Tuesday, November 24, 2009

ငြီးငွေ့ခြင်း (တစ်စုံတရာဆီ...သို့...)

မိုးကောင်းကင်ကြီးဟာ...
ထာဝစဉ်... ပြာလွင်မနေနိုင်ဘူး....
မြက်ခင်းတွေဟာလည်း...
အမြဲတမ်း... စိမ်းလန်းမနေနိုင်ပါဘူး....
ဒီလိုပဲ...
ငါတို့ဘ၀တွေဟာလည်း...
အစဉ်အမြဲ... မလှပနိုင်ဘူး....။
ဒါတွေကို...ငါသိထားရက်နဲ့...
ဆန့်ကျင်ဘက်အရာတွေချည်းပဲ...
ထပ်ခါထပ်ခါ... မင်း.. ပြောနေခဲ့လေတာကြာလာတော့...
ငါ..ငြီးငွေ့တတ်လာခဲ့ပြီပေါ့...သူငယ်ချင်းရယ်...။

အပြောနဲ့ အလုပ်...
စိတ်ကူးနဲ့...လက်တွေ့...
ဆန္ဒနဲ့... ဘ၀... စ,တဲ့အရာတွေ...
တစ်ထပ်တည်းမကျနိုင်တာ.... မြင်ရဖန်များနေခဲ့ရတဲ့ ငါ့အတွက်...
မင်းစကားတွေက...
ပျင်းစရာ... ကောင်းလွန်းလှပါတယ်... သူငယ်ချင်းရယ်...။

တစ်ကယ်ဆို....
‘အမှားတစ်ရံ’ ကို....‘အမှန်တရား’... လို့ ထင်နေတတ်တဲ့...
ခပ်ရိုးရိုး... လူသားတွေထဲ...ငါမပါဘူး....။
ထက်ရှရှ... ဓားသွားတစ်လက်ပေါ်က...
ချိုမြမြ...ပျားရည်တစ်စက်ကို...
အရူးအမူး.. တပ်မက်မိလောက်အောင်
ငါ့စိတ်တွေ... မတိမ်းမူးသေးဘူး...။

‘အဟော’ နဲ့.... ‘အကျင်’့... အသွင်မညီမျှတာတွေကိုများဆို...
မကြားချင်....၊ မမြင်ချင်လောက်အောင်...
ငါ့နား..၊ မျက်စိတွေ... ညောင်းညာကိုက်ခဲနေခဲ့ရပြီ...။
မင်းသိတတ်ခဲ့လို့...
မရှက်တမ်း... လှည့်ကြည့်မိခဲ့မယ်ဆို...
ရှေ့နောက်မညီညာလွန်းတဲ့...
မင်းသွားရာ...စွပ်ကြောင်းလမ်းကြီးကို...
ထင်းထင်းကြီး..တွေ့နိုင်ပါတယ်...သူငယ်ချင်းရယ်...။

ထားလိုက်ပါတော့...။
...........................
...............................
......................................
ငါကတော့လေ....
ငါနဲ့ မတော်တဲ့...
ငါဆန္ဒမရှိတဲ့ “ဖိနပ်တစ်ရံ”ကို...
ဇွတ်အတင်း.. ၀တ်စေချင်နေတတ်တဲ့မင်းကို...
ခပ်တိုးတိုးလေး... အားနာနေမိရင်း...
ဖြစ်နိုင်ရင်ခဲ့မယ်ဆိုရင်...
မင်းနဲ့ဝေးရာ...ချောင်လေးတစ်ချောင်မှာ....
ခပ်အေးအေးလေး... တစ်ရေးလောက်တော့...
မှေးစက်နားနေလိုက်ချင်ပါသေးတယ်... သူငယ်ချင်းရယ်...။ ။

ချစ်ခြင်းအားဖြင့်...

ဏီလင်းညို


(အိပ်မက်မှာ...စာလာမရေးဖြစ်တာကြာလို့ ရာဇသံပေးနေကြတဲ့၊ ကျွန်တော်...အမြဲခင်မင်နေမိတဲ့...စာရေးဖော်၊ ရေးဖက်၊ စာဖတ်သူ သူငယ်ချင်းမောင်နှမတစ်ချို့အတွက် အမှတ်တရ..ရေးလိုက်မိတဲ့ကဗျာလေးပါခင်ဗျာ...။ အားမနာတမ်း ဝေဖန်ပေးကြပါဦးခင်ဗျာ...။)
====================================================

ပုံလေးကိုဒီနေရာလေးမှယူသုံးပါတယ်ခင်ဗျာ....။

Wednesday, November 18, 2009

“အလင်းတိုင်တစ်ခုရဲ့ ဘ၀”...(နတ်သမီးအတွက်...မွေးနေ့ကဗျာ...)

