Tuesday, October 26, 2010

ခရေလို....




ရုတ်တရက်ဆိုလျှင် ဆိတ်ငြိမ်နေသည်ဟုထင်ရသော်လည်း သူ့ပတ်ဝန်းကျင်မှလေဟာနယ်တစ်ခု ထဲတွင် ခပ်ကြိတ်ကြိတ်စကားသံများက သိပ်သည်းစွာနေရာယူထားကြသည်။ ပုံသဏ္ဍာန်အမျိုးမျိုးနှင့် သူမသိသောလူများ၊ တစ်ချက်တစ်ချက်တွင် ပေါ်ထွက်လာတတ်သော ကောင်တာဆီမှ လူခေါ်သံများ....၊ ရံဖန်ရံခါ ဖြတ်သန်း သွားကြသော သူများ.......စသည်တို့ကို ကြာတော့ သူညည်းငွေ့လာမိသလိုဖြစ်လာ သည်။

ဆေးရုံတွင် ခံစားနေရသောဝေဒနာကိုစစ်ဆေးရန် ကိုယ့်အလှည့်မရောက်သေးလို့သာ ဒီနေရာတွင် ထိုင်စောင့် နေခဲ့ရမိခြင်းသာဖြစ်ပေမယ့်....ဒီနေရာသည် သူလုံးဝမနှစ်သက်သည့်နေရာတစ်ခုဖြစ်၏။ သာမန် အချိန်ဆို သူ ယောင်လို့တောင်လှည့်ကြည့်ဖြစ်မှာ မဟုတ်ခဲ့..။ အခြားသူများလည်း သူ့လိုပဲနေမည် ဟု....ခပ်ဝါးဝါးတွေးမိပြန်သည်။ တော်သေးသည်ဟုဆိုရမည်...၊ သူ့ဝေဒနာက အခုသိပ်မပြင်းထန်လွန်း တော့။ လူကောင်းတစ်ယောက် နီးပါးဖြစ်နေခဲ့ရပြီ...။

သို့သော်လည်း ကြာလာတော့ ထိုနေရာကို သူညည်းငွေ့လာမိသည်။ ထို့ကြောင့် မခေါ်သော်လည်း ခွင့်ယူ ကာ လိုက်လာကြသော အိမ်မှသူငယ်ချင်းညီလေးနှစ်ယောက်ကို အထဲတွင်ထားခဲ့ကာ သူရောက်နေခဲ့သော ဆေးရုံမှအဆောင်အပြင်ဘက်သို့ ထွက်ခဲ့လိုက်သည်။ သူငယ်ချင်းညီလေးနှစ်ယောက်ကို သူ့အလှည့် နံပါတ်ရောက် မရောက်စောင့်ဖို့ အထဲတွင်နေခဲ့ခိုင်းသော်လည်း သူတို့နှစ်ယောက်ကမဟုတ်....။ တစ် ယောက်က အထဲတွင် စောင့်ကြည့်နေမည်...။ တစ်ယောက်က အပြင်ထွက်မည်လုပ်သော သူ့နောက်သို့ လိုက်မည်ဟုဆိုကြ၏။ အမြဲလိုလို သူ့နောက်မှာ အရိပ်လိုဖြည့်ဆည်းပေးတတ်သော ထိုညီလေးများကြောင့် သူစိတ်ချမ်းသာရမိသည်။ ရံဖန်ရံခါအချိန်များတွင်မူ ငါဟာ အတော်ကံကောင်းပါလားဟုပင် ကိုယ့်ဟာကိုယ် အထင်တစ်ကြီးတွေးမိတတ် ပြန်သေး၏။

~~~~~@@@~~~~~

သူအပြင်ကိုရောက်ခဲ့တော့ လတ်ဆတ်သောလေထုကို ရှုရှိုက်မိရ၏။ စောစောက ညစ်နွမ်းသလိုရှိ နေ ခဲ့သော သူ့စိတ်သည်ကြည်လင်လာသလိုဖြစ်လာရသည်။ ဆေးရုံဝင်းထဲမှ မြက်ခင်းများပေါ်လှမ်းလျှောက် မိနေဆဲခဏတွင်....

“ဟာ.....အစ်ကိုကြီးရေ....ဒီမှာ ခရေပန်းတွေဗျ”......

သူနှင့်မလှမ်းမကမ်းရှိ မြက်ခင်းပေါ်တွင်ထိုင်နေသော သူငယ်ချင်းညီလေးထံမှ အထူးအဆန်းဖြစ်ကာ ခပ်တိုး တိုးလှမ်းအော်ပြောသံကို ကြားလိုက်ရတာမို့ ကိုယ်တိုင်လည်း လှမ်းနေဆဲခြေလှမ်းများအနား ငုံ့ကြည့်မိလိုက် သည်။

ဟုတ်သည်။ ခရေပန်းတွေ.....။ ကြွေလွင့်နေကြတာ ဟိုတစ်ပွင့်.....၊ ဒီတစ်ပွင့်နှင့်.....။

ရုတ်တရက် သူရူးသွပ်သွားမိသည်ထင်၏။ ဆေးရုံဝင်းထဲမှ ဖြတ်သွားဖြတ်လာလူများကိုပင်သတိမမူနိုင်တော့ ပဲ၊ လာရင်းကိစ္စကိုပင် သတိမရနိုင်တော့ပဲ ကြွေနေသော ခရေပန်းများကို လက်လှမ်းမှီသလောက် သူလိုက် ကောက်နေလိုက်မိတော့သည်။ ခရေပွင့်တွေ...။ မြက်ခင်းစိမ်းစိမ်းပေါ်မှာ....။ အချို့က ကားပါ့ခ်ကင်နားမှာ...၊ အချို့က ရပ်ထားသော ကားဘီးများအောက်မှာ.....။ အချို့က ခရေပင်ရိပ်အပြင်ဘက်ရှိ ကတ္တရာလမ်းမပေါ်မှာ.....။

လေနှင်ရာနေရာဆီသို့ လွင့်ကြွေရသော ခရေပွင့်ကလေးများပေမယ့် ကုသိုလ်ကံခြင်းမတူညီကြပါလား...ဟု ခပ်ရူးရူးသူတွေးမိပြန်သည်။ ကြည့်လေ...။ မြက်ခင်းပေါ်ကြွေကျသော ခရေပွင့်လေးများက ခရေရိပ်၊ မြက်ခင်း ရဲ့အထွေးအပွေ့တို့ဖြင့် အေးမြငြိမ်းချမ်းနေရသလောက်၊ ကတ္တရာလမ်းမပေါ်မှ ခရေပွင့်ကလေးများကတော့ ဖြင့်ပူလောင်ညိုးရော်လွန်းလှစွာ.....။ ထို့ထက်ပိုဆိုးသည်က ကားဘီးအောက်မှ ခရေပွင့်ကလေးများပင်ဖြစ် လေတော့၏။ သူ့မြင်ကွင်းထဲတွင် မြင်ရတာ မသက်သာ...။ သွေးသံရဲရဲနိုင်လွန်းလှပါသည်။ စိတ်မကောင်း ဖြစ်မိရုံမှတပါး သူဘာမှမတတ်နိုင်ခဲ့ပါ....။

ခရေပင်တွေ....(အပင်အောက်က ကျွန်တော်နောက်အဖော်လိုက်လာပေးတဲ့ အိမ်ကညီလေးတစ်ယောက်ပါ။)


ကျွန်တော့်လက်ထဲက ခရေပွင့်လေးတွေ........


ကျွန်တော့် ဖုန်းထည့်တဲ့ အိတ်ကလေးပေါ်တင်ရိုက်ထားတဲ့ ခရေပွင့်လေးတွေ....။

ကောက်နိုင်သမျှသော ခရေပွင့်လေးများကို သူလိုက်ဆယ်ယူနေမိသည်။ သူနေခဲ့သော အမိမြေတွင် လူတိုင်း နီးပါး မြတ်နိုးလွန်းတတ်ကြသော ခရေပန်းလေးများသည် ယခုထက်ထိ သူရုန်းကန်ရှင်သန်နေရဆဲဖြစ်သော ဒီနိုင်ငံငယ်လေးတွင်မူ ဂရုစိုက်ခြင်းမခံရသော ဘ၀များနှင့်......။ တွေးရင်း သူသက်ပြင်းတစ်ချက် ခပ်တိုးတိုး ရှိုက်လိုက်မိ၏။ ထိုစဉ် တိုက်ခတ်လာသောလေပြေနှင့်အတူ သူ့အနံ့အာရုံထဲသို့ ခရေရနံ့လေးများတိုးဝှေ့ကာ ၀င်လာကြသည်။

