(၁)
အဲ့ဒီလမ်းရဲ့အကွေ့လေးတစ်ခုဟာ
ကျဉ်းမြောင်းစွာ မည်းမှောင်နေခဲ့တယ်...။
မရောက်သေးခင်မှာ....
ဘာတွေဖြစ်လာမလဲဆိုတာ... ကြိုတင်မသိနိုင်ခဲ့ပေမယ့်
ဖြန့်ကျက်ထားခဲ့တဲ့ စိတ်ကူးတောင်ပံတစ်စုံနဲ့
ပျံသန်းခြင်း ခရီးစဉ်အစမှာ...
ငါဟာ... လတ်ဆတ်နေခဲ့သေးတယ်...။
ငါ ဆိုက်ရောက်လုနီးခဲ့ပြီ...
အမှောင်ရိပ်တွေ ဖုံးလွမ်းတတ်နေတဲ့ ကမ္ဘာမှာ
မီးစလေး တစ်စအဖြစ် လင်းဖျာနေခဲ့ချင်ပေမယ့်....
လေက ကြမ်းလွန်းနေခဲ့ပြန်တယ်...။
ေ၀၀ါးစွာ လင်းနေခဲ့ရတဲ့ဘ၀မှာ
ခဏခဏ.... ကြိုးစားခဲ့ရတဲ့နာရီတွေတိုင်း
ရာသီဆိုးက မီးနီပြတယ်...။
သို့ပေမယ့်....
ငါ... ရှေ့ဆက်တိုးခဲ့တယ်...။
(၂)
အန္တရာယ်ဆိုးတွေကို ဖယ်ရှားပစ်နိုင်မယ့် လက်တစ်စုံကို
ငါ ပိုင်ဆိုင်ခွင့်ရှိနေချင်ခဲ့တာ...
မရှုရက်နိုင်တဲ့ မျက်ဝန်းတွေကြောင့်ပါ....။
သို့ပေမယ့်လည်း...
ရွာချလိုက်မိတဲ့ ‘စေတနာ’ မိုးစက်တွေဟာ...
‘တောင်းဆိုမှုကင်းမဲ့တဲ့လွင်ပြင်’ မှာသွန်းမိလေခဲ့တော့
တကယ်လိုအပ်နေခဲ့တဲ့ တချို့တောင်မှ
‘ဥပေက္ခာ’ ပေစွန်းနေတဲ့ ခွက်နဲ့သာ ခံယူလာခဲ့ကြလေတော့တယ်...။
တကယ်လို့များ....
လိုချင်နေတဲ့ အရာမှန်သမျှသာ ငါ့...
ထံမှာရှိနေခဲ့တယ်ဆိုရင်
ယူသွား လိုက်စမ်းပါ....။
မင်းရဲ့ အရေပြားပါးပါးလေးအောက်မှာ အမှန်ရှိနေခဲ့တဲ့....
နောက်ပြီး... အတိုင်းသားမြင်နေခဲ့ရတဲ့
ရိုးသားခြင်း...၊ မရိုးသားခြင်း ဆိုတဲ့ ‘ဗိုင်းရပ်(စ်)’
တွေကို
အပေါင်း၊ အနှုတ်သေချာစေဖို့ရာ....
ခွဲခြမ်း စိတ်ဖြာခြင်း မပြုနိုင်လောက်အောင်
မွေးရာပါ မျက်လုံးတစ်စုံကို
ငါ ကိုယ်တိုင်ပဲ အာခံ တော်လှန်ထားခဲ့တယ်...။
(၃)
ရံဖန် ရံခါဆိုသလိုမျိုး အငိုက်မိချိန်တွေမှာ...
အမှတ်မထင် ကျွတ်ကျလာတတ်တဲ့ မျက်နှာဖုံးတွေကို
သေချာစွာ ငါ... စောင့်ဖမ်းကြည့်မနေခဲ့ပေမယ့်...
တွေ့မြင်ခဲ့လိုက်မိတာကတော့...
‘ပြာ’ကျသွားစေနိုင်တဲ့ ‘ရမ္မက်မီး’ တစ်ချို့ဟာ....
ရက်စက်စွာ...၊ လှပစွာ တောက်လောင်နေခဲ့ကြတယ်....။
ဒီလိုအဖြစ်မျိုးတွေကို ကြားဖူးနားဝရှိခဲ့ပေမယ့်
မယုံနိုင်ခဲ့သေးတဲ့.... ငါ
မျက်စိကို အထပ်ထပ် ပွတ်သပ်ကြည့်နေတုန်းမှာ....