“အလင်းတိုင်တစ်ခုရဲ့ ဘ၀”...

ရောင်စဉ်ဖြာ လင်းလဲ့မှုတစ်ချို့နဲ့....
ဖြူစင်စွာ ကျွမ်းလောင်ခဲ့မိတဲ့နောက်....
နွေးထွေးတဲ့ ‘အလင်းတိုင်’တစ်ခုရဲ့ဘ၀....
ငါ... ရရှိခဲ့မိတယ်...။

ပျံသန်းလာခဲ့မယ်...
အလင်းမဲ့ ရပ်ဝန်းများဆီသို့....
နုနယ်တဲ့ အတောင်ပံတစ်စုံကို ဖြန့်ကျက်ရင်း....
ငါ... ပျံသန်းလာခဲ့မယ်....။

နေခြည် နွေးဖျာတဲ့...
ရောင်စဉ်နဲ့ မနက်ခင်းတွေမှာ...
မလိုအပ်သေးရင် ချောင်မှာ ထိုးထားခဲ့...။
ဒါပေမယ့်...
မိုးချုပ်ညဥ့်နက်.. ၀ိုးတစ်ဝါးလမ်းမတွေထက်...
လမ်းပျောက်နေမယ့်သူ တချို့အတွက်....
ကူညီဖို့ ငါအမြဲ အသင့်ရှိနေခဲ့တယ်...၊
မင်း... ထွန်းညှိတတ်ဖို့ပဲလိုပါတယ်...။

တစ်ကယ်လို့များ...
လိုချင်နေခဲ့တယ်... လိုအပ်နေခဲ့တယ်ဆို...
ငါ့... အလင်းစက်တွေကို...ကူးယူသွားလိုက်စမ်းပါ...
အမိုက်မှောင်ထုကို ခွင်းဖို့ အတွက်သာဆို...
ထာဝရကြည်ဖြူစွာနဲ့
ဘယ်သောခါမဆို...ငါ... ပေးလိုက်ချင်ပါရဲ့....။

ငါ .... ကျင်လည်ခဲ့ရာ ၀န်းကျင်ငယ်လေးတွေမှာ
ပြင်းတစ်လှည့်.... ညှင်းတစ်လှည့် တိုက်ခတ်နေတဲ့....
ကံကြမ္မာ လေလှိုင်းတွေရဲ့ကြား...
ကြိုးစား၊ ရပ်တည်၊ ရှင်သန်ရင်းနဲ့...
ဘ၀ရဲ့ အဓိပ္ပါယ်တစ်ခု...
ထုဆစ်ကာ...သွန်းလောင်းမိခဲ့ပြီ...။

ဒီလိုနဲ့ပဲ...
တငွေ့ငွေ့ကျွမ်းလောင်ရင်း....
တဆစ်ဆစ် တိုတောင်းနေခဲ့ရတဲ့...
ဘ၀တစ်ခုမှန်ပေမယ့်လည်း...
တတ်အားသမျှ အလင်းငယ်လေး..ဖြန့်ကျက်ပေးရင်း...
အလင်းမဲ့ ရပ်ဝန်းလေးတွေအတွက်....
ငါလေ....
သက်တမ်း မကုန်ဆုံးသေးသရွေ့
စွမ်းသလောက်...လဲ့ဖျာနေခဲ့ဦးမယ်...။ ။





ဏီလင်းညို
၁၇၊ ၁၁၊ ၂၀၀၉
အင်္ဂါနေ့
ည ၁၀နာရီ... ၄၀မိနစ်
(အလင်းတိုင် တစ်ခုရဲ့ ဘ၀)

နတ်သမီးရေ....
ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေလို့လည်း...ကြိုပြီး..ဆုတောင်းပေးလိုက်ပါတယ်ဗျာ...။
ဒီလို ကဗျာလေးတွေ...မရေးဖူးလို့ မရေးတတ်ရေးတတ်နဲ့ ရေးလိုက်ပါတယ်ဗျာ...။
အားနည်းချက်များရှိရင် တောင်းရော...၊ ဇကောရော ပန်အပ်ပါ၏။

ခင်မင်တဲ့
ဏီလင်းညို

Tuesday, November 10, 2009

“ကမ္ဘာမပျက်ခင်...တစ်လအလို”...