~~~~~@@@~~~~~

“အဲ့ဒီကောင်မလေးနဲ့ အဲ့ဒီကောင်လေးက ကြိုက်နေကြတာ”......

“ဟာ....အစ်ကိုကြီးကလည်း....တော်တော် ဒိတ်အောက်တာပဲ....။ သူတို့တွေ အတူတူတောင် အိပ်ပြီးသွား ကြပြီဗျ”.....

“ဟင့်အင်း....ရိုးရိုးနေမကောင်းဖြစ်တာ မဟုတ်ဘူး.......၊ အဘော့ထ်ဖြစ်တာ”.......

“ဟာ....အဲ့ဒီကောင်မလေး ရောက်စကလိုမဟုတ်တော့ဘူး....၊ ခု လန်ထွက်နေတာပဲ”.......

“ပျက်ကျတာ မဟုတ်ဘူးနော်....၊ ဖျက်ချတာ.....ခံလိုက်ရတာမျော့နေတာပဲလေ”......

“အဲ့ဒီကောင်မလေးနဲ့ ကြိုက်နေတဲ့ လူက မြန်မာပြည်မှာ အိမ်ထောင်ရှိတယ်လေ”........

“ကေသီပန်တွေ သိပ်ရောင်းရတာပဲဗျ”.......

“သွားမလုပ်နဲ့နော်....၊ ဆရာကြီးဖြစ်နေပြီ”.......

“မင်းတို့က ဆေးပတ်လည်အောင် သောက်ခိုင်းလေ၊ တော်ကြာ ဂုံးထောက်လာဦးမယ်”.....

“သူတို့ ယူလိုက်ကြပြီလေ”.....

“ဒီလ အိမ်ကို ငွေမလွဲနိုင်ဘူး.....၊ ကျွန်တော့်ကောင်မလေး ပရက်ဂ်နန့်ဖြစ်တာ ရှင်းပစ်လိုက်ရလို့”....

“...............”..........

“............”.........