တကယ့်ကိုပဲ....
မီးတချို့ဟာ ငါ့ကိုတိုက်စားနေခဲ့ပြီ...။
ရေမျောသွားခဲ့ရလေတဲ့ ‘နား’တစ်ဖက်ခြင်းစီတွေဟာ....
ကမ်းနဲ့ နီးစပ်ဖို့ရာ ဝေးနေခဲ့သေးရုံမျှသာမကသေးပဲ
တချို့တွေဆို...
ကိုယ်ပိုင်တဲ့ နားတစ်ဖက်....
ကိုယ်တိုင်ပဲ ပျောက်ရှနေခဲ့မှန်းတောင်မှ
မသိခဲ့ကြသေးတော့...
‘အပေး၊ အယူ’ ဆိုင်ရာ ‘သီအိုရီ’ကို သင်ကြားပေးဖို့....
စိတ်ပျက်စွာ လစ်ဟင်း၊ ပျက်ကွက်နေခဲ့ရတဲ့အထိ
‘လောက’ဟာ... နွမ်းနယ်နေခဲ့ရတဲ့အတွက်....
တပ်မက်မှုတွေ ပေကျံနေခဲ့တဲ့ မျက်လုံးတချို့ကို....
အာခံဖို့ဆို... ငါ... သိပ်ကို ၀န်လေးခဲ့ရမိတယ်...။
(၄)
‘ပျော့ညံ့ခြင်း’ ဆိုတာကို တတ်မြောက်ဖို့အတွက်
သင်ကြား၊ နာယူမှုအပိုင်းမှာ
သိပ်များများမလိုအပ်လှပါဘူး....။
မကြာ ခဏဆိုသလိုမျိုးသာ....
ခေါင်းကလေးကို ငြိမ့်တတ်ရင် လုံလောက်ပါပြီ...။
သေချာအောင်သာ ထပ်ခါ ထပ်ခါ ကြိုးစားကြည့်ခဲ့မယ်ဆိုရင်....
လွန်ဆန်မရနိုင်တော့လောက်အောင်ကိုပဲ...
မှန်ကန်စွာ ပျော့ညံ့တတ်လာလိမ့်မယ်...။
ဒီလိုနည်းနဲ့...
ငါ ကိုယ်တိုင်ပဲ ‘သားကောင်’ ဖြစ်ခဲ့ရတာ...
ခဏ... ခဏနဲ့ ကြာလှရှိခဲ့ပေါ့....။
ဟန်ဆောင်ခြင်းတွေကို အားတင်းရင်ဆိုင်ဖို့
မွေးမြူထားမိခဲ့တဲ့ စိတ်တချို့ဟာ...
ချိုမြမြ စကားလုံးလေးတွေရဲ့ အကြား
ဖရို ဖရဲ... ပြိုလဲခဲ့ရတာများ....
ကောက်ရိုးလေးတစ်မျှင်ထက်ပို ဖွာဆန်ကျဲနေခဲ့လေတော့....
အော့နှလုံးနာစရာ... ငါ့ အဖြစ်တွေကို...
တချို့တွေဆို....
စာမျက်နှာတောင် ကျော်ပစ်ခဲ့ကြသေးတယ်...။
(၅)
နေ့စဉ်နဲ့ အမျှ...
‘ပုံရိပ် အစစ်နဲ့ အယောင်’ မသိနိုင်တော့လောက်အောင်
ဖျားယောင်းခံနေခဲ့ရမှန်း မေ့လျော့နေခဲ့ကြရတဲ့
ကြေးမှုံပြင်ရဲ့ ‘ယာဇ်ကောင်’ တချို့ဟာ
မြင်လွှာတွေ အနည်းငယ် ချွတ်ယွင်းနေခဲ့ပေမယ့်
သူတို့ရဲ့ နှုတ်ခမ်းထက်...
‘နယူတန်’ကို တရွတ်တိုက် ချိတ်ဆွဲထားဖို့ အမှတ်ရနေခဲ့...။
မုန်တိုင်းထန်နေခဲ့တဲ့ ပင်လယ်ရေပြင်ဆီကလို...
‘ဆန္ဒ’ ...ဆိုတဲ့ လှိုင်းတွေထဲ အတူတူ ကူးခပ်နေဆဲ...
တချို့တွေဟာ....
ကမ်းလင့်မိခဲ့တဲ့၊ ဖြည့်ဆည်းပေးခဲ့တဲ့ လက်တစ်စုံကို...
တစ်ဖက်ကမ်းအရောက်....
