မိသည်ထင်၏။

သူမက သူ့ကိုကြည့်ရင်း...

“ဟုတ်တယ်။ အဲ့ဒီမှာ မင်းရဲ့စိတ်ကို ကိုယ်နားလည်သွားတယ်။ မင်းဟာ သူများရဲ့အားနည်းချက်ကို ထိုးနှက်တတ် တဲ့လူတစ်ယောက်မဟုတ်မှန်း၊ ထိုးနှက်ဖို့ထက် ကြင်ကြင်နာနာနဲ့ ကာကွယ်ပေးတတ်မယ့်သူမှန်း ကိုယ်သိလိုက်ရ တယ်။ ပြီးတော့ ခင်မြတ်သူတို့ကလည်း မင်းကိုယ့်ကြောင့် ခံစားနေရတာတွေကို ဖုန်းဆက်ပြီးပြောကြတယ်။ အဲ့ ဒါတွေပေါင်းပြီးတော့ ဒီနေ့မင်းကို ကိုယ်စာလေးရေးပေးလိုက်တာ၊ ဖုန်းဆက်တာလည်း မရလို့”
“ဟုတ်တယ်...။ ဖုန်းက အိမ်မှာကျန်ခဲ့တာ။ ဒါဆို... မြ ကျွန်တော့်ရဲ့အချစ်ကို လက်ခံတယ်ပေါ့နော်”

သူမက ပြန်မဖြေ။ သူ့ကို ရှက်မျက်စောင်းလေးတစ်ချက်ဝင့်ကာ ကြည့်ရင်း ခေါင်းလေးငဲ့ကာ ပြုံးလေ၏။ ဘယ်အ ချိန်ကြည့်ကြည့်၊ ဘယ်လောက်ကြည့်ကြည့်မ၀နိုင်သော ကတ္တီပါဖိနပ်လေးနှင့် သူမ၏ခြေထောက် ၀င်းဖန့်ဖန့်လေး ကိုငေးရီမ၀စွာကြည့်ရင်း သူပြောလိုက်သည်။

“မြမဖြေပေမယ့် ကျွန်တော်လက်ဆောင်ပေးခဲ့ဖူးတဲ့ ကတ္တီပါဖိနပ်လေးကိုစီးထားလို့ ကျွန်တော့်အချစ်ကို မြလက်ခံ ပေးလိုက်ပြီလို့ မှတ်ယူလိုက်တော့မယ်နော်”

သူမက ရှက်စနိုးဖြင့် ခေါင်းလေးငြိမ့်ပြ၏။ ထိုမြင်ကွင်းလေးက သူ့ရင်ထဲသို့ အတိုင်းအဆမဲ့သော ပျော်ရွှင်မှုတွေကို သယ်ဆောင်လာပေးကြ၏။ သို့သော်... သူအသိချင်ဆုံးသော စကားတစ်ခွန်းကို မေးလိုက်မိ၏။

“ဒါပေမယ့် မြစာထဲမှာပါတဲ့ အီတလီ( Italy ) ဆိုတာ ဘာအဓိပ္ပါယ်လည်းဟင်။ ကျွန်တော်က မြန်မာစာမေဂျာကမို့ မြလောက် အင်္ဂလိပ်စာမကျွမ်းကျင်ပါဘူး။ ဘာအဓိပ္ပါယ်လည်းဆိုတာ ကျွန်တော့်ကို ရှင်းပြပါလားဟင်”

သူမက ခေါင်းလေးငဲ့ကာ သူ့ကိုရွှန်းရွှန်းစားစားကြည့်ရင်း ပြန်ဖြေ၏။

“မင်းဟာ... ကိုယ့်ဘ၀အတွက် ယုံကြည်စိတ်ချပြီး ချစ်ရမယ့်သူလို့ အဓိပ္ပါယ်ရပါတယ် ကိုသက်ရယ်။ Italy ရဲ့အ ရှည်ကောက်က I trust and love you တဲ့လေ”

သူမစကားအဆုံးတွင် ရုတ်တရက် သူဘာမှပြန်မပြောနိုင်ခဲ့။ တစ်ကိုယ်လုံး အံ့ဩ၀မ်းသာခြင်းများ ဖုံးလွှမ်းသွားသ လိုရှိတာမို့ လှုပ်ရှားဖို့တောင် သတိမေ့သွားရသေးသလိုလို။

သူမကတော့ သူ့ရှေ့မှာ နွဲ့နှောင်းစွာဖြင့် ရပ်တန့်နေခဲ့ဆဲ။ ဆောင်းဦးလေပြေများ တိုးဝှေ့သောကြောင့် သူမကိုယ် ပေါ်မှ အ၀တ်စများနှင့် ဆံပင်လေးတို့က လေထဲမှ လွင့်ပါနေခဲ့ကြ၏။

သူမလက်ဖျားလေးကို ကြင်နာမြတ်နိုးခြင်းများစွာဖြင့် မရဲတရဲ သူလှမ်းကိုင်လိုက်တော့ သူမက ခေါင်းလေးကိုတစ် ဖက်စောင်းငဲ့ကာ... ခပ်သဲ့သဲ့ပြုံး၏။