ခရေပွင့်များကို လိုက်ကောက်ရင်း သူ့အာရုံထဲတွင် ကြားခဲ့ဖူးသောထိုစကားများ၊ မြင်ခဲ့ဖူးသော မြင်ကွင်းများ စသည်တို့က ပဲ့တင်ထပ်လာနေခဲ့တော့သည်။

လူတစ်ယောက်ပျက်စီးရခြင်းမှာ ကာယကံရှင်ကအပြစ်ရှိမလား....၊ ဒါမှမဟုတ် ဖျက်ဆီးတဲ့သူရဲ့အပြစ်ပဲလား၊ နှစ်ဦးနှစ်ဖက်လုံးရဲ့အပြစ်ပဲလား.....။

ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုကရော ရာခိုင်နှုန်းဘယ်လောက်ပါမလဲ.....၊ ဗီဇဆိုတဲ့အရာရောထည့်တွက်ရဦးမ လား....။

သိလို့မှားတာ....၊ မသိလို့မှားတာထက်...... မသိမသာမှားတာမျိုးက ပိုများဆိုးနေမလား......။

စသည်ဖြင့် ခရေပွင့်ကလေးများကိုလိုက်ကောက်ရင်း သူ့အတွေးများက ဝေေ၀၀ါးဝါး.....။ အမှတ်မထင် ဘေး ကိုငဲ့ကြည့်မိတော့ စောင့်စည်းမှု၊ သိက္ခာ၊ ကိုယ်ကျင့်တရား၊ ထိန်းသိမ်းမှုဆိုတာတွေက သွေးသံရဲရဲဖြင့် မြေပြင် ပေါ်တွင် အတုန်းအရုန်း လဲပြိုနေခဲ့ရသလိုလို......။ မထင်ရှားနိုင်ကြတော့....။ သိမ်ငယ်နာကျင်စွာဖြင့် အမှန် တရားက ညည်းညူသံခပ်သဲ့သဲ့ပေးလျှက်....။

ခရေပွင့်တွေလို လေနှင်ရာလွင့်ကြွေကျရသော သူ့လိုဘ၀များ.....၊ အခြေအနေအရ ရေကြည်ရာ၊ မြက်နုရာ ရွေ့ပြောင်းနေထိုင်ခဲ့ရသော ခရေပွင့်နှင့်တူသည့် သူ့လိုဘ၀တူများ......။ အချို့က ကိုယ်ပိုင်ရနံ့ကို ထိန်းထိန်း သိမ်းသိမ်း၊ အချို့ကတော့ စွန့်လွှတ်ကြ....။ အချို့က ကြောင်သူတော်....။

နေရာကွဲပြားစွာ ကြွေကျ၊ မြေခကြရသော်လည်း ကိုယ်ပိုင်ရနံ့ကို မစွန့်လွှတ်တတ်သည့် သူ့လက်ဖ၀ါးထဲမှ ခရေပန်းလေးများကို အားကျစွာငေးကြည့်နေမိလိုက်သည်။

~~~~~@@@~~~~~

ထိုစဉ် သူ့လက်ကိုင်ဖုန်းလေးက အသံမြည်လာ၏။ အထဲတွင်စောင့်နေသော သူငယ်ချင်းညီလေးထံမှ လာဖို့ ခေါ်ခြင်းဖြစ်သာဖြစ်ပါသည်။ ကောက်ထားသော ခရေပန်းပွင့်လေးများကို သံယောဇဉ်မကုန်စွာဖြင့် သူ့အနွေး ထည်အင်္ကျီအိတ်ထဲ တစ်ယုတယ ထည့်မိလိုက်သည်။

ဆေးရုံထဲသို့ ပြန်မ၀င်ခင် ခရေပင်အုပ်ဆီ လည်ပြန်တစ်ချက်ငဲ့ကြည့်ရင်း သူ့ရင်တွင်းမှ ကဗျာတစ်ပုဒ် ခပ်တိုး တိုးစပ်ဆိုမိလိုက်၏။

~~~~~@@@~~~~~
ရေ.......
လေနှင်ရာကြွေ....
မြေပြင်မှာ ဝေ....
သို့တစေ...
သူ....ရနံ့မပြေ....။ ။

                                    ~~~~~@@@~~~~~@@@~~~~~@@@~~~~~

===================================================================
တကယ် မြင်တွေ့ကြားသိခဲ့ရသော အဖြစ်လေးများကို ရေးဖွဲ့ထားတာဖြစ်ပါတယ်ခင်ဗျာ...။ မည်သူ့ကိုမှ ရည် ရွယ်ခြင်းမရှိသလို နစ်နာစေလိုတဲ့စိတ်မရှိကြောင်းဝန်ခံအပ်ပါတယ်ခင်ဗျာ။ စာထဲမှာပါတဲ့ တချို့စကားလုံးတွေ အတွက် စာဖတ်သူ မောင်နှမတွေ၊ (အထူးသဖြင့် အစ်မတွေ၊ ညီမတွေနဲ့ ရွယ်တူသူငယ်ချင်းမိန်းကလေးတွေ) အားလုံးကို လေးစားစွာတောင်းပန်လိုက်ပါတယ်ခင်ဗျာ.......။
===================================================================
ချစ်ခြင်းအားဖြင့်.....
ဏီလင်းညို