လှော်တက်အဖြစ်နဲ့ အသုံးပြုပြီးတဲ့နောက်...
မလိုအပ်တော့လို့ စွန့်ပစ်ရုံမျှမက...
ပေါ့ပါးစွာ ချိုးဖျက်ချေမွခဲ့ကြသေးပြန်တယ်...။
ဒီအဖြစ်တွေကို...
ပြန်ပြောင်းကာ ရေတွက်နိုင်ဖို့
လက်ဆယ်ချောင်းသာ ငါပိုင်ခဲ့လေတော့
တွက်ချက်ဖို့ သွေးပျက်နေခဲ့တုန်းမှာ
တစ်ခြားဖက် ကမ်းအထက်နားဆီက...
ပြိုလု ပြိုခါနီး ခပ်ဝါးဝါး အရိပ်တစ်ခုဟာ
ငါ့ကိုယ်ပိုင် ဖြစ်နေခဲ့လေတယ်...။
(၆)
ရက်စက်တတ်ဖို့ မသင်ကြားပေးခဲ့တဲ့
‘ဗီဇ’...ဆိုတဲ့ သတ္တ၀ါတစ်ကောင်ကြောင့်...
ငါဟာ... တရိရိနဲ့ ညှင်းပန်းခံ ဖြစ်နေခဲ့ရပြီ....။
စာနာစွာနဲ့ ညှာတာတတ်မှုများဟာလည်း....
ငါ့ရဲ့ စိတ်ကို ပင်ပန်းစေလွန်းခဲ့ပါပြီ...။
တကယ်လို့များ...
သက်ရောက်မှုမညီမျှတဲ့ ဒီရပ်ဝန်းတစ်ခုသာ....
ကွဲအက်ဖို့ လွယ်ကူလွန်းတဲ့
ဆပ်ပြာပူပေါင်းတစ်လုံး ဖြစ်နေခဲ့မယ်ဆို...
ငါလေ...
တစ်ကြိမ်လောက်တော့...
ရက်စက်စွာ ဖောက်ခွဲပစ်လိုက်ချင်ပါရဲ့...။
နေစမ်းပါစေ...
ဝေချင်... ကြွေချင်တဲ့ ‘ဘ၀’တွေ...
လွင့်ချင်ရာကိုသာ... လွင့်ကြစမ်းပါစေလို့...
တင်းမာချင်လွန်းစွာ တက်မိတဲ့ ချဉ်ခြင်းတွေ....
မာန နဲ့ရောစပ်
ဒီသွေးကြောတစ်လျှောက်
မွှေနှောက်ကာ မစီးဆင်းနိုင်ခဲ့သေးသမျှတော့....
အသွားရှိ အပြန်မဲ့တဲ့ ‘ကန္တာရ’တစ်ခုမှာ
ငါဟာ... ကြိမ်ဖန်များစွာ သေရလိမ့်ဦးမယ်...။
(၇)
နောက်ကျစွာ ရောက်လာတတ်တဲ့ သိတတ်မှုဟာ
‘နောင်တ’ ဆိုတဲ့ မြားတစ်စင်းအသွင်နဲ့
ငါ့ရင်ကို စူးဝင်စေမိတဲ့ခဏ
ခြေရင်းမှာ ပုံချထားမိခဲ့တဲ့
‘တစ်ကိုယ်ကောင်းဆန်ခြင်း’ဆိုတဲ့ သွေးသောက်ဟာ....
သွေးယိုစီးကျနေတဲ့ ငါ့ကို...
မိုက်တွင်းနက်စွာနဲ့ ဟက်ဟက်ပက်ပက်
လှောင်ရယ်နေခဲ့ချိန်မှာ....
အဖြူရောင်လောကရဲ့ ‘ရနံ့’ တချို့ဟာ...
နှစ်သိမ့်ခြင်းအပြုံးများနဲ့ အတူ...
ငါ့ကို သွေးတိတ်စေခဲ့ပြီ....။
‘ပကတိ’ တန်ဖိုးကို တိုက်စားခြေဖျက်မယ့် အရာတွေ...
ထိုးစစ်ဆင်လို့သာ မောချင် မောသွားကြပါစေ
ငါဟာ... လေရူးမှာကြွေလူးရမယ့် ရွက်ခြောက်မဖြစ်သေးသမျှ...
လဲကျတဲ့ခဏ အားယူထ,လို့သာ...
စိန်ခေါ်နေမယ့် အတုအယောင်တွေရဲ့ကြား
တည့်မတ်စွာ လျှောက်လှမ်းနေရင်း...