ထိုစဉ် ပင်ယံထက်မှ ဆောင်းခိုငှက်တချို့က သာယာကြည်နူးစဖွယ် အသံတို့ဖြင့် သီဆိုတွန်ကျူးလိုက်ကြတာကို သူ့နားထဲမှာ ချိုမြိန်စွာ ကြားလိုက်ရပါလေတော့သည်။        

===========================================================
ဟိုတလောက အစ်မတစ်ယောက်ရဲ့ FBမှာ ယောက်ျားလေးတွေရေးတဲ့ နူးနူးညံ့ညံ့ အချစ်ဝတ္တုလေးတွေ ဖတ်ချင် တယ်ဆိုတဲ့ Status လေးကိုဖတ်ပြီး ရေးဖြစ်သွားတဲ့ ၀တ္တုတိုလေးပါ။ အားလုံးပဲ နူးညံ့သောချစ်ခြင်းများဖြင့် ပျော် မွေ့နိုင်ကြပါစေဗျာ။
===========================================================

ချစ်ခြင်းအားဖြင့်....
~ဏီလင်းညို~
24th Oct: 2012.
Wednesday.
(23:52)
 (ခြားနားခြင်းရဲ့နောက်ကွယ်)


10 comments:

မြသွေးနီ said...

ဝါးးးးးးး ကောင်းတယ်ကွာ...
ဖိနပ်လက်ဆောင်ပေးလိုက်ထဲက ခြေထောက်ကလေးများတစ်ခုခုဖြစ်နေမလားလို့ တွေးလိုက်မိတယ်..။ သို့သော်
ချိုင်းထောက်ကောင်လေးကို ကူညီလိုက်တာလေးက အရမ်းကို မိုက်သွားတယ်။ အဆုံးသတ် Italy ဆိုတာလေးကလည်း သေသပ်လှပတယ်။ သုံးဆစ်ချိုး ချစ်စရာ ချစ်ခြင်းဖွဲ့လေး ကိုဏီရေ..။

မိုးခါး said...

:D

အသည်းတယားယားပဲ တော်သေးတယ်.. ဇာတ်ဆရာက ပေါင်းပေးလို့ .. :D

သတိုး said...

နှစ်သက်စွာ ခံစားခဲ့ပါတယ် ကိုဏီ။ ချိုင်းထောက်ကလေးကို ကူလိုက်တာ၊ Italy အသုံးလေး ပါလာတာကြေင့် ၀တ္ထုလေးက ပိုလှသွားတယ် ထင်တယ်။
ခင်မင်သော သတိုး

အိမ့်ချမ်းမြေ့ said...

ကိုဏီရေ......
ကျေးဇူးတင်လိုက်တာ...

မလေးကတော့.....
အရမ်းလှလို့ပါ မြရယ်.. အရမ်းလှလို့ပါ
နေရာကို အရမ်းကို ကြိုက်တာပဲ..
အသက်ဝင်လွန်းလို့။

အီတလီကိုလည်း ကြိုက်တယ်..

ယောင်္ကျားလေးတွေရေးတဲ့ နူးနူးညံ့ညံ့ အချစ်ဝတ္ထုကလေးတွက်... ကျေနပ်သွားပါကြောင်းရှင်..း)

မိုးငွေ့........ said...

အစအဆုံးမဖတ်ရသေးဘူး လာဖတ်ဦးမယ် ဏီဏီ..း)

san htun said...

ယောက်ျားလေးတွေရေးတဲ့ နူးနူးညံ့ညံ့ အချစ်ဝထ္ထုလေးက နူးညံ့လှပပါပေတယ်..

မြတ်ပန်းနွယ် (Myat Pan Nwe) said...

အရမ်းကို နူးညံ့လှပတဲ့ အချစ်ဝတ္တုလေး တစ်ပုဒ်ပါပဲ။ ဖတ်နေရင်းလည်း တပြုံးပြုံး၊ ဖတ်ပြီးတော့လည်း ပြုံးနေမိတယ်။ ၂ခါပြန်ဖတ်သွားတယ်။

လေးစားလျက်
မြတ်ပန်းနွယ်

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ့်ကို ချစ်စရာ လေး... ဇတ်သိမ်းလေး လှတယ်အကို... ကြည်နူးစရာလေးမို့ ..ကျေနပ်မိတယ်...

ချစ်သူမောင် said...

ကိုဏီ
အပ်ဒိတ်တွေမဖတ်ရတာကြာပြီဗျာ အရေးအသားပိုပြီးနူးညံ့ညက်ညောလာတယ်

ခင်မင်လေးစားလျှက်
ချစ်သူမောင်

ရန်မင်းအောင် said...

ကြိုက်တယ်ကိုဏီရေ...Italy ဆိုတာလေးတစ်ယောက်လောက်လိုချင်တယ်ဗျာ..ဟဲဟဲ..