Sunday, October 17, 2010

ညာ




သူသုံးသော အိတ်ဆောင်ကွန်ပျူတာလေးသည် သူ့အိပ်ယာခေါင်းရင်းတွင် အစဉ်ငိုက်မြည်းစွာနေလေ့ရှိ၏။ စ,ပြီးဝယ်လာကတည်းက ထိုနေရာလေးတွင်သူထားသည်။ ပက်ကင်ထုတ်ထားခဲ့သော စက္ကူကဒ်ထူဘူးလေး အပေါ်တွင်ဖြစ်၏။ ခုတင်နှင့်မအိပ်ပဲ ကြမ်းပြင်တွင် မွေ့ယာခင်းကာအိပ်သူမို့ စာဖတ်လျှင် ထိုစက်ကလေးကို ဖွင့်ကာ ခေါင်းအုံးပေါ်မှနေဇက်ထောင်ပြီး အိပ်ယာပေါ်တွင်ဝမ်းလျှားမှောက်လျှက်(အပျင်းထူစွာဖြင့်)သူဖတ် လေ့ရှိသည်။ စာရေးလျှင်တော့ ထိုစက်ကလေးရော၊ အောက်ခံဘူးပါ သူ့ခေါင်းအုံးပေါ်မတင်ကာ သူထိုင်ရေးမိတတ်သည်။ သို့သော် တစ်ခါတစ်ရံ ၀မ်းလျှားမှောက်သည့်အနေအထားဖြင့် သူရေးတတ်သေး၏။

သို့သော် သူစာကြာကြာဖတ်၊ ကြာကြာထိုင်မရေးနိုင်ခဲ့တော့သည်မှာ သုံးလကျော်လောက်ရှိရော့မည်။ ထို့အ တွက် နားနားပြီးဖတ်ရင်းဖြင့် မတောက်တခေါက်စာလေးတွေကို နားနားပြီးရေးမိသည်။

ထိုနေ့ကလည်း နားရက်တစ်ရက်ကို ကိုယ့်ဘာသာဇွတ်အတင်းပြန်ပေးကာ(ဖြစ်သမျှပြဿနာရင်ဆိုင်မည်ဟု စိတ်မွေးလျှက်း)) သူအွန်လိုင်းတက်ကာစာဖတ်မိသည်။ စာဖတ်ရင်း စကားကြာကြာမပြောရပြီဖြစ်သော မောင်နှမတချို့နှင့် ရယ်စရာများပြောဖြစ်၏။ သို့သော် ကြာတော့ သူ့ခေါင်းကဆန္ဒပြလာသည်။ မူးချင်လာပြီ ဟု....။

ထို့ကြောင့် စက်ရှေ့မှ မျက်နှာလွဲကာ ထ,ထိုင်လိုက်ရသည်။ စက်ရှေ့မှထထိုင်လိုက်သောအခါ အမှတ်မရှိခဲ့ နိုင်သောမျက်လုံးများက အခန်းတွင်းရှိသူနှင့်မျက်နှာချင်းဆိုင်မှကိုယ်ပိုင်စာအုပ်စင်ကလေးဆီအကြည့် ရောက် သွားမိပြန်၏။ စိတ်မထိန်းနိုင်စွာဖြင့် အနားသို့သူသွားကြည့်လိုက်သေးသော်လည်း သူ့ကိုယ်သူပြန် ညာလို့မရ။ ဘာရယ်ကြောင့်မှတော့ မဟုတ်......၊ ထိုစာအုပ်စင်ကလေးမှ စာအုပ်အားလုံးသူဖတ်ပြီးသား မို့ပင်...။ အနည်းဆုံးသုံးခေါက်....၊ အချို့စာအုပ်များဆိုလျှင် အကြိမ်အရေအတွက်ပင်သူမမှတ်မိတော့...။ ထပ်ခါ ထပ်ခါဖတ် လွန်း၍ဖြစ်၏။ ရသေ့စိတ်ဖြေအနေဖြင့် စာအုပ်လေးများကို ကိုင်ကြည့်မိသေးသည်။ မြသန်းတင့်၊ မိုးမိုး(အင်းလျား)၊ ရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှား၊ ပခုက္ကူဦးအုံးဖေ၊ ကိုရီးယားစကားပြော၊ စမ်းစမ်းနွဲ့(သာယာဝတီ)၊ မင်းလူ၊ နီကိုရဲ၊ မင်းခိုက်စိုးစံ၊ တာရာမင်းဝေ၊ အိမ့်ချမ်းမြေ့......စသည်ဖြင့်.....။