  ကျွန်တော်ရဲ့ ဒီစမ်းတစ်ဝါးဝါးနဲ့လုပ်ထားမိခဲ့ရတဲ့ “နားခိုရာရပ်ဝန်းလေး” မရှိခဲ့သေးခင်တုန်းကအိပ်မက်များ
ဆိုတဲ့ နေရာလေးမှာအခုလိုမျိုးပဲ မတောက်တစ်ခေါက်စာလေးတွေ ရေးခဲ့ဖူးပါတယ်...။ အဲ့ဒီမှာလည်း အချိန် တော်တော်ကြာအောင်စာဝင်မရေးဖြစ်ခဲ့သေးဘဲ သူများရေးထားတာတွေလိုက်ဖတ်ခဲ့ရင်း အချိန်တော်တော် ကြာအောင် နေခဲ့ဖူးပါတယ်...။ အိပ်မက်မှာ ကျွန်တော်စာစ,ဖတ်ဖူးကတည်းက စိတ်ထဲကနေပြီး ခင်မင်ခဲ့ရ၊ လေးစားခဲ့ရမိတဲ့ “မလေး”.... ( မအိမ့်ချမ်းမြေ့) က သတိတရနဲ့ တက်ဂ်ထားပေးတာကြောင့် ဒီပို့စ်လေးကို ရေးဖြစ်ရတာ...၊ ရေးခွင့်ရသွားတာပါ...။ ကျွန်တော်ရဲ့ နုနယ်လှသေးတဲ့ ဘလော့ဂ် သက်တမ်းလေးမှာ ပထ မဦးဆုံးရေးဖြစ်ခဲ့တဲ့ တက်ဂ်ပို့စ်လေးမို့ “မလေး” ကို ခင်မင်စွာနဲ့ ကျေးဇူးတင် အမှတ်ရမိကြောင်းလည်း ဒီနေ ရာလေးကနေပြီး...ပြောလိုက်ချင်ပါသေးတယ်...။
   အရင်တုန်းက ဘလော့ဂ်လေးတွေကို လျှောက်လည်ရင်းနဲ့ တစ်ခြားဘလော့ဂ်ရေးသူတွေရဲ့ ကောင်းမွန် တဲ့အရေးအသား၊ စိတ်ကူး အတွေးတွေနဲ့ ပုံဖော်ချယ်မှုန်းထားခဲ့တဲ့ ဒီတက်ဂ်ပို့စ်လေးကို ခံစားမှုအမျိုးမျိုးနဲ့ခံ စားပြီးဖတ်ခွင့်ရခဲ့ပေမယ့် ကျွန်တော်ကိုယ်တိုင်ရေးခဲ့ရလိမ့်မယ်လို့ မထင်ခဲ့မိတာ...အမှန်ပါပဲ...။ အခုတော့ ကျွန်တော် ကိုယ်တိုင်ရေးလိုက်ရပါပြီ...။ အားနည်းချက်တွေ...ရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါခင်ဗျာ...။

**********
“ကမ္ဘာမပျက်ခင်...တစ်လအလို”...



၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ…

သေချာပါတယ်...။ ကျွန်တော်ဟာ အဲ့ဒီအချိန်မှာ အခုအသက်အရွယ်ထက် နည်းနည်းလေးပဲ ကြီးသွားမှာမို့ သံယောဇဉ်တရားတွေကို ဖြတ်တောက်နိုင်ဦးမှာ မဟုတ်သေးပါဘူး...။ အဲ့ဒါကြောင့်မို့  ဖြစ်နိုင်ရင် ဖေဖေ၊ မေမေ နောက် အစ်ကို၊ အစ်မ စတဲ့ သူတွေနဲ့ အတူ ကျွန်တော့်ရဲ့အမြဲစိမ်းတောလေး မှာပဲ နေချင်မိပါတယ်။ နောက်ပြီးတော့ အဲ့ဒီဝန်းကျင်လေးမှာပဲရှိကြတဲ့၊ ကျွန်တော့်ရဲ့ ကောင်းမှု၊ ဆိုးမှု စတဲ့ အပြုအမှုတွေကြောင့် ကျွန်တော့်ကို စိတ်အရောင်အမျိုးမျိုး၊ အတွေးပုံရိပ်အမျိုးမျိုးနဲ့ ပုံဖော်ပြီး တောက်လျှောက်စောင့်ကြည့်နေခဲ့ ကြတဲ့ (ကျွန်တော်ဘယ်တုန်းကမှ မမုန်းတီးခဲ့မိသော) ငယ်သူငယ်ချင်းများနဲ့...