ဖြစ်ချင်တဲ့ ‘ဆန္ဒ’ တစ်ခုသာ ငါ...
ပျိုးထားလိုက်မိတော့တယ်...။
(၈)
အဲ့ဒါကတော့
ဟောဒီရင်ဘတ် အတွင်းပိုင်းမှာ....
(ဘယ်သူမှ မသိနိုင်ခဲ့ရင်လည်း)
သန့်စင်တဲ့ အဖြူရောင်ဝိညာဉ်တစ်ခုကို....
ငါ့ လက်နဲ့...ငါ...
ကြိုးစား ထွန်ယက်ချင်နေခဲ့တာပါပဲ...။ ။
==========================
စတာတွေကိုပေါင်းပြီး... အခုလတ်တစ်လော ကျွန်တော်ခံစားနေရတဲ့ စိတ်အခြေအနေလေးရယ်တို့နဲ့အတူ ကျွန်တော့်ရဲ့ ကဗျာရေးတဲ့ မှတ်စုစာအုပ် အဟောင်းလေးကို ပြန်လှန်မိခဲ့ရင်း ဟိုးအရင်တုန်းက ရေးခဲ့မိတဲ့ ကဗျာရှည်လေး တစ်ပုဒ်ကို တင်လိုက်မိတာပါ...။ တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီ အစ်ကိုရော၊ အစ်မပါ...ကျွန်တော်နဲ့ မွေးဖွားတဲ့ ရာသီခွင်ခြင်းသွားတူနေပါတယ်...။(ကုမ်ရာသီခွင်ပါ...) အရင်တုန်းက တကယ့်ကို မသိခဲ့ရတာ အမှန်ပါပဲ...။ အဲ့ဒါကြောင့် အစ်ကိုနဲ့ အစ်မရော... ကျွန်တော့်အတွက်ပါ အမှတ်တရအဖြစ်တင်လိုက်မိပါတယ်...။ ပိုပြီးတိုက်ဆိုင်တာက ဒီကဗျာလေးကို ကျွန်တော်ရေးခဲ့တဲ့နေ့စွဲကို အမှတ်မထင်ကြည့်လိုက်မိတော့ ‘ကုမ်’ရာသီခွင်ထဲမှာပါပဲ...။ အမှတ်မထင်တဲ့တိုက်ဆိုင်မှုတွေကို ကျွန်တော် ကိုယ်တိုင် အံ့သြခဲ့ရမိတာပါ...။ ဒီကဗျာလေးကို ကျွန်တော်မွေးဖွားခဲ့တဲ့ ရက်စွဲကိုကြည့်မိတော့ နှစ်နှစ်သားပြည့်ဖို့ ရက်ပိုင်း၊ နာရီပိုင်းလေးပဲ လိုပါတော့တယ်ဗျာ....။ မှတ်မိတာတစ်ခုက အဲ့ဒီကဗျာလေးကို တစ်ညလုံး တစ်ထိုင်တည်း အပြီးထိုင်ရေးခဲ့မိတယ်ဆိုတာပါပဲ...။ အဲ့ဒီအချိန်တုန်းက ဘာခံစားချက်နဲ့ ရေးခဲ့မိ သလဲဆိုတာ အခုအချိန်မှာ ဘယ်လိုမှ ပြန်စဉ်းစားလို့ မရတော့ပါဘူး...။ တကယ်တော့ ကျွန်တော်တို့ ထင်ခဲ့မိ...၊ ခံစားမိခဲ့တဲ့ အတွေးခံစားချက်တွေဟာ... အချိန်ကြာလာတဲ့အခါမှာ တစ်ဖြည်းဖြည်း မှိန်ဖျော့လာတတ်တာကတော့ ကျွန်တော့် အတွက်တော့ ကိုယ်တွေ့ပါပဲဗျာ....။
သူငယ်ချင်း...ညီအစ်ကို မောင်နှမအားလုံး...ကုမ်ရာသီခွင်လေးမှာ... ကောင်းကင်က လုလင်ပျိုတစ်ဦး သွန်းလောင်းတဲ့ ရေစင်အေးတွေကြောင့် အေးမြလန်းဆန်းနိုင်ကြပါစေခင်ဗျာ....။
(မှတ်ချက်...ကျွန်တော့် မွေးနေ့က မရောက်သေးပါဘူးနော်...။ မွေးနေ့ပို့စ်ကို နောက်မှ ရေးမှာမို့လို့ မွေးနေ့ဆုမွန် မတောင်းပေးကြပါနဲ့ဦးနော်....း))
ချစ်ခြင်းအားဖြင့်....