စာအုပ်စင်ကို သူကျောခိုင်းလိုက်သည်။ ကြံရာမရဖြစ်စွာဖြင့် ရေချိုးဖို့ သူပြင်မိ၏။

~~~~~@@@~~~~~

ရေချိုးခန်းထဲမှထွက်လာချိန်တွင် သူ့ဗိုက်ကဆာလောင်လာသည်။ ဟုတ်သည်။ သူဘာမှ မစားရ သေး.....၊ အစာစားပြီးလျှင် သူဆေးသောက်ရဦးမည်....။ ထို့ကြောင့် အ၀တ်လဲပြီး အခန်းအပြင်သို့သူ ထွက်ခဲ့လိုက်သည်။

အပြင်ဖက် ဧည့်ခန်းတွင် ဘယ်သူမှမရှိ...။ သူတို့နားရက်မို့ အလျှိုအလျှိုထွက်သွားကြသည်မှာ ကြက်ပျောက်၊ ငှက်ပျောက်ဟုပင် ဆိုနိုင်၏။ ဘာရယ်မဟုတ်ပဲနှင့် အမြဲလိုလိုအိမ်စောင့်ဖြစ်ကျန်ရစ်ခဲ့သော သူ့ကိုယ်သူပြန် ရယ်ချင်မိသွားရင်း စားပွဲပေါ်မှ အုပ်ဆောင်းကိုဖွင့်ကြည့်မိသည်။ ဘာစားစရာမှမရှိ...။ ထမင်းအိုးကိုဖွင့်ကြည့် တော့ ထမင်းကြမ်းတစ်ဝက်ကိုမြင်ရ၏။ ရေခဲသေတ္တာကိုဖွင့်ကာ ရှာမိတော့ကြက်ဥ တစ်လုံးတွေ့ရသည်။ ထိုကြက်ဥကို သူကြော်လိုက်သည်။ ကြက်ဥကြော်ပြီးတော့ ဆီနှင့်ထမင်းနယ်ကာ ပန်းကန်ကိုဇွန်းတပ်ပြီး ထမင်း စားဖို့ပြင်မိသည်။ အမှန်တော့ ကြက်ဥကြော်ကိုသူမကြိုက်....၊ တစ်ယောက် တည်းစားဖို့ရာအတွက် တစ်ခမ်း တစ်နားလုပ်မနေချင်တော့တာကြောင့်မို့ပင်ဖြစ်၏။

ထမင်းစားခါနီး ထုံးစံအတိုင်းပတ်ဝန်းကျင်ကို မျက်စိဝေ့ကြည့်မိသည်။ ဖတ်စရာစာအုပ်တစ်ခုခုရှာခြင်းသာ ဖြစ်၏။ မလှမ်းမကမ်းရှိတီဗွီနားတွင် စာစောင်တစ်ခုကိုသူတွေ့ရသည်။ သွားယူပြီးအဖုံးကိုကြည့်လိုက်တော့ အေ၊ ဘီ၊ စီအကျိုးပြုရသစာပေဂျာနယ် ဟုတွေ့ရ၏။ သြစတေးလျတွင်ရှိသော စာချစ်သူမြန်မာအမျိုးသား များထုတ်ဝေသည့် ဂျာနယ်တစ်စောင်ပင်ဖြစ်သည်။ ဂျာနယ်မှာအဟောင်းဖြစ်၏။ No.1,Volume 9,2010ဟုဆိုသည်။ အိမ်မှ သူငယ်ချင်းညီလေးများ ဘယ်က ယူလာသည်မသိ...။ သူမဖတ်ရသေး....။


ထမင်းတစ်ဇွန်းဝါးရင်း.....ဂျာနယ်ကို သူဖွင့်ဖတ်သည်။ သူမသိလျှင်လည်း ဘာမှဖြစ်မသွားသော သတင်းများ၊ (ဥပမာ...မင်းသား/သမီးအင်တာဗျူးများ) စသည်တို့ကို ကျော်ရင်းဟိုလှန်ဒီလှန် လျှောက်လှန် နေလိုက်သည်။ ထိုကဲ့သို့လျှောက်လှန်ရင်း “ဟာသ” ဆိုသည့်နေရာလေးကိုသူသွားတွေ့လိုက်သည်။ ရယ်ရ တာဝါသနာပါသူမို့ သေချာဖတ်ဖြစ်လိုက်သည်။ စုစုပေါင်း ၄ပုဒ်ပါသည်။ သုံးပုဒ်အပြီး အောက်ဆုံးမှအပုဒ်ကို သူဖတ်နေမိလိုက်၏။


စာနဲ့ လူနဲ့

“အဲ့ဒီလူက စာရေးဆရာလေ”....
“ဟုတ်လား......၊ ဘာတွေရေးတာလည်း”.....
“လူကောင်းလူမွန်လေးတွေ ဖြစ်စေချင်.....ဆိုတဲ့ စာအုပ်လေ...။ အရမ်းကိုရောင်းကောင်းတာ နာမည်ကြီးပဲ”
“အင်း...ဒီလို စာကောင်းပေကောင်းတွေရေးတော့ လူငယ်တွေရဲ့အနာဂတ်ခိုင်မာတာပေါ့”......
“စာကတော့ ကောင်းပါတယ်...၊ ဒါပေမယ့် သူ့သားနှစ်ယောက်စလုံးက ရပ်ကွက်မှာ ဆိုးသွမ်းပေတေနေလို့ ထောင်ထဲပို့ထားရတယ်လေ”......

~~~~~@@@~~~~~

ထိုစာပိုဒ်တိုတိုလေးကိုဖတ်ပြီးတော့ သူ မရယ်မိလိုက်တာသေချာပါသည်။ ဘာကြောင့်မှတော့မဟုတ် ရ....။ အတွေးစ,တစ်ခုဝင်သွားလို့သာဖြစ်၏။