 (၂) ဘာတွေခံစားနေရလဲ…

အဲ့ဒီအချိန်ကျမှပဲ သေချာသိနိုင်လိမ့်မယ်ထင်ပါတယ်...။ ဖြစ်နိုင်တာကတော့ ကူရာကယ်ရာမဲ့စွာနဲ့ ၀မ်းနည်း အားငယ်မိသလိုမျိုး...ခံစားချက်တစ်ခုကို ခံစားနေမိမှာတော့ သေချာသလိုပါပဲ...။ အမြဲတမ်း ကျွန်တော့်ရဲ့ ရပ်တည်မှုကို ထောက်မပေးထားခဲ့တဲ့ ကမ္ဘာမြေပြင်ကြီးတစ်ခုလုံး ပြိုကွဲပျက်စီးသွားမှာကို ခံစားချက်တစ်ခု အနေနဲ့ ပြောပြစရာစကားလုံးတွေ အခုထက်ထိ ကျွန်တော်ရှာမတွေ့ခဲ့နိုင်သေးပါဘူး...။

(၃) ဘာတွေပြင်ဆင်ထားမလဲ…

အတတ်နိုင်ဆုံးတော့ တည်ငြိမ်တဲ့ စိတ်ကလေးတစ်ခု ပြင်ဆင်ထားမိချင်ပါတယ်...။ ဘာရယ်ကြောင့်မှတော့ မဟုတ်ပါဘူး...။ အသက်အရွယ် ကြီးရင့်နေမှာဖြစ်တဲ့ ဖေဖေနဲ့ မေမေရယ်...၊ နောက် ကမ္ဘာကြီးပျက်မှာကို လက်မခံနိုင်လောက်အောင် တုန်လှုပ်ခြောက်ချားနေကြမယ့် လူတချို့ရယ်...၊ ရုတ်တရက်ဆိုသလိုမျိုး  ပိုးစိုး ပက်စက်အဖြစ်မျိုးနဲ့ ခန္ဓာကြွေပျက်ရမယ့် အဖြစ်ဆိုးတွေကို သွေးပျက်နေမယ့် လူတချို့ရယ်...၊ စ,တာတွေ အတွက် အားပေး၊ နှစ်သိမ့်မှုတစ်ချို့ တတ်နိုင်သလောက် လုပ်ချင်လို့ပါ...။ ကိုယ်ကိုယ်တိုင်က စိတ်လှုပ်ရှား သွေးပျက်နေခဲ့မယ်ဆိုရင် သူများအတွက် အားပေးဖို့၊ နှစ်သိမ့်ဖို့ဆိုတာ...ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ကိုယ့်ကို တိုင် တွေးထားမိခဲ့တာမို့ပါပဲ...။ နောက်ပြီးတော့ ကျွန်တော့် အတွက် သေခြင်းတရားကို ရင်ဆိုင်တဲ့နေရာမှာ သွေးရူးသွေးတန်း မဖြစ်နေချင်လို့...။ (လိုချင်တာကိုပြောတာပါ...။ အဲ့ဒီတည်ငြိမ်တဲ့ စိတ်ကလေးတစ်ခုဟာ အခုလောလောဆယ် အချိန်မှာ ကျွန်တော့်အတွက် အဝေးကြီး ဝေးနေခဲ့ပါသေးတယ်...။)