သူကိုယ်တိုင် လက်တွေ့လိုက်နာကျင့်သုံးခြင်းမရှိသော သဘောတရားများ၊ အတွေးအခေါ်များ၊ ခံယူချက်များ စသည်တို့ကို အခြေခံကာ (ကိုယ့်ကို အကောင်းမြင်စေချင်ရုံ၊ အထင်ကြီးစေချင်ရုံသက်သက်ဖြင့်) စာဘယ်နှ ပုဒ်လောက်ကို သူ့ရဲ့နားခိုရာရပ်ဝန်းပေါ်တွင် ရေးပြီးတင်မိခဲ့ပြီလဲဟု ကိုယ့်ကိုယ်ကို ပြန်မေးမိ လိုက်ခြင်းတစ်ခုရယ်သာပင်.....။

~~~~~@@@~~~~~

လူဟူသည်.....သူများကိုသာ ညာ၍ရချင်ရပေလိမ့်မည်.....။
ကိုယ့်ကိုယ်ကိုတော့ ပြန်ပြီးညာလို့မရနိုင်ခဲ့ပါ.....။             ။

                                          ~~~~~@@@~~~~~@@@~~~~~@@@~~~~~

====================
ချစ်ခြင်းအားဖြင့်......
ဏီလင်းညို
(ညာ)

Wednesday, October 13, 2010

အောင်ပွဲအတွက်...အသင့်...




နေ၅နာရီကျော်ကျော်ပဲရှိသေးသော်လည်း ကောင်းကင်ရဲ့အရောင်က ရီဝေစွာဖြင့် မှုန်ဖျဖျနိုင်လွန်း လှသည်။ တစ်ချက်တစ်ချက်ခပ်တိုးတိုးတိုက်ခတ်နေသော လေပြေတချို့မှလွဲပြီး သူ့ပတ်ဝန်းကျင်မှအရာ အားလုံးငြိမ်သက်နေသလိုရှိ၏။ သို့သော် သူထိုင်နေသောစားပွဲခုံနှင့် အတော်လှမ်းသောနေရာရှိ နောက် ဖက်ဆုံးသောခုံမှစကားသံများကို တစ်ခါတစ်ရံ ကြားနေရတတ်သည်။ လူရှုပ်ရှုပ်ကို မကြိုက်သောသူ့အတွက် အလုပ်မှာ ညနေခင်းလက်ဖက်ရည် သောက်ချိန်တိုင်းဒုတိယအချိန်တွင်သာဆင်းလေ့ရှိတာမို့ ကင်တင်း(န်)တွင် လူနည်းနေတာ အမှန်ပင်..။ ထို့အပြင် ကင်တင်း(န်)ဆင်းချိန်များတွင် အမြဲလိုလို ထောင့်တစ်နေရာမှာ တစ်ယောက်တည်းထိုင်ကာ (များသောအားဖြင့်) စာအုပ်တစ်အုပ်ဖြင့် တစ်ကုပ်ကုပ်စာရေးနေ တတ်သော သူ့ကို သူငယ်ချင်း အတော်များများကလည်း အနှောက်အယှက်မပေးတတ်ကြ ပါ....။

ထိုင်နေသော နေရာလေးမှနေပြီး တစ်စွန်းတစ်စမြင်နေရသော ကောင်းကင်ကို အဓိပွါယ်မဲ့စွာဖြင့်ငေး နေမိခဲ့၏။ သူ့မြင်ကွင်းထဲမှ ကောင်းကင်၏အရောင်သည် အုံ့ဆိုင်းရီဝေလွန်းလှသည်။ သူ့စိတ်ထဲတွင် လည်း......ထိုကောင်းကင်ကဲ့သို့ပင် အုံ့ဆိုင်းဆိုင်း၊ မှုန်မှိုင်းမှိုင်းဖြစ်နေခဲ့ရတာ အမှန်ပင်ဖြစ်သည်။ အခြား ကြောင့်တော့မဟုတ်.....။ လွန်ခဲ့သည့် ရက်အနည်းငယ်လောက်က သိခဲ့ရသည့် အကြောင်းတစ်ခုကြောင့် သာဖြစ်၏။

~~~~~@@@~~~~~

ထိုနေ့က စနေနေ့ဖြစ်၏။ အလုပ်မှပြန်ရောက်လျှင်ရောက်ချင်း စက်အဖုံးလေးကိုဖွင့်ကာ ကော်နက်ရှင် ချိတ်ပြီး......မေးလ်စစ်ရင်း သူစာရေးဖို့ပြင်မိသည်။ ဘာစာမှမရေးဖြစ်တာ အတော်ကြာနေခဲ့ပြီမို့ပင်ဖြစ်၏။ ရေးလက်စ,စာများကို ဖွင့်ကြည့်နေဆဲခဏ.....

“သာမီးရေ”........ ဟုအစချီသော ပြောစကားလေးသုံးလေးကြောင်းက ဂျီတော့ခ်နေရာမှ ပေါ်လာသည်။ အကြောင်းအရာကတော့ ထွေထွေထူးထူးမဟုတ်ခဲ့....။ မအားလို့...၊ မေးလ် တွေပြန်စရာရှိနေသေးလို့ နောက်နေ့ကျမှပြောတော့မည်ဟူ၍....။ ထိုစာကြောင်းလေးများ ကိုဖတ်ရင်း သူပြုံးမိသည်။ ရှားရှားပါးပါး....သူ့ကို ကျီစားစွာခေါ်တတ်သော အစ်ကိုကြီးတစ် ယောက်အကြောင်းလည်း တွေးမိလိုက်၏။ တခြားသူတော့မဟုတ်....။ ဘလော့ဂ်ရေးသော ရေးဖော်ရေးဖက် ကိုကြီးကျောက်ပင်ဖြစ်၏။ ရေးဖော် ရေး ဖက်ဟုဆိုသော်လည်း သူ့ထက် အနှစ်နှစ်ဆယ်ကျော်မျှကြီးသည်။