(၄) ၀မ်းနည်းမိမှာက…

ကျွန်တော့်ရဲ့ရည်ရွယ်စွာနဲ့၊ နောက် မရည်ရွယ်စွာနဲ့ စတဲ့ အပြုအမူတချို့ကြောင့် ကိုယ်စိတ်နှလုံး သုံးပါးလုံး ထိခိုက်သွားရတဲ့သူတွေ အများကြီးရှိနိုင်ပါတယ်...။ ကိုယ်သိခွင့်ရလိုက်တဲ့ သူတွေအတွက် တောင်းပန်ဖို့ အ ခွင့်အရေးရနိုင်ခဲ့လို့ တော်သေးပေမယ့်၊ မသိလိုက်ရတဲ့ လူတစ်ချို့ရဲ့ စိတ်ခံစားချက်တွေကို ပြေအောင်လို့ မ တောင်းပန်ခဲ့လိုက်နိုင်တဲ့အတွက် ၀မ်းနည်းမိမှာပါ...။ နောက်ပြီး တစ်ခါတစ်လေမှာ ကိုယ့်ဘာသာကိုယ် အ ဆင်ပြေရပ်တည်နိုင်အောင်လို့ ကြိုးစားအားထုတ်နေခဲ့ရတဲ့ အပေါ်မှာ၊ အတွေးအခေါ်ပြောင်း၊ အမြင်စောင်း သွားတတ်ကြတဲ့သူတွေအတွက် ရှင်းပြဖို့ အခွင့်မရှိနိုင်တာတွေရောပါပဲ...။ (ကိုယ့်ကြောင့် သူတစ်ပါးရဲ့စိတ် ထဲမှာ ပူလောင်စေမိတာကို အပြစ်တစ်ခုများဖြစ်နေမလားလို့ ကျွန်တော်တွေးထားမိလို့ပါ...။ သိတဲ့သူများရှိ ရင် ဖြေပေးခဲ့ကြပါဦးခင်ဗျာ...။)
အဲ့ဒါကလွဲရင် ကျွန်တော့်အတွက် ဘာမှထူးပြီးဝမ်းနည်းစရာသိပ်မရှိပါဘူးခင်ဗျာ...။

(၅) ကြောက်လန့်မိတာက…
 
ကမ္ဘာကြီးတစ်ခုလုံး တစ်ပြိုင်နက် ဖြုန်းခနဲကြွေမွ ပျက်စီးမသွားဘဲ ဟိုကအရင်ပျက်လို့ ဒီဘက်က မပျက်နိုင် သေးတာတွေဖြစ်နေမှာကိုပါပဲ....။ ကိုယ့်ရှေ့မှာ ခင်မင်ရင်းနှီးရသူတွေ၊ သံယောဇဉ် ရှိရသူတွေ မသေမရှင် နဲ့ နာကျင်ခံစားအော်ဟစ်နေမှာကို ရင်မဆိုင်ချင်တာရောပါပဲ...။ အတူတူအားလုံး ရှုးခနဲ၊ ဒိုင်းခနဲ သေချင်မိ တာပါ...။ (အဖော်ဆွဲထည့်တယ်....မပြောကြပါနဲ့နော်...။)

(၆) ဆောင်ထားချင်တာ…

လူကြီးတွေလောက် ခံနိုင်ရည်မရှိနိုင်မဲ့၊ ကြောက်လန့်တစ်ကြား ပြေးလွှားငိုနေကြမဲ့ကလေးလေးတွေအတွက် နှစ်သိမ့်ပေးချင်တဲ့၊ မျက်ရည်သုတ်ပေးချင်တဲ့ ကြင်နာတတ်တဲ့ လက်တစ်ဖက်...။ နောက်ထပ် ဖေဖေနဲ့ မေ မေတို့ အတွက် ငယ်ငယ်ကသား...၊ ကြီးတော့ အားဖြစ်စေမဲ့ လက်တစ်ဖက်...။ ရေတစ်ဘူးနဲ့ မုန့်ခြောက်အ နည်းငယ်...။ ( ကမ္ဘာပျက်ချိန်တိုင်အောင် ဆာလောင်နေမယ့် လူတစ်ချို့အတွက်....။)

(၇) ဘာတွေရေးမိမလဲ…
 
ပိုင်ဆိုင်ချင်လျှက်နဲ့ စွန့်လွှတ်ခဲ့ရတဲ့...၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ စ,တဲ့အရာတစ်ချို့ကို ရင်ထဲမှာပဲ တိုး တိုးလေး ရေးဖြစ်နေမယ်ထင်ပါတယ်...။

(ဂ) တွေးမိတွေးရာ..
 
နောက်ထပ်ကမ္ဘာအသစ်တစ်ခုသာဖြစ်တည်လာခဲ့ရင် ငါဆိုတဲ့ကောင် ဘယ်လိုနေရာမျိုးမှာ၊ ဘာများဖြစ်နေ ခဲ့ဦးမှာပါလိမ့်....။

(၉) ဂုဏ်ယူချင်တာက…
 
မိဘကို မစို့မပို့လေး အခုအချိန်ထိလုပ်ကျွေးခွင့်ရနေခဲ့လို့  နည်းနည်းလေးတော့ ဂုဏ်ယူမိမယ်နဲ့ တူပါတယ်။
ကျန်တာကတော့ ဘာမှမရှိပါဘူးခင်ဗျာ...။ (ဘာကောင်မှလည်း မဟုတ်ခဲ့လို့ပါ...။)

(၁၀) ရှာကြံဖြေသိမ့်မိတာက…
 
အခုပျက်စီးတော့မယ့် ကမ္ဘာကြီးမှာ ငါတော်တော်ကြာအောင် နေခဲ့ဖူးသေးတာပဲလေ...။

(၁၁) ကျူးရင့်ချင်တဲ့ဥဒါန်း..
 
ချစ်သောကမ္ဘာမြေကြီးကို ကျွန်တော်နှုတ်ဆက်ပါတယ်ခင်ဗျာ...။ ရှင်သန်နေထိုင်ခွင့်ပေးခဲ့တာ... ကျေးဇူးလည်း တင်ပါတယ်ခင်ဗျာ....

**********
 
(ပုံကလေးကို ဒီနေရာ မှယူသုံးပါတယ်ဗျာ...။)

***********
ဆက်ပြီး တက်ဂ်လိုက်ချင်တဲ့ ရေးဖော်ရေးဖက် ညီအစ်ကိုမောင်နှမတွေကတော့....

ဘလော့ဂ်ရေးတာ...သိပ်မကြာသေးပေမယ့် သူ့နေရာလေးကို သွားရင် စာကောင်းလေးတွေဖတ်ရတတ်တဲ့ စာအရေးကောင်းတဲ့ ညီမ...ဒဏ္ဏာရီ
ကဗျာရေးကောင်းတဲ့...ညီ...ညရဲ့ကောင်းကင်
သူ့နေရာလေးကိုသွားရင် ရယ်စရာလေးတွေနဲ့ နှစ်သိမ့်ပေးတတ်တဲ့ (စာမရေးဘဲ ငြိမ်နေတဲ့) ခြင်ကလေးတစ်ကောင်
အားရင်...ရေးပေးကြပါဦးခင်ဗျာ....။

============================================

ချစ်ခြင်းအားဖြင့်...

ဏီလင်းညို

Wednesday, November 4, 2009

ကြိုက်ခဲ့မိတဲ့ သီချင်းလေးတွေ....

ဒီသီချင်းလေးတွေကတော့ ဟိုးအရင် ဆယ်ကျော်သက်ဘ၀လောက်က ကျွန်တော်သိပ်ကြိုက်ခဲ့ဖူးတဲ့ သီချင်းလေးတွေပါခင်ဗျာ...။

ခံစားကြည့်ကြပါဦးဗျာ....။



ဒါကတော့ နောက်ထပ်တစ်ပုဒ်ပါခင်ဗျာ....။

ခရစ်(စ်)နော်မန်(smokie အဖွဲ့ထဲကပါပဲ)နဲ့ စူဇီကွာထရို(လ်)တို့ရဲ့ချစ်စရာကောင်းတဲ့ သီဆိုဟန်လေးတွေကို ခံစားကြည့်ကြပါဦးခင် ဗျ....။


 
အဲ့ဒီ smokie အဖွဲ့က ကျွန်တော့်ရဲ့ အသည်းစွဲ၊ အကြိုက်ဆုံးမို့လို့ပါခင်ဗျာ....။

(ရေးလက်စ ပို့စ်လေးက မပြီးနိုင်ခဲ့သေးလို့...ဆားချက်လိုက်ပါတယ်ခင်ဗျာ...။)

ချစ်ခြင်းအားဖြင့်....

ဏီလင်းညို