စာရေးလျှင် ပွင့်ပွင့်လင်းလင်း၊ အဆင်တန်ဆာ မထည့်ပဲ......ဟောဟောဒိုင်းဒိုင်းဖြင့် ရယ်စရာများ၊ သူငယ် စဉ်က အတွေ့အကြုံများ၊ ထူးဆန်းသည့် အကြောင်းအရာများကို ဖတ်ရသူများမငြီးငွေ့စေရအောင် အသောဖောက်ပြီးဗဟုသုတအဖြစ် ရေးတတ်သောသူတစ်ယောက်မို့ ကိုကြီးကျောက်ကို အများစုက ခင်ကြ၏။

ထိုအထဲတွင် သူလည်း တစ်ယောက်အပါအ၀င်ဖြစ်သည်။ သို့သော်လည်း ဂျီတော့ခ်တွင်လည်း သိပ်မ ပြောဖြစ်....၊ မေးလ်တွေဘာတွေလည်း အပြန်အလှန်မပို့ဖြစ်ခဲ့ကြ....။ သို့ပေမယ့် သူ့စိတ်ထဲတွင် ခင်မင်ရင်းနှီးလွန်းလှတာ သူ့ကိုယ်တိုင်မှလွဲပြီး ဘယ်သူမှမသိနိုင်ခဲ့..။

သူ့ကို “သာမီးရေ့”....ဟုခေါ်သည်မှာလည်း အခြားအကြောင်းကြောင့်မဟုတ်....။ ကိုကြီး ကျောက်ကပင် စတင်ထားခဲ့သော ကိုယ့်အကြိုက်ဆိုသည့် တက်ဂ်ပို့စ်တစ်ခု သူ့ထံတစ်ပတ် ပြန်လည်ကာရောက် လာခဲ့သည့်အချိန်တွင် ကိုကြီးကျောက်ရေးသော လေသံအတိုင်း ရယ်စရာအဖြစ်သူရေးမိသည်။ မှတ်မှတ်ရ ရ ထိုအချိန်ကတည်းက စ,ပြီး သူ့ကို သာမီးရေ....ဟု သာကျီစားပြီးခေါ်ခဲ့တာ အခုချိန်ထက်ထိတိုင်ပင်ဖြစ်ခဲ့ လေ၏။

လွန်ခဲ့သည့် နှစ်လကျော်ကျော်လောက်က (သူလည်း meniere’s diseases ဆိုသည့် ဝေဒနာ စတင်ခံစားရ သည့်အချိန်နှင့် အတူတူလောက်ပင်ဖြစ်မည်) ကိုကြီးကျောက် အသည်း ရောဂါဖြင့် ဆေးရုံတက်ရသည် သတင်းရသည်။ ဘလော့ဂ်တွေပေါ်မှနေလည်း ဆုတောင်း ပေးကြ၏။ ခွဲစိတ်ကုသမှုခံယူရမည်ဟု ဆိုကြ၏။ သူလည်း ဝေဒနာ အပြင်းခံစားနေရဆဲမို့ ကိုယ်ချင်းစာစွာဖြင့် ကိုကြီးကျောက်ထံအရောက်သွားကာ အားပေး ခဲ့တာ မှတ်မိနေသေးခဲ့သည်။ ထို့နောက် ကိုကြီးကျောက် ပြန်ကျန်းမာလာက သူ့ထက်အရင် ဘလော့ဂ်ပို့စ် တွေ အရင်အတိုင်းပြန်ရေးနေတာကို မြင်တွေ့နေခဲ့ရတော့ သူ့စိတ်အေးနေမိခဲ့၏။

သို့သော်....စောစောက ကိုကြီးကျောက်သူ့ကို နှုတ်ဆက်ကာ ချက်ခြင်း လိုင်းအောက်သွား ပြီးနောက်ပိုင်း တွင် သူ့စိတ်ထဲ တစ်မျိုးဖြစ်လာ၏။ ရေးလက်စ,စာကို ဆက်ရေးဖို့ကြိုးစားမိတာလည်းမရ....။ ထို့ကြောင့် စိတ်ပြေလက်ပျောက်...စာလေးဘာလေးဖတ်ဦးမှပဲဟု တွေးကာ သူ့ဘလော့ဂ်သို့ ၀င်မိသည်။ သူ့ဘလော့ဂ် ရှိ ချိတ်ထားသော လင့်ခ်လေးများကိုကြည့်မိဆဲခဏ စောစောက ကိုကြီးကျောက်ရဲ့ လင့်ခ်ကလေးကို သူ့ မျက်စိက တန်းခနဲမြင်၏။ ပို့စ် ခေါင်းစဉ်က “ယမမင်းထံသို့ ခြေလှမ်း၁၈၀”.......ဟုပေးထားတာ တွေ့ရ သည်။ သူပြုံးရင်း ထိုလင့်ခ်လေးကို ကလစ်နှိပ်လိုက်မိသည်။ စိတ်ထဲတွင်လည်း ခါတိုင်းလို ရယ်စရာအတွေ့ အကြုံလေးပဲနေမှာဟု တွေးမိလိုက်သေး၏။

သို့သော်.....ထိုပို့စ်ကို ဖတ်ကြည့်ရင်း သူ့ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားရ၏။ ဖတ်ပြီးသွားခဲ့သောအချိန်တွင် သူ့စိတ်ထဲမောသွားသလိုရှိသည်။ ကိုကြီးကျောက် အခြေအနေကို ပြန်ပြီး ကောင်းနေပြီဟု သူထင်ထားခဲ့ သောကြောင့်ဖြစ်၏။ အသည်းကင်ဆာ ဟုဆို၏။

ကိုကြီးကျောက်ကတော့ သူ့ပိုစ်ထဲတွင် ခင်မင်သောရေးဖော်ရေးဖက်များနှင့် စာဖတ်ကြ သူမောင်နှမများ အားအရင်ပုံစံအတိုင်း၊ အရေးအသားအတိုင်း ခပ်ပျော်ပျော်၊ ခပ်ရွှန်းရွှန်းပဲ သူ့ရောဂါအခြေအနေကို အသိပေးရေးသားထားပါသည်။ ပို့စ်လေးကိုဖတ်ရင်း သူ့စိတ်ထဲတွင် ကိုကြီးကျောက်ကိုမြင်ယောင်ကြည့်မိ ၏။ ပို့စ်ထဲတွင် ရေးထားသလိုပုံစံအတိုင်း ကိုကြီး ကျောက်တစ်ယောက် အမှန်တစ်ကယ် နေထိုင်၊ လုပ်ကိုင် နေလိမ့်မည်ဟုလည်း ယုံကြည်မိသည်။ သို့သော် သူ့စိတ်အာရုံမှ ထိုအကြောင်းအရာက လွယ်လွယ်နှင့် ဖျောက်ပစ်လို့မရနိုင်ခဲ့ပါ...။

~~~~~@@@~~~~~

သူ့စိတ်တွေသည် အတော်ပင် ညောင်းညာနေခဲ့ပြီဟု ဘာသာပြန်တွေးမိ၏။ ထုံးစံအတိုင်း သူ့စိတ်တွေ ညောင်းညာကိုက်ခဲတိုင်း၊ နားထောင်နေကျဖြစ်သော သီချင်းလေးများကိုနားထောင်ရန် အိတ်ထဲမှ လက်ကိုင်ဖုန်းအစုတ်လေးကို သူထုတ်လိုက်မိသည်။ သူ့လက်များက မရည်ရွယ်စွာဖြင့်...အမ်ပီဖိုး သီချင်း လေးတစ်ပုဒ်ကိုဖွင့်ရင်း နားထောင်နေမိလိုက်သည်။ နားထောင်ရင်း.....သူကိုကြီးကျောက်ကို သတိရ လာမိသည်။

ကိုကြီးကျောက် ပို့စ်ကိုဖတ်ပြီးစဉ်က ဘာရေးလို့ရေးခဲ့ရမှန်းမသိနိုင်လောက်အောင်ဖြစ်သွားခဲ့ရသော သူ့အတွက် (သူ့ဘာသာ နားလည်သလို ဘာသာပြန်ကာ) ခံစားမိသော သီချင်း လေးထဲတွင် သူပြောချင်နေ ခဲ့သော စကားလုံးအချို့ပါနေခဲ့တာမို့ ဘလော့ဂ်ပေါ်တွင် ကို ကြီးကျောက်အတွက် အမှတ်တရ တင်ဖို့စိတ်ကူးရမိသည်။ အခြားသောမောင်နှမများနှင့် ကိုကြီးကျောက်၏ စာဖတ်သူများသည်လည်း သူနှင့် ထပ်တူထပ်မျှပင် ထိုစကားမျိုးကို ဆိုချင်နေကြမည်ထင်ပါသည်။



Ready For The Victory.....
....................
You’re in our hearts
Just from round to round
And you will be the champion
The king without a crown

Like a fireball (Like a fireball)
You never never give up (Never give up)
Hear the engine call (Hear the engine)
Waiting for a start

Can’t you see
We’re ready for the victory
It’s a clear
You’re hero just for you and me
I feel, we’re in the pole position team
Oh..... can’t you see
It’s like a dream

From Australia to USA
And from Italy to Germany
And from San Marino to Canada
He is our biggest star

Oh.......you cannot lose
If you have lucky hand
And you will be the hero
You have many friends

Oh....dreams we cannot buy (Cannot buy)
But you will win again (Win again)
Nobody does it better (Does it better)
Through passion and through pain

~~~~@@@~~~~


သီချင်းလေး....ပြီးဆုံးသွားတော့ လုပ်ငန်းခွင်သို့ပြန်ဝင်ရန် သူထိုင်ရာမှ ထမိ၏။ အတွေးထဲတွင် ကိုကြီး ကျောက်ရဲ့အကြောင်းက နေရာယူထားကြဆဲ...။

သို့သော်... ထိုသီချင်းလေးထဲက စာသားအချို့အတိုင်း ကိုကြီးကျောက်တစ်ယောက်ကြိုးစားနေခဲ့လိမ်မည် ဟု သူ့ရင်ထဲမှ ယုံကြည်မိနေဆဲပင်......။               ။

                       ~~~~~@@@~~~~~@@@~~~~~@@@~~~~~


ပုံလေးကို ဒီနေရာလေးကနေ ယူသုံးခဲ့ပါတယ်ခင်ဗျာ.....။
=======================================================
ခင်မင်လေးစားရသော ကိုကြီးကျောက်အတွက် မနေနိုင်လွန်းလို့ရေးမိလိုက်တဲ့ စာလေးပါ ခင်ဗျာ....။ ယူကျူ့ကသီချင်းလေးကို right click နှိပ်ပြီးဒေါင်းနားထောင်နိုင်ပါတယ်....။
=======================================================
ချစ်ခြင်းအားဖြင့်......
ဏီလင်းညို